Skip to main content

နိုင်ငံ၏အင်အား၊ အနာဂတ်များ

ဇော်လင်း

“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အခြေခံအုတ်မြစ်ဟာ ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပဲဖြစ်တယ်။ နိုင်ငံတော်အနေနဲ့လည်း အသိပညာ၊ အတတ်ပညာပြည့်စုံတဲ့ ပညာတတ်တွေနဲ့ သာယာဝပြောတဲ့ အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့ ဦးတည်ဆောင်ရွက်နေပြီး အရည်အသွေးပြည့်ဝတဲ့ ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်။ အသိဉာဏ်ပညာပြည့်စုံပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ ကျောင်းသား ကျောင်းသူ လူငယ်တွေဟာ နိုင်ငံရဲ့အင်အား၊ နိုင်ငံရဲ့အနာဂတ်များပဲဖြစ်တယ်။”

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၊ ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံရာတွင် မြွက်ကြားသည့် ဩဝါဒအမှာစကားမှ ကောက်နုတ်ချက်ဖြစ်သည်။

နိုင်ငံ၏ အင်အား၊ အနာဂတ်များ

အဆိုပါ “နိုင်ငံ၏အင်အား၊ အနာဂတ်များ” သည်ကား ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) မှ ငါးနှစ်ကြာ လေ့ကျင့်ပျိုးထောင်ပေးလိုက်သော နယ်စပ်ဒေသ အသီးသီးမှ ပြည်ထောင်စုတိုင်းရင်းသားလူငယ်မောင်မယ် ၂၀၇ ဦးပင်ဖြစ်သည်။ ဤတိုင်းရင်းသား လူငယ်မောင်မယ်များတွင် ကချင်တိုင်းရင်းသား တိုင်းရင်းသူ ကိုးဦး၊ ကယားတိုင်းရင်းသား တိုင်းရင်းသူ လေးဦး၊ ကရင်တိုင်းရင်းသား တိုင်းရင်းသူ ၁၉ ဦး၊ ချင်းတိုင်းရင်းသား တိုင်းရင်းသူ ၂၁ ဦး၊ ဗမာ တိုင်းရင်းသား တိုင်းရင်းသူ ၇၀၊ မွန်တိုင်းရင်းသား တိုင်းရင်းသူ ကိုးဦး၊ ရခိုင် တိုင်းရင်းသား တိုင်းရင်းသူ ၃၄ ဦး၊ ရှမ်းတိုင်းရင်းသား တိုင်းရင်းသူ ၄၁ ဦး ပါဝင်ပါသည်။

မိမိတို့နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်သော နိုင်ငံဖြစ်သည်။ “မြန်မာ”ဟူသော ဝေါဟာရသည် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကျန်တိုင်းရင်းသားမျိုးနွယ်စုအားလုံးကို ပေါင်းရုံး၍ ခေါ်ဆိုခြင်း ဖြစ်သည်။ တိုင်းရင်းသားအားလုံးတို့သည် နိုင်ငံတော်အပေါ် ကျရောက်လာသည့်အခက်အခဲများကို စုပေါင်းအားဖြင့် လက်တွဲတွန်းလှန်ကာကွယ်ခဲ့ကြသကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ်၊ စည်းလုံး ညီညွတ်မှုစွမ်းအားတို့ဖြင့် စည်ပင်ဝပြောသည့် နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့ကြသည်။

ပြည်ထောင်စုစိတ်ဓာတ်ဟူသည်

ပြည်ထောင်စုစိတ်ဓာတ်ဟူသည် “တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ အားလုံးသည် သွေးချင်းညီအစ်ကိုများဖြစ်ပြီး အရေးကြီးလျှင် သွေးနီးကြသောစိတ်၊ တောင်ပေါ်မြေပြန့် မခွဲခြား၊ အားလုံးသည်သားချင်းများဖြစ်ပြီး နိုင်ငံတော်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ကြမည်ဆိုသောစိတ်၊ မရှိအတူ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက် အတူတကွချစ်ကြည်ရင်းနှီးစွာ နေထိုင်ကြသောမိသားစုများ”ဆိုသည့် စိတ်ဓာတ်ပင်ဖြစ်သည်။ ပြည်ထောင်စုကြီး၏ အသက်ဝိညာဉ်သဖွယ် အရေးကြီးသော အဆိုပါစိတ်ဓာတ်များ ခိုင်မာရင့်သန်စေခဲ့သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ၏ သမိုင်း ကို အကျဉ်းမျှတင်ပြလိုပါသည်။

ရည်ရွယ်ချက် ၅ ရပ်မှာ

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ၁၉၆၄ ခုနှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ္ပံအဖြစ် စတင်သန္ဓေတည်ခဲ့ခြင်းဖြစ်သည်။ “တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို အလေးထားဆောင်ရွက်ပေးနိုင်သော ပညာရေးဝန်ထမ်းကောင်းများ လေ့ကျင့်ပျိုးထောင်ပေးနိုင်ရန်” ရည်ရွယ်၍ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်အား တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက် ၅ ရပ် ရှိပြီး အဆိုပါရည်ရွယ်ချက် ၅ ရပ်မှာ-

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များသည် ပညာရှာမှီးရင်း တိုင်းရင်းသားအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စု စိတ်ဓာတ် ခိုင်မြဲသည့် လူငယ်များ ဖြစ်လာ စေရန်။

ပါတီနိုင်ငံရေးကင်းစင်ပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများ မွေးထုတ်ပေးရန်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မားရေးအတွက် ဆောင်ရွက်ရာတွင် လိုအပ်သည့် ဦးဆောင်နိုင်စွမ်းရည် မြှင့်တင်ရန်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးမှုလုပ်ငန်းများ အောင်မြင်မှုကို ရှေးရှု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်လိုသည့် စိတ်ဓာတ်မွေးမြူပေးရန်။

ပြည်ထောင်စုတိုင်းရင်းသား လူငယ်များသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေးသုံးပါးကို သက်ဝင်ယုံကြည်၍ ထိန်းသိမ်းစောင့်ရှောက်သော လူငယ်များဖြစ်လာစေရန်တို့ ဖြစ်ပါသည်။

မတူကွဲပြားမှုများသည် သဘာဝတရား ဖြစ်သည်။ မတူကွဲပြားမှုများကြားမှ တူညီသော စံတန်ဖိုးများမွေးမြူ၍ နိုင်ငံတော်အပေါ်တွင် တူညီသော စေတနာထားရှိသော အသိုက်အဝန်းတစ်ခု၊ မြန်မာနိုင်ငံ၏ မည်သည့်ဒေသမှ ရောက်ရှိလာသည်ဖြစ်စေ၊ မည်သည့်တိုင်းရင်းသားဖြစ်စေ၊ ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ အပြန်အလှန်ချစ်ခင်လေးစားလက်တွဲထားသော အသိုက်အဝန်းတစ်ခုကို ပြပါဟုဆိုလျှင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)အား လက်ညှိုးညွှန်ပြရပါမည်။

ပြည်ထောင်စုကျောင်းတော်ကြီး

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းဟူသော တိုင်းရင်းသားလူငယ်မောင်မယ်များအတွက် အဆင့်မြင့် ပညာများဆည်းပူးရာ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သည်။ တိုင်းရင်းသားလူငယ်မောင်မယ်များ၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးကစ၍ နိုင်ငံတော်က လိုလေသေးမရှိ အခမဲ့တာဝန်ယူ စောင့်ရှောက်ပေးထားပါသည်။ ကျောင်းအိပ်ကျောင်းစားဖြစ်ပြီး အိပ်ဆောင်တိုင်းတွင် တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်ကြရသဖြင့် နေထိုင်ရာအဝန်းအဝိုင်းသည်လည်း ပြည်ထောင်စု လေးသဖွယ်ဖြစ်နေသည်။ အိပ်ဆောင်များအား ကချင်၊ ကယား၊ ကရင်၊ ချင်းစသော တိုင်းရင်းသားမျိုးနွယ်စုနာမည်များ၊ တိုင်းရင်းသားဒေသအသီးသီး၏ အထင်ကရမြို့များစသည်ဖြင့် မှည့်ခေါ်ထားပါ သည်။ ဖွံ့ဖြိုးရေးတက္ကသိုလ်၏ ထူးခြားချက်သည် Guardian စနစ်ဖြစ်သည်။ Senior အစ်မကြီးက မွန်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ Junior ညီမငယ်က ကရင်တိုင်းရင်းသူ ဖြစ်ကောင်းဖြစ်မည်။ မတူညီသောဓလေ့၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှုများမှ ညီရင်းအစ်ကိုမောင်ရင်းနှမ သံယောဇဉ်ဖြင့် တူညီသောတန်ဖိုးများကို မွေးဖွားပေးနိုင်ခဲ့သည်။

သင်ကြားရေးဌာန ၁၁ ဌာနဖြင့် သင်ကြားပို့ချ

ဤကျောင်းတော်ကြီးတွင် သင်ကြားရေးဌာန ၁၁ ဌာနဖြင့် သင်ကြားပို့ချမှုဆိုင်ရာ သင်ရိုးညွှန်းတမ်း ဘာသာရပ်များ၊ အခြေခံဘာသာရပ်များ၊ ဝိဇ္ဇာဘာသာရပ်များ၊ သိပ္ပံဘာသာရပ်များ၊ တွဲဖက် သင်ရိုးညွှန်းတမ်းဘာသာရပ်များနှင့် အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များ သင်ကြားကြရ သည်။ အထူးတွဲဖက်သင်ရိုးညွှန်းတမ်းဘာသာရပ်များတွင် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့် စာရိတ္တပညာ၊ တိုင်းရင်းသားဘာသာစကားနှင့် ယဉ်ကျေးမှုဘာသာရပ်များ ပါဝင်သည်။ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဘာသာရပ်များ ပါဝင်သည်။ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သည် စာကို သင်ကြားရုံသာမက စိတ်ကိုလည်း သင်ကြားပေးသော ကျောင်းတော်ကြီးဖြစ်သည်။

တိုင်းရင်းသားအချင်းချင်း ချစ်တတ်အောင် သင်သည်။ ဖေးမတတ်အောင် သင်သည်။ စာနာ တတ်အောင် သင်သည်။ တိုင်းရင်းသားအသီးသီး၏ ဘာသာစကား၊ ရိုးရာဓလေ့စရိုက်များ သင်ကြားဖလှယ်ခွင့်ရရှိကြသည်။ မည်သည့်တိုင်းရင်းသား၊ တိုင်းရင်းသူဖြစ်စေ နှစ်သက်ရာ တိုင်းရင်းသားဘာသာစကားသင်ယူနိုင်သည်။ ကချင်တိုင်းရင်းသားက ကရင်ရိုးရာဝတ်စုံဝတ်ကာ ကရင်ရိုးရာအက ကရင်း ပျော်နေသည်။ အချင်းချင်း ရိုးရာဝတ်စုံလဲလှယ်ကြသည်။ သူတို့တစ်တွေသည် ပြည်ထောင်စုသားဖြစ်သည်ကို ဂုဏ်ယူဝင့်ကြွားကြသည်။ သူတို့တစ်တွေသည် မြန်မာနိုင်ငံသားဖြစ်၍ ဂုဏ်ယူဝင့်ကြွားကြသည်။ သူတို့တစ်တွေသည် အမိနိုင်ငံတော်ကြီးမှ မွေးဖွားပေးလိုက်သော ညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်သည်။ သူတို့တစ်တွေသည် နိုင်ငံတော်ကို ထိလျှင် မချိအောင်နာတတ်ကြသည်။ “စည်းလုံးခြင်းသည်အင်အား” ဟူသည် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) ဆောင်ပုဒ်ဖြစ်ပြီး အနာဂတ်နိုင်ငံတော်ကြီးအတွက် သူတို့၏လက်များ မြဲမြံစွာတွဲထားကြသည်။

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း) သည် စတင်ဖွင့်လှစ်ခဲ့သော ၁၉၆၄ ခုနှစ်မှစ၍ ယနေ့အချိန်ထိ မဟာပညာရေးဘွဲ့ ၁၅၆ ဦး၊ မဟာဒဿနပညာရေးဘွဲ့ ၃၅ ဦး၊ ပညာရေးဘွဲ့ ၄၇၉၃ ဦး၊ ဆရာအတတ်ပညာဒီပလိုမာ ၉၃၂ ဦး၊ အလယ်တန်းဆရာအတတ်ပညာ ဒီပလိုမာ ၉၅၆ ဦး၊ အထူးမူလတန်းဆရာအတတ်သင်တန်း ၄၆၁ ဦး၊ မူလတန်းဆရာအတတ်သင် ၇၁၆၂ ဦး၊ စုစုပေါင်း ၁၄၄၉၅ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။ ဆရာ ဆရာမများအဖြစ်သာမက ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာကျွမ်းကျင်ပညာရှင်များ၊ သူနာပြုဆရာ ဆရာမများ၊ ဌာနဆိုင်ရာအကြီးအကဲများလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ ပြည်ထောင်စုကြီး၏ အရည်အသွေး မြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း) ပညာရေးဘွဲ့ ငါးနှစ်သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ကျောင်းသား ကျောင်းသူများ၏ ဩဝါဒခံယူပွဲတွင် ကျောင်းသား  ကျောင်းသူများကိုယ်စား ချင်းတိုင်းရင်းသူတစ်ဦးက ဖော်ပြပါအတိုင်း ဂါရဝပြုတင်ပြခဲ့ပါသည်-

“အနာဂတ်နိုင်ငံတော်ကို ဖန်တီးတည်ဆောက်ကြမယ့် မျိုးဆက်သစ်လူငယ်တွေကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တွေ ရှိလာအောင်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ရိုးသားဖြောင့်မတ်သူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးသွားပါမယ်။”

“အနာဂတ်မှာ အသိပညာကြွယ်ဝတဲ့ လူ့အသိုက်အဝန်းကို ပုံဖော်တည်ဆောက် နိုင်ရေးတွေမှာ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်သွားပါမယ်။”

“ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားပါမယ်။”

“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တတ်စွမ်းသလောက် ပါဝင်ဆောင်ရွက်သွားပါမယ်။”

“ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားရေးနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်သွားပါမယ်။”

မျိုးဆက်သစ် တိုင်းရင်းသားလူငယ်များ

အမိနိုင်ငံတော်ကြီးအတွက် မျိုးဆက်သစ်တိုင်းရင်းသားလူငယ်များ၏ ကတိကဝတ်များမှ ကောက်နုတ်ထားခြင်းဖြစ်ပါသည်။ ကတိကဝတ်များက ကြက်သီးမွေးညင်းထစရာ၊ အားရကျေနပ် စရာကောင်းလှသည်။ ကတိကဝတ်များက ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း သား၊ သမီးများပီသလှစွာ ရဲရင့်ခိုင်ကျည်သည်။

ဤသား ဤသမီးများ၏ နိုင်ငံတော်အပေါ် ထားရှိသော မေတ္တာ၊ စေတနာသည်လည်း ကြီးမားသကဲ့သို့ ဤသားသမီးများသည် နိုင်ငံတော်အတွက် ထမ်းဆောင်ကြရမည့် တာဝန်များသည် ကြီးမားလှပါသည်။ ဤသား ဤသမီးများအတွက် အမိမြန်မာနိုင်ငံတော်ကြီးသည်လည်း ကျေနပ်ဝမ်းမြောက်နေမည်မှာ သေချာပါသည်။

မည်သို့ပင်ဆိုစေ ပြည်ထောင်စုကြီး၏ ပြည်ထောင်စုကျောင်းတော်ကြီးဖြစ်သော ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)မှ မွေးဖွားသန့်စင်ပေးလိုက်သည့် နိုင်ငံ၏ အင်အား၊ အနာဂတ်များသည် နိုင်ငံ့အကျိုး၊ တိုင်းရင်းသားပြည်သူလူထု၏ အကျိုးစီးပွား အတွက် ကျရာတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ကြမည့် ပုံရိပ်များကို မြင်ယောင်လျက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ် (၆) သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဤဆောင်းပါးဖြင့် ရေးသားဂုဏ်ပြုလိုက်ပါသည်။ ။

ဆောင်းပါး

ဆောင်းပါး