စာဖတ်ခြင်းနှင့် ကျန်းမာရေး
ဒေါက်တာဇေယျာဝင်း
စာဖတ်ခြင်းကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရရှိစေနိုင်ပါသည်။ စာဖတ်ခြင်းဖြင့် ဦးနှောက်ကို အားကောင်းစေခြင်း၊ တခြားသူအပေါ် စာနာနားလည်နိုင်စွမ်း မြင့်မားလာခြင်း၊ စိတ်ဖိစီးမှုကို လျှော့ချခြင်းနှင့် ဝေါဟာရအသုံးအနှုန်း ကြွယ်ဝလာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
၁၁ ရာစုတွင် Murasaki Shikibu ဟု လူသိများ သော ဂျပန်အမျိုးသမီးတစ်ဦးသည် ကမ္ဘာ့ပထမဆုံးဝတ္ထုဟု ယူဆနိုင်သည့်အခန်း ၅၄ ခန်းပါသော ‘‘Genji ပုံပြင်-The Tale of Genji’’ အမည်ရှိ အချစ်ဝတ္ထုကို ရေးသားခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ ကျော် ကြာပြီးနောက် ယနေ့ခေတ်တွင် ဝတ္ထုဇာတ်လမ်းများကို လက်ကိုင်ဖုန်း၊ တက်ဘလက်များပေါ်တွင် အလွယ်တကူဖတ်ရှုနိုင်ပြီး အလွယ်တကူ ပျောက်ကွယ်သွားလေ့ရှိသည့်တိုင် ကမ္ဘာပေါ်ရှိလူများသည် ဝတ္ထုများကို စွဲစွဲလမ်းလမ်းဖတ်ရှု နေကြဆဲဖြစ်သည်။
အဓိကအချက်များ
လူသားသည် စာအုပ်ဖတ်ခြင်းမှ မည်သည့်အကျိုးကျေးဇူးကို တိတိပပရရှိစေနိုင်သနည်း။ ပျော်ရွှင်ဖွယ်၊ စိတ်ကျေနပ်ဖွယ် တစ်ခုတည်းပေလော။ သို့တည်းမဟုတ် ထိုထက်မကသော အကျိုးကျေးဇူးတရားများ ရရှိနိုင်ပါသေးသလော။ ထိုမေးခွန်းကို သိပ္ပံနည်းကျ ဖြေဆိုရလျှင် “ဟုတ်ကဲ့၊ ရရှိနိုင်ပါသည်”ဟုပင် ဖြစ်ပေလိမ့်မည်။ စာအုပ်ဖတ်ခြင်းသည် သင်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုပြီး ထိုအကျိုးကျေးဇူးများသည်လည်း တစ်သက်တာ တည်တံ့နိုင်ပါသည်။ ငယ်ရွယ်စဉ် ကလေးဘဝမှစတင်ကာ သက်ကြီးပိုင်းရောက်လာသည်အထိ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများမှာ စိတ်နှင့်ခန္ဓာကို ဆက်လက်အထောက်အကူပြုနေကြဆဲဖြစ်သည်။
ဦးနှောက်ကို အားကောင်းစေခြင်း
စဉ်ဆက်မပြတ် တိုးတက်လာသော သုတေသနအမျိုးမျိုး၏ တွေ့ရှိချက်များအရ စာဖတ်ခြင်းသည် လူတို့၏စိတ်ကို အမှန်တကယ်ပြောင်းလဲစေကြောင်း ညွှန်ပြနေပါသည်။ သုတေသီများက MRI စကင်န် ဖတ်ခြင်းကို အသုံးပြု၍ ဦးနှောက်အတွင်းရှိ ရှုပ်ထွေးသော ဆားကစ်များနှင့် အချက်ပြမှုများရှိနေကြောင်းကို တွေ့ရှိခဲ့ရသည်။ စာဖတ်အား ရင့်သန်လာသည်နှင့်အမျှ အဆိုပါဆားကစ်ကွန်ရက်များသည် တဖြည်းဖြည်းပိုမိုအားကောင်းလာပြီး ပိုမိုစနစ်တကျ အလုပ်လုပ်ဆောင်လာနိုင်သည်ကို တွေ့ရှိရကြောင်းလည်း ဆိုပါသည်။
၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် သုတေသီများသည် ဦးနှောက်အတွင်း ဝတ္ထုဖတ်ခြင်း၏ အကျိုးသက်ရောက်မှုကို တိုင်းတာရန်အတွက် MRI စကင်န်များကို အသုံးပြုခဲ့ကြသည်။ အဆိုပါသုတေသနအတွင်း ပါဝင်သူများအား အီတလီနိုင်ငံရှိ Mount Vesuvius မီးတောင်ပေါက်ကွဲမှု ဖြစ်ရပ်မှန်ကိုအခြေခံ၍ စိတ်ကူးယဉ်ရေးသားထားသော စိတ်လှုပ်ရှားဖွယ်စွန့်စားခန်းများပါဝင်သည့် ‘‘Pompei’’ ဝတ္ထုကို ကိုးရက်တာ ဖတ်ရှုစေခဲ့သည်။ ဝတ္ထုဇာတ်ရှိန်တက်လာသည်နှင့်အမျှ စာဖတ်သူများ၏ ဦးနှောက်အစိတ်အပိုင်းများ လှုပ်ရှားမှုပိုမိုမြန်ဆန်လာပြီး ပိုမိုဉာဏ်အလင်း ပွင့်လာသည်ကို တွေ့ရှိခဲ့ရသည်။
ဦးနှောက်စကင်န်ဖတ်ခြင်း ပြုလုပ်နေစဉ်ကာလတစ်လျှောက်လုံးနှင့် နောက်ပိုင်းရက်များတွင် ၎င်းတို့၏ ဦးနှောက်ချိတ်ဆက်မှုတိုးတက်လာသည်ကို တွေ့ရှိရပြီး အထူးသဖြင့် လှုပ်ရှားမှုနှင့် နာကျင်ခြင်းကဲ့သို့သော ရုပ်ပိုင်းဆိုင်ရာ အာရုံခံစားမှုများကို တုံ့ပြန်သည့် ဦးနှောက်အစိတ်အပိုင်းဖြစ်သော Somatosensory Cortex ၏ တိုးတက်မှုကို မြင်တွေ့ခဲ့ရသည်။
စာနာနားလည်နိုင်စွမ်း တိုးတက်လာနိုင်ခြင်း
ရသစာပေကို ဖတ်ရှုသူများသည် စာနာနားလည် နိုင်စွမ်းပိုမိုအားကောင်းသူများဖြစ်ကြောင်းကို တွေ့ရှိရသည်။ ဇာတ်ကောင်များ၏ အတွင်းကျကျ ဘဝနေထိုင်မှုများကို စူးစမ်းလေ့လာသည့် ဇာတ်လမ်းများကို ဖတ်ရှုခြင်းအားဖြင့် အခြားသူများ၏ ခံစားချက်နှင့် ယုံကြည်ချက်များကို နားလည်နိုင်စွမ်း မြင့်မားစေကြောင်း သုတေသနပြုချက်များအရ တွေ့ရှိရသည်။
သုတေသီများသည် ဤစွမ်းရည်ကို စိတ်သီအိုရီ (Theory of Mind)ဟုခေါ်ဆိုကြပြီး လူမှုဆက်ဆံရေး တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုအစုတစ်ခုဖြစ်သည်။ ရသစာပေကို ဖတ်ရှုခြင်းတစ်ခုတည်းအားဖြင့် ဤခံစားချက်ကို ဖြစ်ပေါ်စေနိုင်သည်ဟု မဆိုနိုင်သော်လည်း ကာလရှည်ရသစာပေဖတ်သူများသည် ပိုမိုကောင်းမွန်သော စိတ်သီအိုရီစွမ်းရည်ကို ရရှိလေ့ရှိကြောင်း သုတေသနအရင်းအမြစ်များက ဆိုသည်။
သက်ကြီးရွယ်အိုများ၏ မှတ်ဉာဏ်ကျဆင်းမှုကို တားဆီးပေးနိုင်ခြင်း
စာအုပ်ဖတ်ခြင်းသည် အယ်လ်ဇိုင်းမားကဲ့သို့ သောရောဂါများကို ကာကွယ်နိုင်သည်ဟု သုတေသနများအနေဖြင့် အခိုင်အမာ သက်သေမပြသေးသော်လည်း နေ့စဉ် သင်္ချာပုစ္ဆာများကိုဖတ်ရှုပြီး ဖြေရှင်းသော သက်ကြီးရွယ်အိုများသည် ၎င်းတို့၏သိမြင်မှုဆိုင်ရာ လုပ်ဆောင်ချက်များကို ထိန်းသိမ်းရာတွင် ပိုမိုကောင်းမွန်လာကြောင်း လေ့လာသူများက ယုံကြည်ကြသည်။
ထို့ကြောင့် စာဖတ်ခြင်းအလေ့အထကို စောစော စတင်လေကောင်းလေဖြစ်သည်။ Rush University Medical Center မှ ပြုလုပ်သော ၂၀၁၃ ခုနှစ် လေ့လာမှုတစ်ခုတွင် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးသည့် အလေ့အထများကို တစ်သက်တာလုံးလုပ်ဆောင်ခဲ့သူများသည် စိတ်ကျရောဂါရှိသူများ၏ ဦးနှောက်တွင်တွေ့ရှိရသည့် အမှုန်ခဲလေးများ၊ ယိုယွင်းမှုများနှင့် ပရိုတင်းအစအနလေးများ ဖြစ်ပေါ်မှုလျော့နည်းစေနိုင်ကြောင်း သိရှိရသည်။
စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ခြင်း
၂၀၀၉ ခုနှစ်တွင် သုတေသီအဖွဲ့တစ်ခုသည် အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးသိပ္ပံများမှ ကျောင်းသားများ၏ စိတ်ဖိစီးမှုအဆင့်အပေါ် ယောဂ၊ ဟာသနှင့်စာဖတ်ခြင်း၏ အကျိုးသက်ရောက်မှုကို တိုင်းတာခဲ့သည်။ မိနစ် ၃၀ စာဖတ်ခြင်းသည် ယောဂနှင့်ဟာသများကဲ့သို့ပင် သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုခံစားချက်များကို လျော့ကျစေကြောင်း လေ့လာမှုက တွေ့ရှိခဲ့သည်။
ညဘက်ကောင်းစွာအိပ်စက် အနားယူနိုင်စေခြင်း
Mayo Clinic မှ ဆရာဝန်များသည် စာဖတ်ခြင်းကို ညအိပ်ရာဝင်ခါနီး ပုံမှန်ပြုလုပ်ခြင်း အလေ့အထတစ်ခုအဖြစ် ဆောင်ရွက်ရန်အကြံပြုထားသည်။ ထိုသို့စာဖတ်ရာတွင်လည်း ဖုန်း၊ Ipad၊ Tablet များကဲ့သို့ အီလက်ထရောနစ်ကိရိယာများပေါ်တွင် ဖတ်ရှုခြင်းထက်စာအုပ်ဖြင့် ဖတ်ရှုခြင်းက ပိုမိုကောင်းမွန်သောရလဒ်များရရှိစေနိုင်သည်ဟု ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကိရိယာများမှ ထုတ်လွှတ်သော အလင်းရောင်သည် စာဖတ်သူ၏ စိတ်နိုးကြားစေပြီး အခြားမလိုလားအပ်သော ကျန်းမာရေးရလဒ်များဆီသို့ ဦးတည်သွားနိုင်သောကြောင့် ဖုန်း စသည့်ကိရိယာများဖြင့် စာဖတ်မည့်အစား ပုံနှိပ်စာအုပ်ကို ရွေးချယ်ရန် လိုအပ်ပေလိမ့်မည်။ အိပ်မပျော်လျှင် အိပ်ရာပေါ်၌ စာဖတ်ခြင်းထက် အိပ်ခန်းအပြင် အခြားတစ်နေရာရာတွင်စာဖတ်ကြည့်ရန် ဆေးပညာကျွမ်းကျင်သူများက အကြံပြုထားပါသည်။
စိတ်ကျရောဂါလက္ခဏာများဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ခြင်း
ဗြိတိသျှတွေးခေါ်ပညာရှင် Sir Roger Scruton က “စိတ်ကူးယဉ်ရေးသားထားသော အရာများမှရရှိလာသည့် စိတ်ကျေနပ်နှစ်သိမ့်မှုဖြစ်ပေါ်ခြင်းသည် လက်တွေ့ရလဒ်ဖြစ်သည်။ စိတ်ဓာတ်ကျနေသူများသည် အထီးကျန်ပြီးတခြားသူများနှင့် သီးခြားကွဲကွာနေတတ်သည်။ ဤအခြေအနေကို စာအုပ်များက လျော့ပါးသက်သာစေနိုင်သည်”ဟု ဆိုပါသည်။ ရသစာပေဖတ်ရှုခြင်းသည် သင့်ကိုယ်ပိုင်ကမ္ဘာမှ ခေတ္တလွတ်မြောက်စေနိုင်ပြီး ဇာတ်ကောင်များ၏ စိတ်ကူးယဉ်အတွေ့အကြုံများက သင့်စိတ်ကို လွှမ်းမိုးနိုင်မည်ဖြစ်သည်။ ထို့အပြင် သုတစာပေများသည် စိတ်ကျရောဂါလက္ခဏာများကို ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်သည့် နည်းဗျူဟာများကို သင်ကြားပေးနိုင်ပါသည်။
ထို့ကြောင့် United Kingdom ရှိ National Health Service သည် လူနာများ၏ စိတ်ကျန်းမာရေးအခြေအနေအလိုက် ဆေးအညွှန်းတွင် ဖတ်ရှုသင့်သည့် စာအုပ်များကို လမ်းညွှန်ပေးသည့် Reading Well ဆိုသည့် Books on Prescription program ကို စတင်ကျင့်သုံးခဲ့သည်။
အသက်ရှည်စေရန် အထောက်အပံ့
၁၂ နှစ်တာကာလအတွင်း အသက်အရွယ်ကြီးသူ ၃၆၅ ဦး၏ အငြိမ်းစားယူပြီး နောက်ပိုင်းအလေ့အထများကို သုတေသနပြု လေ့လာရာစာအုပ်နှင့် မဂ္ဂဇင်းကဲ့သို့သောစာပေများကို ဖတ်ရှုသူများသည် မဖတ်ရှုသူများထက် ပျမ်းမျှအားဖြင့် နှစ်နှစ်ခန့်အသက်ပိုရှည်သည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ တစ်ပတ်လျှင် သုံးနာရီခွဲကျော် စာဖတ်သူများသည် စာမဖတ်သူများထက် အသက်ပိုရှည်နိုင်ခြေ ၂၃ ရာခိုင်နှုန်းပိုများကြောင်း အဆိုပါလေ့လာမှုက ကောက်ချက်ချခဲ့သည်။
စာဖတ်ခြင်းမှရရှိနိုင်မည့် အဓိကအကျိုးကျေးဇူးများ
စာဖတ်ခြင်းသည် လူတို့အတွက် အလွန်ကောင်းမွန်ပါသည်။ ပုံမှန်စာဖတ်ခြင်းသည် ဦးနှောက်ချိတ်ဆက်မှုကို တိုးတက်စေခြင်း၊ ဝေါဟာရကြွယ်ဝမှုနှင့် နားလည်နိုင်စွမ်းကို တိုးမြင့်စေခြင်း၊ တစ်ပါးသူများအပေါ် စာနာတတ်သော စိတ်ခွန်အားကို ဖြစ်ပေါ်စေခြင်း၊ အိပ်ရေးဝဝအိပ်စက်နိုင်ရန် အထောက်အပံ့ပေးခြင်း၊ စိတ်ဖိစီးမှုကိုလျော့ကျစေခြင်း၊ စိတ်ကျရောဂါလက္ခဏာများကို တိုက်ဖျက်ပေးခြင်း၊ အသက်ကြီးလာသည်နှင့်အမျှ မှတ်ဉာဏ်ကျဆင်းမှုကို တားဆီးပေးခြင်း၊ အသက်ရှည်စေခြင်း စသည့်လက်တွေ့ကျသော အကျိုးကျေးဇူးများစွာရှိပါသည်။
စာဖတ်ခြင်းသည် ဘဝတစ်သက်တာအတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကလေးငယ်များအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကို ပျိုးထောင်ပေးရန် အရေးကြီးပါသည်။ သို့သော်လည်း ကောင်းမွန်သောအလေ့အကျင့် တစ်ခုကို စတင်ရာတွင် နောက်ကျသည်ဟူ၍ မရှိရိုး အမှန်ပင်။ စာအုပ်များနှင့် စာမျက်နှာများသည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများကိုပေးအပ်ရန် အသင့်ရှိနေကြောင်း ရေးသားလိုက်ရပါသည်။ ။
Reference:
Benefits of Reading Books: How It Can Positively Affect Your Life, www.healthline.com