Skip to main content

အထွက်နှုန်းမြင့်ဝါသီးနှံစိုက်ပျိုးရေးမှ တန်ဖိုးမြှင့်ကုန်ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဆီသို့

​ကိုကျော်စွာ(ကျိုက်ပိ)

ကမ္ဘာပေါ်တွင် ဝါစိုက်ပျိုးသောနိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံ​ရှိကြောင်း သိရသည်။ ဝါသီးနှံသည် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင်ပါဝင်သော စိုက်ပျိုးထုတ်ကုန်တစ်မျိုးလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါကိုပျူခေတ်ဝန်းကျင်ကတည်းက စိုက်ပျိုးခဲ့ပြီး အပြာရောင်ရှိသည့် အဝတ်အစားများကို ဝတ်ဆင်ကြကြောင်း မှတ်သားရဖူးသည်။

ကိုလိုနီခေတ်တွင်လည်း ဝါစိုက်ပျိုးခဲ့ပြီးစိုက်ပျိုးဧရိယာ သိသိသာသာတိုးတက်ခဲ့ကာ ပြည်ပသို့ပင် တင်ပို့နိုင်ခဲ့သည်။ ဝါသီးနှံသည် စက်မှုကုန်ကြမ်းသီးနှံတစ်မျိုးဖြစ်သည့်အတွက် ပြည်တွင်းထုတ်ကုန်များအတွက် ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးလျက်ရှိသည်။

ဝါမျိုးစိတ်နှင့် မူရင်းဒေသ

ဝါသီးနှံသည် အဓိကအားဖြင့် ချည်မျှင်ရှည်ဝါနှင့် ချည်မျှင်တိုဝါဟူ၍ နှစ်မျိုးရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးကြသည်။ မြန်မာအမည်မှာ ဝါ ဖြစ်ပြီး အင်္ဂလိပ်အမည်မှာ Cotton ဖြစ်သည်။ မျိုးရင်းအမည်မှာ Malvaceae ဖြစ်ပြီး မျိုးစုက Gossypium ဖြစ်သည်။ မျိုးစိတ်အနေဖြင့် ၅၀ ရှိသည်။ ဝါကို ​အကြမ်းအားဖြင့် ချည်မျှင်တိုဝါနှင့် ချည်မျှင်ရှည်ဝါဟု ခွဲထားသော်လည်း စီးပွားဖြစ်စိုက်ပျိုးသော ဝါမျိုးစိတ်များလည်းရှိသည်။ အထွက်နှုန်းပေါ်မူတည်၍ စိုက်ပျိုးသော ဝါမျိုးစိတ်လေးမျိုးရှိသည်။

ထိုမျိုးစိတ်များမှာ-

(၁) Gossypium arboreum မျိုးစိတ်။ အဆိုပါမျိုးစိတ်သည် ချည်မျှင်တိုဝါမျိုးစိတ်ဖြစ်ပြီး မူရင်းဒေသမှာ အိန္ဒိယနှင့် ပါကစ္စတန်ဖြစ်ကာ ကမ္ဘာ့စိုက်ပျိုးထုတ်လုပ်မှု၏ နှစ်ရာခိုင်နှုန်းရှိသည်။

(၂) Gossypium herbaceum။ ထိုဝါသည် ချည်မျှင်တိုဝါဖြစ်ပြီး မူရင်းဒေသမှာ အာဖရိကတောင်ပိုင်း အာရေဘီယံကျွန်းဆွယ်ဖြစ်သည်။ ကမ္ဘာ့ဝါစိုက်ပျိုးထုတ်လုပ် မှု၏ နှစ်ရာခိုင်နှုန်းရှိသည်။

(၃) Gossypium hirsutum။ ၎င်းသည်ချည်မျှင် ရှည်ဝါဖြစ်သည်။ သီးနှံမျိုး၏မူရင်းဒေသ မှာ အမေရိကန်အလယ်ပိုင်း၊ မက္ကဆီကို၊ ကာရစ်ဘီယံ၊ ဖလော်ရီဒါတောင်ပိုင်းဒေသတို့ဖြစ်ပြီး ကမ္ဘာ့ဝါသီးနှံထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်း နီးပါးခန့်ရှိသည်။

(၄) Gossypium barbadense။ ချည်မျှင်ရှည်ဝါမျိုးဖြစ်ပြီး ၎င်း၏ မူရင်းဒေသမှာ တောင်အမေရိကတိုက်ဖြစ်သည်။ ကမ္ဘာ့ဝါသီးနှံထုတ်လုပ်မှု၏ ရှစ်ရာခိုင်နှုန်းရှိသည်။

မြန်မာ့ဝါမျိုးများ

မြန်မာနိုင်ငံတွင် ဝါသီးနှံကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများ၌ စိုက်ပျိုးလေ့ရှိကြသည်။ ချည်မျှင်တိုဝါ စိုက်ပျိုးသောဒေသများတွင် ဒေသမျိုးဖြစ်သည့် မလှိုင် ၅ နှင့် ဝါကြီးမျိုးများကို စိုက်ပျိုးကြသည်။ အထွက်နှုန်းကောင်ပြီး ရောဂါဒဏ်ခံနိုင်သောကြောင့် ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့သည်။ အဆိုပါဝါသီးနှံမျိုးကို ၂၀၀၆-၂၀၀၇ ခုနှစ်ဝန်းကျင်က ဖြန့်ဖြူးခဲ့ခြင်းဖြစ်ပြီး “ငွေချည် ၆ ချည်မျှင်ရှည်ဝါ” ဟု သိရသည်။ ထို့ပြင် သီးလုံးဖောက်ပိုးဒဏ်ကိုခံနိုင်ရည်ရှိပြီး စုပ်စားပိုးဒဏ်ကိုလည်း အသင့်အတင့်ခံနိုင်ရည်ရှိသော ငွေတောင် ၈ နှင့် ငွေချည် ၉ ချည်မျှင်ရှည်ဝါ မျိုးကောင်းမျိုးသန့်နှစ်မျိုးကို ၂၀၁၃-၂၀၁၄ ခုနှစ်နှင့် ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ထုတ်လုပ်နိုင်ခဲ့သည်။ ထို့ပြင် အထွက်နှုန်းဂွမ်းမွေးနှင့် ချည်အရည်အသွေးကောင်းမွန်ပြီး သီးလုံးဖောက်ပိုး ဒဏ်ခံနိုင်သော ရွှေတောင် ၁၀ နှင့် ငွေချည် ၁၁ ချည်မျှင်ရှည်ဝါ မျိုးသစ်နှစ်မျိုးကိုလည်း ထပ်မံထုတ်လုပ်နိုင်ခဲ့သည်။

ဝါးသီးနှံမျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက်ချက်

စိုက်ပျိုးရေးအတွက် မျိုး၊ မြေ၊ ရေသည် အဓိကဖြစ်ပြီး မြေဆီနှင့်ရေ မည်မျှပင်လုံလောက် ကောင်းမွန်စေကာမူ မျိုးစေ့မကောင်းလျှင် စိုက်သမျှဖြစ်ထွန်းမည်မဟုတ်ပေ။ ထို့ကြောင့် ဝါသီးနှံစိုက်ပျိုးမည်ဆိုလျှင်လည်း မျိုးစေ့ကောင်းနှင့် အထွက်နှုန်းမြင့်မျိုးကို အသုံးပြုစိုက်ပျိုးကြရပါမည်။ စိုက်ပျိုးမည့် ဝါမျိုး၏ မျိုးရိုးဗီဇသည် ဝါအထွက်နှုန်းအပေါ် ၅၀-၆၀ ရာခိုင်နှုန်းအကျိုးပြုသောကြောင့် ဗီဇကောင်းသောမျိုး၊ အထွက်နှုန်းမြင့်မျိုးဗီဇရှိသည့်မျိုးများကို ရွေးချယ်စိုက်ပျိုးကြရမည်ဖြစ်ရာ ဝါမျိုးစေ့စနစ် ဖွံ့ဖြိုးစေရန်အတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အသုံးပြုခြင်း၊ သန်စွမ်းကျန်းမာသော မျိုးစေ့များကို အသုံးပြုခြင်း၊ ဂွမ်းမွေးတိုချွတ်ထားသော ဝါမျိုးစေ့များကို အသုံးပြုခြင်း၊ တစ်ဧကလျှင် ဝင်ဆံ့အပင်ဦးရေ မြင့်မားမှုကိုခံနိုင်ရည်ရှိသောမျိုးကို ရွေးချယ်အသုံးပြုခြင်း စသည်တို့ကို စနစ်တကျအသုံးပြုကြရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ကောင်းမွန်သော မျိုးကောင်းမျိုးသန့်များရရှိစေရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှစ၍ ဝါစိုက်ပျိုးရေးဦးစီးဌာန၊ ဝါသုတေသနနှင့်နည်းပညာ ဖွံ့ဖြိုးရေးခြံ၊ ဝါမျိုးစေ့ သီးနှံခြံများမှ သုတေသနပြု၍ မျိုးစေ့စီးဆင်းမှုစနစ်နှင့်အညီ ဖြန့်ဖြူးလျက်ရှိသော ချည်မျှင်ရှည်ဝါမျိုး ငါးမျိုးကို အက်စစ်ဖြင့် ဂွမ်းမွေးတိုချွတ်ခြင်း၊ ဆေးလူးနယ်ခြင်း၊ အခြောက်ခံ၍ စနစ်တကျထုပ်ပိုးခြင်းများ ဆောင်ရွက်ပြီးတောင်သူများထံ ဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝါမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးသည့်ခြံများ၊ ဝါကြိတ်စက်များအနေဖြင့် ဝါမျိုးစေ့ဂွမ်းမွေးတိုချွတ် သည့်လုပ်ငန်းစဉ်များကို စနစ်တကျလုပ်ဆောင်နိုင်သည့် နည်းပညာပေးခြင်းလုပ်ငန်းအပါအဝင် လိုအပ်သော ပစ္စည်းကိရိယာများကိုလည်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် မျိုးကောင်းမျိုးသန့်များ၊ မျိုးသစ်များထုတ်လုပ်ဖြန့်ဖြူးရန်နှင့် အထွက်တိုးစိုက်ပျိုးနည်းစနစ်များကို ဖော်ထုတ်သတ်မှတ် ရန်အတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အဆိုပါ သုတေသနရလဒ်များကို တောင်သူများထံ နည်းပညာဖြန့်ဝေပေးလျက်ရှိသည်။

အထွက်နှုန်းမြင့်ဝါစိုက်ပျိုးနည်း

ဝါစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေမှာ သဲမြေ၊ နုန်းမြေ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေမျိုးဖြစ်သည်။ အကောင်းဆုံးမြေချဉ်ငန်ကိန်းမှာ ၆ ဒသမ ၀ မှ ၆ ဒသမ ၅ ရှိရန် လိုအပ်ပြီး ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်းမပေါက်သောမြေမျိုးဖြစ်ရပါမည်။ ထို့ပြင် ရာသီဥတုနှင့်သင့်လျော်သော စိုက်ချိန်အမီ စိုက်ပျိုးရန်လည်း လိုအပ်ပါသည်။ မိုးရာသီတွင် မိုးအုံ့၍ အလင်းရောင်အားနည်းနေချိန် စိုက်ပျိုးမိပါက အသီးကင်းများကြွေတတ်သည်။ ထို့ကြောင့် မိုးကြိုဝါကို စိုက်ပျိုးမည်ဆိုလျှင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်း စိုက်ပျိုးသင့်သလို မိုးဝါကိုမေလလယ်မှ ဇွန်လအတွင်းစိုက်ပျိုးသင့်ပါသည်။ မိုးနှောင်းဝါကို ဇူလိုင်လလယ်မှ သြဂုတ်လလယ်အတွင်း စိုက်ပျိုးသင့်သည်။ ဝါစိုက်ရန်အတွက် မြေပြင်ရာတွင် ထယ်နှစ်စပ်ထိုးပြီး စက်ထွန်နှစ်စပ် သို့မဟုတ် နွားထွန်လေးစပ်မွှေပေးရသည်။ ထို့နောက် မြေတွင်းအစိုဓာတ်မပျက်စေရန် ကြမ်းတုံးဖြင့် မြေကိုဖုံး၍ ညီညာအောင်ပြုလုပ်ပေး ရမည်။ အထွက်နှုန်းမြင့် ဝါစိုက်ခင်းဖြစ်ရန် ဝါစိုက်မြေကို စနစ်တကျထွန်ယက်စိုက်ပျိုးရမည်ဖြစ်သည်။ မြေကို စနစ်တကျထွန်ယက်စိုက်ပျိုးခြင်းဖြင့် 

- မြေတွင်းအစိုဓာတ်ကို ကောင်းစွာထိန်းပေးထားနိုင်ခြင်း၊

- မြေတွင်းသို့ လေဝင်လေထွက် ပိုမိုကောင်းစေခြင်း၊

- မြေဆီလွှာအတွင်းရှိ အကျိုးပြုပိုးများလှုပ်ရှားနိုင်ပြီး အပင်အတွက် အာဟာရဓာတ်ကို ပိုမိုရရှိစေခြင်း၊

- စိုက်ပျိုးပင်၏ အာဟာရဓာတ်များ စုပ်ယူမည့် ပေါင်းမြက်များကို သေစေနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေပါသည်။

ထို့ပြင် အထွက်နှုန်းမြင့်ဝါစိုက်ခင်းဖြစ်ရန်အတွက် စနစ်တကျမြေပြင်ခြင်းအပြင် တစ်ဧကအတွင်း သတ်မှတ်ထားသော အပင်ရေပြည့်အောင် စိုက်ပျိုးရန်လည်းလိုအပ်ပါသည်။ ထို့ကြောင့် စိုက်ကျင်းတစ်ကျင်းလျှင် မျိုးကောင်းမျိုးသန့်ဝါ သုံးစေ့သာထည့်သွင်းစိုက်ပျိုးရမည်ဖြစ်သည်။ ထို့ပြင် စိုက်တန်းနှင့် စိုက်ကျင်းမှန်အောင်စိုက်ပျိုးရမည်။ ဝါကောက်ချိန်တွင် သတ်မှတ်အပင်ရေ၏ ၈၅ ရာခိုင်နှုန်းခန့် ဝါကောက်သိမ်းနိုင်ရေးအတွက် စိုက်ပျိုးပြီးသော ဝါပင်များအသေအပျောက်နည်းအောင် ဂရုစိုက်ပေးရမည်။ ဝါကို စိုက်ကျင်းအတွင်း သုံးစေ့ထည့်စိုက်ပျိုးပြီး အပင်ပေါက်၍ ရွက်ဆစ် ၃-၄ ရွက်ထွက်ချိန်တွင် စိုက်ကျင်းအတွင်း နှစ်ပင်သာချန်၍ သားတက်ခွဲရပါမည်။ ဤကဲ့သို့ အချိန်မီသားတက်ခွဲခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိစေပါသည်။

- အပင်ပုံမှန်ဖြစ်ထွန်းခြင်း၊

- သီးကိုင်းများ ပုံမှန်ကြီးထွားခြင်း၊

- ဂွမ်း၊ ဝါစေ့အရည်အသွေးကောင်းမွန်ခြင်း၊

- အထွက်နှုန်းကောင်းခြင်းတို့ဖြစ်သည်။

ထို့ပြင် ဝါစိုက်ခင်းရှိ ပေါင်းမြက်များကို ရှင်းလင်းပေးရန်လည်း လိုအပ်ပါသည်။ ပေါင်းမြက်များကို စနစ်တကျရှင်းလင်းပေးခြင်းဖြင့် ဝါအထွက်နှုန်း ၃၄ ဒသမ ၈၀ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း သိရသည်။ ရေပေးသွင်းရာတွင် အပိမ့်စတင်ချိန်၊ ပန်းစပွင့်ချိန်၊ ပန်းပွင့်ဖြိုင်ချိန်နှင့် ဝါသီးကြီးထွားချိန်တို့အတွက် အစိုဓာတ်လုံလောက်စွာရ​အောင် ဆောင်ရွက်ပေးရမည်။ ရေသွင်းရာတွင် ရေသွင်း၊ ရေထုတ်မြောင်းများ ကို စနစ်တကျလုပ်ဆောင်ရမည်ဖြစ်ပြီး ရေဝပ်ခြင်း၊ ရေစိမ့်ဝင်ခြင်းမဖြစ်စေရန် ဂရုစိုက်ပေးရန်လိုပါသည်။ လိုအပ်သောအာဟာရအတွက် သဘာဝမြေသြဇာ သို့မဟုတ် သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို လိုအပ်သောအာဟာရအလိုက် အချိုးကျကျွေးပေးရပါမည်။ ပိုးမွှားရောဂါများကိုလည်း စနစ်တကျ ကာကွယ်နှိမ်နင်းပေးရမည်။

မျိုးကောင်းမျိုးသန့်ရွေးချယ်အသုံးပြုခြင်း

- မြေဆီသြဇာနှင့် ဝါသီးနှံ ကြိုက်နှစ်သက်သောမြေအမျိုးအစားကို ရွေးချယ်ရခြင်း။

- စိုက်ချိန်မှန်စေခြင်း၊ ထယ်ရေးနက်နက်နှင့် ထယ်ရေးညက်စေခြင်း၊ အချိန်မှန်အပင်သားခွဲခြင်း။

- တစ်ဧကကို သတ်မှတ်အပင်အရေအတွက် ပြည့်မီအောင် ဆောင်ရွက်ခြင်း။

- အပင်အတွက် လိုအပ်သော အာဟာရဓာတ်ကို ပြည့်မီအောင်ကျွေးပေးခြင်း။

- ပေါင်းမြက်နှိမ်နင်းပေးခြင်းနှင့် အချိန်မှန် ရေပေးသွင်းခြင်း။

- ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနှင့် အလေအလွင့်နည်းပါးအောင် ဝါကောက်သိမ်းခြင်း စသည့်အချက်များကို စနစ်တကျလိုက်နာဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်ရရှိမည်​ဖြစ်ပါသည်။

ဝါသီးနှံထွက်ရှိမှုနှင့် ဝါသီးနှံထုတ်ကုန်မှ နိုင်ငံဖွံ့ဖြိုးရေးဆီသို့

ဝါသီးနှံကိုစာရေးသူတို့နိုင်ငံတွင် စိုက်ပျိုးမှုများလာသည်ဟု ဆိုနိုင်ပါသည်။ နှစ်အလိုက် စိုက်ဧကတိုးလာပြီး အထွက်နှုန်းလည်းများလာသည်ကို တွေ့ရပါသည်။ ဝါသီးနှံသည်ကမ္ဘာ့စျေးကွက်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၏စီးပွားရေးကို အထောက်အကူပြုနေပြီး စာရေးသူတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကဝင်ငွေအရင်းအမြစ်ဖြစ်သည်။ ဝါသီးနှံသည် ကမ္ဘာ့လူဦးရေသန်း ၁၀၀ ခန့်အတွက် အထောက်အပံ့ပေးနိုင်ကြောင်း သိရသည်။ အိန္ဒိယ၊ တရုတ်၊ အမေရိကန်နှင့် အာဖရိကနိုင်ငံများ၌ ဝါဂွမ်း သည် အဓိကပို့ကုန်တစ်ခုဖြစ်ပြီး ကြီးမားသောဝင်ငွေကို ရရှိစေသည်။ အိန္ဒိယနိုင်ငံ၌ ဝါဂွမ်းထုတ်လုပ်မှု လုပ်ငန်းသည် လယ်သမားခြောက်သန်းကျော်နှင့် ဝါထုတ်ကုန်ကို အခြေခံသောလုပ်ငန်းများတွင် လူသန်းပေါင်းများစွာအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးသည်။ ထို့ပြင် ဝါစိုက်ပျိုးခြင်း၊ ဝါကောက်ခြင်းမှစ၍ ဝါကုန်ချောလုပ်ငန်းစဉ်များဖြစ်သည့် ချည်ချောထုတ်လုပ်ခြင်း၊ အထည် အလိပ်ရက်လုပ်ခြင်း စသည့်လုပ်ငန်းများ၏လုပ်ငန်းစဉ်အဆင့်ဆင့်တွင် အမျိုးသမီးများ ပါဝင်လုပ်ကိုင် နေကြရသဖြင့် အမျိုးသမီးများပါဝင်ငွေရရှိသကဲ့သို့ အလုပ်အကိုင်ကိုလည်းရရှိစေပါသည်။ ထို့ကြောင့် ဝါသီးနှံသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘက်သို့ ဦးတည်နေသော စိုက်ပျိုးသီးနှံ ထုတ်ကုန်တစ်ခုဖြစ်ပါသည်။

လူသားတို့နေ့စဉ်လိုအပ်နေသော စား၊ ဝတ်၊ နေရေးအချက်သုံးချက်ကို ဝါသီးနှံက ဖြည့်ဆည်းပေးလျက်ရှိသည်။ ဝါသီးနှံမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ဝါဂွမ်း၊ ဝါစေ့၊ ဝါစေ့ဆီ၊ ကြိတ်ဖတ်များ ထုတ်လုပ်နိုင်သည်။ ရင့်မှည့်သောဝါသီးမှ ဝါစေ့နှင့် ဝါဂွမ်းကိုခွဲခြား ထုတ်ယူရပါသည်။ ဝါဂွမ်းမှာ ဖော်ပြပါထုတ်ကုန်များ အပြင်မျက်နှာသုတ်ပဝါ၊ အိပ်ရာနှင့်အထည်အလိပ်များအပါအဝင် ထုတ်ကုန်အမျိုးမျိုးကို ပြုလုပ်နိုင်သည့် သဘာဝအမျှင်တစ်မျိုးဖြစ်သည်။ တာယာ၊ ဆန်ခါများနှင့် စက္ကူကဲ့သို့သော စက်မှုထုတ်ကုန်များတွင် အသုံးပြုသည်။ အိမ်တွင်းအလှဆင်ပစ္စည်းများအဖြစ် ၁၅ ရာခိုင်နှုန်းအသုံးပြုကြပြီး ငါးရာခိုင်နှုန်း စစ်ထုတ်ခြင်းနှင့် စုပ်ယူခြင်းအတွက် ထုတ်လုပ်သည့် ပစ္စည်းများတွင် အသုံးပြုကြသည်။ အရည်အသွေးကောင်းပြီး သန့်စင်သောဝါစေ့မှ အဆီ ၁၅ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိပါဝင်ပြီး မပြည့်ဝဆီ ၇၀ ရာခိုင်နှုန်းအထိပါဝင်သည်။ သန့်စင်ထားသော ဝါစေ့ဆီသည် အရသာရှိပြီး ရွှေရောင်ရှိသည်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး လူတို့စားသုံးရန်သို့မဟုတ် တိရစ္ဆာန်အစာအတွက် အသုံးပြုသည်။ ဝါစေ့ကိုဆီကြိတ်၍ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အလှကုန်ပစ္စည်းများကဲ့သို့ အဆီကို အခြေခံသောအလှကုန်ပစ္စည်း ထုတ်ကုန်များထုတ်လုပ်နိုင်သည်။ ဝါစေ့ဖတ်ကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုနိုင်သည်။

စာရေးသူတို့နိုင်ငံ၏ ရေ၊ မြေသဘာဝနှင့် ဝါ သီးနှံစိုက်ပျိုးဖြစ်ထွန်းမှု အလားအလာကောင်းများ ရှိသည့်အတွက် ဝါသီးနှံကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ပေသည်။ ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး စားသုံးဆီဖူလုံရေးကိုပါ အထောက်အကူပြုသည်။ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများရှိပါက လူတစ်ဦးချင်းစီ၏ ဝင်ငွေစီးဆင်းမှုကောင်းပြီး နိုင်ငံ၏စီးပွားရေးအခြေအနေသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့် ဝါသီးနှံသည် နိုင်ငံတော်၏ အရေးပါသော သီးနှံစိုက်ပျိုး ထုတ်လုပ်မှု ၁၀ မျိုးစာရင်းတွင် တစ်မျိုးအဖြစ် ထည့်သွင်းထားရာ နိုင်ငံ၏စီးပွားရေးတိုးတက်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကို တွန်းအားပေးလျက်လည်းရှိသည်။ စာရေးသူ တို့နိုင်ငံတွင် အရည်အသွေးမြင့်ချည်များကို ပြည်ပနိုင်ငံများမှ တင်သွင်းလျက်ရှိသောကြောင့် အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို တိုးချဲ့စိုက်ပျိုးပြီး အဆင့်မြင့်ချည်ထည်များ ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ထို့နည်းတူ စွာပင် ဝါကိုအခြေခံသော ထုတ်ကုန်များထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမည့်အပြင် ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ အသေးစားနှင့် အလတ်စားစီးပွားရေး (Micro, Small and Medium Enterprises -MSME) လုပ်ငန်းဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဆီးသို့ ဦးတည်နိုင်မည်ဖြစ်ပါသည်။ ပြည်တွင်းကုန်ကြမ်း လိုအပ်ချက်အပြင် ပြည်ပမှ ဝါအခြေခံထုတ်ကုန်ဖြစ်သောချည်ထည်တင်သွင်းမှုကိုလည်း လျှော့ချနိုင်မည့်အပြင် ပြည်ပဝယ်လိုအားကို ဖြည့်ဆည်းပေးရန်နှင့် ဝါအခြေခံပြည်တွင်း MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်လာ​ပြီး နိုင်ငံ့စီးပွားရေးကောင်းမွန်လာမည်ဖြစ်သည်။

ထိုကဲ့သို့ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရေးဆီသို့ ဦးတည်နိုင်စေရန်အတွက် နိုင်ငံတော်အနေဖြင့် ရက် ၁၀၀ အတွင်း Quick Win ရရှိစေမည့် အစီအစဉ်များ ချမှတ်ထားသည်ကိုတွေ့ရသည်။ ထိုရက် ၁၀၀ Quick Win အစီအစဉ်တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက စိုက်ပျိုးတောင်သူများသို့ အားလုံးစိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးစရိတ်လောက်ငစေရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်မည့်အစီအစဉ်လည်း ပါဝင်သည်။ အတိုးနှုန်းပြောင်းလဲမှုမရှိဘဲ ယခင်အတိုင်းပင်တစ်နှစ်လျှင် ငါးရာခိုင်နှုန်းဖြင့်ပင် သီးနှံအမျိုးအစားအလိုက် စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အတွက် ယခင်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲမှ ယခု ကျပ်သုံးသိန်းအထိ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ သီးနှံအမျိုးအစားအလိုက် ထုတ်ချေးရာတွင် ဝါသီးနှံစိုက်ပျိုးသူများလည်းပါဝင်နေသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်အနေဖြင့် ဝါသီးနှံစိုက်ပျိုးနိုင်စေရေးနှင့် ဝါသီးနှံထုတ်ကုန်ကိုအခြေခံပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော် လုပ်ဆောင်လိုကြောင်း ထင်ရှားပေသည်။

မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးထားသောဝါသီးနှံငါးသိန်းကျော်မှ တစ်ဧက ဝါပိဿာ ၇၀၀ ထွက်ပါက ဧကငါးသိန်းအတွက် စုစုပေါင်းဝါပိဿာ သန်း ၃၅၀ ထွက်မည်။ အဆိုပါ ဝါပိဿာ သန်း ၃၅၀ က ချည် ပိတ်ကိုက် ၁၃၇၀ ဒသမ ၆ သန်းထွက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ဖြင့် တွက်ချက်ကြည့်ပါက တစ်ဦးလျှင် ချည်ပိတ် ၂၇ ဒသမ ၄၁ ကိုက် အသုံးပြုနိုင်မည်ဖြစ်သည်။အဆိုပါ ဝါပိဿာ သန်း ၃၅၀ မှ ဝါစေ့ပိဿာ သန်း ၂၁၀ ထွက်မည်။ ယင်းတို့ကို အဆင့်ဆင့် ကြိတ်ခွဲသန့်စင်ပြီး စားသုံးရန်အတွက် ဝါစေ့ဆီပိဿာ ၁၈ ဒသမ ၁၉ သန်းခန့်(၂၉၇၀၅ တန်) ထွက်နိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဝါသီးနှံသည် ပြည်တွင်းစီးပွားရေး အတွက်မျှော်လင့်ချက်ရှိသည့်အတွက် အထွက်နှုန်း မြင့်ဝါစိုက်ပျိုးရေးကို စနစ်တကျလုပ်ဆောင်ပါက နိုင်ငံအနေဖြင့်လည်း နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချ နိုင်ပြီး ပြည်တွင်းအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်သည်။ သို့ပါ၍ နိုင်ငံတော်မှ စိုက်ပျိုးထုတ်လုပ်သူများကို ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဝါစိုက်တောင်သူများအနေဖြင့်လည်း မိမိတို့၏ စိုက်ပျိုးရေးလုပ်ငန်း၊ ဝါသီးနှံကို အခြေခံထုတ်လုပ်သော MSME လုပ်ငန်းများကို အားသွန်ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးဆီသို့ ဦးတည်ချီတက်ကြပါစေကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။