Skip to main content

မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန စတင်တည်ဆောက်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၀

မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) စတင်တည်ဆောက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ယင်းအဆောက်အဦ တည်ဆောက်မည့် နေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက‌ ၂၀၁၇ ခုနှစ်၊ ဧပြီလတွင် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဤဗဟိုဌာနကြီး တည်ဆောက်နိုင်ရန် နှစ်နိုင်ငံမူအားဖြင့် သဘောတူညီ ခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ်၊ မေလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီချက် (letter of agreement) ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ်၊ ဇွန်လတွင် စီမံကိန်းအတွက် ကူညီပေးရေးဆိုင်ရာ စာလွှာ (Exchange Letter) ကိုလည်းကောင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့နောက် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အကြိမ်ကြိမ် လာရောက်၍ စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြေ ဆန်းစစ်ခြင်း (feasibility study)၊ တည်ဆောက်မည့် နေရာ၏ ပထဝီအနေအထားစစ်ဆေးခြင်း၊ မြေနေရာတွင် ငလျင်ကဲ့သို့ သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်မှု အခြေအနေစစ်ဆေးခြင်း၊ မြေတိုင်းတာခြင်း၊ တည်ဆောက်မည့် အဆောက်အဦများ၏ အသေးစိတ် ပုံကြမ်းများ ရေးဆွဲခြင်း စသည့် လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း။

ယခုကဲ့သို့ မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနကို တည်ဆောက်ပြီးစီး သည့်အခါ လတ်တလော ဖြစ်ပွားသည့် ကူးစက်ရော ဂါအမျိုးမျိုး၊ အသစ်ဖြစ်ပေါ်လာနိုင်မည့် ကူးစက်ရောဂါအမျိုးမျိုး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက် ဖြစ်ပွားသောရောဂါ အမျိုးမျိုး၊ ကပ်ရောဂါအသွင်ဖြင့် ဖြစ်နိုင်သော ရောဂါအမျိုးမျိုးတို့နှင့် ပတ်သက်၍ ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်းများ၊ သင်ကြားလေ့ကျင့်ခြင်း လုပ်ငန်းများ သာမက သုတေသန လုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအား တရုတ်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အလားတူ ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္က သိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များကလည်း လာရောက်တွဲဖက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ဝန်ကြီးဌာနရှိ နိုင်ငံတစ် ဝန်းလုံးမှ ပြည်သူ့ကျန်းမာရေးနှင့် သုတေသနပညာရှင်များအား အဆင့်မြင့်သင်တန်းများကို တစ်နှစ်ပတ်လုံး ပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ဇီဝလုံခြုံမှု အဆင့်မြင့်သည့် ဓာတ်ခွဲခန်းလည်း ပါဝင်မည်ဖြစ်သဖြင့် ကူးစက်ရောဂါနှင့်ဆိုင်သည့် အဆင့်မြင့်သုတေသနများကိုလည်း ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ဗဟိုဌာနကြီး၌ ခေတ်မီစာကြည့်တိုက်လည်း ပါဝင်မည်ဖြစ်ရာ ဤဌာနကြီး၌ လုပ်ကိုင်မည့် ပညာရှင်များအနေဖြင့် နောက်ဆုံးပေါ် သတင်းအချက်အလက်များ ရယူလေ့လာနိုင်မည် ဖြစ်ပါကြောင်း။

ထို့အပြင် ဗဟိုဌာနတွင်လုပ်ဆောင်သော သုတေသနဆန်းစစ်မှုများ အပါအဝင် လုပ်ငန်းများမှ တစ်ဆင့် ကျန်းမာရေးစနစ်အတွက် လက်တွေ့မြေပြင် အခြေအနေနှင့် ကိုက်ညီပီပြင်သည့် စီမံကိန်းများလည်း ရေးဆွဲချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဤဗဟိုဌာနကြီး ပြီးစီးပြီးနောက်တွင် ကမ္ဘာ့ကျန်းမာရေး အသိအမှတ်ပြုဌာန ဖြစ်လာစေရေးအတွက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ကျန်းမာရေး ပညာရှင်များ၊ သုတေသနပညာရှင် များနှင့် ပြည်သူများ၏ကိုယ်စား မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်း ကျောင်းအား လှူဒါန်းဆောင်ရွက်သည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုဌာနနှင့် သင်တန်းကျောင်းသည် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် နှစ်ပေါင်းများစွာ အလွန်အကျိုးရှိစေမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၏ အမှတ်အ သားတစ်ခု အဖြစ်လည်း နှစ်ပေါင်းများစွာတည်ရှိ နေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင် က နှစ်သစ်ကူးကာလ တရုတ်နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်တော့မည့် အချိန်အခါသမယတွင် တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းများ စတင်ခြင်း အခမ်းအနား ဖြစ်ကြောင်း။

ယခုအကြိမ် မြန်မာနိုင်ငံကို ကူညီတည်ဆောက်ပေးသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းမှာ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) အဆောင်၊ လေ့ကျင့်ရေး သင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်၊ တွဲဖက်လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းများ ပါဝင်ပါကြောင်း၊ ဆောက်လုပ် ပြီးစီးပြီးနောက် မြန်မာနိုင်ငံ၌ ခေတ်မီကျွမ်းကျင်မှု အရည်အချင်းအမြင့်ဆုံး ရောဂါထိန်းချုပ်ရေးဗဟိုဌာန ဖြစ်လာမည် ဖြစ်ကြောင်း၊  တရုတ်နိုင်ငံကလည်း ၂ နှစ်တာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုပေးပြီး မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် နည်းပညာ ဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊  စီမံကိန်းဖော် ဆောင်မှုကို အရှိန်မြှင့်တင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အရေးပေါ်ပြည် သူ့ကျန်းမာရေး ကိစ္စရပ်များကို ထိရောက်စွာ ဖြေရှင်းရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကို တည်ဆောက်ရေးတာဝန် ပေးအပ်ထားပြီး စီမံကိန်းကို အမြန်ဆုံးစတင် တည်ဆောက်နိုင်စေပါကြောင်း၊ ယင်းစီမံကိန်းက သိပ္ပံသုတေသန၊ ကပ်ရောဂါ ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လူရည်ချွန်မွေးထုတ်ရေး စသည့်ကဏ္ဍများတွင် အထောက်အကူပြုပြီး မြန်မာနိုင်ငံ ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ အာမခံချက်ပေး နိုင်ကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ရေး အတွက် အထောက်အကူဖြစ်စေ မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး နှင့် တာဝန်ရှိသူများက စီမံကိန်းတည် ဆောက်မည့် နေရာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Economic and Commercial Counsellor of Chinese Embassy to Myanmar ဖြစ်သူ Mr. Tan Shufu၊ First Secretary ဖြစ်သူ Ms. Zhou Nan၊ First Secretary ဖြစ်သူ  Mr. Zhang Long၊ တာဝန်ရှိသူများဖြစ်သည့် Mr. Xiao Hongxuan၊ Ms. Wang Kun နှင့် Mr. Huang Taijing တို့ တက်ရောက်ကြကြောင်း သိရသည်။

 

(သတင်းစဉ်)