Skip to main content

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ပေး

မောင်သောင်းဝင်း(တမန်ဟောင်း)

ပုခက်လွှဲသောလက်များဖြစ်ကြသည့် မိခင်များသည် တိုင်းပြည်အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် ရင်သွေးငယ်များကို ပြုစုပျိုးထောင်ရာ၌ များစွာအရေးပါသည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အာဟာရပြည့်ဝနေမှသာလျှင် ကျန်းမာကြံ့ခိုင်သော ရင်သွေးငယ်တစ်ဦးကို မွေးဖွားနိုင်မည်ဖြစ်သည်။ ထို့ပြင် ရင်သွေးငယ်များအတွက် မရှိမဖြစ်လိုအပ်သော နို့ချိုအာဟာရကိုလည်း တိုက်ကျွေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ် ဩဂုတ်လ တတိယသီတင်းပတ်ကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် လူထုလှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိသည်။

လူတိုင်းအတွက် အာဟာရ

အာဟာရဓာတ်ဟူသည် သက်ရှိသတ္တဝါတိုင်း အသက်ရှင်သန်ကျန်းမာရေးအတွက် လိုအပ်သော ဩဇာဓာတ်ပင်ဖြစ်သည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးရေး၊ လှုပ်ရှားသွားလာနိုင်ရေး၊ မျိုးဆက်ပွားရေး၊ ခွန်အားနှင့် ရောဂါဘယကာကွယ်ရေးအတွက် လိုအပ်သည့် အာဟာရကို အစားအစာများ စားသုံးရာမှရရှိခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အတွက် လိုအပ်သည့်အာဟာရရရှိရန် အစားအစာကို ဝဝလင်လင်လုံလောက်စွာ မစားရလျှင်ဖြစ်စေ၊ စားသည့်အစာမှ အာဟာရ လုံလောက်စွာမရရှိလျှင်ဖြစ်စေ အာဟာရချို့တဲ့မှု ဖြစ်ပေါ်လာသည်။ မကြိုက်သည့်အစားအစာဖြစ်၍ မစားခြင်း၊ ကြိုက်သည့်အစားအစာ အနည်းငယ်မျှကိုသာ စားနေခြင်း၊ အစာရှောင်ခြင်း စသည်တို့ကြောင့် အစားအစာကို အမည်စုံအောင် မစားဖြစ်သည့်အခါ အာဟာရဓာတ်တစ်ခုခု ချို့တဲ့ခြင်းတို့လည်း ဖြစ်စေသည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးလိုအပ်

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားစဉ် မိခင်သေဆုံးမှုနှုန်းသည် တစ်သိန်းလျှင် ၂၈၂ ဦးရှိခြင်းကြောင့် အရှေ့တောင်အာရှဒေသတွင် ဒုတိယအမြင့်မားဆုံးဖြစ်ပြီး အရှေ့တောင်အာရှဒေသ၏ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားစဉ် မိခင်ပျမ်းမျှ သေဆုံးမှုနှုန်း တစ်သိန်းလျှင် ၁၄၀ ထက် နှစ်ဆ ကျော်လွန်နေသည်။ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့ အာဟာရချို့တဲ့ပါက မိခင်ရော ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပြီး တစ်ခါတစ်ရံတွင် သေဆုံးသည်အထိဖြစ်နိုင်သည်။ ထို့ကြောင့် လိုအပ်သည့်အာဟာရရရှိရန် အစားအစာကို ဝဝလင်လင်လုံလောက်စွာ စားသုံးရန် လိုအပ်သည်။

ကိုယ်ဝန်ဆောင်မိခင်အချို့သည် ကလေးထွားလျှင် မွေးရခက်မည်ကိုစိုးရိမ်သဖြင့် အစားလျှော့ခြင်း၊ ရှောင်ခြင်းတို့သည့် မှားယွင်းသော အယူအဆပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင်မိခင်များသည် သာမန်အချိန်ထက် တစ်နပ်ပို၍စားရန်နှင့် အာဟာရဓာတ်အစုံအလင်ပါဝင်အောင် နေ့စဉ်စားသုံးရန် ပညာရှင်များက တိုက်တွန်းထားသည်။ ဖောလစ်အက်စစ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်ဒီ၊ စီ၊ ဘီဝမ်း၊ ဘီတူး၊ ဘီတွဲလ်၊ ဇင့်ဓာတ်ပါဆေးဝါးတို့ကို ဆရာဝန်များ၏ လမ်းညွှန်ချက်ဖြင့် သောက်ရန်လည်း လိုအပ်သည်။

မွေးရာပါကိုယ်အင်္ဂါချို့တဲ့မှုများ (ဥပမာ- နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ) ဖြစ်ခြင်းမှ ကာကွယ်ရန် ကိုယ်ဝန်ရှိကြောင်း စတင်သိရှိချိန်မှစ၍ သံဓာတ် ၆ဝ မီလီဂရမ်နှင့် ဖောလစ်အက်စစ် (၄၀၀ မိုက်ခရို ဂရမ်) ဆေးပြားကို တစ်နေ့တစ်ပြား နေ့စဉ်သောက်ပေးရန်လိုအပ်သည်။ ကိုယ်ဝန်သုံးလနောက်ပိုင်း တွင် သန်ချဆေးပြား (Mebendazole 500 mg) တစ်ကြိမ် သောက်သုံးရန်လိုအပ်သည်။ ကိုယ်ဝန်ကိုးလမှစ၍ ကလေးမွေးဖွားပြီး သုံးလအထိ ဗီတာမင်ဘီဝမ်းဆေးပြားကို သတ်မှတ်ထားသော ပမာဏအတိုင်း နေ့စဉ်သောက်သုံးရန်လိုအပ်သည်။

နို့တိုက်မိခင်သည်လည်း မိမိအတွက်ရော ကလေးအတွက်ပါ အာဟာရဓာတ်လုံလောက်စွာ ရရှိစေရန် အစားကိုပိုစားရန်နှင့် အစားမရှောင်ရန်၊ မီးဖွားပြီး တစ်လအတွင်း အင်အားပြည့် ဗီတာမင်အေ ယူနစ်နှစ်သိန်းပါသော ဆေးလုံးတစ်လုံး တစ်ကြိမ်သောက်ရန်နှင့် မီးဖွားပြီး သုံးလအထိ ဗီတာမင်ဘီဝမ်းအားဆေး နေ့စဉ်သောက်ရန်လည်း ကျန်းမာရေးဆိုင်ရာပညာရှင်များက တိုက်တွန်း ထားရှိသည်။

နို့တိုက်မိခင်သည် ငန်လွန်းသောအစာမှလွဲ၍ အစားလုံးဝရှောင်ရန်မလိုပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သောအာဟာရများ ပြည့်စုံကာ လုံလောက်သော ပမာဏရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင်ဘဝထက် အင်အားပြည့်စားရန် လိုအပ်သည်။ အင်အားဖြစ်စေသော အစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာနှင့် ရောဂါကာကွယ်စေသောအစာစသည့် အစာအုပ်စု သုံးမျိုးစလုံးပါအောင် စားသောက်ရမည်ဖြစ်သည့်အပြင် ပမာဏအားဖြင့်လည်း ပိုစားသုံးရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်မိခင်များ သွေးအားနည်းလျှင် ကိုယ်ဝန်ဆောင်နေစဉ်၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီး ကာလများအတွင်း အသက်အန္တရာယ် ကြုံတွေ့နိုင်သည်။ လမစေ့၊ ပေါင်မပြည့်သောကလေး မွေးဖွားတတ်သည်။ ထို့ကြောင့် သံဓာတ်ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် သံဓာတ်ကြွယ်ဝသော အစားအစာများကို နေ့စဉ်စားသုံးရန် လိုအပ်သည်။ အသား၊ အသည်းနှင့် သွေးခဲတို့သည် သံဓာတ်အထူးကြွယ်ဝသဖြင့် တတ်နိုင်သမျှ စားသုံးသင့်သည်။ ဟင်းနုနယ်ရွက်၊ မုန်ညင်းရွက်၊ ကန်စွန်းရွက်၊ ကင်းပုံရွက်၊ ချဉ်ပေါင်ရွက်စသည့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးသည် သံဓာတ်အတော်အတန် ကြွယ်ဝသဖြင့် နေ့စဉ်စားသုံးသင့်သည်။ အသားဓာတ်နှင့် အချဉ်ဓာတ် (ဗီတာမင်စီ) သည် ဟင်းသီးဟင်းရွက်များနှင့် ပဲအမျိုးမျိုးမှသံဓာတ်ကို အစာ လမ်းကြောင်းမှ လွယ်ကူစွာစုပ်ယူနိုင်အောင် ကူညီသည်။

အိုင်အိုဒင်းသည်လည်း သံဓာတ်၊ ထုံးဓာတ်တို့ကဲ့သို့ပင် သတ္တုအာဟာရဓာတ်တစ်မျိုးဖြစ်သည်။ ခန္ဓာကိုယ်ပုံမှန်ကြီးထွားရေး၊ ဦးနှောက်ဖွံ့ဖြိုး၍ ဉာဏ်ရည်ထက်မြက်ရေး၊ ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ ပုံမှန်လည်ပတ်ရေးတို့အတွက် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ စားသုံးရန် လိုအပ်သည်။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးသည် အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ကိုယ်ဝန်ပျက်ကျ တတ်သည်။ ကလေးအသေမွေးတတ်သည်။ လမစေ့၊ ပေါင်မပြည့်သောကလေး၊ ဆွံ့အနားမကြားသော ကလေး၊ ဉာဏ်ရည်နိမ့်သောကလေး၊ ခြေလက်မသန်စွမ်းသော ကလေး မွေးတတ်သည်။ ကလေးငယ်များ အိုင်အိုဒင်းအာဟာရချို့တဲ့လျှင် ခန္ဓာကိုယ် စံချိန်မီ မကြီးထွားနိုင်ဘဲ သေးကွေးပုညှက်နေတတ်သည်။ ဉာဏ်ထိုင်းပြီး လည်ပင်းကြီးရောဂါဖြစ်တတ်သည်။ သွက်လက်ဖျတ်လတ်မှုမရှိ၊ ထုံထိုင်းနှေးကွေးနေမည်ဖြစ်သည်။ ထို့ကြောင့် အိုင်အိုဒင်းအာဟာရကို လုံလောက်စွာရရှိရန် အိုင်အိုဒင်းဆားကို နေ့စဉ်စားသုံးရန်လိုအပ်သည်။ သန္ဓေသားဘဝမှစ၍ သက်ကြီးရွယ်အိုဘဝအထိ အိုင်အိုဒင်းအာဟာရကို လုံလောက်စွာ မှီဝဲသွားရန်လိုအပ်သည်။

သဘာဝမိခင်နို့ရည်

စင်စစ်အားဖြင့် မိခင်နို့ရည်သည် ကလေးငယ် ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအာဟာရပင်ဖြစ်သည်။ နို့ဦးရည်နှင့် မိခင်နို့သည် ကလေးငယ် ရောဂါမဖြစ်ပွားစေရန်အတွက် မိခင်မှ ကလေးကိုပေးနိုင်သည့် ပထမဆုံးနှင့် တန်ဖိုးအရှိဆုံးကာကွယ်ဆေးပင်ဖြစ်သည်။ မိခင်နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့် ကလေးငယ်တို့ကြား သံယောဇဉ်တွယ်တာမှု ပိုမိုခိုင်မာစေသည်။

မိခင်တစ်ဦးသည် ရင်သွေးငယ်ကို နို့တိုက်ခြင်းဖြင့် နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ခြင်းကို နှောင့်နှေးကြန့်ကြာစေနိုင်သည်။ မိခင်တွင် မျိုးဥအိမ်ကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်ပွားမည့် အန္တရာယ်ကို လျှော့ချပေးနိုင်သည်။ မိခင်သည် အာဟာရပြည့်ဝစွာ စားသုံးပါက အမြွှာကလေးများ အတွက်လည်း မိခင်နို့လုံလောက်စွာ တိုက်ကျွေးနိုင်ပါသည်။ အမှန်တော့နို့တိုက်မိခင်များသည် အစာ ပို၍စားသုံရန် လိုအပ်သည်။ ထမင်းနှင့် ဟင်းတစ်နပ် ပိုစားရန်လိုသည်။ နို့တိုက်မိခင်သည် ငန်လွန်း၊ စပ်လွန်းသော အစာမှလွဲ၍ အစားလုံးဝမရှောင်သင့်ပေ။ မိခင်နို့တွင် ကလေးငယ်အတွက် လိုအပ်သော အာဟာရများပြည့်စုံကာ လုံလောက်သောပမာဏ ရရှိစေရန် နို့တိုက်မိခင်ဘဝတွင် ကိုယ်ဝန်ဆောင် ဘဝထက်ပိုစားရန် လိုအပ်သည်။

ဗီတာမင်အေ အာဟာရ 

ဗီတာမင်အေသည် ကလေးများ ပုံမှန်ကြီးထွားဖွံ့ဖြိုးရေးနှင့် ကျန်းမာကြံ့ခိုင်ရေး၊ မျက်စိကျန်းမာရေးနှင့် အမြင်အာရုံကောင်းမွန်ရေးအတွက်လည်း အရေးကြီးသည်။ နို့တိုက်မိခင်များသည် မလိုအပ်ဘဲ အစားရှောင်လျှင် ဗီတာမင်အေ အလုံအလောက်မရရှိနိုင်တော့ဘဲ ထိုမိခင်များ၏ နို့ကိုစို့ရသော ကလေးများသည် ဗီတာမင်အေချို့တဲ့တတ်သည်။ ဗီတာမင်အေချို့တဲ့သော ကလေးများသည် ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုမရှိဘဲ ကူးစက်ရောဂါအမျိုးမျိုးကြောင့် မကြာခဏဖျားနာတတ်သည်။

နို့တိုက်မိခင်များသည် ဗီတာမင်အေ ကြွယ်ဝသည့်အစာများကို လုံလောက်စွာ စားသုံးရန်လိုအပ်သည်။ မီးဖွားပြီး ပထမတစ်ရက် နှစ်ရက်တွင်ထွက်သည့် နို့ဦးရည်သည် ဗီတာမင်အေ အလွန်ကြွယ်ဝသည်။ ထို့ကြောင် ကလေးကို နို့ဦးရည်တိုက်ဖြစ်အောင် တိုက်ပေးရန်လိုအပ်သည်။ အသက်ခြောက်လမှစ၍ ထမင်းခွံ့သည့်အခါ ဗီတာမင်အေကြွယ်ဝသည့် အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့အမျိုးမျိုး၊ အစိမ်းရင့်ရောင်ဟင်းရွက်များ၊ နီဝါရောင်သစ်သီးများ၊ အဝါရောင်သစ်သီးများ၊ အဝါရောင်နှင့် အနီရောင်သစ်ဥသစ်ဖုများကို အသက်အရွယ်အလိုက် ထည့်ကျွေးပေးရန်လိုအပ်သည်။

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး အလေးထားဆောင်ရွက်ပေး

အရည်အသွေးမြင့်မားသော လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအရေးပါသည်။ လူ့စွမ်းအားအရင်းမြစ်များ ပြုစုပျိုးထောင်ရာတွင် အာဟာရဖွံ့ဖြိုးရေးကိုလည်း အလေးထားလုပ်ဆောင်သွားရန်လိုအပ်ပေသည်။ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် အောင်မြင်မှုရရှိရေးအတွက် လွှမ်းခြုံဆောင်ရွက်နိုင်သည်နှင့်အမျှ ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်များ၊ ကလေးငယ်များ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အပေါ် အကျိုးသက်‌ရောက်မှုများ ရရှိလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပညာတတ်နိုင်ငံသားများ တစ်နည်းအားဖြင့် တန်ဖိုးမြင့်လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

ဆိုရလျှင် ကလေးငယ်များ ကျန်းမာပျော်ရွှင် ရောဂါကင်းစင်စေရန်အတွက် မိခင်များ ကိုယ်ဝန်ဆောင်ကာလနှင့် မီးဖွားပြီး နို့တိုက်မိခင်ကာလတို့မှာပါ အာဟာရပြည့်ဝရန် လိုအပ်သည်။ အာဟာရပြည့်ဝစွာရရှိစေရန်အတွက် အင်အားဖြစ်စေသော အစာ၊ ခန္ဓာကိုယ်ကြီးထွားစေသောအစာနှင့် ရောဂါ ကာကွယ်စေသောအစာစသည့် အစာအုပ်စုသုံးမျိုးစလုံးကို နေ့စဉ်မျှတစွာ စားသုံးနိုင်ရန်နှင့် မိမိတို့ဝင်ငွေနှင့်ကိုက်ညီသော အာဟာရပြည့်အစားအစာများကို ကျန်းမာရေးအသိပညာဗဟုသုတဖြင့် စားသောက်နေထိုင်သွားသင့်ပါကြောင်း ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်အတွက် အလေးထားတိုက်တွန်းရေးသားလိုက်ရပါသည်။