အမိမြေသာယာဖို့... ငါတို့မြေကို ငါတို့ကာကွယ်စို့ …
တိုင်းရင်းသားပြည်သူတစ်ဦး
“အမိမြေသာယာဖို့... ငါတို့မြေကို ငါတို့ ကာကွယ်စို့ …”
မှန်တယ် ။ ဒီစကားက ရင်ကိုထိတယ်၊ အားရတယ်။ လောက်တွေရဲ့ ဆိုက်ဝါးအောက်မှာခံနေရတဲ့ ကျွန်တော်တို့တွေ ခံခဲ့ရတာများလှပြီ။ တစ်နိုင်ငံလုံး စစ်မျက်နှာပေါင်းစုံဖွင့်နေရတဲ့ အမိတပ်မတော်ကြီး အမှန်ပြောရရင် အားမလိုအားမရဖြစ်နေမိတာ။ ရန်သူကို ရန်သူလိုကျင့်ဖို့၊ ရန်ငါပြတ်ဖို့ ယခုမှ ကြားချင်တဲ့စကားကြားခဲ့ရပြီ။ ဘယ်တုန်းကနဲ့မှ မတူတဲ့ခေတ်ကြီး၊ တိုင်းပြည်နဲ့ပြည်သူ့ဘဝကို ဖျက်ဆီးနေကြတာရစရာမရှိ။ အမှန်ပင် စက်ဆုပ်ရွံရှာဖို့ကောင်းလှတယ်။ ရုရှား-ယူကရိန်း၊ အစ္စရေး-ဂါဇာစစ်ကလွဲလို့ ကမ္ဘာမှာမရှိဖူး၊ မကြားဖူးသေးတဲ့ အမြဲတမ်းအချိန်ပြည့်စစ်တိုက်နေရတဲ့ တပ်မတော်ကြီး ရှိနေပေလို့သာ..။
ရောင်စုံသူပုန်ထ ရက်စက်လွန်းကြတယ်
နိုင်ငံရဲ့မြောက်ဘက်မှာ KIA ၊ အနောက်မြောက်မှာ CDF ၊ CNF ၊ အနောက်ဘက်မှာ AA ၊ အရှေ့မှာ KNDF ၊ KPDF ၊ အရှေ့တောင်မှာ KNU၊ KNLA ၊ KTA ၊ အရှေ့မြောက်မှာ MNDAA ကိုးကန့်၊ TNLA ၊ AA ၊ PDF ရောင်စုံအဖျက်သမားအမျိုးပေါင်းများစွာနဲ့ တစ်နိုင်ငံလုံးပတ်ချာလည် စစ်မီးတောက်တဲ့အခြေအနေပါ။ လက်ရှိမှာတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ လူအင်အား၊ လက်နက်၊ နည်းပညာ အင်အားအသာနဲ့ ရန်သူဟာ အုံနဲ့ကျင်းနဲ့ အဆိုးဆုံးအခြေအနေမှာရှိနေတယ်။ နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲထွက်သွားအောင်ကိုလုပ်နေကြတာ။ ကိုယ့်တိုင်းရင်းသား၊ ကိုယ့်လူမျိုးစုကို ကိုယ်စားမပြုနိုင်အား၊ မျိုးမမှန်တဲ့ အလွန်ရိုင်းစိုင်းယုတ်မာကြမ်းကြုတ်လှတဲ့ တိရစ္ဆာန်သာသာတွေပါပဲ။
ဘယ်လောက်ရက်စက်သလဲဆို မြို့ပြအရပ်သားပြည်သူတွေထဲ ရွေးပြီးမှ တိုက်ကွက်ဖော်တတ်တယ်။ ပြည်သူကို ညှာတာသနားတတ်တဲ့ တပ်မတော်ကိုအခွင့်ကောင်းယူ၊ လူတံတိုင်းကာ၊ ဓားစာခံလုပ် ညစ်ပတ်ကြတယ်။ အယူဝါဒမတူရင် အစုလိုက်အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်ပြတယ်။ ပညာရဲ့တန်ဖိုးနားမလည်၊ တက္ကသိုလ်တွေကို ဗုံးခွဲဖျက်ဆီးပြ၊ ပညာမဲ့နိုင်ငံဖြစ်ကြောင်း တံဆိပ်ခတ်ကြတယ်။ ပြည်သူ့နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီးတပ်ကပဲ လုပ်သယောင် သူခိုးကလူဟစ်ပြတယ်။ မြို့တွေ၊ ရွာတွေ၊ အိမ်တွေထဲဝင် သူခိုးဓားပြဆန်ဆန် ရှိသမျှပစ္စည်းခိုး၊ ဓားပြတိုက်လုယက်ကြတာချည်းပဲ။ စေတီ၊ ပုထိုးတွေကို ရိုက်ခွဲဖျက်ဆီးပြီး မြန်မာတို့ရဲ့ဘာသာသာသနာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားကြတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ဘယ်လိုမှမထိုက်တန်တဲ့ ကမ္ဘာမှာအောက်တန်းအကျဆုံး လောက်ကောင်သစ္စာဖောက်တွေပါပဲ။ ဒါကြောင့် လူဆိုးရောလူမိုက်အားပေးမှန်သမျှပါ အစွမ်းကုန် ချေမှုန်းသုတ်သင်သင့်ပါပြီ....။
လူ့အန္ဓအသိမဲ့မိစ္ဆာတွေသာ ဖြစ်တယ်
လုပ်သင့်တာလုပ်ဖို့ အချိန်အခါသင့်ပါပြီ။ သည်းခံခြင်းဖြင့် အနိုင်ယူရမယ့်သူတွေထဲမှာမပါတဲ့ သူတွေမို့ အင်အားနဲ့သာအနိုင်ယူသင့်ကြောင်း ပြည်သူတွေက ထောက်ပြနေပါပြီ။ အမှားနဲ့အမှန်၊ အပြုနဲ့အဖျက် ပြည်သူကနားလည်ပြီးသားပါ။ တပ်မတော်ရဲ့ရှေးရှုချက်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဦးစားပေးပါ။ အသုံးပြုတာက အနည်းဆုံးအင်အားနဲ့ အနိမ့်ဆုံးအဆင့်။ ကြမ်းလို့ရပေမယ့် မကြမ်းခဲ့ဘူး၊၊ ပြည်တွင်း၊ ပြည်ပဖိအားမျိုးစုံအောက်မှာ ပြည်သူ့မျက်နှာကိုပဲကြည့်ခဲ့တယ်။ ပြည်သူကို မိဘလိုသဘောထား၊ တိုင်းရင်းသားကို မိသားစုလို သံယောဇဉ်ငြိ၊ ညီအစ်ကိုချင်း ရန်ဖြစ်သလိုပဲမှတ်၊ အချိန်ယူ စိတ်ရှည်သည်းခံခဲ့တယ်။ လက်တွဲခေါ်မယ်ချည်းအကြိမ်ကြိမ် ငြိမ်းချမ်းရေးလက် အမြဲကမ်းလင့်တယ်။ တိုက်စစ်မဖွင့်၊ ခံစစ်နဲ့သာ အချိန်ယူခဲ့တာက သက်သေဖြစ်တယ်။
ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဒေသကိုယ့်လူမျိုး ဖွံ့ဖြိုးအောင်နည်းနည်းမှမလုပ်နိုင်။ အဝေးကြီးက အရောက်လာ၊ တိုင်းရင်းသားတွေအတွက် တာဝန်ထမ်းတဲ့ ဝန်ထမ်းတွေ၊ လေ့ကျင့်ရေးအတွက် အချိန်မပေးနိုင်၊ ပြည်သူ့လူမှုစီးပွားဘဝ ကျန်းမာရေး၊ သဘာဝဘေးမှအစ ကယ်တင်စောင့်ရှောက်ပေးခဲ့တဲ့ တပ်မတော်သားတွေရဲ့ သစ္စာကိုမှမထောက် သတ်ပစ်ရက်တယ်၊ မောင်းထုတ်ရဲကြတယ်၊ သူတို့မို့လုပ်ရက်တယ်။ သတ်တာမှ လူသားမဆန် လည်လှီးသတ်၊ ခေါင်းကိုတုတ်နဲ့ရိုက်သတ်တဲ့အထိပါပဲ။ အဲဒီလောက်ထိ မိုက်လုံးထွား၊ ကျေးဇူးမသိတတ်တဲ့ လူ့အန္ဓအသိမဲ့သူတွေပါ။ သူတို့နယ်မြေတွေက တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး စိတ်မဝင်စား။ ဘိန်း၊ မူးယစ်ဆေး၊ မှောင်ခို၊ ဆက်ကြေး ကောက်ကလွဲပြီး အခြားသမ္မာအာဇီဝ ဘာမှမလုပ်တတ်တဲ့ လူ့မိစ္ဆာတွေပါ။ လူမိုက်နဲ့ငြိမ်းချမ်းရေး လားလားမှမအပ်စပ်၊ အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့စကားနဲ့ ဘယ်လိုမှမထိုက်တန်၊ မသင့်သူတွေပါ။ ထိုသူတို့ကြောင့် အပြစ်မဲ့အသက်စတေးခဲ့ရသူ အားလုံးဟာ နိုင်ငံတစ်နံတစ်လျား သန်းပေါင်း ၅၀ ကျော်သော ပြည်သူတွေရဲ့ ငြိမ်းချမ်းရေးအတွက် အနစ်နာခံခဲ့ကြသူတွေပေပဲ။
မကွဲကွဲအောင် ခွဲနေပြီမို့ မြန်မာတွေ ညီညွတ်ချိန်တန်ပြီ
ဒါကြောင့် ကျွန်တော်တို့မြေ၊ ကျွန်တော်တို့အချုပ်အခြာ၊ ကျွန်တော်တို့ကိုယ်တိုင် ကာကွယ်ဖို့ အချိန်တန်ပါပြီ။ ဘာကြောင့်ဆို... ဒီမြေ၊ ဒီရေ၊ ဒီလေဟာ ကျွန်တော်တို့အပိုင်ဖြစ်လို့ပါ၊ ထိန်းသိမ်း စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်။ လိုအပ်ရင် အသက်ပေးကာကွယ်ရမှာပါ။ ဒီတိုင်းပြည်ဟာ မိဘဘိုးဘွားပိုင်လည်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဘိုးတွေဘွားတွေ သွေးချွေးအသက်ပေးရယူခဲ့ကြတဲ့ ဒီပထဝီထုကြီးကို ကျွန်တော်တို့လက်ထက် မကာကွယ်နိုင်ရင်၊ တာဝန်မကျေရင် လူမိုက်တွေသာဖြစ်ရတော့မှာပေါ့။ သူတို့ကြောင့် ဒီနိုင်ငံတော်ကြီးရဲ့ လွတ်လပ်တဲ့နိုင်ငံသားဖြစ်ခွင့်ရနေတာ။ ငါတို့ အချုပ်အခြာပိုင်နက်နယ်မြေ ဆုံးရှုံးမယ်ရှိလေတိုင်း ပြန်ထိန်း၊ ပြန်တိုက်နိုင်ခဲ့တာသည် တပ်မတော်နဲ့ ပြည်သူ မြဲကြည်ဖြူခဲ့လို့ပဲ။
တပ်မတော်နဲ့ပြည်သူ ခိုင်ခိုင်မြဲမြဲလက်တွဲနိုင်ခဲ့သမျှ ဘယ်တိုက်ပွဲမှာမှ အရှုံးမရှိ အောင်ပွဲအလီလီရခဲ့တာ ပြန်လည်သတိရအောက်မေ့ကြည့်လိုက်ပါ။ ပြည်သူဆိုတဲ့နေရာမှာ တိုင်းရင်းသားတွေပါတယ်၊ ကျောင်းသားတွေပါတယ်၊ လူငယ်တွေပါတယ် အားလုံးဟာ ခေတ်အဆက်ဆက် ပါခဲ့ကြသည်ချည်းပါ။ ဒီဘက်ခေတ်မှာတော့ တပ်မတော်နဲ့ ပြည်သူ၊ တပ်မတော်နဲ့ ကျောင်းသား၊ တပ်မတော်နဲ့သံဃာကို ကွဲသွားအောင်ကို ခွဲထုတ်နေကြပါပြီ။ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုပါ ရောထွေးယှက်တင် ဖျက်ဆီးလာကြပြီ။ ဗမာလူငယ်တွေကိုအသုံးချပြီး မြန်မာ-မြန်မာချင်း၊ အိမ်ကြက်ချင်းအိုးမဲသုတ်ခိုင်း။ နောက်ဆုံးမှာ မြန်မာလူမျိုး ဗမာဆိုတဲ့အရင်းအမြစ်တွေ အားနည်းအောင် လုပ်လာတဲ့သဘောပဲ။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပြိုကွဲအောင်လုပ်ရာမှာ ဆိုးညစ်လှတဲ့ နိုင်ငံရေးသမားတွေလည်းပါသလို နယ်ချဲ့အလိုတော်ရိ သစ္စာဖောက်လောက်ကောင် လက်နက်ကိုင်တွေ လည်းပါနေတယ်။ ဒါကြောင့် တို့တိုင်းရင်းသားအားလုံးစုစည်းကြဖို့၊ ညီညွတ်ကြဖို့၊ လက်တွဲမဖြုတ်ကြဖို့ အရေးကြီးပါတယ်။ နွားကွဲရင် ကျားဆွဲပါလိမ့်မယ်။ အခုအချိန်မှာတော့ တစ်ချောင်းချင်းရှိနေတဲ့ ထင်းစည်းတွေခမျာ အချိုးခံနေရပြီပေါ့။
ဒီလိုမဖြစ်သွားအောင်အတွက် အခုအချိန်မှာ တပ်မတော်နဲ့တပ်မတော်သားတွေဟာ အသက်ခန္ဓာ စွန့်လွှတ်ပြီး ကျူးကျော်သစ္စာဖောက်တွေကို တွန်းလှန်ကာကွယ်တိုက်ထုတ်နေရခြင်းဖြစ်တယ်။ လိုအပ်နေတာက သတ္တိ၊ အရေးအကြောင်းဆို သတ္တိမြဲတဲ့ တပ်မတော်သား၊ သတ္တိရှိတဲ့ပြည်သူ့အားက အလွန်အရေးပါတယ်။ သတ္တိဆုံးရင် အလုံးစုံဆုံးရှုံး သွားနိုင်တဲ့အတွက် သတ္တိရှိရှိ၊ ပညာ၊ သတိနဲ့ အားတင်းထားပါ။ တပ်မတော်နောက်မှာ စစ်မှန်တဲ့ပြည်သူ တွေရှိပြီးသား အမြဲအားပေးလျက်ပါ။ တပ်မတော်နဲ့ မြန်မာ၊ မြန်မာနဲ့ ဒီတပ်မတော်ကြီး ကမ္ဘာတည် သရွေ့တပ်မတော်ရှိနေပါမယ်၊ တပ်မတော်ရှိနေ သရွေ့မြန်မာလည်း မြဲနေမှာပဲလို့ ယုံကြည်ပြီးသားဖြစ်တယ်။
ပြည်သူနဲ့တပ်မတော် အပြန်အလှန်အားကိုယူ
ကမ္ဘာ့ဘယ်နိုင်ငံနဲ့မှမတူ၊ တစ်နိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရတဲ့ တပ်မတော်ကြီးရဲ့ စစ်ရေးအတွေ့အကြုံမျိုးက မြန်မာ့တပ်မတော်မှာပဲရှိပါတယ်။ အပေါ်အောက်၊ အရှေ့နဲ့အနောက်ညှပ်ပြီး ခံစစ်အနေအထားနဲ့ ခုခံစစ်ဆင်နေရတဲ့တပ်မတော်ကြီးအနေနဲ့ အလုံးစုံပေါင်းစပ် Hybrid warfare ကို ဆင်နွှဲနေရတဲ့ တပ်မတော်ကြီးရဲ့အဆင့်ဟာ ကမ္ဘာက နှစ်စဉ်ထုတ်ပြန်တဲ့ Global Defense Index မှာ အဆင့် ၃၈ ကနေ ၃၅အထိတက်လာတာလည်း ဆန်းတော့မဆန်းဘူး။ ဒါကြောင့်ပဲ မြန်မာပြည်ကြီးကို ငြိမ်းချမ်းစေချင်တဲ့ ပြည်သူရဲ့မျက်နှာကို ထောက်ထားပြီး ပြည်သူ့အားကိုအရယူ ရန်သူကိုအမြစ်ပြတ်ချေမှုန်းပေးဖို့ မျှော်လင့်ပါတယ်။
ပြည်သူဘက်ကလည်း ဒီလိုပြည်သူ့တပ်မတော်မျိုး၊ ပြည်ထောင်စုတပ်မတော်မျိုးကိုသာ ရဲရဲယုံကြည်ပေးပါလို့ဆိုပါရစေ။ ငြိမ်းချမ်းတဲ့ မြန်မာပြည်၊ တိုးတက်တဲ့မြန်မာပြည် ဒီလိုမိစ္ဆာသစ္စာဖောက်တွေကင်းစင်မှ ဖြစ်လာနိုင်မယ်ဆိုတဲ့ ခံစားချက်၊ အထူးသဖြင့် စစ်ဒဏ်သင့်ဒေသက ပြည်သူတွေက ပိုသိလာပါတယ်။ မြန်မာပြည်မှာ ဒီလိုအရေးတွေကြောင့် ပြည်ထောင်စုမပြိုကွဲရေး စတဲ့ ဒို့အရေးသုံးပါး ဘယ်လောက်အရေးကြီးကြောင်းကို ကာကွယ်ရေး၊ လုံခြုံရေးအမြင်ရှိတဲ့ပြည်သူတွေက ပိုနားလည်လာခြင်းဖြစ်တယ်၊၊
ဗီဒီယိုအတိုတစ်ခုမှာ လောက်ကောင်မိစ္ဆာ အဖျက်သမားတွေ ရပ်ကွက်ထဲဝင်လာတော့ အိုးစည် ဗုံမောင်းတီး ဝမ်းသာအားရကြိုဆိုနေတဲ့ မြင်ကွင်းတစ်ခုတွေ့လိုက်ရတယ်။ ဘယ်လိုအုပ်ချုပ်တတ်လို့၊ ဘာကိုအားကိုးပြီး ဘာကိုရမှာမိုလို့လဲ၊ ဘုန်းကြီးရူးနဲ့ လှေလူးမစင်မှာပျော်တတ်တဲ့ လောက်သာသာရယ်တွေပါ။ တစ်ဖက်မှာတော့ ဌာနေပြည်သူတွေရဲ့ နာကျည်းတဲ့ အသံတွေ၊ ပြင်းထန်တဲ့ခံစားချက်တွေနဲ့အတူ ဒီလိုလူ့မိစ္ဆာတွေကို အမြစ်ဖြတ်ပေးဖို့ တောင်းဆိုသံတွေဟာ ယခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေမှာ သောသောညံအောင် ရင်ဖွင့်မှုတွေများလာတာလည်း အကဲခတ်မိပါရဲ့။ သူပုန်သိမ်းပြီးတဲ့ ဘယ်မြို့ ဘယ်ရွာ ဘယ်သူပုန်လက်အောက်မှာမှ ပြည်သူတွေမနေလိုကြပါဘူး။ လက်တွေ့မှာ စစ်ရှောင်မှန်သမျှ တပ်မတော်ရှိတဲ့နေရာမှာပဲ ခိုလှုံကြပါတယ်။ တပ်မတော်ထက် သူပုန်ကို သူတို့ပိုပြီး ကြောက်ကြတယ်။ လုံခြုံတဲ့အရိပ်အာဝါသအောက်မှာပဲ နေချင်ကြတာ သဘာဝ၊ ကိုယ်တိုင်ထိကိုယ်တိုင်နာလာတဲ့အခါမှ တပ်မတော်ကို ပိုထောက်ခံလာကြတဲ့သဘောပါပဲ။ တချို့ဆန့်ကျင်ခဲ့သူတွေကိုယ်တိုင် အဆိုးမြင်ကနေ အပြုမြင်ဘက်ပြောင်းထောက်ခံလာကြတာ တွေ့ရတာလည်း အားရစရာဖြစ်မိတယ်။
လက်ရှိမှာတော့ တိုင်းပြည်မှာ ဒဏ်ရာဒဏ်ချက်တွေကများ၊ ပြည်သူလည်း အထိနာနေပါပြီ။ ဒါကြောင့်ရန်သူကို ပြိုဆင်းသွားအောင်လုပ်ပေးပါ၊ မီးစာကုန်ရေခန်း နောက်ဆုံးတောက်နေတဲ့ ပြည်တွင်းမီး အပြီးငြှိမ်းသတ်ပေးပါ။
အမှန်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ဒေသများဆိုတာက ယနေ့အချိန်အခါမှာ မရှိသင့်တော့ပါလို့တောင် မြင်မိတယ်။ ဒီလိုဒေသတွေဆိုတာ အမှန်တကယ် ပြည်ထောင်စုကြီးအပေါ် ရိုးသားဖြောင့်မတ်သစ္စာရှိတဲ့ တိုင်းရင်းသားတွေနဲ့သာ ထိုက်တန်ပါတယ်။ ဒါကြောင့် အခြေအနေအချိန်အခါနဲ့အညီ တပ်မတော်ရဲ့သမိုင်းတစ်ခေတ်ရေးထိုး ပေးဖို့သာ တောင်းဆိုလိုခြင်းဖြစ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ တောင်းဆိုချင်တာက လက်ရှိစစ်ဖြစ်နယ်မြေတွေကို စစ်သွေးကြွတွေရဲ့သင်္ချိုင်းဖြစ်အောင်လုပ်ပြီး ပြည်သူအတွက် မျှော်လင့်ချက်သတင်းများစွာ ယူဆောင်လာပေးပါလို့ ဆိုချင်တယ်။
စစ်မှန်တဲ့ပြည်သူတစ်ရပ်လုံးက ငါတို့တပ်မတော်ဟာ လောက်ကောင်တွေကို ကောင်းကောင်းချေမှုန်းနိုင်မယ်၊ အောင်ပွဲအလီလီရယူနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပြီးဖြစ်ပါတယ်၊၊ တပ်မတော်အနေနဲ့လည်း ငါတို့နဲ့တစ်သား တည်းအမြဲရှိနေတယ်ဆိုတဲ့ ပြည်သူကိုယုံကြည်ပေးပါ၊ လိုအပ်တာ ဆောင်ရွက်ပေးပါ အပြန်အလှန်ပေါ့။ တစ်နေရာဒေသတစ်ခုအရေးက တစ်နိုင်ငံလုံးရဲ့ အရေးလို့ ခံယူပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် ရန်သူကိုဟန့်ရုံတားရုံနဲ့မပြီး ရေလိုမီးလိုကျင့်ပြီး သံသရာမရှည်အောင်အမြစ်က စဖြတ်ပေးပါလို့သာ မေတ္တာရပ်ခံတောင်းဆိုလိုက်ပါရစေ။ ။