Skip to main content

အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့်ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှုရှိစေရန် စည်းမျဉ်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၉

အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရန် စည်းမျဉ်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယနေ့ မြန်မာနိုင်ငံ၌ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်သည်နှင့်အညီ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း များ အသုံးပြုမှုတိုးတက် များပြားလာပါကြောင်း၊ အချို့ လျှပ်စစ်ပစ္စည်းများသည် ပြည်တွင်းတွင် ထုတ်လုပ်နိုင်မှု မရှိသဖြင့် ပြည်ပမှ မှာယူတင်သွင်းလျက်ရှိရာ အရည်အသွေး ပိုင်းဆိုင်ရာ သတ်မှတ်ချက်နှင့်ကိုက်ညီရန် အရေးကြီးပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၀၂ ခုနှစ်နှင့် ၂၀၀၅ ခုနှစ် တွင် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သည့် အာဆီယံဒေသတွင်း အပြန်အလှန် လက်ခံ အသိအမှတ်ပြုသည့်အစီအစဉ် (ASEAN EEE MRA: ASEAN Sectoral Mutual Recognition for Electrical and Electronic Equipment) နှင့် အာဆီယံဒေသတွင်း လျှပ်စစ် နှင့် အီလက်ထရောနစ်ပစ္စည်းများအတွက် စည်းမျဉ်းများ အား တစ်ပြေးညီ သတ်မှတ်ရေးအစီအစဉ် (AHEEERR: ASEAN Harmonized Electrical and Electronic Equipment Regulatory Regime) တို့ကို ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း ယနေ့အချိန်အထိ လိုက်ပါ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် အတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနှင့် စားသုံးသူ ကာကွယ်ရေးတို့အား အပြည့်အဝဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ လက်ရှိ ရေးဆွဲပြုစုထားသည့် အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများအတွက် စားသုံးသူများ ဘေးအန္တရာယ်လုံခြုံ စိတ်ချရမှုရှိစေရေး စည်းမျဉ်းများ (EEE Safety Regulations) အပေါ်တွင် ပိုမိုပြည့်စုံမှုရှိစေရန်နှင့် အမြန်ဆုံးအကောင် အထည်ဖော် ပြဋ္ဌာန်းနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခင်မောင်ဝင်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ သယ်ယူပို့ ဆောင်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက် ပါကြောင်း၊ ယခုအခါတွင် လူတစ်ဦးလျှင် ၃၈၉ ယူနစ်အထိ သုံးစွဲလာနိုင်ပါကြောင်း၊ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲလာနိုင် သဖြင့် လျှပ်စစ်ပစ္စည်းသုံးစွဲမှုလည်း များပြားလာသကဲ့သို့ ထိခိုက်မှုအန္တရာယ်များလည်း ပိုမိုများပြားလာပါကြောင်း၊ သို့ပါ၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ယခုအခါ လျှပ်စစ်ဓာတ်အား သုံးစွဲမှု နှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများတွင် “One Sun, One World, One Grid” ဆောင်ပုဒ်နှင့်အညီ ကျင့်သုံးဆောင်ရွက် လျက်ရှိပါကြောင်း၊ ယင်းဆောင်ပုဒ်အရ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှင့်ပတ်သက်၍ ကြုံတွေ့ရသည့် အသက်အိုးအိမ် စည်းစိမ် ပျက်စီးဆုံးရှုံးမှုများကို ပြည်တွင်းသာမက ပြည်ပ ရှိ စားသုံးသူပြည်သူများအတွက် အကာအကွယ်ပေးနိုင်မည့် စည်းမျဉ်းများဖြင့် ပေါင်းစည်းဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ ရေးဆွဲပြုစု ထားသည့် EEE Safety Regulations (မူကြမ်း)ကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာနိုင်ငံနှင့်သင့်လျော် မည့် EEE Safety Regulations တစ်ရပ် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဓိကတာဝန်ခံ အဖွဲ့အစည်းများဖြစ်သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဌာနတို့မှ ဒုတိယဝန်ကြီးများ ဦးဆောင်၍ ပူးတွဲလုပ်ငန်း ကော်မတီ (၁) ရပ် ဖွဲ့စည်းပြီး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။

သတင်းစဉ်