Skip to main content

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအားလုံး-

၂၀၂၁ ခုနှစ် နှစ်သစ်အခါသမယမှာ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းစတဲ့ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ လိုက်ရပါတယ်။

၂၀၂၀ ပြည့်နှစ်ဟာ ကျွန်တော်တို့အတွက် အရေးပါ တဲ့နှစ်ဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်သစ်ကူးမှာ ကျွန်တော် ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကာလမှာ ကျွန်တော် တို့နိုင်ငံရော ကမ္ဘာ့နိုင်ငံအဝှမ်းတွင်ပါ ခက်ခဲတဲ့ စိန်ခေါ်မှု တွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

COVID-19 ကမ္ဘာ့ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ မိမိတို့နိုင်ငံ အပါအဝင် ကမ္ဘာအနှံ့ ပျံ့နှံ့ဖြစ်ပွားလျက်ရှိလာခဲ့ပါတယ်။ တပ်မတော်အနေနဲ့ COVID-19 ကာကွယ်၊ ကုသရေးနဲ့ ပတ်သက်ပြီး ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက ဘက်စုံ ထောင့်စုံကနေ မျက်ခြည်မပြတ်စောင့်ကြည့်ပြီး လိုအပ် တဲ့ ညှိနှိုင်းပြင်ဆင်မှုများကတစ်ဆင့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ကြိုတင်မြော်တွေးစဉ်းစားကာ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။

ယခုအခါမှာ COVID-19 ကပ်ရောဂါဖြစ်ပွားမှု မြန်မာ နိုင်ငံမှာ ကျဆင်းလာတယ်ဆိုပေမယ့်လည်း ပေါ့ဆလို့တော့ မရပါဘူး။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိုက်နာရန်အချက်များကို အလေးထားလိုက်နာဆောင်ရွက် ခြင်းဟာ COVID-19 ရောဂါဖြစ်ပွားမှု ထိန်းချုပ်ခြင်းနဲ့ လျော့နည်းပပျောက်ရေးအတွက် များစွာအကျိုးရှိစေမှာပါ။

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီး မှာ လူမှုစီးပွား များစွာထိခိုက်ဆုံးရှုံးကြရပါတယ်။ ကမ္ဘာ့ လူဦးရေ သန်း ၇၀၀၀ ကျော်မျှရှိပြီး နိုင်ငံအားလုံး၊ လူသား အားလုံးဟာ စားရေးအတွက် လုံးပန်းနေကြရပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးအဓိက ထုတ်လုပ် တဲ့နိုင်ငံဖြစ်တဲ့အတွက် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးထုတ်ကုန်တွေ၊ မွေးမြူရေးလုပ်ငန်းများစတဲ့ ရနိုင်တဲ့နယ်ပယ်အသီးသီးမှာ အားသွန်ခွန်စိုက် လုပ်ဆောင် ခြင်းအားဖြင့် လူသားအားလုံးအကျိုး ဖြည့်ဆည်းပေးနိုင်တဲ့ အပြင် ကျွန်တော်တို့ရဲ့ လူမှုစီးပွားလည်း တိုးတက်လာမှာ ဖြစ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။

တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန်အတွက် ငြိမ်းချမ်းရေးကို အနှောင့်အယှက်၊ အဟန့်အတားဖြစ်စေမည့် မည်သည့်ကိစ္စမဆို ရှောင်ရှားပြီး ထာဝရငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ၂ နှစ်ကြာ အပစ်အခတ်ရပ်စဲပေးခဲ့ပါတယ်။ ဆက်လက်ပြီး အဖြစ်နိုင်ဆုံးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်အလွန်ကာလမှာ နိုင်ငံတော်ကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေး လမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA လမ်း ကြောင်းကို မလွဲမသွေလျှောက်လှမ်းကြရမှာပဲ ဖြစ်ပါ တယ်။

ထာဝရငြိမ်းချမ်းရေးရရှိမှသာ တိုင်းပြည်အေးချမ်း သာယာမှုရှိပြီး မိမိတို့ဒေသ၊ မိမိတို့ရဲ့ အနာဂတ်မျိုးဆက် သစ် ကလေးသူငယ်များရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မည် ဆိုတာကို မြော်တွေးဆောင်ရွက်သွားကြစေလိုပါတယ်။

တပ်မတော်အနေနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့ လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်းဆုံးဖြစ် အောင် ဆောင်ကြဉ်းလုပ်ဆောင်သွားပါမယ်လို့ ပြောကြား ရင်း မိဘပြည်သူများအားလုံး ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေကြောင်း ထပ်မံဆုတောင်းအပ်ပါတယ် ခင်ဗျား။