Skip to main content

အမျိုးသားအကျိုးစီးပွားအလေးထား၍

မြင့်မြတ်

အမေရိကန်နိုင်ငံ သမ္မတကြီးထံ ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ယခု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အလျဉ်းသင့်၍ ပါးခဲ့သည့် သဝဏ်လွှာပါအကြောင်းကြားစာမှ အကြောင်းအရာတစ်ခုနှင့်ပတ်သက်ပြီး စဉ်းစားမိတာလေးရှိလာခဲ့သည်။ မြန်မာနှင့် အမေရိကန်တို့ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်များတွင် တူညီစွာကြုံခဲ့ရသော နိုင်ငံရေးဖြစ်စဉ်တစ်ခုနှင့်ပတ်သက်၍ နောက်ဆက်တွဲ စဉ်းစားမိခြင်းဖြစ်သည်။ ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ သမ္မတကြီးဒေါ်နယ်ထရမ့် ကြုံခဲ့ရသလို ကျွန်တော်တို့မြန်မာနိုင်ငံရွေးကောက်ပွဲတွင်လည်း ကြီးမားသည့်မဲမသမာမှု ကြုံခဲ့ရပုံသည် နှိုင်းယှဉ်စရာဖြစ်ခဲ့သည်။

မဲမသမာမှုဖြစ်ခဲ့သည်ချင်းတူ၊ သို့သော် ဖြေရှင်းပုံချင်းမတူ

မှတ်မိကြမည်ထင်သည်။ ထိုအချိန်က ရွေးကောက်ပွဲဖြစ်ရပ်များအတွက် ဖြေရှင်းပေးရန် အာဏာရပါတီနှင့် ရွေးကောက်ပွဲကော်မရှင်ထံ တပ်မတော်နှင့် အခြားပါတီများက အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရပြီး မဲမသမာမှုရလဒ်မှ နိုင်ငံတော်အာဏာကို တရားမဲ့ရယူရန် ကြိုးစားခဲ့ကြပုံများ၊ ထို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားသောတာဝန်အရ နိုင်ငံတော်အာဏာကို လွှဲပြောင်းထမ်းဆောင်ခဲ့ရပုံများ၊ ရွေးကောက်ပွဲကော်မရှင်အသစ် ပြန်လည် ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စစ်ဆေးသည့်အခါ မဲမသမာမှုဖြစ်နေသော ၁၁ ဒသမ ၃ သန်းသော မဲအရေအတွက်၊ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆိုလျှင် ၂၉ ဒသမ ၅၄ ရာခိုင်နှုန်း စစ်ဆေးတွေ့ရှိချက်များအရကော ထိုစဉ်က UEC အဖွဲ့ဝင်များ၏ ထွက်ဆိုချက်များအရပါ ထင်ရှားရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်ကို အမှတ်ရကြဦးမည်ထင်သည်။

ပေးချင်သည့်သတင်းစကားက ဘာဖြစ်မလဲ။ မဲမသမာမှုဖြစ်တာချင်းတူသော်လည်း တစ်ကမ္ဘာလုံး၏ ဒီမိုကရေစီစံပြ၊ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွင်ဖြစ်ခဲ့သည်နှင့် ထွန်းသစ်စ မရင့်ကျက်သေးသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် ဖြစ်တာချင်း ကွာခြားပုံကို သွားတွေ့ရသည်။ ပြဿနာကို ဖြေရှင်းပုံချင်း လည်းမတူ၊ မတူသည့်ဖြေရှင်းပုံမှ နောက်ဆက်တွဲသက်ရောက်မှုချင်းလည်း ကွာဟသွားသည်။ ပညာ နည်းမှုနှင့် ပညာရှင်ဆန်ပုံ၊ ရင့်ကျက်မှုချင်းကွာခြားပုံ၊ ကွာခြားချက်များကို လေ့လာမိသည်။ ထိုပြဿနာကို ရွေးကောက်ပွဲအပြီး ဘယ်လိုဖြေရှင်းခဲ့ကြသလဲ၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် စားပွဲဝိုင်းတွင် အဖြေရှာရန် တစ်ဖက်က ကြိုးစားခဲ့သော်လည်း အခြားတစ်ဖက်က ငြင်းပယ်ခဲ့သည့်အခါ နောက်ဆက်တွဲဆိုးကျိုးများက အားလုံးမြင်သည့်အတိုင်း ခံစားနေကြရသည်။ ဤသည်က အမေရိကန်နှင့် မြန်မာနိုင်ငံတို့အကြား ကွာခြား သွားချက်ပင်၊၊

အာဃာတ မပြေနိုင်သေး

အမေရိကန်နိုင်ငံရေးကိုကြည့်လျှင် ထိုသို့ အားသာချက်များရှိသလို အားနည်းချက်များလည်း ရှိသည်။ မတူသည်များရှိသလို တူညီသည်လည်းရှိသည်။ တူသည်တို့လာပါမည်။ ဘာများတူညီကြ သလဲဆိုလျှင် အတိတ်ကသမ္မတလက်မဲ့ဘဝ ဒေါ်နယ်ထရမ့်နှင့် ယခုလက်ရှိသမ္မတဘဝ၊ သမ္မတထရမ့် နှစ်ဆက်မှာ ဖြစ်နေသည်များကို လေ့လာကြည့်ရန် လိုသည်။ နောက်ပိုင်းတောက်လျှောက် အမေရိကန်နိုင်ငံရေးတွင် ပုဂ္ဂိုလ်ရေးမုန်းတီးမှုများ၊ အာဃာတများ တွေ့လာရသည်။ နောက်ဆုံးပါတီတစ်ခုနှင့် တစ်ခု အပြတ်ရှင်းကြရန်ပင် တာစူနေကြသည်ကို တွေ့ရသည်။ ဒီမိုကရက်က Jeffery Epstein လက်နက်ကိုခင်းပြီး ရီပတ်ဘလစ်ကင်တို့က Russia gate လက်နက်ဖြင့် တိုက်ပွဲဝင်ရန် ပြင်နေကြသည်။ သူတို့ကိုယ်တိုင်ကော သတိထားမိကြသလား၊ အမေရိကန်နိုင်ငံရေးက ပျက်ဖို့ဖြစ်နေပြီလား၊ သူတို့ သတိထားမိဟန်မတူသေး။ သို့သော် သူတို့အဖြစ်အပျက်များမှ သတိထားမိရန်၊ သံဝေဂဖြစ်ကာ ဆင်ခြင်နိုင်ရန်က ကျွန်တော်တို့အတွက် ဖြစ်လာ သည်။ ကျွန်တော်တို့မှာ ယခုအချိန်က နိုင်ငံရေးအစ၊ စီးပွားလူမှုဘဝများဖွံ့ဖြိုးတိုးတက်ရေးအထိ စာမျက်နှာအသစ်အသစ်များ ပြုပြင်ပြောင်းလဲဖွင့်လှစ်နေရသည့်အခြေအနေဖြစ်သည်။ ဦးဆုံးလုံခြုံရေးနှင့်အေးချမ်းသာယာရေးက အရေးကြီးနေသည်။ 

နိုင်ငံနှစ်ခုအကြား တူညီပုံများရှိ

အမေရိကန်နှင့် မြန်မာနိုင်ငံရေး၌ မတူသည်ကို ဖယ်ထားပြီး တူညီသည်များကို ဆက်ပြီး ယူကြ ဦးစို့လား။ သမ္မတထရမ့်လမ်းစဉ်ကို ကြည့်လျှင် သူတို့အမျိုးသားအကျိုးစီးပွားကိုသာ ဦးစားပေးပြီး အမျိုးသားရေးဘက်ကို ပိုပိုသာသာဇောင်းပေးလာသည်ကို တွေ့ရသည်။ လူ့အခွင့်အရေးစံနှုန်းများ၊ လစ်ဘရယ်အယူများ၊ ဒီမိုကရေစီသဘောတရားများက အသံတိုးလာသည်ကို သတိထားမိသည်။

ထိုအချက်များကို ထင်ဟပ်သည့်နှယ် သမ္မတထရမ့်ကို မျိုးချစ်ပုဂ္ဂိုလ်၊ ငြိမ်းချမ်းရေးလိုလားသူတစ်ဦးအဖြစ် ပုံဖော်ခဲ့ပုံကို ထိုသဝဏ်လွှာတွင် တွေ့ရသည်က မြန်မာတို့၏ခံယူပုံနှင့် အပြုသဘောဆောင်ပုံကို ပြသနေခြင်းဖြစ်သည်။ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက် ၄ ရပ်တွင်လည်း နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထားပုံကို သတိထားမိကြမည်ထင်ပါသည်။ အမေရိကန်နိုင်ငံရေးတွင် အမျိုးသားရေး အလေးထားမှုများနှင့် လစ်ဘရယ်အယူအဆများအကြား ထိပ်တိုက်တွေ့နေကြသလို မြန်မာ့နိုင်ငံရေး၊ လူမှုဘဝရေးရာများတွင်လည်း ထို့အတူဖြစ်နေသည်။ မြေပေါ်မြေအောက်အင်အားစုများ၊ လက်မည်းအရေခြုံလစ်ဘရယ်များ၏ရန်ကို သမ္မတထရမ့်တစ်ယောက် ရင်ဆိုင်နေသလို မြန်မာနိုင်ငံတိုးတက်ရေးလမ်းကြောင်းတွင် ရင်ဆိုင်နေရသည့် ဆူးငြောင့်ခလုတ်ကန်သင်းများ အန္တရာယ်ကလည်း ထို့အတူပင်ဖြစ်သည်။ သဝဏ်လွှာ၌ ပါသလို မြန်မာနိုင်ငံအရေးတွင် မီဒီယာအား၊ ဘလော့ဂါအား၊ influencers အားဖြင့် ဘက်စုံထိုးနှက်ခြင်းဒဏ်ကို မြန်မာတို့ ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရသည်၊ ယခုတိုင် ရင်ဆိုင်နေရဆဲလည်းဖြစ်သည်။ နောက်ဆုံး ICC ၊ ICJ တို့နှင့်ပင် ခြိမ်းခြောက်ခံခဲ့ရသည်။

မတူညီသည်များလည်းရှိ

တူညီသည်များကို ခဏဖယ်ထားလျှင် မတူသည်က ဘာဖြစ်မလဲ၊ မြန်မာ၌ မကောင်းသည့် အကြောင်းတရားများ ပေါင်းစုံ၍ဖြစ်ခဲ့ရသည့် ကြောင်းကျိုးဆက်နိုင်ငံရေးပဋိပက္ခ၊ အမေရိကန်၌ လည်း သူ့အကြောင်းနှင့်သူဖြစ်နေသည့် နိုင်ငံရေးပဋိပက္ခ၊ မြန်မာနိုင်ငံ၌ လက်နက်ကိုင်ပဋိပက္ခ ပေါင်းစုံနှင့်ကပ်ဘေးမျိုးစုံ ပိုကြုံရသည်။ တူတာ၊ မတူတာတွေရှိသည့်အတွက် ပဋိပက္ခကို ဖြေရှင်း ပုံချင်းလည်း တူညီနိုင်မည်မဟုတ်ပေ။ မြန်မာနိုင်ငံအကြီးအကဲများက တွေ့ဆုံညှိနှိုင်းအဖြေရှာရေး နည်းလမ်းဖြင့် အမြဲသွားသည်။ ကိုယ့်နိုင်ငံသားအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်းဆိုသည်ကို အမြဲလက်ကိုင်ထားပြီး စစ်မက်ကိုမလိုလား၊ သူအနိုင်၊ ကိုယ်လည်းအနိုင် Win-Win သီအိုရီ အတိုင်းဆောင်ရွက်သည်။

သို့သော် တစ်ဖက်တုံ့ပြန်မှုကမူ ဆန့်ကျင်ဘက်ဖြစ်ပြီး အခွင့်အရေးယူ၍ စစ်ဘောင်ကို ရသလောက် ချဲ့ကြသည်။ ထို့ကြောင့်လည်း အဆင်အခြင်မဲ့ တစ်ဖက်သတ်သောင်းကျန်းမှုဒဏ်ကို တပ်မတော်ကော ပြည်သူပါ ပြင်းပြင်းထန်ထန် ခံခဲ့ကြရသည်။ သို့သော် ယခုလိုကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီ လှမ်းနေကြပါပြီ၊၊ လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကို စနစ်တကျအောင်မြင်စွာ ကျင်းပနိုင်ရေးက အရေးကြီးလာပြီဖြစ်သည်။ ရွေးကောက်ပွဲကာလအလိုက် လုံခြုံရေးမကျိုးပေါက်ရအောင် မှုခင်းကျဆင်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်သွားတော့မည်ဖြစ်သည်။ လုပ်ကိုလုပ်ရမည့် အလုပ်လည်းဖြစ်သည်။ ပြည်သူ တစ်ရပ်လုံးလိုလားသည့် ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းမှုအရေးကြီးသည်မှာ အားလုံးအသိဖြစ်ပါသည်။

ဆက်၍ ဖျက်ကြဦးမလား

ပြည်သူ့ဆန္ဒမဲအစစ်အမှန်ဖြင့် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံခဲ့ရသည့် သမ္မတထရမ့်သည်ပင် သူအရွေးခံခဲ့ရအပြီး နိုင်ငံအတွက်လုပ်နေသည်ကို လုပ်ကိုင်၍မရအောင်၊ နောက်ဆုံးပြုတ်သွားသည်အထိ သူ့ကို သဲကြီးမဲကြီး တိုက်ခိုက်ကြသည်ကိုကြည့်၍ ယနေ့အမေရိကန်ဒီမိုကရေစီနှင့် အမေရိကန်နိုင်ငံရေးသည် ဘာလဲ၊ ဘယ်လဲဆိုတာ ပြောစရာဖြစ်လာသည်။ တကယ့်တရားခံက အကျိုး စီးပွားအာဃာတနှင့်အမုန်းတရားများပင်၊ သူတစ်ပါးပျက်စီးပြီး မိမိတို့အာဏာရဖို့အရေး၊ နိုင်ငံပျက်စီးမှာကို မကြောက်၊ လုပ်မှားကိုင်မှားဖြင့် မိုက်တွင်းနက်နေကြဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း ထိုနည်းတူ သတိပြုစရာများကို သတိပြုရမည်ဖြစ်သည်။

ရွေးကောက်ပွဲမဖြစ်အောင် ဖျက်ကြမည်၊ ရွေးကောက်ပွဲပြီးလည်း ပုံစံမျိုးစုံဖြင့် ဖျက်ကြလိမ့်ဦးမည်။ ထို့ကြောင့်လည်း ရွေးကောက်ပွဲမလိုလားသူ ပြည်တွင်းပြည်ပအင်အားစုများ၊ အချို့တိုင်းရင်းသား အမည်ခံလက်နက်ကိုင်များကို မေးချင်သည်။ မြန်မာနိုင်ငံကို ဘာဖြစ်စေချင်ကြသလဲ၊ မြန်မာအရေး ဘယ်လဲ ဘာလဲ၊ ဘယ်လိုမျှော်မှန်းချက် ရှိနေပါသလဲဟူ၍။ ပြည်သူတစ်ယောက်အနေဖြင့် မေးရမည့်မေးခွန်းတစ်ခုဖြစ်သော်လည်း အဖြေက ရှင်းနေဟန်ရှိသည်။ အလုံးစုံပျက်သုဉ်းရေးက ရုန်းမထွက်နိုင်သေးသော Lose - Lose အဖြေပင် ဖြစ်နေမည်လား၊ တွေးဆစရာဖြစ်ပါသည်။

အချုပ်အားဖြင့် နိုင်ငံအကြီးအကဲနှစ်ဦးအကြား အပြန်အလှန်ပေးပို့ခဲ့ကြသည့် သဝဏ်လွှာပါအချက် များကို အခြေခံ၍ အတွေးများမှ ဆင်ခြင်မိခြင်းသာ ဖြစ်ပါသည်။ အကြီးအကဲနှစ်ဦးစလုံးမှာ ကိုယ်စီ သမိုင်းကြောင်းများကို ကိုယ်တိုင်ဖန်တီးနေကြပုံနှင့် အပြောင်းအလဲတိုင်းတွင် ခက်ခဲမှု၊ စိန်ခေါ်မှု ကိုယ်စီရှိနေပုံကို တွေ့ကြရမည်ဖြစ်သည်။ တူညီသည်များ၊ မတူသည်များအားလုံးမှာ အတုယူစရာရှိတာ ယူသင့်ပါသည်။ ဒီမိုကရေစီနှင့်အတူ အမျိုးသားအကျိုးစီးပွား အလေးထားပုံတွေကို အတုယူသင့်သည်။ လစ်ဘရယ်တို့၊ လူ့အခွင့်အရေးတို့ဆိုတာထက် အမျိုးသားရေးအလေးထားပုံကို သင်ခန်းစာယူသင့်သည်။ လုပ်ရဲကိုင်ရဲပြီး ပြတ်သားလွန်းခြင်းနောက်တွင် အဆင်အခြင်မဲ့ သွားတတ်သည့် စိတ်သဘောကိုလည်း သတိထားသင့်သည်။ အမျိုးသားအကျိုးစီးပွားကို နိုင်ငံ အများစုက အလေးထားလာချိန်တွင် မြန်မာနိုင်ငံ၌လည်း အမျိုးသားအကျိုးစီးပွားကို အလေးထားပြီး ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်အောင် အကောင်အထည်ဖော်နေချိန်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် တည်ငြိမ်ရေးသည် အရေးကြီးသကဲ့သို့ ရွေးကောက်ပွဲအောင်မြင်မှလည်း နိုင်ငံအေးချမ်းသာယာလာမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူ တစ်ရပ်လုံး၏ပူးပေါင်းပါဝင်မှုသည် ယခုလိုကာလတွင် အလွန်အရေးကြီးပါသည်။ အကြောင်းက မဲမသမာမှုမရှိစေရဟူသော အကြိမ်ကြိမ်ကတိ စကားများကို ယုံကြည်ချက်ထား၍ တရား မျှတသော၊ လွတ်လပ်သော၊ ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲများမှ နောက်ထပ်ခေါင်းဆောင်ကောင်းများ၊ လူတော်လူကောင်းများကို ရွေးချယ်ရမည့်တာဝန်မှာ ကျွန်တော်တို့တာဝန်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ ။