Skip to main content

လူငယ်နှင့်စာဖတ်ခြင်း (စာကြည့်တိုက်ယဉ်ကျေးမှုအစ စာသင်ကျောင်းက)

မြင့်မောင်(Phil-Q)

စာကြည့်တိုက်ဟူသည်

စာကြည့်တိုက်သည် စာအုပ်ပေါင်းများစွာတို့၏ နေအိမ်ဖြစ်၏။ စာအုပ်များစွာရှိရာ နေရာဖြစ်၏။ မြန်မာအဘိဓာန်၌ စာကြည့်တိုက်ကို “ကြည့်ရှုလေ့လာရန်၊ ငှားရမ်းရန်စာအုပ်များသိမ်းဆည်းထားရာ အဆောက်အအုံ”ဟု အနက်ဖွင့်သည်။ စာကြည့်တိုက်တွင် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသော စာအုပ်စာစောင်၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သော အခြားလေ့လာစရာအရာများ စနစ်တကျစုစည်းထားသည်။ စာကြည့်တိုက်ကို အံ့ဩဖွယ်ရာအပေါင်းနှင့် ပြည့်လျှမ်းနေသောကမ္ဘာကြီးဟု ဆိုနိုင်၏။

စာလုံးဝမဖတ်သူသည် လက်ရှိဘဝတစ်ခုတည်းတွင်သာ ရှင်သန်သူဖြစ်ပြီး စာဖတ်သူကမူ သူမသေခင် ဘဝပေါင်းများစွာ ရှင်သန်ခွင့်ရသူဖြစ်သည်။ စာဖတ်ခြင်း၏အကျိုးကျေးဇူးကို အနောက်တိုင်းစာရေးဆရာတစ်ဦးက ထိုသို့ဆို၏။ သက်တမ်းတစ်ခု အတွင်း ဘဝပေါင်းများစွာ သက်ဝင်လာခြင်းသည် အံ့ဖွယ်မဟုတ်ပါလော။ စာဖတ်ခြင်းဖြင့် ထိုအံ့ဖွယ်အဖြစ်သည် လက်တွေ့ဖြစ်လာသည်။ စာကြည့်တိုက်၌ စာအုပ်များရှိ၏။ ထို့ကြောင့် စာကြည့်တိုက်သည် အံ့ဩဖွယ်ရာကမ္ဘာ၊ လူတို့အတွက် အကောင်းဆုံးကမ္ဘာဖြစ်သည်။ အထူးသဖြင့် လူငယ်တို့အတွက်ဖြစ်၏။

စာကြည့်တိုက်ဟူသည် ပညာရှင်ဆိုသူများအတွက်သာမဟုတ်။ ပညာရှာသူ၊ ပညာရှိလိုသူ၊ တိုးတက်ကြီးပွားလိုသူ၊ ငြိမ်းချမ်းလိုသူ၊ အသိအမြင်ကြွယ်ဝလိုသူ၊ အကြားအမြင်ဗဟုသုတများလိုသူ၊ စိတ်အပန်းဖြေသူ၊ အချိန်ကိုအကောင်းဆုံးအသုံးချသူ စသူစသူတို့ ကျင်လည်ရာအရပ်လည်းဖြစ်၏။ အသက်အရွယ်မရွေး၊ လူမျိုးဘာသာမရွေး၊ ကျား-မမရွေး၊ ဆင်းရဲချမ်းသာမရွေး၊ ဂုဏ်ရှိဂုဏ်မဲ့ဩဇာရှိ ဩဇာမဲ့မရွေးအားလုံးအတွက်ဖြစ်၏။

စာကြည့်တိုက်ယဉ်ကျေးမှု

လူမျိုးတစ်မျိုး လူ့အဖွဲ့အစည်းတစ်ခု၏ အတွေးအခေါ်၊ ခံယူချက်၊ အလေ့အထ၊ လူမှုရေးဆိုင်ရာပြုမူဆောင်ရွက်ပုံ၊ တန်ဖိုးထားမှုတို့ကို ထိုလူမျိုး၊ ထိုလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဟု ဆိုကြသည်။ သို့ဆိုလျှင် ‘စာကြည့်တိုက်ယဉ်ကျေးမှု’ဆိုသည်မှာ စာကြည့်တိုက်အပေါ် ထားရှိသည့်ခံယူချက်၊ တန်ဖိုးထားမှု၊ စာဖတ်ခြင်းနှင့် စာကြည့်တိုက်ကို အပြည့်အဝအသုံးချမှုအလေ့အထ၊ စာကြည့်တိုက်များနှင့် စာကြည့်တိုက်ပညာ ထွန်းကားပြန့်ပွားအောင်လုပ်ဆောင်မှုဟုဆိုနိုင်မည်။

စာကြည့်တိုက်များ ပိုမိုဖွင့်လာခြင်း၊ အစိုးရနှင့်အဖွဲ့အစည်းတို့ကသာမက စာကြည့်တိုက်တန်ဖိုးသိမြင်သူတို့ကပါ စာကြည့်တိုက်များဖွင့်လာခြင်း၊ စာအုပ်စာစောင်များ စနစ်တကျစုဆောင်းထိန်းသိမ်းထားခြင်း၊ အလွယ်တကူရှာဖွေဖတ်ရှုနိုင်ရန် စီစဉ်ထားခြင်း၊ စာကြည့်တိုက်အသုံးပြုသူများလာစေရန်စီမံခြင်း၊ စာကြည့်တိုက်နေရာကို ပျော်မွေ့ဖွယ် ဖြစ်အောင်ခင်းကျင်းခြင်း၊ စာကြည့်တိုက်သို့ လာရောက်ချင်အောင်ဆွဲဆောင်ခြင်း၊ စိတ်ဝင်တစားဖြစ်စေမည့် စာကြည့်တိုက်လှုပ်ရှားမှုများပြုလုပ်ခြင်း၊ စာကြည့်တိုက်ပညာပြန့်ပွားစေခြင်း၊ စာကြည့်တိုက်ဦးစီးဖွင့်လှစ်သူနှင့် စာကြည့်တိုက်အမှုကိစ္စ တာဝန်ယူထမ်းဆောင်သူတို့အားပံ့ပိုးကူညီခြင်း၊ စာဖတ်သည့်အလေ့အထ ထွန်းကားလာစေရန် နည်းလမ်းချမှတ်ဆောင်ရွက်ခြင်း စသည်တို့သည် စာကြည့်တိုက်ယဉ်ကျေးမှု၏ သွင်ပြင်လက္ခဏာဖြစ်ပေမည်။

စာကြည့်တိုက်များများရှိရန်လိုသည်။ စာကြည့်တိုက်အသုံးပြုသူများများရှိရမည်။ စာမြည်းသူ၊ စာရှာသူ၊ စာဖတ်သူ၊ စာငှားသူများနှင့် စည်ကားနေစေရမည်။ စာအုပ်စာစောင်များ အလွယ်တကူရှာဖွေနိုင်ရေးအတွက် စာကြည့်တိုက်ပညာအပြည့်ဖြင့် ဝန်ဆောင်မှုပေးသူကလည်းပေးမည်။ ဤသို့ဖြင့် လူတို့အတွက် အထူးသဖြင့် တိုးတက်သောလူငယ်တို့အတွက်၊ တိုးတက်လိုသော လူငယ်တို့အတွက်၊ လူငယ်များတိုးတက်ရေးအတွက် စာကြည့်တိုက်များသည် မိတ်ဖက်ကောင်းကြီးပမာဖြစ်လာမည်။

လူငယ်တိုင်း စာကြည့်တိုက်သို့ ရောက်လာရေး

ယနေ့ခေတ်၌ လူငယ်တို့ စာဖတ်အားနည်းလာသည်။ အပြစ်မဆိုသာ။ စူးစမ်းလေ့လာချင်စိတ်ရှိ သည့်လူငယ်တို့အတွက် သိလိုစိတ်ကိုဖြည့်ဆည်းပေးမည့်၊ ဖျော်ဖြေပေးမည့်၊ စိတ်အပန်းပြေစေမည့် ယုတ်စွအဆုံးအချိန်ဖြုန်းနိုင်မည့် နည်းလမ်းများစွာရှိလာသည်။ အင်တာနက်ဆက်သွယ်ရေးနည်းလမ်း တစ်ခုတည်းကပင် လူငယ်တို့၏သိလိုစိတ်ကို လွှမ်းမိုးထားသည်။ တစ်ကမ္ဘာလုံးကို ထိုင်ရာမထကြည့်နိုင်သည့် ကိရိယာတစ်ခုက စာအုပ်နှင့် စာဖတ်ခြင်းကို အလဲထိုးအနိုင်ယူသွားသည်။

စာမဖတ်တော့သည့်အတွက် စာဖတ်သူနည်းသွားသည်။ စာဖတ်သူနည်းသည့်အတွက် စာကြည့်တိုက်များသို့ လာရောက်သူနည်းသွားသည်။ စာကြည့်တိုက်များ ပြန်လည်သက်ဝင်စည်ကား လာရေးအတွက် အခြေခံအကျဆုံးမှာ စာဖတ်သူများသထက်များလာရေးဖြစ်၏။ အထူးသဖြင့် အနာဂတ်မျိုးဆက်လူငယ်များဖြစ်သည်။ လူငယ်တိုင်းစာဖတ်လာရေးအတွက် စာဖတ်သည့်အလေ့အထများထူထောင်ရမည်။ ထို့အတွက် လူငယ်များစုစည်းရာ စာသင်ကျောင်းများ၌ ကျောင်းသားလူငယ် မောင်မယ်တို့ကို စာဖတ်သည့်အလေ့အထရှိလာစေရန် အဓိကထား လုပ်ဆောင်သင့်သည်။

စာဖတ်အလေ့အထ အားကောင်းစေရေး

စာဖတ်ခြင်းသည် ပညာသင်ဘဝနှင့် သက်မွေးလုပ်ငန်းဘဝအောင်မြင်ရေးအတွက် အခြေခံအကျဆုံး အကျင့်တစ်ခုဖြစ်သည်။ စာဖတ်ခြင်းသည် တီထွင်ဖန်တီးမှု၊ အသိအမြင်ကြွယ်ဝမှုနှင့် စိတ်ဓာတ်မြင့်မားမှုတို့ရရှိစေပြီး ယင်းမှာ ကျောင်းသားလူငယ် တို့အတွက် အဖိုးတန်အရည်အသွေးများဖြစ်သည်။ စာဖတ်ခြင်းသည် ပညာသင်ကြားရေး၏ ကျောရိုးလည်းဖြစ်သည်။ သို့သော် ယနေ့လူငယ်တို့သည် ဆိုရှယ်မီဒီယာသုံးခြင်း၊ ဗီဒီယိုဂိမ်းကစားခြင်း၊ တီဗွီကြည့်ခြင်းတို့ကို စာအုပ်တစ်အုပ်ဖတ်ခြင်းထက် ပို၍ခုံမင်နှစ်သက်လာနေကြသည်။ ယနေ့ခေတ် လူကြီးမိဘတို့ကလည်း မိမိတို့သားသမီးများ စာဖတ်သည့်အလေ့အထ အားကောင်းလာစေရေးအပေါ် အလေးအနက်ထား ထိန်းကျောင်းပဲ့ပြင်မှု အားနည်းချက်လည်း ပါဝင်သည်။

ပညာရပ်တစ်ခု ကျွမ်းကျင်လာစေရန် အချိန်လိုအပ်သည်။ ထို့အတူ စာဖတ်သည့်အလေ့အထ အားကောင်းလာစေရေးအတွက် အချိန်ပေးအလေးထားလုပ်ဆောင်ရန်လိုသည်။ စာဖတ်ခြင်းအမှုကို ခုံမင်နှစ်သက်လာစေရေးအတွက် လုပ်ဆောင်ရာ၌ အခက်အခဲရှိကောင်းရှိမည်။ သို့သော် နည်းမှန်လမ်းမှန်ဖြင့် လုပ်ဆောင်လျှင် ကျောင်းသားလူငယ်တို့ စာဖတ်ဝါသနာပါသူတစ်ဦးအဖြစ်သို့ ရောက်ရှိစေနိုင်သည်။ လူငယ်တစ်ဦး စာဖတ်သည့် အလေ့အထအားကောင်းလာစေရေးထိန်းကျောင်းပဲ့ပြင်ရာ၌ သော့ချက်မှာ ငယ်နုစဉ်အချိန်ကပင် စာဖတ်လာစေရေးလှုံ့ဆော်ပေးခြင်းဖြစ်၏။

ထို့ကြောင့် မူလတန်းအဆင့်ကျောင်းများ၌ မူလတန်းအဆင့်ကလေးများနှင့် ကိုက်ညီသည့် ကလေးစာကြည့်တိုက်တစ်ခုစီ တည်ထောင်သင့်သည်။ သူတို့အတွက်စာအုပ်များရှိသည့် စာကြည့်တိုက်လေးတစ်ခုရှိကြောင်း ငယ်နုစဉ်ကပင် အသိဝင်စေသင့်၏။ ဆရာ ဆရာမများက ကလေးများကိုစာဖတ်ပြခြင်း၊ စာကြည့်တိုက်ဝင်ချိန် တစ်ချိန်သတ်မှတ်ပေးခြင်း စသည့်နည်းလမ်းများဖြင့်လည်း အသိဝင်စေနိုင်သည်။

အလယ်တန်း၊ အထက်တန်းတို့၌လည်း ထိုအဆင့် ကျောင်းသားလူငယ်တို့နှင့်ကိုက်ညီသည့် စာအုပ်စာစောင်များထားပေးခြင်း၊ စာကြည့်တိုက်ထားပေးခြင်း၊ စာကြည့်တိုက်ကော်မတီကို ကျောင်းသား ကျောင်းသူတို့ဖြင့်ဖွဲ့စည်းပေးခြင်း၊ စာကြည့်တိုက်သက်ဝင်စေရေးဆွေးနွေးတိုင်ပင်ခြင်း၊ စကားဝိုင်းလုပ်ခြင်းများ စီစဉ်ပေးသင့်သည်။

ကျောင်းစာကြည့်တိုက်များ သက်ဝင်လာစေရေး

တွေးကြည့်ပါ။ စာအုပ်စင်ကြီးတစ်ခုရှေ့ကြမ်းပြင်၌ ဆရာတစ်ဦးထိုင်နေ၏။ လက်ထဲ၌ စာအုပ်တစ်အုပ်ကိုင်၍ ဖတ်ပြနေသည်။ သူ့အနားတွင် ဆရာဖတ်ပြနေသည်ကို နားထောင်နေသော ကလေးများဝိုင်းလျက်။ သူတို့လေးတွေ၏ မျက်နှာပေါ်တွင် အံ့ဩစိတ်၊ သိလိုစိတ်၊ စူးစမ်းလိုစိတ်တို့ကအပြည့်။ သေချာပါသည်။ ထိုကလေးများသည် ဆရာမှီထိုင်နေသော စာအုပ်စင်ကြီးကို မွှေနှောက်ရှာဖွေကာ ဆရာပျိုးထောင်ပေးလိုက်သော သိလိုစိတ်နှင့်စာဖတ်ကျင့်ကို ဆက်လက်တိုးချဲ့သူများ မလွဲဧကန်ဖြစ်လာပေတော့မည်။

ထို့ကြောင့် ငယ်ရွယ်နုနယ်သူတို့စုဝေးရာ စာသင်ကျောင်းများသည် စာဖတ်ဝါသနာပျိုးထောင်ရေး၊ ယင်းမှတစ်ဆင့် စာကြည့်တိုက်အသုံးပြုမှု အလေ့အထရှိလာရေးတို့ လုပ်ဆောင်နိုင်သည်။ စာသင်ကျောင်းများ၌ စာကြည့်တိုက်များရှိပါလိမ့်မည်။ သို့သော် ရှိရုံမည်ကာမတ္တမဟုတ်ဘဲ လှုပ်ရှားမှုအားကောင်းကောင်းဖြင့် သက်ဝင်လာစေရန် လိုအပ်သည်။ ထို့အတွက် စာကြည့်တိုက်ပညာရှင်များနှင့် ကျောင်းတာဝန်ရှိသူများပူးပေါင်း၍ ရေတိုရေရှည်နည်းလမ်းများ ချမှတ်ဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါသည်။ ။