မြစ်ကြီးနား ဇန်နဝါရီ ၁၀
၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့နံနက် (၈) နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။
ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့လာ သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
နိုင်ငံတော်သမ္မတ၏ (၇၃)နှစ်မြောက် ပြည်နယ်နေ့သဝဏ်လွှာတွင် နိုင်ငံတော်အနေဖြင့် ကချင် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ရေး စသည့် အစီအမံများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ သို့ရာတွင် သာယာလှပပြီး သယံဇာတပေါ ကြွယ်ဝသည့် ကချင်ပြည်နယ်သည် လက်နက်ကိုင် ပဋိပက္ခများ အပြီးတိုင် မချုပ်ငြိမ်းနိုင်သေးသော ကြောင့် သဘာဝအလှအပများကို အပြည့်အဝမခံစားနိုင်သေး သလို၊ သဘာဝသယံဇာတများကိုလည်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးမပြုနိုင်သေးဘဲ ဖြစ်နေရပါ ကြောင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှုရှိမှသာ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်၊ ငြိမ်းချမ်း ရေးအရသာကို သိရှိခံစားခဲ့ကြပြီးဖြစ်သော ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်း သားတို့သည် ယခုအချိန်တွင်လည်း ငြိမ်းချမ်းရေးကို အလွန်တောင့်တလျက်ရှိကြပြီး ရေရှည် တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိလိုကြမည်ဟု ယုံကြည်ကြောင်း ပါရှိသည်။
ထို့အပြင် ယခုအချိန်အခါသည် ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးအနေဖြင့် အတိတ်သမိုင်း မှ အတွေ့ အကြုံများကို သင်ခန်းစာရယူပြီး လက်နက်ကိုင်ပဋိပက္ခများ အကြွင်းမဲ့ချုပ်ငြိမ်းကာ ရေရှည် တည်တံ့ခိုင်မြဲသည့် စစ်မှန်သော ငြိမ်းချမ်းရေးရရှိအောင် ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်ဖြင့် ညီညီ ညွတ်ညွတ် ဝိုင်းဝန်း ကြိုးပမ်း အကောင်အထည်ဖော်ဆောင်ရွက်ရန် အချိန်အခါကောင်းဖြစ်ပြီး ပြည်နယ် အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းဖြင့်လည်း ပါရှိသည်။
(၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ၊ ပြည်နယ် တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်း လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ပြည်နယ် ပြန်/ဆက်