Skip to main content

မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း

မောင်စီးကူး

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို လျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ် စန်းယမြို့၌ ကျင်းပခဲ့သည့် ပထမအကြိမ် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး၌ ထုတ်ပြန်ခဲ့သည့် စန်းယကြေညာစာတမ်း (Sanya Declaration)ဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို တရားဝင်စတင်ခဲ့ခြင်းဖြစ်ပါသည်။

ကျိုင်းလပ် ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မြန်မာ- လာအို - ထိုင်းသုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသတွင်တည်ရှိပြီး ၂၀၁၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ကျိုင်းလပ်ဒေသသည် လာအိုနိုင်ငံနှင့် မဲခေါင်မြစ်ကိုဖြတ်သန်း၍ ချစ်ကြည်ရေး တံတားဖြင့်ဆက်သွယ်ထားပါသည်။ မဲခေါင်မြစ်ကို အသုံးပြု၍ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် ရေကြောင်းဖြင့်လည်းကောင်း၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားကိုအသုံးပြု၍ လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ ကုန်းကြောင်းဖြင့်လည်းကောင်း ကုန်သွယ်မှုဆောင်ရွက်နိုင်သည့် စခန်းဖြစ်ပါသည်။

စခန်းဖွင့်လှစ်ထားရှိသည့် ကျိုင်းလပ်မြို့သည် မြန်မာ-လာအို နယ်နိမိတ်မျဉ်းအနီး တည်ရှိနေမှုနှင့် ရွှေတြိဂံဒေသ၏ ပထဝီဝင်ဒေသအရ စီးပွားရေး မဟာဗျူဟာကျမှုတို့ကြောင့် တရုတ်၊ လာအို၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများနှင့် အပြန်အလှန်ကုန်သွယ်မှု ဆောင်ရွက်နိုင်ခြင်း၊ တစ်ဆင့်ခံကုန်သွယ်မှု (Transit Trade) ဆောင်ရွက်နိုင်ခြင်းစသည့် ကုန်သွယ်မှုဆိုင်ရာ အခြေခံကောင်းများရှိသော စခန်းဖြစ်သည့်အတွက် မဲခေါင်-လန်ချန်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံမှတစ်ဆင့် အာရှအနောက်ပိုင်းနိုင်ငံများနှင့် ဥရောပနိုင်ငံများသို့ တစ်ဆင့်ခံကုန်သွယ်မှု (Transit Trade) လမ်းကြောင်း တစ်ခုပွင့်လာပြီး ဒေသတွင်းစီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအား မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေဖြင့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၁ ဖြင့် "To Establish Kyainglap border trade facilitation office  to enhance trade with Lancang- Mekongcountries စီမံကိန်း"ကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိခဲ့ပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌တည်ရှိသည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား အဆင့်မြှင့်တင်တည်ဆောက်ခဲ့ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် အမေရိကန်ဒေါ်လာလေးသိန်းနှင့် ညီမျှသော ငွေကျပ်သန်း ၇၄၀ ရရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား ကုန်သွယ်ရေးစခန်းအင်္ဂါရပ်နှင့် ညီညွတ်စေရန်အတွက် တည်ဆောက်ရေးလုပ်ငန်းခုနစ်မျိုးကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၂၃ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင်  ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအား ထိုစဉ်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမြတ်သက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ ဒုတိယသံရုံးအကြီးအကဲ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ ဖွင့်လှစ်ခဲ့ပါသည်။

ကျိုင်းလပ်ကုန်သွယ်ရေးစခန်း အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံနှင့် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံတို့အကြား နှစ်နိုင်ငံဒေသဖွံ့ဖြိုးရေးနှင့် ကုန်သွယ်မှုကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေမည်ဖြစ်ပြီး အနာဂတ်တွင် အာရှအနောက်ပိုင်းနိုင်ငံများ၊ ဥရောပနိုင်ငံများသို့ မြန်မာနိုင်ငံမှ တစ်ဆင့်ခံဖြတ်သန်းကုန်သွယ်နိုင်သည့် လမ်းကြောင်းအဖြစ် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ယခုအချိန်တွင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုသည့် ကုန်သွယ်ရေးစခန်းတစ်ခုအဖြစ်တည်ရှိနေပြီး အနာဂတ်တွင် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာဆောင်ရွက်နိုင်မည့် ကုန်သွယ်ရေးစခန်းတစ်ခု ပေါ်ထွန်းလာစေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။        ။