Skip to main content

စက်သုံးဆီချွေတာရေးနှင့် အနာဂတ်မြို့ပြပုံရိပ်ကို ဖော်ဆောင်ပေးမည့် သုံးဘီးယာဉ်ငယ်များ

သတင်းဆောင်းပါး-နဒီမင်း၊ ကိုလင်း ဓာတ်ပုံ-ကိုလှိုင်

မတ်လ၏ ပူပြင်းသောနေရောင်အောက်တွင် အရှေ့၊ အနောက်၊ ဘေးဘယ်ညာ ခက်ဖြာသွယ်တန်းထား သောလမ်းမများထက် ပေါ့ပါးလျင်မြန်စွာ လှုပ်ရှားသွားလာနေသော သုံးဘီးယာဉ်ငယ်လေးများ။ 

ထိုမြင်ကွင်းကား မြန်မာ- ကိုရီးယားချစ်ကြည်ရေး (ဒလ)တံတားကြီးအဆင်း ဒလမြို့အတွင်း စတင်ခြေချလိုက်သည်နှင့် ဆီးကြိုနေသောမြင်ကွင်း ပင်ဖြစ်သည်။

မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားသစ် ကြီးဖွင့်လှစ်ပြီးနောက် မြို့ပြသယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများ ပြေးဆွဲလာခြင်းနှင့်အတူ ခေတ်မီစီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ တိုက်ရိုက်နေ့ချင်းပေါက် ခရီးရောက်နေပြီဖြစ်သည့် ဒလမြို့နှင့် ဆက်စပ်ဒေသများသည် မကြာမီအချိန်ကာလတွင် အရှိန်အဟုန်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာမည့် အရိပ်အယောင်များ အထင်အရှားမြင်တွေ့နေရပြီ ဖြစ်သည်။ 

ထိုသို့ သွားလာရေး အဆင်ပြေချောမွေ့လာမှုနှင့်အတူ ဒလမြို့နယ်နှင့် အနီးအနားရှိ မြို့နယ်၊ ကျေးရွာများမှ ခရီးသွားများအတွက် သုံးဘီးယာဉ်ငယ်လေးများမှာ မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည့်အတွက် ယာဉ်မောင်းများအနေဖြင့် ခရီးသည်ပြတ်လပ်မှုမရှိဘဲ ဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေချောမွေ့လျက်ရှိသည်ကို တွေ့ရသည်။

ခရီးသည်များ၏ လိုရာခရီးကိုပို့ဆောင်ပြီး မိသားစုစားဝတ်နေရေး နေ့စဉ်ရုန်းကန်လှုပ်ရှား စီးပွားရှာနေသူအတွက် လူစီးသုံးဘီးယာဉ်ငယ်လေးက ‘‘မိသားစုရဲ့ထမင်းအိုးပဲ”ဟု တွံတေးမြို့နယ် ကံဘဲ့ကျေးရွာမှ သုံးဘီးယာဉ်မောင်း ဦးအောင်သူက ပြောသည်။

အဆိုပါ စက်တပ်သုံးဘီးယာဉ်ငယ်လေးများက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် အာရှတိုက်ရှိ နိုင်ငံအများစုတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ အထူးသဖြင့် မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအိုကဲ့သို့ အာရှနိုင်ငံများ၊ နိုင်ဂျီးရီးယား၊ အီသီယိုးပီးယား၊ အီဂျစ်နိုင်ငံစသည့် အာဖရိကနိုင်ငံများ၊ ပီရူးနှင့် ဂွါတီမာလာတို့ကဲ့သို့ တောင်အမေရိကဒေသများ အပါအဝင် နိုင်ငံပေါင်း ၁၀၀ ခန့်တွင် လူစီးယာဉ်နှင့် သယ်ယူပို့ဆောင်ရေး စီးလုံးငှားယာဉ်အဖြစ် တွင်တွင် ကျယ်ကျယ် အသုံးပြုလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် သုံးဘီးမော်တော်ယာဉ်အသုံးပြုမှု အများဆုံးနှင့် အအောင်မြင်ဆုံးနိုင်ငံဖြစ်သည်။ 

မြန်မာနိုင်ငံတွင်လည်း Bajaj RE နှင့် TVS King ကဲ့သို့သော အင်ဂျင်တပ်သုံးဘီးယာဉ်များအပြင် ခရီးသွားဒေသများတွင်လည်း လျှပ်စစ်သုံးဘီးယာဉ် (E-Tuk Tuk) များက နေရာယူလာခဲ့သည်။

လတ်တလော ဖြစ်ပေါ်နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ကမ္ဘာတစ်ဝန်း လောင်စာဆီ အကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် လောင်စာဆီကို ပြည်ပမှ တင်သွင်းနေရသည့် မြန်မာနိုင်ငံသည် လည်း အဆိုပါရိုက်ခတ်မှုကို ရှောင်လွှဲမရဘဲ ခံစားနေရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် စက်သုံးဆီပြတ်လပ်မှုကို အတတ်နိုင်ဆုံးထိန်းညှိနိုင်ရန် မူဝါဒများ ချမှတ်ကာ ယာဉ်အမျိုးအစားအလိုက် စက်သုံးဆီများအား ထိုက်သင့်သည့် ပမာဏအတိုင်း ခွဲတမ်းဖြင့် စနစ်တကျ ရောင်းချပေးလျက်ရှိပြီး သယ်ယူပို့ဆောင်ရေးယန္တရား ရပ်တန့်မသွားစေရေးအလေးပေး ဆောင်ရွက်နေချိန်လည်းဖြစ်သည်။

ယခုလိုအချိန်မျိုးတွင်ပင် အင်ဂျင်ပါဝါအားဖြင့် 200 CC သာရှိပြီး စက်သုံးဆီ တစ်လီတာလျှင် ၂၂ မိုင်ထိ မောင်းနှင်နိုင်သော သာမန်ယာဉ်များထက် ဆီစားနှုန်းသုံးဆနီးပါးသက်သာသည့် ထိုစက်တပ် သုံးဘီးယာဉ်ငယ်လေးများသည် လတ်တလောကာလတွင် နိုင်ငံတော်၏ လောင်စာစွမ်းအင်သုံးစွဲမှု လျှော့ချရေးမူဝါဒနှင့်လည်း ကိုက်ညီနေပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် ပြေးဆွဲနေသည့်သုံးဘီး ယာဉ်မောင်းကိုစည်သူက ‘‘ဒီမှာက Bajaj ပဲ မောင်းကြတယ်၊ ဆီစားလည်း သက်သာတယ်၊ အခုက ကမ္ဘာ့အရေးကြောင့်မို့သာ နောက်မို့ဆို ခုချိန် သုံးသောင်းလောက် စီနေပြီ” ဟု နဖူးထက်မှကျလာသည့် ချွေးများကိုသုတ်ရင်း ပြောပြသည်။

စက်တပ်သုံးဘီး မော်တော်ယာဉ်ငယ်များကို ခရီးသည်များ ငှားစီးရာတွင် ဈေးနှုန်းချိုသာခြင်း၊ ခရီးသည် သုံးဦးမှလေးဦးအထိ စီးနင်းနိုင်ခြင်း၊ ကားကြီးများဝင်ရခက်သည့် လမ်းသွယ်များထဲအထိ ပို့ဆောင်ပေးနိုင်ခြင်း၊ ယာဉ်ပိုင်ရှင်များအတွက် ဆီစားနှုန်းသက်သာခြင်းတို့အတွက် အသုံးပြုသူများ ပိုမိုများလာခဲ့သည်။ 

စက်တပ်နှင့် လျှပ်စစ်သုံးလူစီးသုံးဘီးယာဉ်များကို မူဆယ်၊ တာချီလိတ်၊ မြဝတီနယ်စပ် ကုန်သွယ်ရေးမြို့များနှင့် မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ စသည့်မြို့ကြီးများ/ ရန်ကုန်စည်ပင်နယ်နိမိတ်ပြင်ပရှိ နယ်မြို့လေးများတွင် အသုံးပြုကြသည်။ အထူးသဖြင့် မန္တလေးမြို့သည် သုံးဘီးယာဉ်အစည်ကားဆုံးမြို့ဟု ဆိုနိုင်သည်။ ထို့ပြင် ပုဂံ-ညောင်ဦး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေးစသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရာဒေသများတွင်လည်း ခရီးသွားဧည့်သည်များ လည်ပတ်ရာတွင် အသုံးပြုလျက်ရှိသည်။ 

မြို့ပြတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကိုတိုင်းတာရာတွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာခြင်းနှင့်အတူ မြို့ပြအင်္ဂါရပ်နှင့်လိုက်လျောညီထွေမှုရှိပြီး ခရီးသည်များ လုံခြုံစိတ်ချဘေးကင်းစွာ စီးနင်းနိုင်မည့် သယ်ယူပို့ဆောင်ရေးယာဉ်များ၏ အခန်းကဏ္ဍသည် လွန်စွာမှ အရေးပါလှသည်။ 

အဆင့်မြင့် ခရီးသည်သယ်ယူပို့ဆောင်ရေး ဘတ်စ်ကား (YBS) ယာဉ်လိုင်းများပြေးဆွဲခြင်းမရှိသည့် YBS မရှိသည့်နေရာများ၊ မြို့ပြဆင်ခြေဖုံး ဒေသများတွင် ယခင်က အနှေးယာဉ်ဆိုက်ကားများကို အသုံးပြုကြသော်လည်း ခေတ်ကာလပြောင်းလဲလာခြင်းကြောင့် အနှေးယာဉ်ဆိုက်ကားအသုံးပြုမှုနည်းပါးလာပြီး မြန်မာနိုင်ငံရှိ မြို့ကြီးအချို့၌ လမ်းကြားနှင့် ခရီးတို သယ်ယူပို့ဆောင်ရေးအတွက် ဘေးတွဲဆိုင်ကယ်များကို အားထားနေရသည်ကို တွေ့ရသည်။

အဆိုပါဘေးတွဲဆိုင်ကယ်များသည် ဖွဲ့စည်းတည်ဆောက်ပုံအရ သတ်မှတ်ချက်စံစနစ်များမရှိဘဲ မူလဆိုင်ကယ်၏ဘေးတွင် သင့်တော်သလို ပြုပြင်တွဲဆက်ထားသည့် လက်လုပ်တွဲများဖြစ်သောကြောင့် လူစီးနင်းလိုက်ပါရန် လုံခြုံမှုနှင့် ကြံ့ခိုင်မှုအားနည်းသည်ဟု ဆိုနိုင်သည်။ 

နိုင်ငံတော်မှ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ နည်းပညာများရယူ၍ ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေးကဏ္ဍကို အာဆီယံအဆင့်မီအောင် ဆောင်ရွက်သွားရန်နှင့် ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး(Road Safety) အတွက် သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းတိုးမြှင့်ဆောင်ရွက်ရေးနှင့် မော်တော်ယာဉ်ကြောင့် ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ 

လူဦးရေထူထပ်သည့် ရန်ကုန်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များနှင့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ် ပြင်ပရှိ အခြေခံလူတန်းစားများ၏ လူမှုဘဝမြှင့်တင်ရေး၊ အများပြည်သူဘေးကင်းလုံခြုံရေးကို ရည်ရွယ်ကာ မြို့ပြအင်္ဂါရပ်နှင့် လျော်ညီသည့် ခရီးတိုခရီးသည်ပို့ဆောင်ရေးယာဉ်(သုံးဘီးယာဉ်)များကို တရားဝင်ပြေးဆွဲနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဆောင်ရွက်ပေးလျက်ရှိသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တွင်း (စည်ပင်နယ်နိမိတ်)၏ အဓိကလမ်းမများပေါ်၌ မောင်းနှင်ခွင့်ကန့်သတ်ကာ ဒလ၊ တွံတေး၊ တိုက်ကြီး၊ ထန်းတပင်၊ သန်လျင်၊ မှော်ဘီ၊ လှည်းကူး၊ ခရမ်း အစရှိသော မြို့နယ်များနှင့် မြို့သစ်နယ်မြေများ၊ ဆင်ခြေဖုံးမြို့နယ်အချို့တွင် စနစ်တကျမှတ်ပုံတင်ထားသော စက်တပ်လူစီးသုံးဘီးယာဉ်များကို စည်းကမ်းတကျ မောင်းနှင်ခွင့်ပြုထားသည်ဟု သိရသည်။ 

သို့ရာတွင် ရန်ကုန်မြို့၏ လူဦးရေထူထပ်သည့် မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ(တောင်၊ မြောက်၊ ဆိပ်ကမ်း၊ အရှေ့)နှင့် စက်မှုဇုန်များနှင့်နီးသောနေရာရှိ ဒေသခံများသည် ဘေးတွဲဆိုင်ကယ်များကိုသာ အသုံးပြုနေရဆဲဖြစ်သည်။

ဒဂုံဆိပ်ကမ်းတွင်နေထိုင်သူ ဦးမြက ‘‘ရန်ကုန် မြို့ရဲ့ လူနေထူထပ်တဲ့နေရာတွေ၊ စက်မှုဇုန်တွေနဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဘေးတွဲဆိုင်ကယ်တွေအစား သုံးဘီးယာဉ်တွေကို စနစ်တကျပြေးဆွဲခွင့် ပေးမယ်ဆိုရင် ပိုကောင်းတာပေါ့။ မလိုလားအပ်တဲ့ ပြဿနာတွေလည်း နည်းသွားနိုင်တယ်၊ စီးတဲ့သူ တွေအတွက်လည်း သက်သောင့်သက်သာစီးနိုင်တယ်”ဟု ပြောသည်။

သုံးဘီးယာဉ်ငယ်များသည် လတ်တလော ဆီအကျပ်အတည်းအတွက်သာမက နောင်ရေရှည် မိသားစုစီးပွားရေးအတွက်ပါ အမှန်တကယ်အားကိုးထိုက်သည့် ယာဉ်ငယ်လေးများဖြစ်သည်။ အမှန်စင်စစ် ဤယာဉ်ငယ်များသည် ခေတ်မီမြို့ပြအင်္ဂါရပ်နှင့် ညီညွတ်သဖြင့် ဘေးတွဲအငှားဆိုင်ကယ်များနေရာတွင် အစားထိုးနေရာယူလာနိုင်ရန် အလွန်ပင်လိုအပ်လှသည်။

သို့သော် နေ့စဉ်ဘေးတွဲမောင်းရင်းရရှိသော ဝင်ငွေဖြင့် စားဝတ်နေရေးဖြေရှင်း ရုန်းကန်နေရသူ များအတွက်မူကား ဘေးတွဲဆိုင်ကယ်မှ စက်တပ်သုံးဘီးယာဉ်သို့ ကူးပြောင်းရန် အရင်းအနှီးအခက်အခဲ ရှိနေမည်ဖြစ်သည်။

“လိုင်စင်ဘီးပဲမောင်းချင်တာပေါ့၊ သုံးဘီးလေးတွေ တရားဝင်လည်း မောင်းခွင့်ရမယ်၊ အရစ်ကျနဲ့လည်း ဝယ်ရမယ်ဆို အဆင်ပြေတယ်၊ အခုက လိုင်စင်မရှိတော့ ရဲရဲလည်း မမောင်းရဲဘူး။ အခုကာလမှာ တရားဝင်ဘီးမဟုတ်တော့ ဆီလည်းမရဘူး၊ တစ်လီတာ ၁၂၀၀၀ နဲ့အပြင်က ဝယ်နေရတာအဆင်မပြေဘူး”ဟု ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဘေးတွဲဆိုင်ကယ်မောင်းနှင်နေသည့် ကိုအငယ်ကောင်က ပြောသည်။

သို့အတွက် ကနဦးအရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်သည့် ပြည်တွင်းထုတ် SKD စက်ရုံများ၏ ပံ့ပိုးကူညီမှုနှင့်အတူ ဒေသခံလူမှုရေးအသင်းအဖွဲ့များ၊ တာဝန်ရှိသူများက စနစ်တကျ တည့်မတ်ထိန်းကျောင်းပေးမည်ဆိုပါက ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများအတွက် မြို့ပြနှင့်ကိုက်ညီသော သုံးဘီးယာဉ်ငယ်များ မောင်းနှင်ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်သည်။ 

ဤစက်တပ်သုံးဘီးယာဉ်များသည် စနစ်တကျမှတ်ပုံတင်ထားသည့် တရားဝင်ယာဉ်များဖြစ်သဖြင့် နိုင်ငံတော်အတွက်လည်း နှစ်စဉ်ယာဉ်လိုင်စင်နှင့် အခွန်အခများကို မှန်မှန်ကန်ကန်ရရှိစေမည်ဖြစ်ပြီး မောင်းနှင်သူ ယာဉ်မောင်းများအတွက်လည်း တရားဝင်လိုင်စင်ဖြင့် မောင်းနှင်ရသည့်အတွက် စိုးရိမ်စိတ်ကင်းရှင်းစွာဖြင့် မိသားစုစားဝတ်နေရေးကို ရှာဖွေနိုင်မည်ဖြစ်သည်။ 

ထို့ပြင် ပြည်သူများ ကြုံတွေ့ရတတ်သည့် ဘေးတွဲဆိုင်ကယ်များကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်၊ မှုခင်းဆိုင်ရာများသည်လည်း လျော့ပါးလာမည်ဖြစ်သည်။

သုံးဘီးယာဉ်များ စနစ်တကျ ပြေးဆွဲခွင့်ရရှိခြင်းသည် ယာဉ်စီးခရီးသည်၊ ယာဉ်မောင်းနှင့် နိုင်ငံတော်ဟူသည့် ‘သုံးပွင့်ဆိုင်’ အကျိုးကျေးဇူးကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်သည်။

သို့ဖြစ်၍ စက်တပ်လူစီး သုံးဘီးမော်တော်ယာဉ်ငယ်များ တိုးချဲ့ပြေးဆွဲပေးခြင်းက စက်သုံးဆီ ခြိုးခြံချွေတာမှုနှင့်အတူ အခြေခံပြည်သူတို့၏ သယ်ယူပို့ဆောင်ရေးကို အထိရောက်ဆုံး အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ယနေ့ခေတ် စီးပွားရေးအကျပ်အတည်းကြားတွင် ဒေသခံတို့အတွက် အားကိုးထိုက်သည့် “မိတ်ဆွေကောင်း”များ ဖြစ်ရုံသာမက နိုင်ငံတော်၏ သယ်ယူပို့ဆောင်ရေးကဏ္ဍသစ်ကို ပုံဖော်ပေးနေသည့် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သည့်အပြင် မြို့ပြ၏ ကောင်းမွန်လှပသောပုံရိပ်ကို ဖန်တီးပေးနိုင်မည်ဟု ယူဆမိပါကြောင်း။     ။