Skip to main content

ဒီမိုကရေစီစနစ်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်မည်

မင်းခေါင်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်ဆိုတာကို နိုင်ငံရေးပါးဝသူတိုင်း၊ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးကို လေ့လာတီးခေါက်မိသူတိုင်း နားလည်သဘောပေါက်ကြပေမယ့် နယ်တစ်နယ် ဓားတစ်စင်း၊ တစ်တောတစ်ကြက်ဖ စစ်ဘုရင်ဝါဒကို နှစ်ပေါင်းများစွာ ကိုင်စွဲထားပြီး လက်နက်ကိုင်လမ်းစဉ်ကို သဘောတွေ့နေကြတဲ့ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကတော့ ရွေးကောက်ပွဲကို လက်မခံတဲ့သဘောထားတွေကို ထုတ်ဖော်ပြောနေတာ ကြားရပါတယ်။

ဒါဖြင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘယ်လို လုပ်ငန်းစဉ်နဲ့ သွားမလဲ၊ ဘယ်လိုချဉ်းကပ် လုပ်ဆောင်ရမလဲလို့ မေးခွန်းထုတ်ပြန်ရင်လည်း သူတို့မှာ တိတိကျကျ၊ ရေရေရာရာအဖြေမရှိပါဘူး။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး၊ လက်နက်ကိုင်တော်လှန်ရေး စသည်ဖြင့် မရေမရာ ဝေဝေဝါးဝါးနဲ့ပဲ အဆုံးသတ်သွားတာပါပဲ။

ဒါပေမဲ့ တကယ့်မြေပြင်အနေအထားအရကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာကြရမယ့်အစား စစ်ဘောင်ကိုပဲ တွင်တွင်ချဲ့ပြီး ဖော်ဆောင်နေခဲ့ကြတဲ့အတွက် ဒေသခံတိုင်းရင်းသားပြည်သူတွေမှာ မြောက်မြားစွာသော အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးနေကြရပါတယ်။

ဒီအတွက် တစ်ခုတည်းသောလမ်းကြောင်းကတော့ နိုင်ငံတော်ရဲ့အကျိုးစီးပွား၊ ဒေသခံတို့ရဲ့အနာဂတ်အကျိုးစီးပွားကို အာမခံနိုင်သော ဒီမိုကရေစီရဲ့ သဘောတရားအရ မတူတာတွေကို ဆွေးနွေးညှိနှိုင်း၊ တူတာတွေကို အတူတကွတွဲလုပ်နိုင်မယ့် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းသာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ ပထမအကြိမ် ကျင်းပခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတုန်းကလည်း ထိုစဉ်က အတိုက်အခံပါတီဟာ “နိုးဘုတ်”ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲကို ကျောခိုင်းခဲ့ပေမယ့် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာတဲ့ လွှတ်တော် နိုင်ငံရေးနဲ့အတူ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအပေါ် အသိအမှတ်ပြုထောက်ခံလာတဲ့ ကမ္ဘာ့ အခြေအနေကြောင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၊ ထိုမှ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများမှာ ပါဝင်ယှဉ်ပြိုင်ပြီး နိုင်ငံတော်ရဲ့တာဝန်တွေကို ထမ်းဆောင်ခွင့်ရခဲ့တာပဲ မဟုတ်ပါလား။

နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာတော့ အာဏာရပါတီဟာ မဲမသမာမှုကတစ်ဆင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရမယ့်အစား လွှတ်တော်ခေါ်ယူပြီး နိုင်ငံတော်ရဲ့အာဏာကို အဓမ္မရယူဆောင်ရွက်မှုမှ အစပြုပြီး တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နဲ့အညီ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်ရဲ့တာဝန်များ ခေတ္တလွှဲပြောင်းထိန်းသိမ်းလိုက်တဲ့အတွက် လွှတ်တော်နိုင်ငံရေးဟာ ခေတ္တရပ်တန့်သွားခဲ့ပါတယ်။ ဒါတွေကို ပြန်လည်တင်ပြပြောဆိုရခြင်းဟာလည်း နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ၊ နိုင်ငံရေးသံဝေဂ၊ နိုင်ငံရေးသင်ခန်းစာအဖြစ် ပြန်ပြောင်း ဆင်ခြင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နဲ့အညီ နိုင်ငံတော်ရဲ့အာဏာကို ခေတ္တထိန်းသိမ်းခဲ့ခြင်းသာဖြစ်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ ထွက်ပေါ်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးစတဲ့လုပ်ငန်းစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်ငါးရပ်ထဲမှာ အတိအလင်းထည့်သွင်းဖော်ပြပြီး တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ပါတယ်။

စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်

လက်ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရဲ့ ဦးတည်ချက် ၄ ရပ်မှာလည်း “နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ပေါ် လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေး”၊ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” စသည်ဖြင့် ဆက်လက်ဖော်ပြပါရှိ ပါတယ်။

ကမ္ဘာက “မြန်မာ့နွေဦး” လို့ တင်စားခေါ်ဝေါ်ရလောက်အောင် ညင်သာတဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကိုလည်း တပ်မတော်က ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့အတူ ဖော်ဆောင်ပေးခဲ့တဲ့ နိုင်ငံရေးအခင်းအကျင်းအရ ယခုဒီဇင်ဘာလမှာကျင်းပမယ့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဟာလည်း ခေတ္တရပ်တန့်သွားခဲ့ရတဲ့ လွှတ်တော်နိုင်ငံရေးလမ်းကြောင်းကို မကြာမီ သက်ဝင်နိုးထလာစေမှာ ဖြစ်ပါတယ်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ ၁၂ ရက်နေ့မှာ နေပြည်တော်မှာ ကျင်းပတဲ့ ကော်မရှင်အစည်းအဝေးမှာ “ရွေးကောက်ပွဲ ဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့်ရွေးကောက်ပွဲအောင်မြင်မှု မရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့် အပြုသဘောဆောင်သည့်နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့်နိုင်ငံများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” ရွေးကောက်ပွဲနဲ့ပတ်သက်လို့ သတိထားရမယ့်ကိစ္စတစ်ရပ်အနေနဲ့ ထည့်သွင်းပြောကြားသွားတာကို နိုင်ငံပိုင်သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။

နိုင်ငံတော်အကြီးအကဲ မိန့်ကြားခဲ့သလို ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိကောင်း ရှိလာနိုင်မှာ ဖြစ်ပါတယ်။

လောကဓမ္မတာအရတော့ အဖြူရှိရင် အမည်းရှိမယ်၊ အကောင်းရှိရင် အဆိုးရှိမှာပါပဲ။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလ ၁၉၄၇ ခုနှစ် တိုင်းပြုပြည်ပြုရွေးကောက်ပွဲမှာလည်း ရွေးကောက် ပွဲကို သပိတ်မှောက်ကျောခိုင်းတဲ့အဖွဲ့အစည်းတွေ၊ မင်းသားကြီးမလုပ်ရလို့ ပတ်မကြီး ထိုးဖောက်တဲ့လူစားတွေရှိခဲ့ကြတာပါပဲ။ ဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက “လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖျက်လိုဖျက်ဆီးလုပ်ကြမယ်ဆိုတဲ့ လူတွေပေါ်ရင်တော့ အဲဒီလူတွေဟာ တိုင်းပြည်ရဲ့ရန်သူ နံပါတ်တစ်တွေပဲ။ လွတ်လပ်ရေးကို ဆုံးဖြတ်ရမယ့် ရွေးကောက်ပွဲဖျက်ဆီးချင်သူတွေဟာ တိုင်းပြည်ရဲ့ရန်သူပဲ။ ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့လူတွေဟာ ရှေ့လျှောက်ပြီး သူတို့ မင်းသားကြီးမလုပ်နိုင်ကြမယ့်အရေးမြင်လို့ ဗမာပြည် ဘာဖြစ်ဖြစ်ဆိုပြီး လုပ်ချင်ကြတဲ့လူတွေပဲ။ လာမယ့်ရွေးကောက်ပွဲကို ဖျက်ချင်တဲ့လူတွေက ဘာဖြစ်လို့ဖျက်ချင်တာလဲ။ တခြားကြောင့် မဟုတ်ဘူး၊ လွတ်လပ်တဲ့မြန်မာပြည်ကြီးမှာ သူတို့တတွေဟာ တစ်သက်လုံး မြုပ်တော့မယ့် အရေးကြီးကိုတွေး၊ တွေးမြင်တိုင်း သူတို့ဟာ မစားရတဲ့အမဲကို သဲနဲ့ပက်ချင်လို့ပဲ” စသည်ဖြင့် တိုင်းပြု ပြည်ပြုလွှတ်တော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရန်ကုန်အသံလွှင့်ရုံကနေ ပြောကြားခဲ့ဖူးပါတယ်။

ငြိမ်းချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြတဲ့ တိုင်းရင်းသားပြည်သူတွေအနေနဲ့ မိမိတို့လိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက်ဆိုရင် လာမယ့်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

“ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူများ၏ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်” ဆိုတဲ့ လွှတ်တော်နိုင်ငံရေးနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းကြမယ်ဆိုရင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကသာ ဧကာယနောတစ်ခုတည်းသော၊ တစ်ကြောင်းတည်းသောလမ်း ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့သာ ဖော်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါရစေ။ ။