နေပြည်တော် ဇန်နဝါရီ ၈
ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် ကြုံတွေ့လာရသည့် ရေရှားပါးလာမှုကို ဖြေရှင်းနိုင်ရန် ရေရရှိရေး ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရုံးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် များရှိ တာဝန်ခံအင်ဂျင်နီယာများအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများထံ တင်ပြလမ်းညွှန်မှုခံယူပြီး ရေအရင်းအမြစ်များရှာဖွေထိန်းသိမ်း၊ စနစ်တကျသုံး စွဲနိုင်ရေးတို့အတွက် စည်းကမ်း နည်းလမ်းကျသည့် ဦးဆောင်မှုများ ပေးသွားခြင်းဖြင့် လုပ်ငန်းခွင်အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်ပြီး ဆည်မြောင်းကဏ္ဍ တိုးတက်စေရေးကို ကြိုးပမ်းအား ထုတ်ကြစေ လိုကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ရေရှားပါးမှုပြဿနာ အခက်အခဲကို ဖြေရှင်းနိုင် ရေးအတွက် မြေ အောက်ရေရရှိထိန်းသိမ်းမှု၊ ကျေးလက်သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ သောက်သုံးရေ နှင့် စိုက်ပျိုးရေးဖူလုံစွာ ရရှိနိုင်ရေးတို့အတွက် ရေအရင်းအမြစ် ရရှိမည့် နည်းလမ်းများ ရှာဖွေ ဖော်ထုတ်ခြင်းနှင့် ရှိပြီးသား ရေအရင်းအမြစ်များကို မပျောက်ပျက်အောင် အကျိုးရှိ ထိရောက်စွာနှင့် အလေအလွင့် နည်းပါးစွာ သုံးစွဲနိုင်ရေး လုပ်ငန်းများကို တိကျခိုင်မာသည့် စီမံချက်များရေးဆွဲချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိရာတွင် နွေစပါး၊ မိုးစပါး၊ အခြားသီးနှံ၊ သောက်သုံးရေနှင့် ဒေသ ဖွံ့ဖြိုးရေး တို့အတွက် ရေသုံးစွဲနိုင်ရန် ရေလှောင်တမံ၊ ရေလွှဲဆည်၊ ကန်၊ ရေတံခါးနှင့် မြစ်ရေ တင်လုပ်ငန်းများက အကျိုးပြု ပေးဝေလျက်ရှိကြောင်း၊ ယခုအခါ ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်နေသော ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံတွင်လည်း မိုးရွာသွန်းမှု ပုံစံပြောင်းလဲပြီး ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု လျော့နည်းကျဆင်းလျက်ရှိနေကြောင်း၊ ထို့ကြောင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု နည်းပါး၍ သိုလှောင်ရေ ကျဆင်းလာခြင်းကြောင့် ရေသွင်းစိုက်ပျိုးဧက၊ သောက်သုံးရေ များ လျော့နည်းခြင်း မဖြစ်ပေါ် စေရန် ရေတို၊ ရေရှည် ဆောင်ရွက်ရန် လုပ်ငန်းများနှင့် တည်ဆောက်ပြီး တမံများ၏ ဘေးကင်းလုံခြုံမှု လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဦးစားပေးလုပ်ငန်းများ ချမှတ်ဆောင်ရွက်ရန် ယနေ့ အစည်းအဝေးကို ကျင်းပခြင်းဖြစ်၍ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော် က ရေသွင်းစိုက်ပျိုးဧက တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် ရေရရှိ ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မိုးရေခံနည်းပညာ (Rain Water Harvesting) ကို ကျယ်ကျယ် ပြန့်ပြန့် အသုံးပြု၍ ရေသိုလှောင်ထားရှိခြင်း ၊ ချောင်းပိတ်၊ မြောင်းပိတ်၊ ယာယီတမံငယ်များ ပိတ်၍ ရေပေးဝေခြင်း၊ ရေခေါ်မြောင်း ရေပေးမြောင်းများ တူးဖော်စေခြင်း တည်ဆောက်ဆဲ ဆည်ရေသောက်စနစ်များ ပြီးစီးအောင်တည်ဆောက်ခြင်း၊ တည်ဆောက်ပြီး ကာလကြာမြင့် သည့် ရေသောက် စနစ်များ အဆင့်မြှင့်တင်ခြင်း စသည့် လတ်တလောအကျိုးပြု လုပ်ငန်းများ ကိုလည်းကောင်း၊ မြေအောက်ရေဖြည့်တင်းခြင်း (Ground Water Recharge) နည်းပညာကို ဖြစ်နိုင်ချေရှိသော နေရာများ ရွေးချယ်ဆောင်ရွက်ခြင်း၊ ရေစီးရေလာသေချာသည့်နေရာများတွင် ရေလွှဲ ဆည်၊ ကန်၊ ရေတံခါးနှင့်ရေလှောင်တမံငယ်များ တည်ဆောက်ခြင်း၊ မြစ်ရေတင် စခန်းသစ်များ တည်ဆောက်ခြင်း စသည့် နှစ်တို(ကာလတို) ဆောင်ရွက် သင့်သည့်လုပ်ငန်းများ ကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ကာလတိုကာလလတ် လုပ်ငန်းစဉ်များနှင့်အတူ တည်ဆောက်ထားရှိပြီး ဖြစ်သည့် ရေလှောင်တမံများသို့ ရေကူ ဖြည့်တင်းပေးနိုင်သည့်ရေကူ ရေလှောင်တမံများ တည်ဆောက်ခြင်းနှင့် ရေကူ၊ ရေသွယ်မြောင်း များ ဆောက်လုပ်ခြင်း၊ Dam Series များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နှစ်ရှည်ဆောင်ရွက်ရန် လိုအပ်သည့် ရေလှောင်တမံ စီမံကိန်းများအတွက် စူးစမ်းလေ့လာမှုများ ဆောင်ရွက်ခြင်း၊ ဖြစ်နိုင်စွမ်းရှိသည့် ရေလှောင်တမံများကို စိစစ်ရွေးချယ်ပြီး ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း စသည့်နှစ်ရှည်ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်ချက်များကို လည်းကောင်း၊ တည်ဆောက်ပြီး တမံများ၏ ဘေးကင်းလုံခြုံမှု လုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)