Skip to main content

အထိုင်လျှော့ပါ၊ များများလှုပ်ရှားပါ၊ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး

ဒေါက်တာရဲတင့်လွင် (ဆေးသုတေသန)

အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းစသော ကျန်းမာရေးပြဿနာဖြစ်စေနိုင်သည့် လူမှုဘဝနေထိုင်မှုပုံစံတို့ကို ရှောင်ရှားပြီး ကိုယ်လက်လှုပ်ရှားမှုနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းစသော ကျန်းမာရေးနှင့်ညီညွတ်သော လူမှုဘဝနေထိုင်မှုပုံစံများ တိုးတက်လာ‌စေရေးအတွက် ဤဆောင်းပါးကို ရေးသားပါသည်။

ရှေးဦးစွာ အထိုင်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့၏ ဆိုးကျိုးများကို တင်ပြလိုပါသည်။ ကိုယ်လက်လှုပ်ရှားနည်းပါးခြင်းကြောင့် မကူးစက်နိုင်သော နာတာရှည်ရောဂါများ (Non-communicable Diseases) ဖြစ်သည့် အဝလွန်ရောဂါ၊ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးသွေးကြောနှင့် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပေါ်စေနိုင်ပါသည်။ ယခုအခါ ယင်းရောဂါများဖြစ်ပွားနှုန်းသည် အလွန်လျင်မြန်စွာ မြင့်တက်လာပြီး ကပ်ရောဂါအသွင်ဆောင်လာသည့် ပြည်သူ့ကျန်းမာရေးပြဿနာ (Public Health Problem) တစ်ခု ဖြစ်လာပါသည်။

အထိုင်များခြင်းသည် ခန္ဓာကိုယ်ဝမ်းဗိုက် အဆီစုခြင်း (ဗိုက်ရွှဲခြင်း)၊ သွေးတွင်းကိုလက်စထရောများခြင်းနှင့် အင်ဆူလင်ဟော်မုန်းအာနိသင် လျော့ကျခြင်းတို့ ဖြစ်စေနိုင်သောကြောင့် နှလုံး သွေးကြော၊ သွေးတိုး၊ ဆီးချိုရောဂါတို့ကို ဆက်နွှယ် ဖြစ်ပွားစေနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းသည် ကမ္ဘာတစ်လွှားတွင် နှလုံးသွေးကြောရောဂါ ခြောက်ရာခိုင်နှုန်း၊ သွေးချိုဆီးချိုရောဂါ ခုနစ်ရာခိုင်နှုန်း၊ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ ၁၀ ရာခိုင်နှုန်းအထိ ဖြစ်ပွားနှုန်းမြင့်တက်စေနိုင်ပြီး အချိန်မတိုင်မီ သေဆုံးနှုန်းကို ကိုးရာခိုင်နှုန်းအထိ တိုးစေကြောင်း ၂၀၀၈ ခုနှစ် မှတ်တမ်းအရ သိရှိရပါသည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းသည် တစ်နှစ်လျှင် လူဦးရေ ၃ ဒသမ ၃ သန်းခန့် သေဆုံးစေသော ကျန်းမာရေးအန္တရာယ်ဖြစ်စေသည့် စတုတ္ထမြောက် ဦးဆောင်အကြောင်းအချက်ဖြစ်ကြောင်း ၂၀၀၄ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံတွင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပြုလုပ်မှု အတိုင်းအတာပမာဏနှင့်ပတ်သက်၍ ၂၀၁၄ ခုနှစ် သုတေသနပြုလုပ်ချက်များအရ လေ့လာသူဦးရေ၏ ၁၅ ဒသမ ၇ ရာခိုင်နှုန်း (အမျိုးသား ၁၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၁၈ ဒသမ ၈ ရာခိုင်နှုန်း) တို့သည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်မှုနည်းပါးကြောင်း တွေ့ရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် သေဆုံးသူအားလုံး ၏ ၆၈ ရာခိုင်နှုန်းသည် မကူးစက်နိုင်သောရောဂါ ကြောင့်ဖြစ်ပြီး ကိုယ်ခန္ဓာလှုပ်ရှားမှု နည်းပါးခြင်းသည် မကူးစက်နိုင်သောရောဂါဖြစ်စေနိုင်သော စတုတ္ထမြောက် ဦးဆောင်အကြောင်းအရာဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂ ခုနှစ် လေ့လာတွေ့ရှိချက်အရ ကမ္ဘာတစ်လွှားတွင် အရွယ်ရောက်ပြီး လူကြီး သုံးပုံတစ်ပုံခန့်နှင့် ပျိုဖော်ဝင်ချိန် လူငယ် ၈၁ ရာခိုင်နှုန်းသည် ကိုယ်ခန္ဓာလှုပ်ရှားမှုနည်းပါးသော စာရင်းဝင်နေကြောင်း တွေ့ရှိရပါသည်။

အထိုင်များသော လူနေမှုပုံစံ (Sedentary Lifestyle) ဆိုသည်မှာ အိပ်စက်မနေဘဲ နိုးနေချိန်တွင် ကိုယ်လက်လှုပ်ရှားမှုအတိုင်းအတာ နည်းပါးသော တီဗွီကြည့်ခြင်း၊ ကွန်ပျူတာဂိမ်းကစားခြင်း၊ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းအသုံးပြုချိန်များခြင်း၊ လဲလျောင်းအနားယူချိန်၊ ထိုင်နေချိန်များခြင်းတို့ ဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားနည်းပါးသည့် (Physical Inactivity) ဆိုသည်မှာ အတော်အသင့်ပြင်းထန်မှုရှိသော ကိုယ်ခန္ဓာလှုပ်ရှားမှုရက်သတ္တတစ်ပတ်လျှင် မိနစ် ၁၅၀ (သို့မဟုတ်) ပြင်းထန်သော ကိုယ်ခန္ဓာ လှုပ်ရှားမှုတစ်ပတ်လျှင် ၇၅ မိနစ်ပြည့်အောင် ဆောင်ရွက်ခြင်းမရှိသော နေထိုင်မှုမျိုးကို ဆိုလိုပါ သည်။

သို့ဆိုလျှင် ကျန်းမာရေးပြဿနာဖြစ်စေနိုင်သော ဤလူနေမှုပုံစံနှစ်မျိုးကို ရှောင်ကြဉ်ကြရမည် ဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ ကလေး၊ လူငယ်များတွင် ကျန်းမာသော ကိုယ်အလေးချိန်ရှိခြင်း၊ ပညာရည်စွမ်းဆောင်မှု ကောင်းခြင်း၊ မိမိကိုယ်မိမိတန်ဖိုးထားခြင်း (Self-esteem)၊ နှလုံးသွေးကြောရောဂါဖြစ်ပွားရန် အန္တရာယ်နည်းပါးခြင်း၊ အဝလွန်ရောဂါမဖြစ်ခြင်း၊ အရွယ်ရောက်ပြီး လူကြီးများတွင် ပုံမှန်ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ခြင်း၊ နေ့စဉ်ဆောင်ရွက်ဖွယ်များကို ကောင်းစွာလုပ်ဆောင်နိုင်ခြင်း၊ စိတ်ဖိစီးမှုကိုခံနိုင်ရည်ရှိခြင်း၊ စိတ်ကျရောဂါဖြစ်ပွားမှုလျော့နည်းခြင်း၊ မကူးစက်နိုင်သော ရောဂါများဖြစ်နိုင်သည့် အန္တရာယ်လျော့နည်းခြင်း၊ သက်ကြီးရွယ်အိုများတွင် ဘဝနေထိုင်မှုအဆင့်အတန်း (Quality of Life) ကို ကောင်းမွန်စေပြီး အမှီအခိုကင်းစွာနေထိုင်နိုင်ခြင်း၊ ကိုယ်ခန္ဓာခုခံအားကောင်းခြင်း၊ အရိုးပွမှုလျော့နည်းခြင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်း (Psychological Wellbeing)၊ ကိုယ်ခန္ဓာလှုပ်ရှားမှုနှင့် ဟန်ချက်ထိန်းသိမ်းနိုင်မှုကောင်းခြင်း၊ ရောဂါဖြစ်ပွားမှုကာကွယ်နိုင်ခြင်းတို့ ဖြစ်ပါသည်။

ခန္ဓာကိုယ်ဇီဝကမ္မစနစ်များအကျိုးရရှိသည်သာမက စိတ်ပိုင်းဆိုင်ရာကျန်းမာခြင်း၊ မှတ်ဉာဏ်လျော့နည်းလာခြင်းရောဂါ (Dementia) နှင့် စိတ်ဓာတ်ကျခြင်း (Depression) ဖြစ်ပွားမှုလျော့ကျစေသည့်အပြင် စိတ်ပူပန်မှု (Anxiety) နှင့် စိတ်ဖိစီးမှု (Stress) များလည်း လျော့နည်းစေနိုင်ပါသည်။

ကမ္ဘာ့ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး (Exercise is Medicine) အဖွဲ့အစည်း၏ သုတေသနပြုဖော်ပြချက်အရ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါဖြစ်စေနိုင်သည့် အန္တရာယ်အတိုင်းအတာပမာဏအားဖြင့် နှလုံးသွေးကြောရောဂါများကို ၄၀ ရာခိုင်နှုန်း၊ လေဖြတ် ခြင်းကို ၂၇ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာကို ၆၀ ရာခိုင်နှုန်း၊ ရင်သားကင်ဆာဖြစ်ခြင်းကို ၅၀ ရာခိုင်နှုန်း၊ တင်ပဆုံရိုးကျိုးခြင်းကို ၅၈ ရာခိုင်နှုန်းနှင့် အရွယ်မတိုင်မီသေဆုံးမှုကို ၄၀ ရာခိုင်နှုန်း လျော့ကျစေနိုင်သည့်အပြင် စိတ်ပိုင်းဆိုင်ရာမှတ်ဉာဏ် လျော့နည်းခြင်းရောဂါ (Deunertia) ၃၀ ရာခိုင်နှုန်း၊ စိတ်ကစဉ့်ကလျားရောဂါ ၄၀ ရာခိုင်နှုန်းနှင့် စိတ်ကျရောဂါ (Depression) ၃၀ ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း တင်ပြထားပါသည်။

ထို့အပြင် သုတေသနဖော်ထုတ်ချက်များအရ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ရောဂါ ၂၆ မျိုးကုသမှုတွင် အကျိုးရှိအသုံးပြုနိုင် ကြောင်း တင်ပြထားပါသည်။ ထိုရောဂါများမှာ (၁) စိတ်ရောဂါများ (စိတ်ကျခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်း)၊ (၂) အာရုံကြော‌ရောဂါများ (မှတ်ဉာဏ်လျော့နည်းခြင်း၊ ပါကင်စင်ရောဂါ (Parkinson's Disease)၊ (၃) ဇီဝဓာတုဖြစ်စဉ် ပြောင်းလဲခြင်းရောဂါများ (အဝလွန်ခြင်း၊ သွေးတွင်း အဆီများခြင်း၊ သွေးချိုဆီးချိုရောဂါ)၊ (၄) နှလုံး သွေးကြောရောဂါများ (သွေးတိုး၊ နှလုံးရောဂါ)၊ (၅) အဆုတ်နှင့်သက်ဆိုင်သောရောဂါများ (ပန်းနာ ရင်ကျပ်)၊ (၆) အရိုးအကြောအဆစ်ရောဂါများ (အရိုးပွ၊ သွေးလေးဖက်နာရောဂါ၊ ခါးနာရောဂါ၊ အဆစ်ရောင်ရောဂါ)နှင့် (၇) ကင်ဆာရောဂါများ (အူမကြီးကင်ဆာ၊ ရင်သားကင်ဆာစသည်) ဖြစ်ပါ သည်။

ကိုယ်လက်လှုပ်ရှားမှု (Physical Activity) ဆိုသည်မှာ ကိုယ်ခန္ဓာကြွက်သားများမှ နားနေစဉ် အခြေအနေထက် စွမ်းအင်ပိုမိုသုံးစွဲ၍ ပြုလုပ်ရသော ကိုယ်ခန္ဓာလှုပ်ရှားမှုများကို ခေါ်ပါသည်။ ယင်းတို့ မှာ နေ့စဉ်လုပ်နေကျ ထိုင်၊ ထ၊ လမ်းလျှောက်၊ ကိုယ်ခန္ဓာသန့်စင်၊ ရေချိုးစသည့်လှုပ်ရှားမှု (Daily Activity)၊ တစ်နေရာမှ တစ်နေရာသို့ သွားလာခြင်း (Transportation Activities)၊ အသက်မွေးဝမ်းကျောင်းအလိုက် လုပ်ကိုင်ရသောလှုပ်ရှားမှု (Occupational Activities)၊ အားလပ်/ နားနေစဉ် ပြုလုပ်သော လှုပ်ရှားမှု (Leisure Time Activities) တို့ပါဝင်ပါသည်။

သီးသန့်အမည်ပေးထားသော ကိုယ်ခန္ဓာလှုပ်ရှားမှုနှစ်မျိုးရှိပါသည်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း (Exercise) နှင့် အားကစားလေ့ကျင့် ပြုလုပ်ခြင်း (Sports)တို့ ဖြစ်ပါသည်။

အားကစားလှုပ်ရှားမှုဆိုသည်မှာ အားကစားအမျိုးအစားအလိုက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ရပြီး ယှဉ်ပြိုင်အနိုင်ရရှိရေး ဦးတည်ဆောင်ရွက်သော ကိုယ်လက် လှုပ်ရှားမှုဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ရမည့် လှုပ်ရှားမှုအမျိုးအစား (Type)၊ ပြင်းထန်မှု (Intensity)၊ အချိန် (Time/Duration)၊ အကြိမ် (Frequency) တို့ကို စနစ်တကျ စီစဉ်ရေးဆွဲထားပြီး ယင်းအစီအစဉ်အတိုင်း စနစ်တကျ ပုံမှန်ရေရှည်ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုချင်းတူသော်လည်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းနှင့် အသက်မွေးဝမ်းကျောင်းအလိုက် လုပ်ကိုင်ရသောလှုပ်ရှားမှု (Occupational Activities) တို့သည် ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းမှုတွင် ကွာခြားပါသည်။ ကိုယ်လက်လှုပ်ရှားမှုမှ ကျန်းမာ ရေးအတွက် အကျိုးရရှိမှုသည် ပြုလုပ်သော ကိုယ်လက်လှုပ်ရှားမှုအမျိုးအစား (Type)၊ ပြင်းထန် မှု (Intensity)၊ အချိန်နှင့် အကြိမ်တို့ပေါ် မူတည် ပါသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းသည် ကျန်းမာကြံ့ခိုင်ရေးအတွက် ဦးတည်၍ ဖော်ပြပါအချက်များကို သုတေသနတွေ့ရှိချက်များအရ လိုအပ်သော ပြင်းထန်မှု၊ အချိန်၊ အကြိမ်တို့ဖြင့် စနစ်တကျစီမံထားပြီး ကိုယ်ခန္ဓာလှုပ်ရှားမှု အမျိုးအစားတွင်လည်း သက်သောင့်သက်သာ ထိန်းချုပ်ထားမှုမရှိ လှုပ်ရှားရသောအနေအထားဖြင့် ဆောင်ရွက်နိုင်ပါသည်။ စိတ်လက်ပေါ့ပါးစွာဖြင့် သင့်တင့်လျောက်ပတ်သော အဝတ်အစား၊ အသုံးအဆောင်များ အသုံးပြုပြီး ပတ်ဝန်းကျင်ကောင်းမွန် သောနေရာဒေသတွင် ဆောင်ရွက်နိုင်ပါသည်။

အသက်မွေးဝမ်းကျောင်းအလိုက် လုပ်ဆောင်ရသော ကိုယ်လက်လှုပ်ရှားမှု (Occupational Activities) မျိုးတွင် အသက်မွေးဝမ်းကျောင်း အမျိုးအစားအရ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ရသည်ဖြစ်ရာ ပြင်းထန်မှု၊ အချိန်၊ အကြိမ်တို့တွင် လုပ်ငန်းအလိုက် အမျိုးမျိုးကွဲပြားနေပြီး လုပ်ဆောင်ရာတွင် ထိန်းချုပ်လှုပ်ရှားရသော အနေအထားများဖြင့် ဆောင်ရွက်ရသည့်အပြင် သင့်လျော်သော အဝတ်အစား၊ အသုံးအဆောင်များ အသုံးပြုနိုင်မှုနည်းပြီး ပတ်ဝန်းကျင်အနေအထားမရွေးနိုင်ခြင်း၊ စိတ်ဖိစီးမှု များရှိတတ်ခြင်းတို့ရှိပါသည်။ သို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းက အကျိုးဖြစ်ထွန်းမှုပိုမိုရရှိ နိုင်ခြင်းဖြစ်ပါသည်။

အားကစားပြုလုပ်ခြင်းတွင် အားကစားလှုပ်ရှားမှုသည် ယှဉ်ပြိုင်မှုပါဝင်တတ်ပြီး အနိုင်ရ လိုမှုကို ဦးတည်လေ့ကျင့်ဆောင်ရွက်ရသဖြင့် မိမိစွမ်းအားရှိသလောက် ကိုယ်လက်လှုပ်ရှားမှုကို ပြင်းထန်စွာ ပြုလုပ်လေ့ကျင့်ရပြီး အားကစားအမျိုးအစားအလိုက် ကန့်သတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း လှုပ်ရှားရပါသည်။ ကျွမ်းကျင်မှုလည်း လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားအားကစားတွင် မူလကတည်းက ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက် ထားသဖြင့် ပြင်းထန်မှုလျော့နည်းပြီး ကျွမ်းကျင်မှု၊ ယှဉ်ပြိုင်မှုတို့မလိုအပ်ဘဲ စည်းမျဉ်းစည်းကမ်း ကန့်သတ်မှုမရှိ ပျော်ရွှင်စွာ ဆောင်ရွက်နိုင်ပါသည်။

သို့အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းသည် ရောဂါကာကွယ်ခြင်း၊ ကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ခြင်းလုပ်ငန်းများတွင် ဆေးဝါးမလို အကုန်အကျသက်သာပြီး မိမိကိုယ်တိုင်ဆောင်ရွက်နိုင်သောကြောင့် “ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” (Exercise is Medicine) ဟု အမည်တွင်လာပါသည်။

ဆေးဝါး(Medicine) ကို ရောဂါကုသရာတွင် အသုံးပြုပါက ရောဂါတစ်ခုအတွက် သင့်လျော်သော အမျိုးအစား (Type)၊ ပေးရမည့်ဆေးပမာဏ (dose)၊ အချိန် (Duration)၊ အကြိမ် (Frequency)မှန်ကန်ရန်နှင့် ဘေးထွက်ဆိုးကျိုးတို့ ထည့်သွင်းစဉ်းစားရသကဲ့သို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၏ အကျိုးကျေးဇူး အပြည့်အဝရရှိပြီး ဆေးဝါးကဲ့သို့ အသုံးဝင်ရန် ကိုယ်လက်လှုပ်ရှားမှုအမျိုးအစား (Type)၊ ပြင်းထန်မှု (Intensity)၊ အချိန် (Duration)၊ အကြိမ် (Frequency)တို့ကို စနစ်တကျ စီမံထားရမည့်အပြင် ဆိုးကျိုးမဖြစ်ရန်လည်း ကြိုတင်စီစဉ်ရပါသည်။

ကျန်းမာရေးအတွက် အကျိုးရှိစေမည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လေးမျိုးရှိပါသည်။ (၁) သက်လုံကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်း၊ (၂) ကြွက်သားအင်အားသန်မာမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်း၊ (၄) ခန္ဓာကိုယ်ပျော့ပျောင်းမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းတို့ဖြစ်ပါသည်။

သက်လုံကောင်းမှုနှင့် သက်ဆိုင်သောလေ့ကျင့်ခန်းသည် ကိုယ်ခန္ဓာရှိ ကြွက်သားအများစု ပါဝင်ပြီး အချိန်ကြာကြာဆောင်ရွက်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ နှလုံးသွေးကြောအဖွဲ့နှင့် အသက်ရှူလုပ်ငန်းအဖွဲ့၏ ကျန်းမာရေးကို အဓိကအထောက်အကူပြုပါသည်။ သက်လုံကောင်းလာ ခြင်းဖြင့် မိမိလုပ်လိုသော အလုပ်များကို ပိုမိုလုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် နာတာရှည်ရောဂါများ ကိုလည်းမဖြစ်ပွားအောင် ကာကွယ်နိုင်ပါသည်။

သက်လုံကောင်းမှုနှင့်သက်ဆိုင်သော လေ့ကျင့်ခန်းများမှာ ပြင်ပထွက်၍ လမ်းလျှောက်ခြင်း၊ လမ်းလျှောက်စက်နှင့် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်း၊ တာဝေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ အာဂို မီတာစက်ဘီးနင်းခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘောကစား ခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း၊ ခြင်းလုံးခတ်ကစားခြင်း၊ အေရိုးဗစ်ကစားခြင်း၊ ခြေလျင်တောင်တက်ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ ဖော်ပြပါ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများအနက်မှ မိမိနှစ်သက်ရာ၊ ဝါသနာပါရာ အမျိုးအစား တစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ပါသည်။

ကြွက်သားအင်အားသန်မာမှုနှင့် သက်ဆိုင်သော လေ့ကျင့်ခန်းမှာ အလေးတုံး၊ အလေးမစက်များ အသုံးပြု၍ အလေးမခြင်း၊ စပရိန်များ၊ မျှော့ကြိုးများ အသုံးပြုသော လေ့ကျင့်ခြင်းများ၊ မိမိကိုယ်ခန္ဓာအလေးချိန်ကို အသုံးပြုသော လေ့ကျင့်ခန်းများမှာ ဒိုက်ထိုးခြင်း၊ ဘားတန်းခိုခြင်း၊ ထိုင်ထပြုလုပ်ခြင်း တို့ပါဝင်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)