Skip to main content

ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)

နှစ်စဉ် ဇွန်လ ၅ ရက်နေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံသူ၊ နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေအပေါ် အာရုံစူးစိုက်လာမိစေဖို့၊ အသိပညာတွေမျှဝေမြှင့်တင်နိုင်ဖို့၊ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုတွေထဲက အချိန်အခါပေါ်မူတည်ပြီး ဖြစ်ပွားနေတဲ့ အရေးကြီးပြဿနာရပ်တွေ၊ အဓိကစိန်ခေါ်မှုတွေကို ပိုမိုသိရှိကာ အလေးထားပူးပေါင်းဖြေရှင်းနိုင်ကြစေဖို့ စတဲ့ရည်ရွယ်ချက်ကောင်းများစွာနဲ့ ကုလသမဂ္ဂကဦးဆောင်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) အခမ်းအနားကို ကျင်းပပြုလုပ်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၇၂ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး အလွန်အရေးပါတဲ့ ကမ္ဘာ့ပထမဆုံးအကြိမ် လူသားပတ်ဝန်းကျင်ညီလာခံ (UN Conference on the Human Environment)ကို ကုလသမဂ္ဂကကြီးမှူးပြီး ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံကြီးဟာ ကမ္ဘာ့နိုင်ငံသားတွေအားလုံး ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွပူးပေါင်းလာစေဖို့ စတင်တွန်းအားပေးလိုက်တဲ့ ညီလာခံကြီးဖြစ်ပြီး အဆိုပါညီလာခံ ကျင်းပပြုလုပ်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အနေနဲ့ ၁၉၇၄ ခုနှစ်ကစပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်တွေသတ်မှတ်ပေးခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားတွေကို ၁၉၈၇ ခုနှစ်ကစပြီး ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ နှစ်စဉ်လှည့်လည်ကျင်းပခဲ့ကြပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကမ္ဘာ့အဆင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို အိမ်ရှင်နိုင်ငံအဖြစ် ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ယခုနှစ်အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး (Ending Plastic Pollution Globally )” ဖြစ်ပါတယ်။

ဆောင်ပုဒ်၏ ရည်ရွယ်ချက်

အဆိုပါဆောင်ပုဒ်ရဲ့ အဓိကရည်ရွယ်ချက်က ကျွန်ုပ်တို့မှီခိုရှင်သန်ရာ သဘာဝပတ်ဝန်းကျင် သန့်ရှင်းကျန်းမာဖို့အတွက် ကမ္ဘာပေါ်မှာ တစ်နေ့တခြားဆိုးရွားလာနေတဲ့ ပလတ်စတစ်ညစ်ညမ်းမှုတွေကို အဆုံးသတ်တိုက်ဖျက်သွားမယ့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်တစ်ခုပေါ်ထွက်လာပြီး အနာဂတ်ကာလမှာ ပိုမိုကောင်းမွန်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်တစ်ရပ်ဖြစ်လာစေရေး အစိုးရအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအားလုံး စုပေါင်းအားနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းနှိုးဆော်ထားတာပဲ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလက ကိုရီးယားသမ္မတနိုင်ငံမှာ ကျင်းပခဲ့တဲ့ အဏ္ဏဝါပတ်ဝန်းကျင်အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုနဲ့ ပတ်သက်တဲ့ အစိုးရချင်းညှိနှိုင်းရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်းအဝေးမှာ နိုင်ငံတကာပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ တရားဝင်စည်းနှောင်မှုရှိတဲ့ သဘောတူညီချက်တစ်ခုပေါ်ထွန်းလာစေရေး ကြိုးပမ်းချက်တွေကို ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့က အသိအမှတ်ပြု မီးမောင်းထိုးထင်ဟပ်စေမှာ ဖြစ်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်

ယနေ့ ကမ္ဘာပေါ်ကလူသားတွေ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်း ပြဿနာသုံးရပ်ကတော့ ရာသီဥတုပြောင်းလဲဖောက်ပြန်လာခြင်း၊ ဇီဝမျိုးစုံမျိုးကွဲတွေ မျိုးသုဉ်းပျောက်ကွယ်လာခြင်းနဲ့ စွန့်ပစ်ပစ္စည်းဆိုင်ရာ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းဆိုတဲ့ အချက်သုံးချက်ဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်းရဲ့ အဓိကစိန်ခေါ်မှုတစ်ခုဖြစ်နေပြီး သက်ရှိသတ္တဝါတွေ ရှင်သန်ရပ်တည်ရေး၊ နိုင်ငံသားအားလုံးရဲ့ ကျန်းမာရေးနဲ့ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်များစွာ ခြိမ်းခြောက်လျက်ရှိလာပါတယ်။

ကမ္ဘာ့လူဦးရေ တိုးပွားလာခြင်းနဲ့အတူ နည်းပညာတွေ ဖွံ့ဖြိုးလာပြီး လူနေမှုအဆင့်အတန်းနဲ့ နေထိုင်မှုပုံစံတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပလတ်စတစ်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပြီး လူသားတွေရဲ့ နေ့စဉ်ဘဝမှာမရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စတာတွေနဲ့ ပြုလုပ်ထားတဲ့ ကုန်ပစ္စည်းတွေထက် ပလတ်စတစ်ရဲ့ ထူးကဲသာလွန်ပြီး စွဲမက်စရာကောင်းတဲ့ ဂုဏ်သတ္တိတွေကြောင့် လူ့ပတ်ဝန်းကျင်နေရာအနှံ့မှာ လွှမ်းမိုးနေရာယူလာပါတယ်။

ထုတ်လုပ်သုံးစွဲကြရာမှာ ထိန်းချုပ်မှုအားနည်းခြင်းနဲ့ စည်းကမ်းမဲ့မဆင်မခြင်စွန့်ပစ်တာတွေကြောင့် ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများစွာကို ယနေ့အချိန်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စိုးရိမ်ဖွယ်ရာ တွေ့ကြုံရင်ဆိုင်လာကြရပါတယ်။

ပလတ်စတစ် ထုတ်လုပ်သုံးစွဲမှုအခြေအနေ

ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ် စာရင်းတွေအရ တန်ချိန်သန်းပေါင်း ၄၀၀ ကျော်အထိ ရောက်ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ နှစ်စဉ်ပလတ်စတစ်ထုတ်လုပ်မှုဟာ ၂၀၀၀ ပြည့်နှစ်က တန်ချိန်သန်းပေါင်း ၂၃၄ သန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်မှာ တန်ချိန်သန်းပေါင်း ၄၆၀ အထိရှိလာတဲ့အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ နှစ်ဆမြင့်တက်လာခဲ့ပြီး ဒီပမာဏအတိုင်းသာ ထုတ်လုပ်မှုတွေ ဆက်လက်တိုးတက်နေအုံးမယ်ဆိုရင်လာမယ့် ၂၀၅၀ ပြည့်နှစ်မှာ ကမ္ဘာ့ပလတ်စတစ်ထုတ်လုပ်မှုဟာ တန်ချိန်သန်းပေါင်း ၁၁၀၀ အထိ ရောက်ရှိလာနိုင်ပါတယ်။ ဒါဟာ အဆမတန်များပြားလွန်းလှတဲ့ စိုးရိမ်ဖွယ်ရာ ထုတ်လုပ်မှုပမာဏ ဖြစ်နေပါတယ်။

ထုတ်လုပ်မှုအားလုံးရဲ့ ထက်ဝက်ခန့်ဟာလည်းတစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေဖြစ်ကြောင်း သိရှိရပါတယ်။ တစ်ခါသုံး ပလတ်စတစ်ဆိုတာ တစ်ကြိမ်တစ်ခါသာအသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အိတ်တွေ၊ ပလတ်စတစ်ပိုက်တွေ၊ ပလတ်စတစ်ပုလင်းတွေ၊ ဖော့ဘူးတွေ၊ ကြွပ်ကြွပ်အိတ်တွေနဲ့ အစားအစာထုပ်ပိုးရာမှာအသုံးပြုတဲ့ ပလတ်စတစ်ပစ္စည်းမျိုးစုံကိုဆိုလိုတာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေဟာ သယ်ယူရလွယ်ကူပြီး ထုပ်ပိုးရာမှာ ပေါ့ပါးခိုင်ခံ့ပါတယ်။ စျေးနှုန်းအလွန်ချိုသာပြီး စွန့်ပစ်ရင်လည်း လွယ်ကူပါတယ်။

ဒီအချက်တွေကြောင့် ကမ္ဘာပေါ်မှာ နေ့စဉ်နဲ့အမျှ တစ်ခါသုံးပလတ်စတစ်တွေကို တွင်တွင်ကျယ်ကျယ် လူကြိုက်များ အသုံးပြုလျက်ရှိနေကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပလတ်စတစ် မူလကုန်ကြမ်း (ကော်စေ့ကုန်ကြမ်း) တန် ၄၀၀ ခန့် ပြည်ပမှ နှစ်စဉ်တင်သွင်းလျက်ရှိပြီး အဆိုပါတင်သွင်းမှုနှုန်းဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေကြောင်း ပလတ်စတစ်လုပ်ငန်းရှင်များအသင်းရဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။

ပလတ်စတစ် စွန့်ပစ်မှုအခြေအနေ

ယနေ့အချိန်အခါမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေက အလွန်အန္တရာယ်ကြီးမားလှတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာနေပါပြီ။ ကမ္ဘာပေါ်ကထွက်ရှိလာသမျှ စွန့်ပစ်အမှိုက်မျိုးစုံ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းက ပလတ်စတစ်တွေပဲဖြစ်လို့နေပါတယ်။ နှစ်စဉ် ပလတ်စတစ်အမှိုက်တန်ချိန် သန်းပေါင်း ၃၅၀ ခန့် ပတ်ဝန်းကျင်ရှိ ရေမြေထဲကို စွန့်ပစ်လျက်ရှိနေကြပါတယ်။

ဒီလို စွန့်ပစ်နေမှုအနက်က ပလတ်စတစ်တန်ချိန် ၉ သန်းမှ ၁၄ သန်းအထိဟာ ပင်လယ်သမုဒ္ဒရာထဲကို နှစ်စဉ်စီးဝင်ရောက်ရှိနေပါတယ်။ အဏ္ဏဝါပင်လယ်ပြင်ထဲက အမှိုက်သရိုက်တွေကို အမျိုးအစားခွဲခြားကြည့်ရင် ၈၅ ရာခိုင်နှုန်းက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေချည်း ဖြစ်နေပါတယ်။ ကမ္ဘာတစ်ဝန်းကလူတွေဟာ တစ်မိနစ်တိုင်းမှာ ရေနဲ့အချိုရည်ထည့်တဲ့ ပလတ်စတစ်ဘူးပေါင်း တစ်သန်းကျော် ဝယ်ယူသောက်သုံး၍ စွန့်ပစ်နေကြကြောင်းနဲ့ တစ်နှစ်မှာ ပလတ်စတစ်အိတ်ပေါင်း ငါးထရီလီယံကျော် သုံးစွဲနေကြကြောင်း ပညာရှင်တွေရဲ့ ခန့်မှန်းချက်တွေအရ သိရှိရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဧရာဝတီမြစ်ထဲကို ပလတ်စတစ်အမှိုက်တန်ချိန် ၁၁၉ တန်ခန့် နေ့စဉ်နဲ့အမျှ ရောက်ရှိနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။ သတိပြုဆင်ခြင်ရမယ့် စွန့်ပစ်မှုပမဏဖြစ်ပါတယ်။

ပလတ်စတစ်၏ ဆိုးကျိုးများ

တစ်ခါသုံး ပလတ်စတစ်ထုတ်ကုန်ပစ္စည်းတွေရဲ့ ၉၈ ရာခိုင်နှုန်းကို ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲမဟုတ်သော သဘာဝသယံဇာတအရင်းအမြစ်တွေကို အသုံးပြုပြီး ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်တဲ့ အဆင့်၊ အသုံးပြုတဲ့အဆင့်မှသည် စွန့်ပစ်တဲ့အဆင့်အထိ သူ့ရဲ့သက်တမ်းကာလတစ်လျှောက်လုံးမှာ ဆိုးကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေပါတယ်။

ပထမဦးစွာ ပလတ်စတစ်တွေ စတင်ထုတ်လုပ်တဲ့အချိန်မှာ ဘေးထွက်ပစ္စည်းအဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်းစတဲ့ ဓာတ်ငွေ့အမျိုးမျိုးထုတ်လွှတ်တာကြောင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့ မှန်လုံအိမ်ဓာတ်ငွေ့တွေကြောင့် ကမ္ဘာပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို ပိုမိုတွန်းအားပေးဖြစ်ပေါ်စေပါတယ်။ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုထားတဲ့ ပလတ်စတစ်ထုတ်လုပ်မှုတွေကတစ်ဆင့် လေထုထဲကို မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုဟာ ကမ္ဘာ့ကာဗွန်စုစုပေါင်းရဲ့ ၁၉ ရာခိုင်နှုန်းအထိ တိုးပွားနေကြောင်း စစ်တမ်းတွေအရ သိရှိရပါတယ်။

ဒုတိယအနေနဲ့ အသုံးပြုတဲ့အဆင့်မှာ ပလတ်စတစ်မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် လူသားတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် ပူလောင်တဲ့ အစားအသောက်တွေကို ကြွပ်ကြွပ်အိတ်နဲ့ တစ်ခါသုံး ပလတ်စတစ်တွေထဲကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ပလတ်စတစ်မှာပါဝင်တဲ့ ခဲဓာတ်၊ အဆိပ်ဓာတ်နဲ့ အရောင်ဆိုးဆေးတွေဟာ အပူနဲ့ထိတွေ့မိပြီး အစားအစာထဲကို ပုံမှန်ထက် ပိုမိုလျင်မြန်စွာစိမ့်ဝင်ကာ ကင်ဆာရောဂါအပါအဝင် လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

တတိယအချက်အနေနဲ့ အသုံးပြုပြီးနောက် စွန့်ပစ်တဲ့အဆင့်မှာလည်း ပလတ်စတစ်အမှိုက်တွေကို စနစ်တကျမစွန့်ပစ်ပါက မြို့၊ ရွာရဲ့ သန့်ရှင်းသာယာလှပမှုကို အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပါတယ်။ ပလတ်စတစ်ပစ္စည်းတွေရဲ့ ဓာတ်ဖွဲ့စည်းမှုအရ မြေကြီးထဲမှာ သဘာဝအလျောက်မပျက်စီးလွယ်ဘဲ နှစ်ပေါင်းရာနဲ့ချီကြာမှသာ ပြိုကွဲဆွေးမြည့်နိုင်တဲ့အတွက် သဘာဝမြေဆီလွှာတွေကို ထိခိုက်ပျက်စီးစေပြီး စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ သစ်တော/သစ်ပင်တွေ ရှင်သန်ပေါက်ရောက်မှုကို များစွာထိခိုက်စေရပါတယ်။

စည်းကမ်းမဲ့စွန့်ပစ်ထားတဲ့ ပလတ်စတစ်အမှိုက်တွေဟာ ကုန်းမြေပေါ်ကတစ်ဆင့် ရေမြောင်းတွေ၊ မြစ်ချောင်းတွေရဲ့စီးဆင်းမှုတွေကို ပိတ်ဆို့သွားပြီး မြို့လယ်ကောင်မှာပင် ရေကြီးရေလျှံမှုတွေ မကြာခဏမြင်တွေ့ကြရပါတယ်။ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေဟာ ရေထုညစ်ညမ်းစေပြီး အဖိုးတန်ရေချို သယံဇာတတွေ ဆုံးရှုံးစေနိုင်ပါတယ်။ မြစ်ချောင်းတွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲကို ရောက်ရှိ သွားတဲ့အခါမှာလည်း အဏ္ဏဝါညစ်ညမ်းမှုနဲ့ အဏ္ဏဝါဂေဟစနစ်တွေ ထိခိုက်ပျက်စီးကြရပါတယ်။ ပင်လယ်သမုဒ္ဒရာတွေထဲက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ ရေနေသတ္တဝါတွေကို တွယ်ငြိမိခြင်း၊ သေးငယ်တဲ့ ပလတ်စတစ်အပိုင်းအစတွေကို ရေနေသတ္တဝါတွေက စားသုံးမိကြတဲ့အတွက် အစာချေဖျက်မှုဆိုင်ရာပြဿနာတွေနဲ့ သေဆုံးမှုတွေ ဖြစ်ပွားကြရပါတယ်။

ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို မီးရှို့ဖျက်ဆီးပါကလည်း အီသိုင်လင်းအောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ ဒိုင်အောက်စင်စတဲ့အဆိပ် ဓာတ်ငွေ့တွေထွက်ရှိလာပြီး လေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့အပြင် အဆိုပါဓာတ်ငွေ့တွေကို ရှူရှိုက်မိတဲ့သူရဲ့ သွေးနဲ့ဆီးထဲအထိ ရောက်ရှိသွားနိုင်ပြီး ကင်ဆာကဲ့သို့ ရောဂါအမျိုးမျိုးဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကုန်းမြေပေါ်မှာသာမက ရေထုနဲ့လေထုထဲ အထိပါ ကောင်းကျိုးတစ်ခုမျှမပြုတဲ့ ပလတ်စတစ် ပစ္စည်းတွေဟာ ထုတ်လုပ်တဲ့အဆင့်မှသည်အသုံးပြုပြီး စွန့်ပစ်တဲ့အဆင့်အထိ ကာလတစ်လျှောက်လုံးမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းစေရုံမျှမက သက်ရှိသတ္တဝါတွေအားလုံးအပေါ် ဆိုးကျိုးအန္တရာယ်တွေ သက်ရောက်စေနိုင်ပါတယ်။

မိုက်ခရိုပလတ်စတစ် (Microplastics)

မိုက်ခရိုပလတ်စတစ်လို့ခေါ်ကြတဲ့ အလွန်သေးငယ်တဲ့ ပလတ်စတစ်အမှုန်အမွှားတွေဟာ အရွယ်အစားအနေနဲ့ ၅ မီလီမီတာအောက်သာရှိပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ လေနဲ့ရေထဲမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပျက်စီးခြင်းနဲ့ ပလတ်စတစ်ပစ္စည်းတွေ စတင်ထုတ်လုပ်စဉ်ကထွက်ရှိလာ ကြတာဖြစ်ပါတယ်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ Microplastics အရွယ်အစားအထိ တစ်စတစ်စပြိုကွဲပျက်စီးသွား ရင်တောင်ပလတ်စတစ်ထဲမှာပါတဲ့ ဆိုးရွားတဲ့ ဓာတ်ဂုဏ်သတ္တိတွေဟာ ပျောက်ပျက်မသွားပါဘူး။

ယနေ့အချိန်အခါမှာ မိုက်ခရိုပလတ်စတစ်တွေက ပင်လယ်သမုဒ္ဒရာတွေ၊ မြစ်ချောင်းတွေ၊ လေထုအတွင်းနဲ့ ကျွန်ုပ်တို့ရဲ့ နေ့စဉ်အစားအစာတွေထဲထိအောင် နေရာတကာမှာ ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ပါတယ်။ စွန့်ပစ်ရေဆိုးသန့်စင်တဲ့ စက်ရုံတွေမှာတောင် မိုက်ခရိုပလတ်စတစ်အမှုန်အမွှားတွေကို စစ်ထုတ်သန့်စင်ဖို့ ခက်ခဲနေကြပါတယ်။ မိုက်ခရိုပလတ်စတစ်တွေကို ရေနေသတ္တဝါတွေက သူတို့ရဲ့အစားအစာအမှတ်နဲ့ မှားယွင်းစားသုံးမိနေကြလို့ အဏ္ဏဝါမျိုးစိတ်ပေါင်း ၁၁၄ မျိုးရဲ့ခန္ဓာကိုယ်ထဲမှာ မိုက်ခရိုပလတ်စတစ်တွေကို တွေ့ရှိနေရကြောင်း သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

မိုက်ခရိုပလတ်စတစ်တွေပါဝင်နေတဲ့ ညစ်ညမ်း ရေ၊ လေနဲ့ အစားအစာတွေကတစ်ဆင့် နောက်ဆုံးမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲအထိ ထိုးဖောက်ရောက်ရှိလာကြပါတယ်။ ဒါကြောင့် မိုက်ခရိုပလတ်စတစ်တွေကို ပင်လယ်ထဲက အသံတိတ် လူသတ်သမားဟုပင် ခေါ်ဆိုလာကြပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ လူတစ်ဦးဟာတစ်နှစ်မှာ Microplastics အမှုန်အမွှား ခန့်မှန်း ၃၉၀၀၀ မှ ၅၂၀၀၀ အထိ အစာလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ရောက်ရှိနိုင်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ပေါ်မူတည်ပြီး Micro-plastics အမှုန်အမွှား ၇၄၀၀၀ မှ ၁၂၁၀၀၀ အထိ အသက်ရှူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ပါတယ်။ လူသားတွေရဲ့အဆုတ်နဲ့ သွေးထဲမှာသာမက ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ အချင်းထဲအထိပါ Microplastics တွေကို တွေ့ရှိနေရကြောင်း သုတေသနပြုချက်တွေအရ သိရှိရပါတယ်။ ဆိုးကျိုးအနေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ၊ အဆုတ်ပျက်စီးခြင်း၊ အဆစ်အမျက်ရောင်ရမ်းခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ အာရုံကြောရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းနဲ့ မျိုးပွားမှုထိခိုက်ခြင်း စတဲ့ရောဂါဝေဒနာတွေ ဖြစ်ပွားနိုင်ပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ

လက်ရှိအချိန်မှာ ပလတ်စတစ်ညစ်ညမ်းမှုဟာ အရေးတကြီးကိုင်တွယ်ဖြေရှင်းရမယ့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတဲ့အတွက် ကမ္ဘာတစ်ဝန်းလုံးမှာ ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်းတွေကို အထူးအလေးထားလုပ်ဆောင်နေကြပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာကျင်းပခဲ့တဲ့ ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင်ညီလာခံ (UnitedNations Environment Assembly-UNEA-5.2) ရဲ့ ဆုံးဖြတ်ချက် အမှတ်(၅/၁၄)မှာ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ဖို့ ဥပဒေကြောင်းအရ စည်းနှောင်မှုရှိတဲ့ ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်ပေါ်ပေါက်လာစေရေး End Plastic Pollution: Towards an International Legally Binding Instrument ကို အတည်ပြုခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ကျင်းပခဲ့တဲ့ (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အဏ္ဏဝါအမှိုက် သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဗန်ကောက် ကြေညာစာတမ်းနှင့် အာဆီယံမူဘောင်ကို သဘောတူချမှတ်ခဲ့ကြပြီး မြန်မာနိုင်ငံအနေနဲ့လည်း ဒေသတွင်းလုပ်ငန်းအစီအစဉ်တွေမှာ အခြားအာဆီယံနိုင်ငံတွေနည်းတူ လက်တွဲပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။

ဂျပန်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအထောက်အပံ့နဲ့ မြန်မာနိုင်ငံမှာ “Strengthening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase-2)” စီမံကိန်းကို ဆောင်ရွက်ခဲ့ပြီး အမျိုးသားအဆင့်ပလတ်စတစ်စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ် (National Plastic Management Action Plan-NPMAP) ကို ရေးဆွဲခဲ့ပြီး ယခုအခါ အတည်ပြုထုတ်ပြန်နိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါလုပ်ငန်းအစီအစဉ်ရဲ့ အဓိက မျှော်မှန်းချက်ကတော့ ပလတ်စတစ်တွေ စတင်ထုတ်လုပ်မှုမှသည် ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ အရင်းအမြစ်တွေကို အကျိုးရှိစွာအသုံးချနိုင်တဲ့ ပတ်လည်စီးပွားရေးစနစ် ပေါ်ပေါက်လာစေရေး တွန်းအားပေးခြင်းဖြင့် ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်စေရေးပင် ဖြစ်ပါတယ်။

ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ခြင်းနှင့် စွန့်ပစ်ခြင်းကို ထိန်းချုပ်ရေးဆိုင်ရာ ဘာဆယ်ကွန်ဗင်းရှင်းရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တင်သွင်း၊ တင်ပို့ခြင်းကိစ္စရပ်တွေမှာ ကွန်ဗင်းရှင်းပါ ကတိကဝတ်တွေနဲ့အညီ သက်ဆိုင်ရာဌာနများပူးပေါင်း၍ စနစ်တကျ ထိန်းချုပ်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်က အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကို အတည်ပြုထုတ်ပြန်ခဲ့ပြီးဖြစ်ကာ စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့နဲ့ ပလတ်စတစ်စွန့်ပစ်အမှိုက်တွေကို ဦးစားပေးစီမံခန့်ခွဲနိုင်ဖို့ အလေးထားဆောင်ရွက်လျက်ရှိနေပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်တွေမှာ ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းထားရှိပြီး အဆိုပါကော်မတီများအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချနိုင်ဖို့အတွက် ဘက်ပေါင်းစုံမှ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။

လိုက်နာဆောင်ရွက်ရမည့် အချက်များ

အစားအစာထုပ်ပိုးရာကစလို့ ယာဉ်၊ လူ့အသုံး အဆောင်၊ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ ဆေးရုံသုံးပစ္စည်းအမျိုးမျိုးတို့အထိ နေ့စဉ်လူနေမှုဘဝအတွက် မရှိမဖြစ်အသုံးပြုနေကြရတဲ့ ပလတ်စတစ်တွေကို ကျွန်ုပ်တို့လူ့ပတ်ဝန်းကျင်ကနေ လုံးဝဖယ်ထုတ်ပစ်လို့ မရနိုင်ပေမယ့် ပလတ်စတစ်ညစ်ညမ်းမှုကိုတော့ စနစ်ကျတဲ့ နည်းလမ်းကောင်းတွေနဲ့အတူ သေချာပေါက် ကန့်သတ်ထိန်းချုပ်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေးအတွက် အထူးအလေးပေးဆောင်ရွက်လျက်ရှိနေသလို ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူလူထုတို့ဟာ တက်ကြွစွာစုပေါင်းဆောင်ရွက်ကြဖို့ လွန်စွာအရေးကြီးလှပါတယ်။

နိုင်ငံတော်အစိုးရက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ သင့်လျော်တဲ့ပလတ်စတစ်ဆိုင်ရာ စည်းမျဉ်း စည်းကမ်း၊ လမ်းညွှန်ချက်တွေ ထုတ်ပြန်ပြဋ္ဌာန်းပြီး သက်ဆိုင်ရာဌာနတွေက ထိထိရောက်ရောက် အကောင်အထည်ဖော်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေရှည်အတွက်ကောင်းမွန်ပြီး စနစ်ကျတဲ့ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတွေဟာ ပလတ်စတစ် ညစ်ညမ်းမှု တိုက်ဖျက်ရေးရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လက်တွေ့ဆောင်ရွက်နေကြတဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ခွဲခြားစွန့်ပစ်တဲ့စနစ်နဲ့ အမှိုက်ခွဲခြားသိမ်းဆည်းတဲ့စနစ်တို့ကိုလည်း ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ အသိပညာပေး လှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရင်း ရေရှည်တည်တံ့တဲ့ ထုတ်လုပ်မှုနဲ့ စားသုံးမှုပုံစံတွေ မြှင့်တင်ပေးဖို့၊ တစ်ခါသုံးပလတ်စတစ်တွေကို လျှော့ချနိုင်ဖို့နဲ့ Recycle လုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့ ထောက်ပံ့တွန်းအားပေးကြရမှာ ဖြစ်ပါတယ်။

ပလတ်စတစ်ထုတ်လုပ်သူ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ စွန့်ပစ်ပစ္စည်းတွေကို ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ နည်းလမ်းတွေနဲ့ တာဝန်ယူစီမံဆောင်ရွက်ကြရပါမယ်။ အလွယ်တကူ ဆွေးမြည့်နိုင်တဲ့ Bio-degradable Plastics တွေ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံး ပလတ်စတစ် အစားထိုးပစ္စည်းတွေ တိုးမြှင့်ထုတ်လုပ်ခြင်း၊ ဈေးဆိုင်တွေမှာ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ အခမဲ့ပေးခြင်းကို ရှောင်ရှားခြင်းနဲ့ အသုံးပြုလိုပါက သီးခြားအဖိုးအခကောက်ခံခြင်း စတဲ့အချက်တွေကို အလေးထားဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။ ထုတ်လုပ်သူက တာဝန်ယူဖြေရှင်းဆောင်ရွက်ရမယ့် သတ်မှတ်ချက် (Extended Producer Responsibility- EPR)ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြဖို့လည်း အရေးကြီးပါတယ်။ ဒါ့အပြင် ယနေ့ကမ္ဘာပေါ်မှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်သုံးစွဲနှုန်း (Recycling Rate)ဟာ ပလတ်စတစ်ထုတ်လုပ်မှုစုစုပေါင်းရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာရှိနေသေးတဲ့အတွက် Recycle လုပ်ငန်းတွေ ပိုမိုအားကောင်းလာဖို့ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

စွန့်ပစ်ပစ္စည်း ထွက်ရှိမှုအနည်းဆုံးနဲ့ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ ပတ်လည်စီးပွားရေးစနစ် (Circular Economy)ကို အကောင်အထည်ဖော်ကြဖို့လည်း အထူးလိုအပ်လှပါတယ်။ ပတ်လည်စီးပွားရေးစနစ်ကိုသာ အသွင်ကူးပြောင်းလုပ်ဆောင်နိုင်မယ်ဆိုရင်လာမယ့် ၂၀၄၀ ပြည့်နှစ်မှာ ပင်လယ်သမုဒ္ဒရာတွေထဲကို ရောက်ရှိလာမယ့် ပလတ်စတစ်ထုရဲ့ ၈၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်မှာဖြစ်ပြီး ပလတ်စတစ်ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းခန့်ကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ ပြည်သူတွေကလည်း အစားအသောက်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကို ထုပ်ပိုးသယ်ဆောင်ကြတဲ့အခါ ဟိုယခင်နှစ်ပေါင်း ၃၀ ကျော်ခန့်က မိရိုးဖလာအသုံးပြုခဲ့တဲ့ အင်ဖက်၊ ကြာဖက်၊ ငှက်ပျောဖက်၊ စက္ကူအိတ်တို့အပြင် ကိုယ်ပိုင်ထမင်းချိုင့်၊ ထမင်းဘူး၊ ဓာတ်ဘူး၊ ရေဘူး၊ လက်ဆွဲခြင်း၊ ချည်နဲ့ပြုလုပ်ထားတဲ့ ဈေးဝယ်အိတ်စတာတွေကို အသုံးပြုပြီး တစ်ခါသုံးပလတ်စတစ်တွေ သုံးစွဲမှုကိုလျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း(Reuse)နဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle) ဆိုတဲ့ 3R နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။

ပတ်ဝန်းကျင်ထိခိုက်မှုမရှိတဲ့ ပလတ်စတစ်အစားထိုးပစ္စည်းတွေကို သုံးစွဲရင်း တစ်ခါသုံးပလတ်စတစ်တွေကို ငြင်းဆန်ခြင်း(Reject)နဲ့ ပြန်လည်ပြုပြင်ထုတ်လုပ်တဲ့နေရာတွေဆီကို ပို့ဆောင်ခြင်း (Return) စတဲ့အချက်တွေကိုလည်း အလေးထားလိုက်နာဆောင်ရွက်ကြရပါမယ်။ အမှိုက်တွေကို လဟာပြင်မီးရှို့ခြင်းနဲ့ မြစ်ချောင်းတွေထဲကို တိုက်ရိုက်စွန့်ပစ်ခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။

မိမိတို့သုံးစွဲလိုက်တဲ့ ပလတ်စတစ်အပါအဝင် အခြားစွန့်ပစ်အမှိုက်တွေကို သတ်မှတ်ထားတဲ့နေရာတွေမှာ စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျစွန့်ပစ်ကြရမှာဖြစ်ပါတယ်။ ဒီလိုလူတိုင်း အလွယ်တကူလုပ်ဆောင်နိုင်တဲ့ နည်းလမ်းလေးတွေကို နေ့စဉ်နဲ့အမျှ အလေ့အကျင့်ဖြစ်လာတဲ့အထိ ကျင့်သုံးလိုက်နာကြရပါမယ်။ ကမ္ဘာမြေကြီးအတွက် စိုးရိမ်ပူပန်စရာ ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေက ကျွန်ုပ်တို့ရဲ့လက်ဝယ်မှာအသင့်ရှိနေပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ပဲ လိုအပ်ပါတယ်။

တိုက်တွန်းနှိုးဆော်ချက်

ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ဖို့အတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရဌာနတွေ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကလုပ်ငန်းကဏ္ဍနဲ့ ကျွန်ုပ်တို့ ပြည်သူအားလုံးက လက်တွဲညီညီပူးပေါင်းပြီး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့ အချိန်တန်ပါပြီ။ ကြွပ်ကြွပ်အိတ်အပါအဝင် တစ်ခါသုံးပလတ်စတစ်တွေကို မဆင်မခြင်ဆက်လက်ထုတ်လုပ် သုံးစွဲစွန့်ပစ်နေသမျှ ကာလပတ်လုံးကမ္ဘာပေါ်က ပလတ်စတစ်ညစ်ညမ်းမှုဟာ တစ်နေ့တခြား ဆက်လက်တိုးပွားနေအုံးမှာ ဖြစ်ပါတယ်။ တစ်ခါသုံးပလတ်စတစ်ပစ္စည်းတွေ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချနိုင်ဖို့နဲ့ ရေရှည်စဉ်ဆက်မပြတ်ဖြစ်တဲ့ အခြားနည်းလမ်းကောင်းတွေကိုလည်း အတူတကွ ပူးပေါင်းရှာဖွေဖော်ထုတ်ကြရပါမယ်။

ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးပြီး ကောင်းမွန်ခိုင်လုံတဲ့ စီမံခန့်ခွဲမှုစနစ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ လက်တွဲညီညီ လိုက်နာအကောင်အထည်ဖော်သွားကြရရင် အောင်မြင်မှုမလွဲမသွေရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့လူသားတွေ ရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ဤကမ္ဘာမြေကြီး စိမ်းလန်းသာယာပြီး အနာဂတ်မျိုးဆက်သစ်တွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေပေးအပ်နိုင်ကြစေဖို့ ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးအပါအဝင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုတစ်ရပ်လုံးက စုပေါင်းအားနဲ့ ပူးပေါင်းပါဝင်ကြပါလို့ အလေးအနက်တိုက်တွန်းရင်း ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုရေးသားတင်ပြလိုက်ရပါတယ်။ ။