Skip to main content

သွေးချင်းတို့ရဲ့ သစ္စာပန်းတိုင်နှင့် ခေတ်မီဖွံ့ဖြိုးသော အနာဂတ်ဆီသို့ …

လွန်းပိုးအိမ်

ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံ‌တော်သစ်ကိုတည်ဆောက်ရာတွင် ရုပ်ဝတ္ထုပစ္စည်းများ ပြည့်စုံမှုထက် တိုင်းရင်းသားသွေးချင်းညီအစ်ကိုများအကြားထားရှိသည့် ခိုင်မာသောသစ္စာတရားနှင့် အပြန်အလှန် ယုံကြည်မှုသည်သာ အခြေခံအကျဆုံးနှင့် တန်ဖိုးအရှိဆုံးအုတ်မြစ်ဖြစ်ပါသည်။ မိမိတို့မျှော်မှန်းသည့် အနာဂတ်ပန်းတိုင်သည် တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တည်း၏ အင်အားဖြင့်မဟုတ်ဘဲ စုပေါင်းသစ္စာပြုထားသည့် ညီညွတ်ခြင်းအင်အားဖြင့်သာ ပုံဖော်ရမည်ဖြစ်ပြီး ထိုအင်အားသည်ပင် နိုင်ငံတော်ကို အေးချမ်းသာယာသော လမ်းပြမြေပုံထက်သို့ ပို့ဆောင်ပေးမည်ဖြစ်ပါသည်။

အမှန်စင်စစ် ဤသစ္စာတရားသည် ယနေ့မှအသစ်တစ်ဖန် မွေးဖွားလာခြင်းမဟုတ်ဘဲ လွန်ခဲ့သော (၇၉)နှစ်ခန့်က ပင်လုံမြေတွင် တိုင်းရင်းသားညီအစ်ကိုများ စုပေါင်းပြီးရေးထိုးခဲ့သည့် ကတိကဝတ်မှာ သမိုင်းမှတ်တမ်းတစ်ခုထက်မက နှလုံးသားထဲတွင် ယနေ့တိုင်ရှင်သန်နေဆဲဖြစ်သော အနှစ်သာရပင်ဖြစ်ပါသည်။

ထိုစဉ်က ပြသခဲ့သောစည်းလုံးညီညွတ်မှု စိတ်ဓာတ်သည် မြေပြန့်တောင်ပေါ် မခွဲခြားဘဲ မိမိတို့၏ကံကြမ္မာကို မိမိတို့ကိုယ်တိုင်ဖန်တီးလိုသည့် ပြင်းပြသောဆန္ဒမှပေါက်ဖွားလာခြင်းဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦးအပေါ်တွင်ထားရှိသည့် သစ္စာတရား၊ အတူတကွလက်တွဲရုန်းထွက်လိုသည့် ကြိုးစားအားထုတ်မှုများနှင့် စုပေါင်းအင်အားတို့သည် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးနှင့် ဂုဏ်သိက္ခာအတွက် အုတ်မြစ်ဖြစ်ခဲ့ပါသည်။ ယနေ့အချိန်တွင် ထိုအုတ်မြစ်ကို အခြေခံပြီးပိုမိုခိုင်မာကာ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကိုတည်ဆောက်ရန်အတွက် မိမိတို့၏ နှလုံးသားထဲတွင် ပင်လုံစိတ်ဓာတ်ကို အသစ်တစ်ဖန် ပြန်လည်နိုးထစေရမည်ဖြစ်ပါသည်။

ပင်လုံစိတ်ဓာတ်မှသည် နိုင်ငံ‌တော်တည်ဆောက်ရေးဆီသို့

လွန်ခဲ့သော (၇၉)နှစ်က ဘိုးဘွားများလက်မှတ်ရေးထိုးခဲ့ကြသည်မှာ စက္ကူစာရွက်ပေါ်တွင် စာသားများ ရေးထိုးခဲ့ခြင်းမဟုတ်ဘဲ ယုံကြည်မှုနှင့်အနာဂတ်ကို ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က ခေါင်းဆောင်များသည် ကိုယ့်အကျိုးထက် နိုင်ငံ့အကျိုးကို ရှေ့တန်းတင်ကာ ခက်ခဲလှသည့် အတားအဆီးများကို စည်းလုံးမှုဖြင့် ကျော်ဖြတ်ခဲ့ကြသည်။ ယနေ့ခေတ် မျိုးဆက်သစ်များအနေဖြင့် ထိုအားမာန်များကို အတုယူကာ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးလာစေရန် စုပေါင်းအားဖြင့် ပြန်လည်တည်ဆောက်ကြရမည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။

ခေတ်နှင့်အညီ ပြောင်းလဲရမည့်အမြင်သစ်

ယနေ့ကမ္ဘာကြီးသည် စတုတ္ထမြောက် စက်မှုတော်လှန်ရေးနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာ၊ အသိပညာနှင့် စီးပွားရေးကဏ္ဍများတွင် မကြုံစဖူးသော အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်းလဲနေပါသည်။ နိုင်ငံတကာသည် သိပ္ပံနှင့်နည်းပညာ၏ အကျိုးကျေးဇူးကိုခံစားပြီး လူသားချင်းစာနာမှုနှင့်ဖွံ့ဖြိုးမှုကိုအဓိကထား၍ အောင်မြင်မှုပန်းတိုင်များဆီသို့ လှမ်းတက်နေကြပြီဖြစ်သည်။ တိုင်းရင်းသားသွေးချင်းများအနေဖြင့်လည်း ယခင်ကထက် ပိုမိုတက်ကြွသောစိတ်ဓာတ်ဖြင့် ဤပြိုင်ပွဲတွင် ပါဝင်ကြရပါမည်။ (၇၉)နှစ်တိုင်တိုင် ထိန်းသိမ်းလာခဲ့သော စည်းလုံးညီညွတ်မှုသည် ယခုအခါတွင် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရုံသာမကဘဲ ခေတ်မီပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးကဏ္ဍများတွင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လက်တွေ့ကျသောတိုးတက်မှုကို ဖော်ဆောင်ရမည် ဖြစ်ပါသည်။

လုပ်ဆောင်ရမည့် ကြိုးစားအားထုတ်မှုများ

နိုင်ငံတစ်နိုင်ငံ တိုးတက်အောင်မြင်ရန်အတွက် စိတ်ကူးယဉ်ရုံဖြင့်မလုံလောက်ဘဲ စနစ်တကျရှိသော ကြိုးစားအားထုတ်မှုများ လိုအပ်ပါသည်။ သွေးချင်းညီနောင်များသည် တောင်ပေါ်မြေပြန့်အနှံ့ တွင်ရှိနေသော သဘာဝသယံဇာတများနှင့် လူသားအရင်းအမြစ်များကို စုစည်းပြီး အကောင်းဆုံးအသုံးချတတ်ရန် လိုအပ်ပါသည်။ အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ဖန်တီးမှုအားကောင်းသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်း၊ အသိပညာဗဟုသုတများဖလှယ်ခြင်းနှင့် ဒေသအသီးသီး၏ အားသာချက်များကိုချိတ်ဆက်ပြီး စီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ခြင်းသည် နိုင်ငံတော်တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်ချက်များဖြစ်သည်။ တိုးတက်နေသော နိုင်ငံတကာ၏ ခြေလှမ်းများကိုလေ့လာပြီး ကိုယ်ပိုင်ဟန်ဖြင့် ပိုမိုမြန်ဆန်သော ခုန်ပျံကျော်လွှားမှုများကို ဖန်တီးကြရပါမည်။

သစ္စာတရားနှင့် ညီညွတ်ခြင်း၏ အသီးအပွင့်

သွေးချင်းတို့၏ သစ္စာပန်းနှင့် ပွင့်လန်းစေသူများဟူသည်မှာ အပြန်အလှန်ယုံကြည်မှုကို တန်ဖိုးထားသူများဖြစ်ကြပါသည်။ သစ္စာတရားသည် နိုင်ငံတော်အပေါ်ထားရှိသော သစ္စာဖြစ်သကဲ့သို့ တစ်ဦးနှင့်တစ်ဦးအပေါ်ထားရှိသော ကတိကဝတ်လည်းဖြစ်ပါသည်။ ဘိုးဘွားများထားရှိခဲ့သည့် စည်းလုံးခြင်းအမွေကို ပိုမိုလှပသောပန်းတိုင်များဖြင့် ထိန်းသိမ်းသွားကြရမည်ဖြစ်ပါသည်။ ညီညွတ်မှုရှိလျှင် မကျော်လွှားနိုင်သော အခက်အခဲဟူသည်မရှိကြောင်း သမိုင်းကသက်သေပြခဲ့ပြီးဖြစ်သကဲ့သို့ ယခုအခါတွင်လည်း ထိုညီညွတ်မှုဖြင့်ပင် ဆင်းရဲမွဲတေမှု၊ နောက်ကျကျန်မှုနှင့် သဘောထားကွဲလွဲမှုများကို တိုက်ဖျက်ကာ သာယာဝပြောသော လူ့အဖွဲ့အစည်းကို တည်ဆောက်ရပါမည်။

နည်းပညာနှင့် အသိပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်း

မျက်မှောက်ကာလ၏ အရှိန်အဟုန်ဖြင့်ပြောင်းလဲနေသော နည်းပညာတော်လှန်ရေးသည် သွေးချင်းများအတွက် စိန်ခေါ်မှုဖြစ်သကဲ့သို့ အခွင့်အလမ်းကြီးတစ်ခုလည်းဖြစ်ပါသည်။ နိုင်ငံတကာတွင် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တုနည်းပညာများက လူနေမှုဘဝကို ပြောင်းလဲပေးနေချိန်၌ တိုင်းရင်းသားလူငယ်များအနေဖြင့် ခေတ်မီအတတ်ပညာရပ်များကို လက်လှမ်းမီနိုင်ရန် လူသားအရင်းအမြစ်များကို မြှင့်တင်ပေးခြင်း၊ တီထွင်ဖန်တီးမှုရှိသော ပညာရေးစနစ်ကို အားပေးခြင်းနှင့် ကမ္ဘာ့အဆင့်မြင့်နည်းပညာများကို ကိုယ်ပိုင်အသိဉာဏ်ဖြင့် ပေါင်းစပ်အသုံးချခြင်းတို့သည် နိုင်ငံကို နောက်ကျကျန်နေမှုဘဝမှ ရုန်းထွက်စေမည့် အင်ဂျင်စက်များပင်ဖြစ်ပါသည်။

ဒေသအသီးသီး၏ အားသာချက်များကို ပေါင်းစပ်ထုတ်လုပ်ခြင်း

နိုင်ငံ၏တည်နေရာနှင့် သဘာဝပတ်ဝန်းကျင်သည် ကမ္ဘာပေါ်တွင် အားကျဖွယ်ကောင်းသော အနေအထားတွင်ရှိနေပါသည်။ တောင်ပေါ်ဒေသ၏ သယံဇာတနှင့် အေးမြသောရာသီဥတု၊ မြေပြန့်ဒေသ၏ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးအချက်အချာကျမှုတို့ကို စနစ်တကျ ချိတ်ဆက်နိုင်မည်ဆိုပါက တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ သွေးချင်းညီနောင်များကြား စီးပွားရေးအရ အပြန်အလှန် အမှီသဟဲပြုမှုများကို ခိုင်မာအောင်တည်ဆောက်ပြီး ဒေသထွက်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်သည်အထိ ကြိုးစားအားထုတ်ကြရပါမည်။ ဤသို့သော စီးပွားရေးဆိုင်ရာ စည်းလုံးညီညွတ်မှုသာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့်တိုးတက်မှုကို အာမခံနိုင်မည်ဖြစ်ပါသည်။

စည်းလုံးညီညွတ်မှု၏ ပြယုဂ်ဖြစ်သော လူမှုစီးပွားဘဝ မြှင့်တင်ရေး

(၇၉)နှစ်တာ ကာလပတ်လုံးထိန်းသိမ်းခဲ့သော ညီညွတ်ခြင်းစိတ်ဓာတ်သည် ယခုအခါတွင် လက်တွေ့ကျသောညီညွတ်ခြင်းနှင့် လူမှုစီးပွားဘဝတိုးတက်မှုအဖြစ် အသွင်ပြောင်းရန်လိုအပ်နေပြီ ဖြစ်ပါသည်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု၊ လျှပ်စစ်မီးရရှိမှုနှင့် အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော အခြေခံလိုအပ်ချက်များကို သွေးချင်းညီနောင်များအားလုံး တန်းတူညီမျှခံစားနိုင်ရန်အတွက် အတူတကွ ရုန်းကန်ကြရပါမည်။ တစ်ဦး၏ အောင်မြင်မှုကို တစ်ဦးက ဝမ်းမြောက်စွာ ထောက်ခံအားပေးပြီး အခက်အခဲရှိသော ဒေသများကိုလည်း ဝိုင်းဝန်းကူညီသည့် မိသားစုစိတ်ဓာတ်ကို လက်တွေ့ဖော်ဆောင်ခြင်းဖြင့် ခိုင်မာသောလူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

မျိုးဆက်သစ်တို့အတွက် ခေတ်မီသောအမွေအနှစ်ကို ထုဆစ်ခြင်း

ဤသို့ဖြင့် အတိတ်ကဘိုးဘွားများထားရစ်ခဲ့သော စည်းလုံးခြင်းအမွေကို ဂုဏ်ယူဝင့်ကြွားစွာ ဆုပ်ကိုင်ထားသကဲ့သို့ နောင်လာနောက်သားများအတွက်လည်း ပိုမိုကောင်းမွန်သော အနာဂတ်အမွေကို ချန်ထားရစ်ခဲ့ရပါမည်။ ထိုအမွေသည် စာအုပ်ထဲက စာသားများသာမဟုတ်ဘဲ အဆင့်မြင့်သော ပညာရေးကျောင်းများ၊ ဘေးကင်းလုံခြုံသောပတ်ဝန်းကျင်နှင့် ကမ္ဘာ့အလယ်တွင် ရင်ပေါင်တန်းနိုင်သည့် ဂုဏ်သိက္ခာများဖြစ်ရပါမည်။ သွေးချင်းတို့၏ သစ္စာပန်းများသည် ယနေ့ခေတ်၏ ကြိုးစား အားထုတ်မှုရေစင်များဖြင့် လန်းဆန်းနေစေရန်နှင့် တိုးတက်အောင်မြင်မှုအသီးအပွင့်များကို မျိုးဆက်သစ်များ လက်ဝယ်အရောက်ပေးအပ်နိုင်ရန်အတွက် ယနေ့အချိန်မှစ၍ မနားမနေချီတက် ကြိုးပမ်းကြရပါမည်။

ဆိုရပါလျှင် (၇၉)နှစ်တိုင်ခဲ့ပြီဖြစ်သော ပင်လုံ၏ ကတိသစ္စာဆိုသည်မှာ ခေတ်ဟောင်းက ကျန်ရစ်ခဲ့သည့် အမှတ်အသားတစ်ခုမျှသာမဟုတ်ဘဲ ခေတ်သစ်ကို တည်ဆောက်မည့်မျိုးဆက်သစ်တို့အတွက် မီးရှူးတန်ဆောင်ပင်ဖြစ်သည်။ သွေးချင်းတို့၏ သစ္စာဆိုမှုသည် နှလုံးသားချင်းထိတွေ့ခဲ့သော ပေါင်းစည်းမှုဖြစ်သည့် အားလျော်စွာ ထိုသစ္စာတရားကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်းသည်ပင် သွေးချင်းတို့ရဲ့ သစ္စာပန်းတိုင်သို့ တက်လှမ်းခြင်းဖြစ်သည်။

တောင်တန်းမြေပြန့်ခွဲခြားမှုမရှိဘဲ ရိုင်းပင်းကူညီမှု၊ အပြန်အလှန်လေးစားမှုတို့ဖြင့် တည်ဆောက်ထားသည့် ခိုင်မာဆုံးသော ကျောက်စာတိုင်တစ်ခုကို နှလုံးသားထဲတွင် စိုက်ထူထားကြရမည်ဖြစ်သည်။ ဤသစ္စာတရား၏ အရှိန်အဝါသည်သာလျှင် ပြည်ထောင်စုကြီးကို မည်သည့်အခါမျှ ဖျက်ဆီး၍ မရနိုင်သော စည်းလုံးခြင်းခံတပ်ကြီးအဖြစ် ရပ်တည်စေမည်ဖြစ်သည်။ ဤကဲ့သို့ ခိုင်မြဲသောသစ္စာတရားကို အခြေခံလျက် စည်းလုံးခြင်းအင်အားဖြင့် ရှေ့ဆက်ကြမည်ဆိုပါက မိမိတို့မျှော်မှန်းသည့် ခေတ်မီဖွံ့ဖြိုးသောအနာဂတ်ဆီသို့ ရောက်ရှိလာမည်မှာ အမှန်ပင်ဖြစ်သည်။

အတိတ်၏ အမွေအနှစ်ကိုဂုဏ်ယူရင်း ပစ္စုပ္ပန်၏စိန်ခေါ်မှုများကို စုပေါင်းတွန်းလှန်ကာ နည်းပညာနှင့် အသိပညာတို့ဖြင့်ထွန်းလင်းသော နိုင်ငံတော်သစ်ကို တည်ဆောက်ကြရမည်ဖြစ်သည်။ တစ်သွေးတည်း တစ်သားတည်းကျသော သွေးချင်းတို့၏ စုပေါင်းအားမာန်ဖြင့် ကမ္ဘာ့အလယ်တွင် တင့်တယ်ဝင့်ထည်ပြီး ငြိမ်းချမ်းသာယာသည့် ခေတ်မီဖွံ့ဖြိုးသော ပြည်ထောင်စုကြီးဆီသို့ ယုံကြည်ချက်အပြည့်ဖြင့် အတူတကွ ချီတက်ကြပါစို့ဟု အလေးအနက်တိုက်တွန်းရေးသားလိုက်ရပါသည်။ ။