Skip to main content

COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ် လီမိတက်က ငွေကျပ် သန်း ၃၀၀၀ (၃ ဘီလီယံ) လှူဒါန်း

နေပြည်တော် ဇန်နဝါရီ ၁၀

ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီ ၇ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းမှု အပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ဖေဖော်ဝါရီလ ၂၀၂၀ မှ စတင်ကာ ယနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ယနေ့အချိန်အထိ ငွေကျပ် (၁၈၄) ဘီလီယံကျော် လှူဒါန်းထားကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ပါဝင်လှူဒါန်း ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါ COVID-19 ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (၃ ဘီလီယံ)ကို နိုင်ငံတော်က သတ်မှတ်ထားသော COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ စာရင်းအမှတ်သို့ ပေးသွင်းထည့်ဝင်သွားမည် ဖြစ်ကြောင်းနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။      

သတင်းစဉ်