နေပြည်တော် ဇန်နဝါရီ ၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက်နံနက် ၉ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်အုပ်စု၊ ပါဝုန်းကျေးရွာအနီးရှိ လမ်းဘေးလယ်ကွင်းစပ်ရှိ ကောက်ရိုးပုံအောက်တွင် မသင်္ကာဖွယ် အထုပ်များတွေ့ရှိကြောင်း သတင်းအရ သွားရောက်စစ်ဆေးရှာဖွေရာ ငွေကျပ် ၁ ဒသမ ၅၇၅ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၀၅ ကီလိုကို လည်းကောင်း။
ထို့အတူယင်းနေ့ ညနေ ၅ နာရီမိနစ် ၄၀ တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)တွင် စိုင်းကျော်ထွန်း(ခ)ရှမ်းလေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၅၀ကိုလည်းကောင်း။
အလားတူ ဇန်နဝါရီ ၁ ရက် နံနက် ၂ နာရီတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့နယ်၊ နန်းတိုင်းကျေးရွာအုပ်စု၊ နန်းတိုင်း ကျေးရွာအနီး၊ နန်းတိုင်း-ရွာသစ်ကုန်း ကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထွန်းရီနှင့် ကျော်အောင်တို့ ၂ ဦးအား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။
(ရဲပြန်ကြား)