Skip to main content

ပြည့်စွမ်းအား ပြည့်စေဖို့ ရေစွမ်းအင်ဖြင့် ဖြည့်ကြစို့

မင်းပြည့်စုံ

ရာသီဥတုပြောင်းလဲမှု အကြောင်းအရာများမှာ အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပုံကြီးချဲ့လှည့်စားထားသည့်အရာတစ်ခုအဖြစ် ဖွံ့ဖြိုးမှုလိုအပ်သည့်နိုင်ငံများက ယူဆလက်ခံလာကြသည်။ အင်အားကြီးနိုင်ငံများက ရာသီဥတုပြောင်းလဲမှုအကြောင်းအရာများကို ကျယ်ကျယ်လောင်လောင် ဆိုလင့်ကစား ၎င်းတို့၏ ဖွံ့ဖြိုးမှုအရှိန်ကို တိုးသထက်သာတိုးလိုကြသည်။

ဖွံ့ဖြိုးမှုနှင့် စွမ်းအင်ပိုင်ဆိုင်မှုက တိုက်ရိုက်ဆက်နွှယ်နေသည်။ အဘယ်ကြောင့်ဆိုသော် စွမ်းအင်ပိုင်ဆိုင်မှုက နိုင်ငံကို ဆင်းရဲ၊ ချမ်းသာ၊ ဖွံ့ဖြိုးမှု၊ မဖွံ့ဖြိုးမှုအခြေအနေကို အလွယ်တကူဖန်တီးနိုင်သည့်အတွက် အင်အားကြီးနိုင်ငံများက စွမ်းအင်ပိုင်ဆိုင်မှုအင်အားကို အစဉ်တိုးချဲ့ကြစမြဲသာ။ ထို့အတွက် မည်သည့်နိုင်ငံက မည်ကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို ပိုင်ဆိုင်ထားသည်ဆိုသည်က ယနေ့ ကမ္ဘာကြီးတွင် အရေးပါလာသည်။ ထို့ကြောင့် သက်ဆိုင်ရာနိုင်ငံအလိုက် စွမ်းအင်မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်လာကြသည်။

စွမ်းအင်အမျိုးမျိုးရှိပါသည်။ ရေနံ၊ ကျောက်မီးသွေး၊ တွင်းထွက်လောင်စာဆီ၊ သဘာဝဓာတ်ငွေ့၊ နေရောင်ခြည်၊ လေ၊ ဇီဝလောင်စာ၊ ရေအား၊ နျူကလီးယား စသည်တို့သည် လူသိများထင်ရှားသည်။ နိုင်ငံ့အနာဂတ် လူသားအရင်းအမြစ်ထံအမွေအဖြစ် လက်ဆင့်ကမ်းနိုင်ရန် အကန့်အသတ်ရှိသည့် ရေနံကဲ့သို့ တွင်းထွက်စွမ်းအင်ကို နိုင်ငံတိုင်းက ထိန်းထိန်းသိမ်းသိမ်း စီမံဆောင်ရွက်ကြသည်။ ထုတ်ယူသုံးစွဲမှုကို နိုင်ငံအလိုက်ချမှတ်ထားသည့် စွမ်းအင်မူဝါဒနှင့်အညီသာ ထုတ်ယူသုံးစွဲကြသည်။

ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်လုပ်သုံးစွဲ

တရုတ်၊ ရုရှား၊ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများက ရေနံထုတ်လုပ်မှု၊ ရေနံတင်သွင်းမှု နိုင်ငံအလိုက် တန်းစီဇယားအထက်ပိုင်းက မည်သည့်အခါမှမဆင်းပေ။ ထို့အတူ နေရောင်ခြည်၊ လေ၊ ဇီဝလောင်စာ၊ ရေအားစသည့် ပြည့်ဖြိုးမြဲစွမ်းအင်များကိုလည်း စဉ်ဆက်မပြတ် ဖော်ဆောင်ကြသည်။ သို့သော် အကန့်အသတ်ရှိသည့် သယံဇာတထုတ်ယူသုံးစွဲခြင်းထက် ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်သုံးစွဲခြင်းက ပိုမိုကောင်းမွန်သည်ကို အားလုံးနားလည်လက်ခံထားပြီးဖြစ်သည်။

ဤနေရာတွင် စွမ်းအင်စီမံခန့်ခွဲခြင်း နည်းစနစ်များက တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီနိုင်ပေ။ နိုင်ငံအလိုက် တည်ရှိသည့် စွမ်းအင်အရင်းအမြစ်များအပေါ် တည်မီပြီး ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နေ၊ ရေ၊ လေစသည့် စွမ်းအင်များမှ စွမ်းအင်တစ်ခုကို အားပြု၍ဖြစ်စေ၊ အားလုံးကို ရောစပ်ပြီးဖြစ်စေ၊ အချိုးကျဖြစ်စေ ထုတ်ယူအသုံးပြုကြသည်။

ရေအားလျှပ်စစ် စက်ရုံများ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်မှုကုန်ကျစရိတ်မှာ ရုပ်ကြွင်းလောင်စာသုံး ဓာတ်အားပေးစက်ရုံ၏ ၁/၅ မှ ၁/၈ သာရှိကြောင်း သိရှိရသည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ကြီးမားသည့် ရေအားလျှပ်စစ် စက်ရုံများစွာရှိနေသည်။ အမေဇုန်မြစ်ကြီးပေါ်တွင် ရေအားလျှပ်စစ်ရှိသည်။ နိုင်းမြစ်ပေါ်တွင်လည်း ရေအားလျှပ်စစ်ရှိသည်။ တရုတ်နိုင်ငံရှိ Three Gorges၊ အမေရိကန်နိုင်ငံရှိ Grand Couleeရုရှားရှိ Longtan၊ ကနေဒါနိုင်ငံရှိ Churchill Falls အပါအဝင်နိုင်ငံများတွင် များစွာသော ရေအားလျှပ်စစ်ရရှိရေး စီမံကိန်းများတည်ရှိသည်။ ဆက်လက်၍ အကောင်အထည်ဖော်ကြဦးမည်ဖြစ်သည်။

မိမိတို့ မြန်မာနိုင်ငံ၏ သဘာဝတွင်းထွက် သယံဇာတစွမ်းအင်ပိုင်ဆိုင်မှုမှာ မက်လောက်စရာဖြစ်ပါသည်။ ထို့အတူ ပြည့်ဖြိုးမြဲစွမ်းအင်ကို နိုင်ငံအတွက် လုံလုံလောက်လောက်ထုတ်နိုင်သည့် အရင်းအမြစ်များကိုလည်း ပိုင်ဆိုင်ထားပါသည်။ သို့သော် အကန့်အသတ်ရှိသောတွင်းထွက် စွမ်းအင်သာမက ပြည့်ဖြိုးမြဲ စွမ်းအင်ထုတ်ယူသုံးစွဲရေးကိုပါ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု ခေါင်းစဉ်၊ နိုင်ငံရေးခေါင်းစဉ်များဖြင့် ရောထွေးကန့်သတ်လိုကြသည်။

ရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစီမံကိန်းများကို နိုင်ငံရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေးစသည့် အရေးအရာပေါင်းစုံဖြင့် ရောနှောကာဖွံ့ဖြိုးမှုမလိုလားသူတစ်စုက ပြည်သူထံဖြန့်ဝေထားသည်။ ထို့ကြောင့်ပြည်သူများက သို့လော၊ သို့လော ထင်မြင်ယူဆမှုများရှိသည်။

အမှန်မှာ ပြည်သူများ စွမ်းအင်သုံးစွဲမှု လိုအပ်ချက်ရှိနေသမျှ ဖွံ့ဖြိုးမှုအရှိန်တစ်ခု လိုအပ်နေမည်ဖြစ်ပါသည်။ နိုင်ငံအတွက် လိုအပ်သည့် စွမ်းအင်သုံးစွဲမှုအပေါ် ရာခိုင်နှုန်းအပြည့်လွှမ်းခြုံနိုင်မှုမရှိသေးပါ။ ထို့ကြောင့် အစိုးရအဆက်ဆက်သည်ပေါများသည့် နိုင်ငံ၏ ပြည့်ဖြိုးမြဲစွမ်းအင် နေ၊ ရေ၊ လေတို့မှ စွမ်းအင်ထုတ်ယူသုံးစွဲနိုင်ရန် ကြိုးပမ်းကြသည်။ သို့သော် ပြည်သူမကြိုက်မည်စိုး၍ စွမ်းအင်ရရှိရေးမူဝါဒများက ခိုင်မာအားကောင်းခြင်းမရှိပေ။

စီမံကိန်းများကို စနစ်တကျဆောင်ရွက်

စိုးရိမ်စေရန် အမှန်နှင့်အမှား ရောနှောထားသည့် သတင်းအချက်အလက်များက ပြည်သူများအကြား စိမ့်ဝင်ပျံ့နှံ့နေသည်။ စွမ်းအင်ရရှိရေး စီမံကိန်းများကို စနစ်တကျမဆောင်ရွက်ပါက အားနည်းချက်များ တည်ရှိနေနိုင်သည်မှာ အမှန်ဖြစ်ပါသည်။ သို့သော် ပြင်ဆင်ကျော်လွှား၍မရသည့် အခြေအနေအဖြစ် ရှုမြင်နေသည်မှာကား မှားယွင်းနေပါသည်။ အားနည်းချက်များ၊ ထိခိုက်ပျက်စီးမှုများကို အနည်းဆုံးဖြစ်အောင် စနစ်တကျစီမံဆောင်ရွက်ခြင်းဖြင့် ကျော်လွှားသွားနိုင်ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် အသုံးပြုနေသော ရေအားလျှပ်စစ်စက်ရုံများစွာရှိပါသည်။ တည်ဆောက်ဆဲ ရေအားလျှပ်စစ်စက်ရုံ စီမံကိန်းများလည်းရှိပါသည်။ တည်ဆောက်ဆဲဖြစ်သော်လည်း ဖွံ့ဖြိုးမှုမလိုလားသူ တစ်စုကြောင့် ရပ်ဆိုင်းထားရသည့် စီမံကိန်းများလည်းရှိပါသည်။

ရေအားလျှပ်စစ်သည် ရေသံသရာလည်ခြင်းကို အခြေခံထားသည့် ပြည့်ဖြိုးမြဲစွမ်းအင်စနစ်တစ်ခု ဖြစ်သော်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းခေါင်းစဉ်အောက်တွင်သာ သံသရာလည်နေခဲ့သည်။ အဆုံးမရှိ စီးဆင်းနေသည့်သဘာဝရေအရင်းအမြစ်ကို ရေလှောင်ကန်ကြီးများ၊ ရေလွှဲဆည်ကြီးများအသုံးပြု၍ စွမ်းအင်အဖြစ် ပြောင်းလဲရပါသည်။ ရေလှောင်ကန်ကြီးများ၊ ရေလွှဲဆည်ကြီးများကို အသုံးပြုပြီး ရေစီးဆင်းမှုအရှိန်ကို ရယူကာ အရွှေ့စွမ်းအင်အဖြစ် ပြောင်းလဲရပါသည်။ အရွှေ့စွမ်းအင်ကို အသုံးပြုနိုင်သည့် လျှပ်စစ်ဓာတ်အားရရှိရန်အတွက် တာဘိုင်များ၊ ဂျင်နရေတာများဖြင့် ပြုပြင်ရပါသည်။ ပြုပြင်ထွက်ရှိလာသည့် ဓာတ်အားကို မဟာဓာတ်အားလိုင်းတွင် ထည့်သွင်းပြီးပါက ရေအားလျှပ်စစ်စက်ရုံ၏ တာဝန်သည်ပြီးဆုံးပြီဖြစ်သည်။ ထိုဖြစ်စဉ်အတွက် လိုအပ်သည့် အခြေခံအဆောက်အအုံ၊ စက်ပစ္စည်းကိရိယာများသည် ရေအရင်းအမြစ်အနီးအနားရှိမှသာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ကုန်ကျမှုသည် ရေရှည်အကျိုးဖြစ်

ရေအရင်းအမြစ်ကို အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေမြစ်များ၊ ချောင်းများက ပင်လယ်ကြီးအတွင်း စီးဝင်နေမည်ဖြစ်သည့်အတွက် ဈေးအပေါဆုံးသော ရေအရင်းအမြစ်ကိုအသုံးချခြင်း သည် ရေကပေးသော ရွှေဖြစ်ပါသည်။ ဈေးပေါပေါရသော ရေအရင်းအမြစ်ကို စနစ်တကျအသုံးချနိုင်ရန်၊ ပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေရန်အတွက် ကနဦးရင်းနှီးကုန်ကျမှုများရှိပါသည်။ သို့သော် ကုန်ကျမှုသည် ရေရှည်အကျိုးဖြစ်ပါသည်။

ရေရှည်အကျိုး မျှော်ရည်တွေးရာတွင် ကျယ်ကျယ်လောင်လောင်ဆွေးနွေးခဲ့ကြသည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းရေး အစီအမံများကိုလည်း စီမံကိန်းစတင်ကတည်းက စနစ်တကျဆောင်ရွက်ကြရပါမည်။ ထို့ပြင် ရေအားနည်းသည့် အချိန်အခါတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကျဆင်းနိုင်သည့်အချက်ကိုလည်း လက်ခံကြရပါမည်။

သန့်ရှင်းစွမ်းအင်ဖြစ်ခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ခြင်း၊ ရေအရင်းအမြစ်ပေါများခြင်းတို့အပါအဝင် အားသာချက်များစွာ တည်ရှိနေသည့်အတွက် အားနည်းချက်များကို ကျော်လွှားနိုင်အောင် စနစ်တကျဆောင်ရွက်ပြီး အကောင်အထည်ဖော်ဆောင်သင့်သည့် ရေအားလျှပ်စစ်စီမံကိန်းများဖြစ်ပါသည်။ ထိုကဲ့သို့ ရေအားလျှပ်စစ်ရရှိရေး စီမံကိန်းဆောင်ရွက်ခြင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ရေကိုရွှေအဖြစ် ဖန်တီးပေးခြင်းလည်းဖြစ်ပါကြောင်း တင်ပြရေးသားလိုက်ရပါသည်။ ။