Skip to main content

ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် မဟာမင်္ဂလာ အခမ်းအနားအကြို အသံမစဲမဟာပဋ္ဌာန်းပွဲကျင်းပ

မော်လမြိုင် ဇန်နဝါရီ ၁

မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင်သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံစေတီ တော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် မဟာမင်္ဂလာအခမ်း အနားအကြို အသံမစဲ မဟာပဋ္ဌာန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မော်လမြိုင်မြို့ ရွှေတောင် ကျောင်းတိုက် ဦးစီးပဓာန နာယက (ဓမ္မကထိကဗဟုဇနဟိတဓရ၊ ဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) ဘဒ္ဒန္တဝိမလ ဆရာတော်အရှင်သူမြတ်ထံမှ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ် အပေါင်းတို့က ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် ပိဋကတ်တိုက်ကျောင်းစာသင်တိုက် ပဓာနနာယက မြို့နယ်သံဃနာယကအဖွဲ့ဝင် ပရိယတ္တိ ပထမကျော်နှင့် ဓမ္မာစရိယငါးဘွဲ့ရ ဆရာတော် ဘဒ္ဒန္တပညာဝံသမှ ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများအား ရွှေတောင်ကျောင်းတိုက် ဆရာတော်ထံ ပြည်နယ် ဝန်ကြီးချုပ်က ဆက်ကပ် ခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိသတ်အားလုံးမှ ပဋ္ဌာန်းပစ္စယုဒ္ဒေသ ပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ်ပူဇော်ပြီး ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းလွှာဂါထာ တော်ကို ရွှေတောင်ကျောင်းတိုက်မှ ဦးဝိဝေက က ရွတ်ဖတ်ပူဇော်ခဲ့သည်။

အဆိုပါ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် မဟာမင်္ဂလာ အခမ်းအနား အကြို အသံမစဲမဟာပဋ္ဌာန်းပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ကျိုက်သလ္လံစေတီတော်မြတ်ကြီး ပဋ္ဌာန်းဓမ္မာရုံတွင် (၃)ရက်တိုင်တိုင် သံဃာတော်(၁၈)ပါးတို့မှ အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည့်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)