အငြိမ်းစားတို့ စိတ်ချမ်းသာစေမည့် မြန်မာ့စီးပွားရေးဘဏ်၏ နည်းပညာခြေလှမ်းသစ်
မိုးသီတာ (မြန်မာ့စီးပွားရေးဘဏ်)
အငြိမ်းစားမိဘပြည်သူများက နိုင်ငံ့ဝန်ထမ်းဘဝတစ်လျှောက် နိုင်ငံ့ဝန်ထမ်းတာဝန်များကို နှစ်ပြည့်/သက်ပြည့် ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးနောက် ရရှိလာသည့်ပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ထုတ်ယူလေ့ရှိရာ မြန်မာ့စီးပွားရေးဘဏ်သည် အငြိမ်းစားများ၏ ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၁-၁၀-၁၉၇၂ ရက်နေ့မှစ၍ တာဝန်ယူဆောင်ရွက်ခဲ့ရပြီး ကာကွယ်ရေးပင်စင်၊ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်၊ မြန်မာ့စီးပွားရေးဘဏ်ပင်စင်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ပင်စင်ဟူသည့် ပင်စင်အမျိုးအစား (၅) မျိုးဖြင့် ထုတ်ပေးလျက်ရှိပါသည်။
၁-၄-၂၀၂၅ ရက်နေ့မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် မြို့ပြပင်စင်မှခွဲထွက်၍ ရဲတပ်ဖွဲ့ပင်စင်အဖြစ် ရပ်တည်ခဲ့သည့်အတွက် ယခုအချိန်တွင် ပင်စင်အမျိုးအစား (၆) မျိုးဖြင့် ထုတ်ပေးလျက်ရှိပါသည်။
ပထမဦးစွာ အငြိမ်းစားလစာထုတ်စာအုပ်ဖြင့် ထုတ်ယူခဲ့သည့်စနစ်ကို လေ့လာကြည့်မည်ဆိုပါက အငြိမ်းစားအနေဖြင့် ပင်စင်လစာထုတ်ယူနိုင်ရန်အတွက် ဘဏ်သို့အငြိမ်းစားလစာတောင်းခံလွှာအား ၁ ရက်မှ ၁၈ ရက်အတွင်း အငြိမ်းစားလစာထုတ်စာအုပ်နှင့်အတူတင်ပြရပြီး ဘဏ်မှအငြိမ်းစားသို့ ပင်စင်လစာထုတ်ယူရမည့် ရက်စွဲပါဝင်သော တိုကင်ပြန်ပေးပါသည်။ လစဉ်လမကုန်ဆုံးမီ သုံးရက်အတွင်း အငြိမ်းစားမှ တိုကင်တွင်ပါဝင်သည့်နေ့ရက်တွင် ဘဏ်သို့လာရောက်၍ တိုကင်ကိုတင်ပြပြီး ပင်စင်လစာအားထုတ်ယူရပါသည်။ သုံးရက်အတွင်းမထုတ်ဖြစ်သော ပင်စင်လစာများကို ၁၁ ရက်နေ့နှင့် ၁၈ ရက်နေ့တွင် လစာကျန်များထုတ်ပေးပါသည်။ အငြိမ်းစားသည် ဘဏ်သို့ အနည်းဆုံးနှစ်ကြိမ် လာရောက်ရပါသည်။
အငြိမ်းစားများ ပင်စင်လစာထုတ်ယူရန်အတွက် ဘဏ်သို့တစ်ကြိမ်ထက်ပို၍ လာရောက်ရခြင်း၊ ဘဏ်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းတို့မှ ကင်းဝေးစေရန်ရည်ရွယ်ကာ ပင်စင်လစာများကို IT နည်းပညာအသုံးပြုပြီး လွယ်ကူလျင်မြန်စွာဖြင့် အချိန်မရွေးထုတ်ယူနိုင်စေရန်အတွက် e-Pension စနစ်ဖြင့် ပင်စင်လစာထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဘဏ်ခွဲပေါင်း ၃၀၃ ဘဏ်တွင် e-Pension စနစ်ဖြင့် ပင်စင်လစာများ ထုတ်ပေးလျက်ရှိပါသည်။
e-Pension ကတ်ဖြင့် ပင်စင်ထုတ်ယူပါက အငြိမ်းစားများက ဘဏ်သို့ နှစ်ကြိမ်လာရောက်ရန် မလိုဘဲ e-Pension Card တင်ပြရုံဖြင့် ဘဏ်ဖွင့်လှစ်သည့်နေ့ရက်များ၏ ဘဏ်လုပ်ငန်းချိန်အတွင်း ပင်စင်လစာငွေထုတ်ယူနိုင်ပါသည်။ အငြိမ်းစားတစ်ဦးသည် လတစ်လ၏ (၂၁) ရက်နေ့တွင် ပင်စင် လစာထုတ်ယူမည်ဆိုပါက အဆိုပါလ၏လစာအား ထုတ်ယူနိုင်မည်ဖြစ်ပြီး (၂၁) ရက်နေ့မတိုင်မီထုတ်ယူပါက ပြီးခဲ့သည့်လ၏ ပင်စင်လစာအတွက်သာ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ အငြိမ်းစားများ ဘဏ်သို့လာရောက်ခြင်းမပြုနိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့်ထုတ်ယူနိုင်ပြီး အငြိမ်းစားသက်ရှိထင်ရှားရှိကြောင်း (၁)နှစ်လျှင်တစ်ကြိမ် လူတွေ့စစ်ဆေးရပါမည်။
ယခုအခါ မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာမှု၊ နည်းပညာ တိုးတက်ပြောင်းလဲလာမှုတို့ကြောင့် ပင်စင်လစာထုတ်ယူမှုကို အချိန်ကုန်သက်သာ၍ ပိုမိုလွယ်ကူစေသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြုနိုင်ကြပြီဖြစ်ရာ အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို အောက်ဖော်ပြပါနည်းလမ်းများဖြင့် အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ပါသည်။
(က) ဘဏ်သို့မိမိကိုယ်တိုင်သွားရောက်၍ဖြစ်စေ (သို့မဟုတ်) ကိုယ်စားလှယ်စေလွှတ်၍ဖြစ်စေ ထုတ်ယူခြင်း
ပုံမှန်အားဖြင့် အငြိမ်းစားများသည် သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်သို့ လူကိုယ်တိုင်လာရောက် ထုတ်ယူလေ့ရှိပါသည်။ ထိုသို့ထုတ်ယူရာတွင် မိမိတို့တွင်ရှိသည့် ပင်စင်လစာထုတ်စာအုပ် (သို့မဟုတ်) e-Pension ကတ်ဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ ငွေသားဖြင့်ထုတ်ယူနိုင်သကဲ့သို့ စာရင်းပြောင်းနည်းလမ်းများဖြင့်လည်း Standing Instruction ပေး၍ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ ပင်စင်လစာများကို ကိုယ်စားလှယ်ဖြင့်ထုတ်ယူလိုသူများအနေဖြင့် သက်ဆိုင်ရာဘဏ်များမှ ထုတ်ပေးထားသည့် ကိုယ်စားလှယ်လွှဲစာတွင် အငြိမ်းစားက လက်မှတ်ရေးထိုးပေးရမည်ဖြစ်ပြီး ပြန်တမ်းဝင်အရာရှိ (သို့မဟုတ်) သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိရပါမည်။
(ခ) မိုဘိုင်းဖုန်းကိုအသုံးပြု၍ ထုတ်ယူခြင်း (Myanmar Mobile Money (MMM) ၊ Wave Money)
အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာတွင် အချိန်ကုန်သက်သာစေရန်၊ အဆင်ပြေချောမွေ့စေရန်နှင့် ဘဏ်တွင် လူအများစုပြုံထုတ်ယူခြင်းမှ ကင်းဝေးစေရန်အတွက် မိမိတို့၏မိုဘိုင်းဖုန်းများရှိ Wallet Application ကိုအသုံးပြု၍ နီးစပ်ရာကိုယ်စားလှယ်များ (Mobile Agent) ထံတွင် သွားရောက်ထုတ်ယူနိုင်ပါသည်။ ထိုနည်းလမ်းကို အသုံးပြုလိုသည့် အငြိမ်းစားအနေဖြင့် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားရန် လိုအပ်ပါသည်။
(ဂ) ငွေစုဘဏ်စာရင်း၊ စာရင်းရှင်စာရင်း၊ ATM စာရင်းသို့ ပြောင်းလဲထည့်သွင်း၍ ထုတ်ယူ ခြင်း
အငြိမ်းစားများအနေဖြင့် ပင်စင်လစာများကို ဘဏ်သို့ကိုယ်တိုင်သွားရောက်၍ မထုတ်ယူလို၊ Mobile Agent များကိုလည်းအသုံးပြု၍ မထုတ်ယူလိုပါက ငွေစုဘဏ်စာရင်းဖွင့်လှစ်ခြင်း (သို့မဟုတ်) စာရင်းရှင်စာရင်းဖွင့်လှစ်ခြင်း (သို့မဟုတ်) ATM စာရင်းဖွင့်လှစ်၍ မိမိတို့၏ပင်စင်လစာများကို ပြောင်းလဲထည့်သွင်းကာ ထုတ်ယူနိုင်ပါသည်။ ထိုသို့ ထုတ်ယူနိုင်ရန်အတွက် မိမိတို့၏ e-Pension ကတ်ကို ဘဏ်သို့ပြန်လည်အပ်နှံရန်မလိုဘဲ ငွေစုဘဏ်စာရင်း (သို့မဟုတ်) စာရင်းရှင်စာရင်း (သို့မဟုတ်)ATM စာရင်းသို့ ပြောင်းလဲထုတ်ယူလိုကြောင်း သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားရန်လိုအပ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ယူနေသည့် အငြိမ်းစားများအနေဖြင့် ကိုယ်တိုင်ထုတ်ယူခြင်းဖြစ်ပါက တစ်နှစ်တစ်ကြိမ် လူပုဂ္ဂိုလ်မှန်ကန်ကြောင်း၊ သက်ရှိထင်ရှားရှိကြောင်း လူတွေ့စစ်ဆေးခြင်းကို လူကိုယ်တိုင်ဖြင့်ဖြစ်စေ၊ Video Call ဖြင့်ဖြစ်စေ စစ်ဆေးမှုကိုခံယူရပါမည်။ မိသားစုပင်စင်ခံစားနေသည့် အငြိမ်းစားများအနေဖြင့် နောက်အိမ်ထောင်မပြုသေးကြောင်း ထောက်ခံစာ နှင့်အတူ (၆) လတစ်ကြိမ် လူတွေ့စစ်ဆေးမှုခံယူ ရမည်ဖြစ်ပါသည်။
မြန်မာ့စီးပွားရေးဘဏ်တွင် e-Pension စနစ်ဖြင့် ပင်စင်လစာထုတ်ယူရာတွင် အငြိမ်းစား လူပုဂ္ဂိုလ်မှန်ကန်မှုရှိ-မရှိစိစစ်နိုင်ရန်၊ ပင်စင်လစာ လိမ်လည်ထုတ်ယူမှုကျူးလွန်သူများအား Face ID ဖြင့် စိစစ်မှုပြုလုပ်နိုင်ရန်နှင့် အငြိမ်းစားများအနေဖြင့် မိမိ၏ ပင်စင်လစာထုတ်ယူနေသည့်ဘဏ်ခွဲတွင်သာမက ကြိုက်နှစ်သက်ရာ မည်သည့်ဘဏ်ခွဲတွင်မဆို ထုတ်ယူနိုင်ရန်အတွက် ဘဏ်ခွဲများရှိအငြိမ်းစားများ၏ အချက်အလက်များ၊ ပင်စင်လစာထုတ်ပေးမှုဆိုင်ရာ အချက်အလက်များအားလုံးကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်ရည်ရွယ်၍ ပထမအဆင့်အနေဖြင့် Centralized e-Pension စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ဘဏ်ခွဲပေါင်း ၁၉၆ ဘဏ် တွင် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။ အဆိုပါဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ယူနေသည့် အငြိမ်းစားများအနေဖြင့် Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ကြိုက်နှစ်သက်ရာဘဏ်ခွဲများတွင် ပင်စင်လစာများကို ဝန်ဆောင်ခအခမဲ့ဖြင့် ထုတ်ယူနိုင်ပါသည်။
Centralized e-Pension စနစ်ဆိုသည်မှာ အငြိမ်းစား၏အချက်အလက်များကို ယခင်က ဘဏ်ခွဲရှိ ကွန်ပျူတာတွင်ထားရှိသည့် Distributed စနစ်မှ ရုံးချုပ် Data Center တွင် တစုတစည်းတည်းထားရှိသည့် Centralized စနစ်သို့ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ပြီး Internet လိုင်းနှင့် VPN ကိုအသုံးပြု၍ ဘဏ်ခွဲများမှ ပင်စင်လစာ ထုတ်ပေးသည့်စနစ်ဖြစ်ပါသည်။
ဒုတိယအဆင့်အနေဖြင့် အငြိမ်းစားများအား လူပုဂ္ဂိုလ်မှန်ကန်မှုရှိ-မရှိစိစစ်နိုင်ရန်၊ ပင်စင်လစာ လိမ်လည်ထုတ်ယူမှုကျူးလွန်သူများအား Face ID ဖြင့် စိစစ်မှုပြုလုပ်နိုင်ရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ ချိတ်ဆက်ပြီး One-to-One Matching စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန်အတွက် ဘဏ်ခွဲများတွင် အငြိမ်းစားများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ အကူအညီဖြင့် Biometric အချက်အလက်များကောက်ယူလျက်ရှိရာ Face ID ဖြင့် လူပုဂ္ဂိုလ်မှန်ကန်မှုရှိ-မရှိ စိစစ်ခြင်းကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Centralized e-Pension စနစ်ကို ဆောင်ရွက်ပေးခြင်းအားဖြင့် အငြိမ်းစားများအနေဖြင့် ကွန်ရက်ချိတ်ဆက်ထားသည့် ဘဏ်ခွဲများတွင် ပင်စင်လစာထုတ်ယူနိုင်သည့်အတွက် အချိန်ကုန်သက်သာခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ ပင်စင်အမှုတွဲများ ဘဏ်ပြောင်းရွှေ့ရန်မလိုအပ်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်သကဲ့သို့ မြန်မာ့စီးပွားရေးဘဏ်အနေဖြင့်လည်း အငြိမ်းစား၏အချက်အလက်များကို ရုံးချုပ် Data Center တွင် တစုတစည်းတည်းထားရှိသည့်အတွက် ဘဏ်ခွဲများ၏ ပင်စင်လစာထုတ်ပေးမှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည့်အပြင် အခက်အခဲဖြစ်ပေါ်ပါက ချက်ချင်းဖြေရှင်းပေးနိုင်ပြီး IT နည်းပညာ အသုံးပြု၍ ခေတ်မီဘဏ်ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ခြင်းအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ Centralized e-Pension စနစ်ကို ခရိုင်ဘဏ်ခွဲ ၆၁ ဘဏ်နှင့် မြို့နယ်ဘဏ်ခွဲ ၁၃၅ ဘဏ် စုစုပေါင်း ၁၉၆ ဘဏ်တွင် ဆောင်ရွက်ပြီးဖြစ်ပါသည်။ ကျန်ရှိနေသည့်ဘဏ်ခွဲများ၏ အင်တာနက်လိုင်းရရှိမှုအပေါ်အခြေခံ၍ Centralized e-Pension စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့်ဆိုသော် မြန်မာ့စီးပွားရေးဘဏ်တွင် လက်ရှိပင်စင်လစာထုတ်ယူနေသည့် အငြိမ်းစား အရေအတွက်မှာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ၈၀၀၀၀၀ ကျော်ရှိပြီး အငြိမ်းစားဦးရေ၏ ၈၆ ဒသမ ၈၉ ရာခိုင်နှုန်းမှာ Centralized e-Pension စနစ်ဖြင့် ထုတ်ယူလျက်ရှိပါသည်။ အငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူနိုင်သည့် နည်းလမ်းများအား လွယ်ကူရှင်းလင်းစွာသိရှိနိုင်ရန်နှင့် ပင်စင်လစာများကို မိမိထုတ်ယူလိုသည့်အချိန်တွင် ထုတ်ယူနိုင်ပါကြောင်းနှင့် Centralized e-Pension စနစ် ဆောင်ရွက်နေသည့် ဘဏ်ခွဲများအမည်စာရင်းနှင့် Myanmar Mobile Money (MMM)၊ Wave Money တို့ဖြင့် ပင်စင်လစာထုတ်ယူနိုင်သည့် ဘဏ်ခွဲများအမည်စာရင်းအား မြန်မာ့စီးပွားရေးဘဏ် Website (https://www.meb.gov.mm) နှင့် မြန်မာ့စီးပွားရေးဘဏ် Facebook Page တို့တွင် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ကြေညာမှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်း မြန်မာ့စီးပွားရေးဘဏ် ပင်စင်လုပ်ငန်း၏ နည်းပညာခြေလှမ်းသစ်များဖြင့် သွားရင်းလာရင်း ပင်စင်ထုတ်နိုင်သည့်ခေတ်ရောက်ပြီ ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
