အိတ်စပေါ့ သို့မဟုတ် ဒိုင်း (Export or Die)
စောနိုင်(အသုံးချဘောဂဗေဒ)
(၁)
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် ပို့ကုန်ကဏ္ဍ အရေးပါပုံကို ဖော်ပြထားသည့် Export or Die ဟု ခေါင်းစဉ်တပ်ထားသော ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ ထိုခေါင်းစဉ်ကို တိုက်ရိုက်ပြန်ဆိုရလျှင် “ပို့ကုန်တင်ပို့ပါ ဒါမှမဟုတ် သေလိုက်ပါ” ဟု အဓိပ္ပာယ်ထွက်လာသည်။ ဆိုလိုသည်မှာ နိုင်ငံတစ်နိုင်ငံအနေဖြင့် ပို့ကုန်တင်ပို့မှုပြုလုပ်ပါ၊ မပြုလုပ်နိုင်ပါက ဒုက္ခအကြီးအကျယ်တွေ့လိမ့်မည်ဟု ရည်ညွှန်းထားခြင်းဖြစ်သည်။
နိုင်ငံတစ်နိုင်ငံအနေဖြင့် ပြည်တွင်း၌ ထုတ်လုပ်မှုများ ပိုမိုပြုလုပ်၍ထုတ်ကုန်များကို နိုင်ငံရပ်ခြားသို့ တင်ပို့နိုင်အောင် ကြိုးစားရန် လိုအပ်သည်။ ထိုသို့မကြိုးစားနိုင်ခဲ့ပါက နိုင်ငံ၏စီးပွားရေးအတွက် အခက်အခဲများရှိလာမည်၊ ရေရှည်၌ နိုင်ငံတကာဝန်းကျင်တွင် ရပ်တည်နိုင်စွမ်းရှိတော့ မည်မဟုတ်ဟု သဘောပေါက်ရသည်။ “ပို့ကုန်တင်ပို့ခြင်း” နှင့် “သေဆုံးခြင်း” အခြေအနေနှစ်ရပ်တွင် ပထမအခြေအနေကို လုပ်နိုင်ရန်လိုသည်၊ မလုပ်နိုင်ပါက ဒုတိယအခြေအနေနှင့် ကြုံတွေ့ရမည့်သဘောဖြစ်သည်။ ထုတ်လုပ်နိုင်စွမ်းမရှိ၊ ပို့ကုန်တင်ပို့နိုင်စွမ်း မရှိ၊ နိုင်ငံခြားဝင်ငွေမရရှိ၍ နိုင်ငံ့စီးပွားရေး လှုပ်ရှားစွမ်းဆောင်နိုင်မှုအားနည်းသွားမည်။ ထိုသို့သော နိုင်ငံ့စီးပွားရေး တဖြည်းဖြည်းအားနည်းကာ ရပ်တန့်လာနိုင်သောအခြေအနေကို “သေဆုံးသွားသည့်အခြေအနေ”နှင့် နှိုင်းယှဉ်ပြောဆိုထားခြင်း ဖြစ်သည်။
(၂)
ပို့ကုန်ဟု ပြောလိုက်သည်နှင့် နိုင်ငံတစ်နိုင်ငံ၏နယ်နိမိတ်အလွန်တွင်ရှိသော နိုင်ငံတကာဈေးကွက်များကို ပြေးမြင်မိလိမ့်မည်။ ဘောဂဗေဒဘာသာရပ်တွင် နိုင်ငံတကာကုန်သွယ်ရေး သို့မဟုတ် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေး (International Trade) ဟုခေါ်သည်။ တစ်နည်းဆိုသော် နိုင်ငံတကာဈေးကွက်ထဲတွင် ရောင်းချခြင်း၊ ဝယ်ယူခြင်းတို့ ပြုလုပ်ခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနှင့် ကုန်သွယ်မှုပြုနိုင်မှ မိမိနိုင်ငံထွက်ကုန်များကို ရောင်းချနိုင်မည်။ နိုင်ငံခြားဝင်ငွေရလာနိုင်မည်။ ထိုဝင်ငွေဖြင့် မိမိနိုင်ငံက လိုအပ်သော ကုန်ပစ္စည်းများကိုလည်း ဝယ်ယူတင်သွင်းနိုင်မည်။ တစ်ကမ္ဘာလုံး အဆက်အစပ် အားကောင်းနေပြီဖြစ်သော ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ထဲတွင် နိုင်ငံတကာဈေးကွက်များနှင့် ချိတ်ဆက်ရေး၊ နိုင်ငံတကာကုန်သွယ်ရေးနယ်ပယ်တွင် ကျွမ်းကျင်စွာ ဆက်စပ်ပတ်သက်လုပ်ဆောင် နိုင်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအတွက် လွန်စွာအရေးကြီးသည့်ကိစ္စ ဖြစ်လာသည်။
(၃)
စဉ်းစားစရာများစွာရှိသည်။ နိုင်ငံတကာကုန်သွယ်ရေးတွင် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုအပိုင်း နှစ်ပိုင်းရှိနေသော်လည်း ပို့ကုန်တင်ပို့နိုင်မှုသည် အဓိကကျသည်။ ပို့ကုန်တင်ပို့နိုင်ရန်အတွက် နိုင်ငံတွင် အားကောင်းသော ထုတ်လုပ်မှုကဏ္ဍ ရှိနေရမည်။ နိုင်ငံအများစုတွင် ဈေးကွက်စီးပွားရေးစနစ် ပိုမိုကျင့်သုံးလာနေသော ယနေ့အချိန်ကာလ၌ နိုင်ငံ၏ကုန်သွယ်မှုကဏ္ဍ အားကောင်းလာစေရန် အစိုးရတစ်ဖွဲ့တည်းနှင့် အလုပ်မဖြစ်။ ပုဂ္ဂလိကကဏ္ဍ၏ စွမ်းဆောင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ထို့ကြောင့် နိုင်ငံအစိုးရများအနေဖြင့် နိုင်ငံတွင်းရှိ ပုဂ္ဂလိကကဏ္ဍလုပ်ငန်းရှင်များကို စီးပွားရေးမိတ်ဖက်အဖြစ် သဘောထားလုပ်ဆောင်လျက်ရှိကြသည်။
အစိုးရအနေဖြင့် မူဝါဒပိုင်းဆိုင်ရာဖြည့်ဆည်းမှုအပါအဝင် အခြားသော ပံ့ပိုးထောက်ကူမှုများအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ရှိနေသကဲ့သို့ ပုဂ္ဂလိကကဏ္ဍရှိ လုပ်ငန်းရှင်များသည်လည်း ထုတ်လုပ်မှုဆိုင်ရာ အရည်အသွေး၊ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်း၊ စဉ်ဆက်မပြတ် တီထွင်မှုစွမ်းရည်၊ နိုင်ငံတကာဈေးကွက်အခြေအနေ လေ့လာနိုင်စွမ်းနှင့် သုတေသနပိုင်းဆိုင်ရာတို့တွင် အရေးပါသည့် ပလေယာ (player) များဖြစ်နေသည်။ ပြည်တွင်း၌ အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအကြား ဟန်ချက်ညီသော ပူးပေါင်းဆောင်ရွက်မှုရှိနေရမည်။ နိုင်ငံတကာနယ်ပယ်၌လည်း အစိုးရသည် အခြားသောနိုင်ငံများနှင့် သဟဇာတဖြစ်စွာ ဆက်ဆံနိုင်စွမ်း ရှိနေရမည်။
(၄)
ပို့ကုန်ကဏ္ဍမြှင့်တင်ခြင်းသည် နိုင်ငံအဆင့် ဈေးရောင်းခြင်းကို ဦးစားပေးလုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့ရောင်းချရာတွင် မိမိတို့နိုင်ငံ၏ ရေရှည်အကျိုးစီးပွား ဖြစ်ထွန်းစေသော၊ အနာဂတ်မျိုးဆက်များ၏အကျိုးစီးပွားကို မထိခိုက်နိုင်သော ကုန်ပစ္စည်းများ၊ဝန်ဆောင်မှုများ ရောင်းချခြင်းသာဖြစ်သင့်သည်။ သဘာဝသယံဇာတများ တူးဖော်ထုတ်လုပ်ရောင်းချခြင်း၊ ကုန်ကြမ်းပစ္စည်းများသာ ရောင်းချခြင်းတို့သည် အနာဂတ်မျိုးဆက်များ၏ အကျိုးစီးပွားကို ထိခိုက်စေသော၊ နိုင်ငံ၏ရေရှည် အကျိုးစီးပွားကို မဖော်ဆောင်နိုင်သော ပို့ကုန်ပစ္စည်းများသာဖြစ်သည်။
ကိုဗစ်ကပ်ရောဂါအလွန်ကာလ ယနေ့အချိန်တွင် တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းနေသည့်အခြေအနေဆိုးထဲမှ ရုန်းထွက်နေသည့်အချိန်ဖြစ်သည်။ နိုင်ငံများအားလုံး စီးပွားရေးကျဆင်းမှု ဝဲဂယက်ထဲ ပါမသွားစေရေးအတွက် အစွမ်းကုန်အားထုတ်နေကြရသည်။ နိုင်ငံ့စီးပွားရေး ပြန်လည်နာလန်ထူနိုင်ရေးအတွက် နိုင်ငံတကာထက် ပြည်တွင်းအခြေအနေကို ပိုမိုအာရုံစိုက်လုပ်ဆောင်နေကြရသည်။ သို့သော် နိုင်ငံများအကြားကူးလူးဆက်သွယ်မှုမှာ ယခင်ကာလများကဲ့သို့မဟုတ်ပေ။
သတင်းနှင့် ဆက်သွယ်ရေးနည်းပညာအပါအဝင် အဆင့်မြင့်တီထွင်မှုများကြောင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံများကြား အပြန်အလှန် ကူးသန်းသွားလာ၊ ရောင်းဝယ်ဖောက်ကားမှုမှာ ပိုမိုများပြားလျက်ရှိနေသဖြင့် နိုင်ငံတစ်နိုင်ငံချင်း၏ စီးပွားရေးအရ ရပ်တည်မှုကို လေ့လာကြည့်ပါက နိုင်ငံတကာ စီးပွား ရေးဝန်းကျင်၊ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကင်းလွတ်၍ မရသည့်အခြေအနေတွင် ရှိသည်။ ထို့ကြောင့် နိုင်ငံများသည် ပြည်တွင်းစီးပွားရေးအခြေအနေကို အာရုံစိုက်နေရသည့်တိုင် နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေများနှင့် အဆက်ပြတ်၍မရသည့် အခြေအနေမျိုး ဖြစ်နေသည်။
(၅)
ပြည်တွင်းကုန်ထုတ်လုပ်မှုတွင်လည်း နည်းပညာ၊ သွင်းအားစုကုန်ကြမ်း၊ စက်ကိရိယာစသဖြင့် လိုအပ်သောအရာများစွာအတွက် သွင်းကုန်အပေါ်တွင်သာ မှီခိုအားထားနေရသည်။ သွင်းကုန်ဝယ်ယူနိုင်ရေးအတွက် ပို့ကုန်ဒေါ်လာငွေအပေါ် များစွာမှီခိုနေရသော ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ပြည်တွင်းဖူလုံရေး၊ ပြည်တွင်းစီးပွားရေးကိုသာ အာရုံထား၍မရပေ။ (နိုင်ငံတကာဈေးကွက်များထဲ၌ ပို့ကုန်ဝယ်လိုအားကျဆင်း၍ ကုန်သွယ်ရေးအခြေအနေဆိုးရွားနေသည့်တိုင်) တည်ရှိနေပြီးသား ဈေးကွက်ဝေစုများ၊ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံများနှင့် အဆက်မပြတ်ရှိနေရန် လိုအပ်သည်။
ပြည်တွင်းစားသုံးမှုကိုဦးတည်၍ ထုတ်လုပ်မှုကဏ္ဍကို တွန်းအားပေးလုပ်ဆောင်နေချိန်နှင့်တစ်ပြိုင်တည်းမှာပင် ပို့ကုန်ကဏ္ဍအတွက်လည်း အလေးထားအားထုတ်နေရန်လိုသည်။ ချမ်းသာကြွယ်ဝသည့် ဖွံ့ဖြိုးပြီးနိုင်ငံများပင်လျှင် ပြည်တွင်းစားသုံးမှုအတွက်သာမက ပို့ကုန်ဈေးကွက် ဝေစုတိုးချဲ့နိုင်ရေးအတွက်ပါ ထုတ်လုပ်မှုများမြှင့်တင်ရန် ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်ကို သတင်းများတွင် ဖတ်ရှုနေရသည်။ လက်ရှိကမ္ဘာ့နိုင်ငံများအားလုံးသည် မမျှော်မှန်းနိုင်သော နိုင်ငံတကာအခြေအနေအရပ်ရပ်ကိုရင်ဆိုင်နေကြရပြီး ပြည်တွင်းအခြေအနေများနှင့်ပတ်သက်၍လည်း ကိုယ့်အထွာ နှင့်ကိုယ် အခက်အခဲများနှင့် ရုန်းကန်နေကြရပေ သည်။
(၆)
မည်သို့ပင်ရှိနေစေကာမူ “အိတ်စပေါ့ (Export) နှင့် ဒိုင်း (Die)” ဟူသော ရွေးချယ်မှု နှစ်ရပ်ထဲက အိတ်စပေါ့ (ပို့ကုန်တင်ပို့မှု) ဆိုသည်ကို ရွေးချယ်လုပ်ဆောင်ရမည်၊ မလုပ်ဆောင်နိုင်ပါက ဒုက္ခရောက်မည်ဟု ဖော်ညွှန်းထားခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရေးအတွက် ကုန်သွယ်ရေးကဏ္ဍကို ဆက်လက်အလေးထားလုပ်ဆောင်ရန် လိုအပ်နေသည်ကို ဆက်လက်မီးမောင်းထိုးပြထားခြင်း ဖြစ်သည်။
လွန်ခဲ့သော ၁၆ ရာစု၊ ၁၇ ရာစုများကတည်းက ကမ္ဘာ့နိုင်ငံများသည် မာကန်တဲလစ်ဇင် (Mercantilism) ဟုခေါ်သည့် ကုန်သည်ဝါဒဖြင့် နိုင်ငံချမ်းသာကြွယ်ဝရေးအတွက် လုပ်ဆောင်ခဲ့ကြဖူး၏။ ကမ္ဘာ့စီးပွားရေးသမိုင်းတစ်လျှောက် စီးပွားရေးဖွံ့ဖြိုးမှုအယူအဆများ၊ နည်းလမ်းများတွင် ကုန်သွယ်ရေးသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် ဆက်စပ်ပတ်သက်မှုရှိခဲ့၏။ စုဆောင်းမှု၏ အခန်း ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုများ၏ အခန်းကဏ္ဍတို့ကိုအသုံးပြု၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများကို လုပ်ဆောင်ရာတွင်လည်း ကုန်သွယ်ရေးကဏ္ဍကို ထည့်သွင်းစဉ်းစားခဲ့ကြသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးကာလများ၌ ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ သွင်းကုန်အစားထိုးပေါ်လစီများဖြင့် စက်မှုနိုင်ငံတည်ဆောက်ရေးတွင် အခက်အခဲများ ကြုံတွေ့ခဲ့ပြီး နောက်ပိုင်းတွင်လည်း ပို့ကုန်ဦးစားပေးပေါ်လစီကို ပြန်လည်အာရုံစိုက်လာခဲ့ကြသည်။ ၁၉၆၀၊ ၁၉၇၀ ပြည့်နှစ်ကာလများက အရှေ့တောင်အာရှနိုင်ငံများ၏ အတွေ့အကြုံများတွင်လည်း အပြင်ကြည့်ပေါ်လစီ (Outward Looking Policy) ခေါ် ပို့ကုန်ဦးစားပေးပေါ်လစီသည် အထူးရေပန်းစားလာသည်ကို တွေ့ခဲ့ရ၏။
မြန်မာ့စီးပွားရေး အဆောက်အအုံသည်လည်း ပို့ကုန်အလေးထားပေါ်လစီ (Export-Oriented policy) နှင့် မစိမ်းပေ။ မြန်မာ့စီးပွားရေးပညာရှင်များ၊ သုတေသီများသည် အခြားအာရှနိုင်ငံများကို လေ့လာ၍ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပို့ကုန်ကဏ္ဍ အလေးထားလုပ်ဆောင်ရန် အကြိမ်ကြိမ်အခါခါ အကြုံပြုခဲ့ကြသည်။ အလေးထားထောက်ပြမှုများတွင် ကမ္ဘာသိမြန်မာ့စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာလှမြင့်ပြုစုခဲ့သော Southeast Asia’s Economy: Development Policies in the 1970s စာအုပ်က ထူးထူးခြားခြား သက်သေပြနေပေသည်။ ပါမောက္ခရော်နယ်ဖင်လေးက ၎င်း၏စာတမ်းများတွင် အကြံပြုဆော်ဩခဲ့ဖူးသည်။ ထို့ကြောင့် မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခြေရာကောက် လေ့လာသည့်အခါတွင် ပို့ကုန်ကဏ္ဍနှင့်ပတ်သက်၍ အလေးထားပြောကြားခဲ့ဖူးသော ကမ္ဘာသိမြန်မာ့ စီးပွားရေးပညာရှင် ဆရာကြီး ဒေါက်တာလှမြင့်၊ ဒေါက်တာရော်နယ်ဖင်လေးတို့ကို သတိတရရှိနေကြ လိမ့်မည်။
ဆရာကြီးတို့၏ရေးသားမှုများ၊ ဟောပြောမှုများကို ဖတ်ရှုရသည့်အခါတိုင်း ဂုဏ်ယူစိတ်ဖြစ်ရသကဲ့သို့ အားနည်းချည့်နဲ့သွားသည့် မြန်မာ့စီးပွားရေးအဆောက်အအုံအတွက် စိတ်မကောင်းဖြစ်ရ၏။ ဆရာကြီးတို့၏ အိုင်ဒီယာအယူအဆများကို ကမ္ဘာကအသိအမှတ်ပြု၏။ လက်တွေ့ကျင့်သုံး လိုက်နာခဲ့ကြသည့် နိုင်ငံများလည်းရှိခဲ့၏။ ထိုအချိန်ကာလ မြန်မာနိုင်ငံ အစိုးရများကမူ လိုက်နာကျင့်သုံးနိုင်ခြင်းမရှိခဲ့ပေ။ ၁၉၆၀ ပြည့်နှစ်များက ဖွံ့ဖြိုး တိုးတက်မှုအားဖြင့် မြန်မာနိုင်ငံ၏အနောက် ခပ်လှမ်းလှမ်းတွင်ရှိခဲ့ကြသော မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းကဲ့သို့ အရှေ့တောင်အာရှနိုင်ငံအချို့သည် မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်ကြီးများ၏ အတွေးအခေါ်၊ အယူအဆတို့ကို လက်တွေ့ကျင့်သုံး၍ ၎င်းတို့နိုင်ငံစီးပွားရေးအတွက် အားထုတ်ခဲ့ကြကြောင်း သုတေသီတို့က သုံးသပ်ခဲ့ကြသည်။
(၇)
အတိတ်ကာလကရှိခဲ့သော မြန်မာ့စီးပွားရေးအခြေအနေကောင်းများကို ပြန်ပြောင်းသတိရသကဲ့သို့ မြန်မာနိုင်ငံသား စီးပွားရေးပညာရှင်ကြီးများ၊ နိုင်ငံတကာမှ စီးပွားရေးပညာရှင်များ၏ ကုန်သွယ်ရေးနှင့်ပတ်သက်သည့် အကြံပေးမှာကြားချက်များကိုလည်း လက်တွေ့ကျကျလိုက်နာ လုပ်ဆောင်ရန် လိုအပ်နေဆဲဖြစ်သည်ကို သတိပြုမိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံတို့အနေဖြင့် ပြည်တွင်းစားသုံး မှုကိုဦးတည်၍ ထုတ်လုပ်မှုကဏ္ဍကို အာရုံစိုက်ရင်း နိုင်ငံတကာတင်ပို့မည့် ကုန်စည်အရည်အသွေး၊ နိုင်ငံတကာဈေးကွက်ပေါက်ဈေးများနှင့် ကွာဟမှုမရှိသည့်ဈေးနှုန်းအဆင့်စသည့်အခြေအနေအရပ်ရပ်ကိုလေ့လာ၍ ပြည်တွင်းထုတ်လုပ်မှုကဏ္ဍကို ဇောင်းပေးလုပ်ဆောင်ရန်အချိန်တန်ပြီဟု ဆိုချင်ပါသည်။
(၈)
တစ်ဖက်တွင် ဒေသဆိုင်ရာ လွတ်လပ်သောကုန်သွယ်ရေးအုပ်စုများ ပေါ်ထွန်းလာနေသကဲ့သို့ အခြားတစ်ဖက်၌ ကုန်သွယ်ရေးပဋိပက္ခများကလည်း မကြာခဏဖြစ်ပေါ်လာနေသည်။ ကုန်သွယ်ရေးစစ်ပွဲဖြစ်နိုင်ခြေ အလားအလာများလည်း ရှိနေသည်။ သို့သော် နိုင်ငံများ ဈေးရောင်းခြင်းဟုဆိုရမည့် ကုန်သွယ်မှုအခန်းကဏ္ဍသည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင် ယခင်ကာလများကထက်ပို၍ အခန်းကဏ္ဍကြီးမားလာနေသည်မှာ လက်တွေ့ကမ္ဘာ့အခြေအနေများက သရုပ်ဖော်ပြနေတော့သည်။
(၉)
ယနေ့နိုင်ငံတကာအခြေအနေများကို လေ့လာကြည့်ရာတွင် ကုန်သွယ်ရေးအစီအစဉ် အမျိုးမျိုးအောက်၌ နိုင်ငံများသည် ကိုယ်ကျိုးစီးပွားအတွက် နည်းလမ်းအမျိုးမျိုးဖြင့် အားထုတ်နေကြသည်ကို တွေ့ရ၏။ ထုတ်လုပ်မှုစွမ်းရည်မြှင့်တင်နေကြ၏။ ပို့ကုန်ပမာဏအားကောင်းရေး၊ ဈေးကွက်ဝေစု တိုးချဲ့နိုင်ရေး မပြတ်အားထုတ်နေကြ၏။ အဘယ်ကြောင့်ဆိုရသော် စီးပွားရေးအကျပ်အတည်း၊ အခက်အခဲများ အစီအရီရှိနေသည့် ယနေ့ကာလ၌ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးသည် ပို့ကုန်တင်ပို့နိုင်ခြင်းမရှိပါက ကမ္ဘာ့စီးပွားရေးနယ်ပယ်၌ ရှင်သန်ရပ်တည်နိုင်စွမ်းမရှိ ခက်ခဲကျပ်တည်းမှုကို အကြီးအကျယ် ရင်ဆိုင်လာရဖွယ်ရှိသောကြောင့် ဖြစ်ပေသတည်း။ ။
(စာကြွင်း။ ဝန်ဆောင်မှုကဏ္ဍပိုမိုကြီးထွားလာနေသော ၂၁ ရာစုအချိန်၊ ယနေ့ကာလ၌ ပို့ကုန်ဆိုရာတွင် ကုန်စည်တင်ပို့မှုသာမက၊ ဝန်ဆောင်မှုတင်ပို့မှုကိုပါ ရည်ညွှန်းပါသည်)