သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အရေးပါသော မြန်မာ့ဝါးသစ်တော
တင်ထက်ထက်ဇော်
မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးနိုင်ငံဖြစ်သည်။ သစ်တောဦးစီးဌာန၏ မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် ဝါးမျိုးစု ၇၅ မျိုး၊ ဝါးမျိုးစိတ် ၁၂၅၀ ခန့်ရှိသည့်အနက် မြန်မာနိုင်ငံတွင် ဝါးမျိုးစုနှစ်မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုးခန့် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိကြောင်း သိရသည်။ ယင်းတို့အနက် ဝါးပိုးဝါး၊ ဝါးနက်၊ ဝါးဖြူ၊ ဝါးယား၊ သိုက်ဝါး၊ မျက်ဆန်ကျယ်၊ တင်းလယ်မဲ၊ တင်းဝါး၊ တစ်ပင်တိုင်ဝါး၊ ဝါးကောက်၊ ဝါးဖယောင်း၊ ကြသောင်းဝါး၊ မြင်ဝါး၊ ထီးရိုးဝါး၊ ကြခတ်ဖို၊ ကြခတ်မ၊ ဝါးမင်းနှင့် ခဲလံဝါးတို့မှာ စီးပွားရေး အရ ဈေးကွက်ဝင်သည့် ဝါးအမျိုးအစားများဖြစ်ကြသည်။
ဝါးကို အဓိကစိုက်ပျိုးသောဒေသများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြံခင်း၊ မြန်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်ရှိ ကျေးရွာများ စသည်တို့ ဖြစ်သည်။ ယင်းတို့အနက် ကော့မှူးမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တို့သို့ ဝါးယားနှင့် ထီးရိုးဝါး ပံ့ပိုးပေးနေသည့်မြို့ဖြစ်သည်။ ငြမ်းဆင်သည့်ဝါးများသည် အများအားဖြင့် ဝါးယားများဖြစ်ပြီး ထိုဝါးမျိုးသည် ကွေးညွတ်ခြင်းကို ခံနိုင်ရည်ရှိကြသည်။
သဘာဝပတ်ဝန်းကျင်အကျိုးပြု ဝါးပင်များ
ဝါးပင်များသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ကို စုပ်ယူခြင်း၊ အောက်ဆီဂျင်ဓာတ်ကို ပြန်လည်ထုတ်ပေးခြင်း၊ အစိုဓာတ်ရှိနေချိန်တွင် စုပ်ယူထားရှိပြီး လုံးဝခြောက်သွေ့ချိန်တွင် အစို ဓာတ်များ ပြန်လည်ထုတ်ပေးခြင်းစသည်ဖြင့် ပတ်ဝန်းကျင်ကိုအကျိုးပြုသည်။ ထို့ကြောင့် ဝါးပင် သည် လူ၊ တိရစ္ဆာန်၊ သစ်ပင်များနှင့် သဘာဝ တောတောင်များအတွက် အလွန်အရေးပါသောအပင်ဖြစ်သည်။ ဝါးပင်သည် မြက်ပင်မျိုးရင်းဝင်ဖြစ်သော်လည်း ထူးခြားဆန်းပြားသော အချက် အလက်များရှိနေသည်။ ယင်းတို့မှာ ကမ္ဘာ့ကြီးထွားမှု အမြန်ဆုံးအပင်အမျိုးအစားဖြစ်ပြီး တစ်နေ့လျှင် တစ်မီတာအထိ မြင့်မားနိုင်သည်။ တစ်ရာသီအတွင်းမှာပင် လိုအပ်သည့်အမြင့်ပမာဏကို ရောက်ရှိနိုင်သည်။ လေးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် တစ်နှစ်တစ်ကြိမ် ပုံမှန်ခုတ်ထွင်နိုင်ပြီး နှစ်ရှည်ခံ သည့် သဘာဝအရင်းအမြစ်တစ်ခုဖြစ်သည်။
ဝါးပင်သည် လေထုထဲရှိ မြောက်မြားလှစွာသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို စုပ်ယူနိုင်စွမ်းရှိသည်။ ၂ ဒသမ ၄၇၁ ဧက သို့မဟုတ် တစ်ဟက်တာကျယ်ပြန့်သည့် ဝါးပင်စိုက်ခင်းတစ်ခုသည် လေထုထဲတွင် ပျံ့နှံ့နေသည့် ကာဗွန် ၆၂ တန်အထိ နှစ်စဉ် စုပ်ယူနိုင်သည်။ ထူးခြားမှုတစ်ရပ်အနေဖြင့် ဝါးစိုက်ခင်းနှင့် ပမာဏချင်းညီမျှသော တောအုပ်ငယ်တစ်ခုသည် ကာဗွန်ဒိုင်အောက်ဆိုက် ၁၅ တန်ဝန်းကျင်ကိုသာ စုပ်ယူနိုင်သည်။ ဝါးပင်၏ လေထုထဲမှ ကာဗွန်ကိုစုပ်ယူနိုင်မှုစွမ်းအားသည် အခြားအပင်များထက် လေးဆကျော် ပိုမိုထိရောက်မှုရှိသည်။ အထူးသဖြင့် ဝါးပင်၏ အမြစ်ဖွဲ့စည်းမှုသည် ကျစ်လျစ်ခိုင်မာသည့်အတွက် မြေဆီလွှာရေတိုက်စားမှုကို ကာကွယ်ပေးသည်။ စနစ်တကျခုတ်ယူပါက အခြားသစ်ပင်များကဲ့သို့ အသစ်ပြန်စိုက်ရန်မလိုဘဲ ပြန်ပေါက်သည့်အတွက် ပြုန်းတီးရန်ခက်ခဲသည့် အပင်မျိုးဖြစ်သည်။ ထိုမျှမက ဝါးပင်သည် ရာသီဥတုပူနွေးမှုကို လျှော့ချ သည့်နေရာတွင် ကူညီနိုင်စွမ်းရှိသည်။
ဘက်စုံသုံးဝါးပင်
အပူပိုင်းဒေသ ကမ္ဘာ့နိုင်ငံတိုင်းတွင် ဝါးနှင့် ကင်းလွတ်သော ကျေးလက်ဒေသဟူ၍မရှိချေ။ ရက်သတ္တနှစ်ပတ်သားမတိုင်ခင် ဝါးပင်ပေါက်အရွယ်တွင် ချိုးယူ၍ မျှစ်အဖြစ် စားသောက်နိုင်သည်။ မျှစ်ကို ချက်ချင်းချိုးယူပြီး စားသုံးနိုင်သကဲ့သို့ မျှစ်ချဉ် သို့မဟုတ် မျှစ်ခြောက်များအဖြစ် ကြာရှည် ခံအောင်ထားကာ စားသုံးနိုင်သည်။ မျှစ်သည် ရင်ကျပ်၊ ချောင်းဆိုး၊ သလိပ်နိုင်ဆေးအဖြစ် လွန်စွာဆေးဖက်ဝင်သည်။ ထို့ပြင် သွေးထဲရှိမကောင်းသော LDL ကိုလက်စထရောအဆီများကျစေခြင်း၊ နှလုံးကို ပုံမှန်အလုပ်လုပ်စေခြင်း၊ ကိုယ်အလေးချိန်မတက်အောင် ထိန်းသိမ်းပေးခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို လျှော့ချပေးခြင်း၊ အမျိုးသမီးများကို သွေးသားသန့်စင်စေခြင်း စသည် ဖြင့် ကောင်းကျိုးပြုသည်။ ဝါးရွက်တွင် methanol ဓာတ် မြင့်မားစွာပါရှိနေပြီး ဝါးရွက်ပြုတ်ရည် သောက်ခြင်းဖြင့် ဝမ်းဗိုက်အတွင်းရှိ သန်ကောင်များ ကို သေစေနိုင်သည်။
ဝါးပင်ကို ကျန်းမာရေးဆိုင်ရာတွင်သာ အသုံးပြုနိုင်ရုံမျှမက အိမ်တွင်းအသုံးအဆောင် ပစ္စည်းများတွင်လည်း အသုံးပြုနိုင်သည်။ ဝါးလုံးကို နေရာမျိုးစုံအတွက် အသုံးပြုလေ့ရှိသည်။ ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာအဖြစ် ရက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် ဝါးလုံး၊ ဝါးကပ်၊ အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာ၊ တိုင်စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများအတွက် အသုံးဝင် သည်။ မီးဖိုချောင်သုံးပစ္စည်းအချို့ကိုလည်း ဝါးဖြင့် ပြုလုပ်နိုင်သည်။ နိုင်ငံတကာ အဆင့်မီဖန်တီးထားသည့် အိမ်သုံးပရိဘောဂပစ္စည်း အသုံးအဆောင်များကိုလည်း ဝါးဖြင့်ဖန်တီးပြုလုပ်ကြသည်။ ထို့ကြောင့် ဝါးပင်သည် လူတို့အတွက် အစာအာဟာရမှအစပြု၍ ဝင်ငွေရရှိရေး၊ ကမ္ဘာကြီးပူနွေးမှုလျှော့ချရေးအထိ အကျိုးကျေးဇူးရရှိစေသည့် သဘာဝအရင်းအမြစ် ဖြစ်သည်။
သယံဇာတဝါးပင်
၁၉၉၂ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေအရ ဝါးကို သစ်ပင်အနေဖြင့် ခွဲခြားသတ်မှတ်ထားသည်။ အလားတူ ၁၈၈၁ ခုနှစ် မြန်မာ့သစ်တောဥပဒေ၊ ၁၉၀၂ ခုနှစ် မြန်မာ့သစ်တောဥပဒေနှင့် ၁၉၂၇ ခုနှစ် အိန္ဒိယသစ်တောဥပဒေများတွင်လည်း ဝါးကို သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားသည်။ သို့သော် သိပ္ပံနည်းကျ အပင်မျိုးရိုးဗီဇအရ ဝါးသည် အကြီးမြန်သော မြက်မျိုးနွယ်ပင်ဖြစ်သည်။ မြက်မျိုးရင်းဝင် ဝါးပင်ကို ယခုလို သစ်ပင်စာရင်းတွင် ထည့်သွင်းထားရခြင်းမှာ ဝါးသည် ပြန်လည်ဖွံ့ဖြိုးမြဲ သယံဇာတဖြစ်သော်လည်း အပင်မျိုးပျောက်ကွယ်မသွားစေရန်အတွက် ရေရှည်တည်တံ့မှုကို စဉ်းစား ပြီး သစ်ပင်ကဲ့သို့ နှစ်စဉ် ထွက်ရှိနိုင်မည့်ပမာဏ ထက်မကျော်ဘဲ ထုတ်လုပ်သွားနိုင်စေရန် သစ်ပင်အမျိုးအစားအဖြစ် ထည့်သွင်းထားခြင်း ဖြစ်သည်။
မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံများတွင် သယံဇာတသစ်တောသစ်ပင်များရှိကြသည်။ သယံဇာတသစ်ပင်အများစု၏ သဘောသဘာဝအရ ယင်းသယံဇာတကို ရယူရန်အတွက် အချိန် ကြာရှည်စွာစောင့်ဆိုင်းရလေ့ရှိသည်။ တချို့သစ်ပင်သယံဇာတများက ပေါများသော်လည်း အသုံးဝင်မှု နည်းပါးခြင်း (သို့မဟုတ်) အသုံးတစ်ခုအတွက်သာ သင့်လျော်ခြင်း စသည်ဖြင့် ကန့်သတ်ချက်များ ရှိသည်။ ဝါးပင်မှာမူ အချိန်တို သုံးနှစ်၊ လေးနှစ်ဖြင့် သုံးနိုင်သော အဆင့်ရောက်ရှိခြင်း၊ ပေါများစွာ ပေါက်ရောက်ခြင်း၊ ဘက်စုံအသုံးဝင်ခြင်းတို့နှင့် ပြည့်စုံပေသည်။ သို့သော် စည်းကမ်းမဲ့ဝါးခုတ်ခြင်း ကို အရေးယူမှုမရှိခြင်းနှင့် ပြန်လည်စိုက်ပျိုးမှု မရှိခြင်းတို့ကြောင့် ဝါးပင်များပေါက်ရောက်မှု တဖြည်းဖြည်းနည်းပါးလာသည်။
စနစ်တကျစိုက်ပျိုးသင့်သည့်ဝါး
ပြည်တွင်း၌ ဝါးပင်များသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်သောကြောင့် နိုင်ငံတစ်ဝန်းတွင် ဝါးစိုက်ခင်းများကို မူဝါဒချမှတ်ကာ စနစ်တကျစိုက်ပျိုးသင့်ကြောင်း ပြည်တွင်းမှ စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားသည်။ မြန်မာနိုင်ငံတွင် အလှစိုက်ပင်များ၊ လူ့အသုံးအဆောင်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများ ပြုလုပ်ရောင်းချရာတွင် များစွာအသုံးဝင်သည့် ဝါးပင်များကို ခုတ်ယူသုံးစွဲသူ သာ များပြားနေကြပြီး ပြန်လည်ပြုစု ပျိုးထောင် စိုက်ပျိုးရန် နည်းပါးလာမှုကြောင့် လူအများ လက်လှမ်းမီရာ တောစပ်နေရာများတွင် ဝါးပင်များ နှင့် ဝါးရုံတောများ ရှားပါးလာသည်။
ဝါးခုတ်သူများသည် ၎င်းတို့ခုတ်ယူလိုက်သော နေရာများတွင် ဝါးပင်များ ပြန်လည်အစားထိုး စိုက်ပျိုးလေ့မရှိသလို စိုက်ပျိုးရေးနည်းစနစ်များကိုလည်း သေချာစွာသိရှိသူ နည်းပါးလျက်ရှိသောကြောင့် လက်ရှိတွင် ဝါးစိုက်ပျိုးနည်းများကို မြန်မာနိုင်ငံ ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက သင်တန်းပို့ချခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ဝါးစိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တနင်္သာရီဒေသမှ ကချင် ပြည်နယ်အထိ ဝါးပင်များ စိုက်ပျိုးဖြစ်ထွန်းနိုင်သဖြင့် မူဝါဒချမှတ်ပြီး စနစ်တကျစိုက်ပျိုးပါက အောင်မြင်မှုရရှိနိုင်ကြောင်း၊ ထို့ပြင် အရည်အသွေးကောင်းမွန်သော ဝါးကုန်ကြမ်းများကို ပြည်ပနိုင်ငံများကလည်း ဝယ်ယူလေ့ရှိသဖြင့် အဆင့်မြင့်နည်းပညာများနှင့် အရည်အသွေးမြင့်စေသော ဝါးမျိုးများ စိုက်ပျိုးထုတ်လုပ်နိုင်ပါက နိုင်ငံခြားသို့ အမြောက်အမြား တင်ပို့နိုင်မည်ဖြစ်သည်။
လက်ရှိတွင် ဝါးတောဧရိယာ စုစုပေါင်းဟက်တာ ၁ ဒသမ ၇ သန်းကျော် ပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ နှစ်စဉ် ဝါးထုတ်လုပ်မှုမှာ တောထွက်ဝါးလုံးရေ ၆၃ သန်းကျော်ရှိသည်ဖြစ်ရာ ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးကို စနစ်တကျ လုပ်ဆောင်နိုင်ပါက ပြည်ပပို့ကုန် အဖြစ် အားထားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးပွားစေမည်ဖြစ်သည်။ နိုင်ငံတော်က ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက် လာရေးအတွက် စီစဉ်ပေးခြင်း၊ ဝါးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စက်မှုဇုန်ဖန်တီးပေးခြင်း၊
ပို့ကုန်အမည်သစ်အဖြစ် မျှစ်စိုက်ခင်းများ သီးသန့်ဖော်ဆောင်၍ တန်ဖိုးမြင့် မျှစ်စည်သွတ်ဘူးလုပ်ငန်း ထုတ်လုပ်နိုင်ရေး အားပေးခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါက မြန်မာ့ဝါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူပြုစေမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဝါးနှင့် ကြိမ်သယံဇာတ ပေါကြွယ်ဝသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်မှုအားနည်းနေခြင်းကြောင့် ပြည်ပနိုင်ငံများသို့ ကုန်ချောတင်ပို့မှုတွင် အဆင့် (၁၆) နေရာ ၌သာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ တောတောင်၊ ရေမြေမရွေးပေါက်ရောက်သည့် မြန်မာ့ဝါးကို အကျိုးရှိရှိ အသုံးချတတ်ပါက ရွှေကဲ့သို့ တန်ဖိုးမြင့်သည့် အပင်အမျိုးအစားဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝါးဖြင့်ပြုလုပ်သည့် ကုန်ချောပစ္စည်းများကို အမျိုးအစားအလိုက်၊ ထုတ်လုပ်မှုအဆင့်အလိုက် ခွဲခြားကာ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product) ထုတ်လုပ်နိုင်သည့်ရွာများကို အားပေးမြှင့်တင်ခြင်းဖြင့် ဝါးကုန်ချောထုတ်လုပ်မှု များစွာတိုးတက်လာမည်ဖြစ်ပေသည်။
အချုပ်ဆိုသော် ကမ္ဘာ့ကြီးထွားမှု အမြန်ဆုံး အပင်ဖြစ်သည့် “ဝါးပင်” ကို “အစိမ်းရောင်ရွှေ” ဟု လည်း တင်စားခေါ်ဝေါ်ကြသည်။ ဝါးပင်သည် မြေဩဇာ၊ မြေဆီလွှာနှင့် မြေထိန်းသီးနှံအဖြစ် လည်းကောင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းသီးနှံအဖြစ်လည်းကောင်း သဘာဝအတွက် များစွာအကျိုးပြုသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ဝါးမျိုးစိတ်များသည် တောင်တန်းဒေသ၊ ကုန်းမြင့်ဒေသအပါအဝင် ဒေသမရွေး စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ ဝါးကို ဒေသရိုးရာအဖြစ် အဆောက်အအုံဆောက်ခြင်း၊ ခြံစည်းရိုးကာခြင်းအပါအဝင် လူ့အသုံးအဆောင်အမျိုးမျိုး စသည်ဖြင့် အသုံးဝင်ပြီး ထိုလုပ်ငန်းများကြောင့် ကျေးလက်ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေနိုင်ပါကြောင်း နှင့် ကြီးထွားမှုမြန်ဆန်ပြီး ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် ဝါး (သစ်) တောများကို များများ တိုးချဲ့စိုက်ပျိုး၍ ဝါးသယံဇာတကို ထိန်းသိမ်းစောင့်ရှောက်သင့်ပါကြောင်း ရေးသားတိုက်တွန်းလိုက်ရပါသည်။ ။
