Skip to main content

စာဖတ်ခြင်းမှ ပညာတတ်ခြင်းသို့

ဗညားဒလ

“ယေဓမ္မာ= အကျိုးတရား ဟူသမျှသည်၊ ဟေတုပ္ပဘဝါ-အကြောင်းတရားက အစပြုသည်ဟု၊ တေသံဟေတုံတထာဂတာ= ဆရာကအကြောင်းရင်းသဘောကို ဟောကြား၏။ အကြောင်းကြောင့် အကျိုးဖြစ်သော တရားကိုပြပါ၏”

အရှင်အဿဇိထေမြတ် (ပဉ္စဝဂ္ဂီငါးပါးအနက် တစ်ပါးအပါအဝင် အဦးဆုံး သံဃာတော်)

အမှန်တရားကိုမြတ်နိုးခြင်း

မှန်ကန်မှုအကြောင်းကိုရေးမည်ဟု စိတ်ကူးပေါ်သည်။ မှန်ကန်ခြင်းဟုရေးမှသင့်မည်ဟု တွေးမိပါသည်။ မှန်ကန်မှုဟူသော ဝေါဟာရသည် စာဖတ်သူ၏နားထဲသို့ ပြေပြေပြစ်ပြစ်ဝင်ချင်မှဝင်မည်။ မှန်ကန်ခြင်းကပျော့အိနေပြီး မှန်ကန်မှုဟူသောစကားလုံးက မာထန်နေသည်ဟု မိမိစိတ်ထဲက ယူဆနေမိသည်။ စာကတစ်လုံးမှ မရေးရသေးခင်မှာပင် အစုခေါင်းစဉ်လေးတစ်ခု အရင်စဉ်းစားရင်းအချက်အလက်များ ပျောက်ပျက်မသွားအောင် ဦးစွာပထမချရေးထားလေမှဟု တွေးမိလာသည်။

မှန်ကန်ခြင်း၏ ဆန့်ကျင်ဘက်အရာမှာ အမှားဖြစ်ပေမည်။ အလွဲအမှား၊ အမှားအယွင်း၊ လိမ်ညာခြင်း၊ လှည့်ဖြားခြင်း၊ လှည့်စားမှု၊ မုသားစကား၊ မဟုတ်မမှန်။ အမှန်တရားကိုကား သစ္စာဟုဆိုကြသည်။ သစ္စာတွင်ပရမတ္ထသစ္စာနှင့် သမုတိသစ္စာဟု နှစ်ပိုင်းရှိကြောင်းကို စာဖတ်သူလည်း သိပြီးဖြစ်ပေမည်။

သူတစ်ပါးကို လိမ်ညာမုသားဆို၍ ရယ်စရာအဖြစ်သဘောအနေနှင့်ပင် မပြောလေနှင့်ဟု မြတ်စွာဘုရားက တိကျပြတ်သားစွာ တားမြစ်တော်မူခဲ့သည်။ ဘုရားဆုကို ပန်ဆင်ပြီးသည့်နောက်တွင် ဘဝပေါင်းများစွာဖြစ်လေရာ၌ မုသာဝါဒမမှန်မကန်ပြောဆိုခြင်းမျိုးကို အလေးထား၍ ဘုရားလောင်းက သတိထားရှောင်ရှားခဲ့သည်ဟု မိမိတို့အလယ်တန်းပြဆရာ မြန်မာစာပြဆရာကသင်ကြားခဲ့၏။ အမှန်တရားက တန်ဖိုးမြင့်မားသည်။ အမှန်တရားကိုသာ ဂေါတမမြတ်စွာဘုရားက တန်ဖိုးထားသည်။ ဒေသနာတော်များစွာတို့မှာ မုသာဝါဒကို ရှောင်ရှား၍ သစ္စာတရားကိုသာ လိုက်နာကျင့်သုံးရန် အားပေးတော်မူခဲ့သည်။ ဤအချက်သည် ဘုရားရှင်က တီထွင်ဖန်တီးသော အသစ်အဆန်းကားမဟုတ်၊ ရှေးရှေးသော ပညာအမြော်အမြင်ရှိသူများကလည်း သိရှိနားလည်ပြီး လူသားမျိုးနွယ်ဆက်အဆင့်ဆင့်သို့ လက်ဆင့်ကမ်းသင်ကြားခဲ့သော အမူအကျင့်၊ လူကျင့်ဝတ်၊ စည်းကမ်းပင်ဖြစ်ခဲ့လေသည်။ အောင်ခြင်းရှစ်ပါးအပါအဝင် အာဠာဝကနတ်ဘီလူး ကြီးကို ချွတ်ခန်းတွင်ဘွဲ့ဖြူလက်နက် အစွမ်းထက်ဆုံးအရာအပါအဝင် မီးကျီးမိုး၊ ပြာပူမိုး၊ ရွှံ့ညွန်မိုး၊ လက်နက်မိုး စသည့်ဆယ်မျိုးသောလက်နက်များနှင့် မြတ်စွာဘုရားကို တစ်ညလုံးလုံး အဆက်မပြတ်မရပ်မနားတိုက်ခိုက်ချေမှုန်း ဒေါသဟုန်းဟုန်းဖြင့် ရန်မူပါသော်လည်း လုံးဝရန်တုံ့မမူဘဲ မေတ္တာဓာတ်ပို့လွှတ်တော်မူသော ဗုဒ္ဓကိုခက်ခဲသောမေးခွန်းပုစ္ဆာများ မေးမြန်းခြင်းအားဖြင့် စဉ်းစားရကျပ်ကာ ရူးသွပ်မူးနောက်၊ ဒုက္ခရောက်အောင် နှိပ်စက်မည်ဟု မေးခွန်း(၈)ခုကို မေးမြန်းခဲ့၏။ မြတ်စွာဘုရားက အလွယ်တကူပင် ရှင်းလင်းထင်ရှားစွာ အာဠာဝကဘီလူး ကျေနပ်လက်ခံအောင် ဖြေပေးနိုင်ခဲ့ရုံမျှမက နောက်ထပ်ခက်ခဲသော သူသိချင်နေသည့် ပုစ္ဆာ(၅) ပုဒ်ကို ဖြည့်စွက်၍ ဖြေကြားပေးရန် တောင်းပန်ပြန်လေသည်။

နောက်ထပ်မေးခွန်းပြဿနာ(၅)ခုကိုလည်း မြတ်စွာဘုရားက ဘီလူးကြီးနှစ်သက်အားရ ဘဝင်ကျအောင် ဖြေပြနိုင်ခဲ့လေသည်။ အာဠာဝကသုတ္တံကပညာရှိများ ဆက်လက်လေ့လာသင့်အောင် စိတ်ဝင်စားစရာကောင်းသော ရတနာဘဏ္ဍာတိုက်ပမာဖြစ်ပါသည်။ ဤနေရာတွင် စပ်ဆိုင်သမျှကိုသာ ကောက်နုတ်ဖော်ပြလိုပေသည်။ မေးခွန်း(၁၃)ပုဒ်အနက် ဤမေးခွန်းလည်း တစ်ချက်အပါအဝင်ဖြစ်ခဲ့သည်။ “လောက၌ အရသာတကာတို့တွင် အဘယ်အရာသည်သာလွန်ကဲပို အချိုမြိန်ဆုံးအရာပေနည်း” ချက်ချင်းပင်မြတ်စွာဘုရားက တစ်ခွန်းတည်း အဖြေပေးသည်။

“သစ္စာ”

သစ္စာဟူသောမှန်ကန်ခြင်း။ အကြောင်းရင်းကိုလည်း အကျယ်မရှင်းပါ။ အကျိုးတရားကိုလည်း ဋီကာမချဲ့ပါ။ အာဠာဝကဘီလူးသည် ဉာဏ်ရည်မြင့်မားထက်မြက်သော နတ်ဘီလူးကြီးဖြစ်သည်။ တန်ခိုးအာဏာကြီးမားသဖြင့် မာန်မာန၊ ဒေါသထောင်လွှားခက်ထန်သူဖြစ်သော်လည်း ချက်ဆို နားခွက်ကမီးတောက်သည်။ တစ်ခွန်းတည်းသော စကားကိုဖြေရုံမျှဖြင့် အကျယ်ကို ဆင်ခြင်မြော်မြင် နိုင်သူဖြစ်သည်။ အမှန်တရား၏ အရသာတကာတို့တွင် အချိုမြိန်ဆုံးသောအရာဟု မြတ်စွာဘုရား အဖြေပေးခြင်း၏ နက်နဲကျယ်ဝန်းပုံ၊ မှန်ကန်တိကျပုံ၊ အပိုအလိုမရှိ၊ ထင်ရှားပေါ်လွင်စေနိုင်ပုံကို သဘောပေါက်လေသည်။

ဤမျှ နက်နဲခက်ခဲသောအဖြေကို တစ်မုဟုတ်ချင်း အလွယ်တကူချက်ချင်းဖြေပေးနိုင်စွမ်းသည်ကား ဗုဒ္ဓမြတ်စွာဘုရား၏ ဘုန်းတော်၊ ဉာဏ်တော်၊ ကံတော်အဟုန်ကိုပါ သိမြင်တိုင်းဆ နားလည်ကြည်ညိုသွားရသည်။ သောတာပန်အဆင့်သို့ ရောက်ရှိသွားတော့သည်။ လူသားစားရမှာလည်းရွံရှာသွားပြီ။ အစွယ်များလည်း ကြွေကြကုန်လေသည်။ ထို့ကြောင့် မြတ်စွာဘုရားကို မူးဝေ၊ ထုံထိုင်း၊ ရူးအောင်သွပ်အောင် ကယောင်ကတမ်းဖြစ်စေအောင် ခက်ခဲသောပုစ္ဆာမေးခွန်းများဖြင့် တိုက်ခိုက်မည်ဟူသော မူလရည်ရွယ်ချက်သည်လည်း ဗုန်းဗုန်းလဲကျ ရှုံးနိမ့်ပျက်ပြားသွားခဲ့ရလေပြီ။

“အမှန်တရား”

အမှန်တရားသည်သာ လောကတစ်ဝန်းတွင် အရသာတကာတို့ထက် ပိုမိုချိုမြိန်သော အချိုမြိန်ဆုံးအရာပေတကား။ အမှန်တရားလောက် အရသာထူးကဲသော၊ မွန်မြတ်သော၊ အခြားနှိုင်းယှဉ်စရာဘာမှမရှိတော့ပါ။ သိရပါပြီ။ အမှန်တရားသည် လောကမှာ အရသာအရှိဆုံးအရာ။

မှန်ကန်ခြင်းက လောကလူသားများကို အသိ၊ ဉာဏ်ပညာအလင်းရောင်ထွန်းပြောင်စေပါသည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး၊ အမိုက်အမှောင်မှ အလင်းရောင်ဆီသို့ အမှန်တရားက ပို့ဆောင်ပေးနိုင်လေသည်။ အမှန်နှင့် အမှားသည် သီးခြားတစ်ဖက်စီတည်နေသည်။ အမှန်သည်အမှားမဟုတ်။ အမှားသည် အမှန်မဟုတ်။ အမှန်နှင့်အမှားကို ကွဲပြားစွာခွဲခြားသိသောအရာ ဉာဏ်ပညာက အရေးကြီးလှပါပေသည်။ အမှန်နှင့် အမှားကို ခွဲခြားတတ်ရန်လိုသည်။

သစ္စာတရားကို မြတ်နိုးစွာပွေ့ဖက်ရမှာဖြစ်ပါသည်။ သစ္စာတရားက ကျွန်ုပ်တို့ ရွေးချယ်ကျင့်သုံးရမည့်အရာဖြစ်ပါ၏။ အမှန်တရားကိုသာ မြတ်နိုးတတ်ပါစေ။ အမှန်သည် မှားသလိုဖြစ်၍ အခါးကိုချိုသည်ဟု ထင်မှတ်နေသူများလည်း ဤလောကတွင် အလွန်ပင် ပေါများလှသေးသည်။ လူတချို့သည် လိမ်ညာလှည့်စားသူများ၏ ပြောစကား၊ ရေးသားချက်၊ ကွယ်ဝှက်ပြသချက်များကြောင့် အမှောင်ထုအတိ၊ အမြင်မှန်မရှိ၊ အမှန်မသိဘဲ ဝဲလှည့်နေကြသည်။

သစ္စာဟူသော အမှန်တရား၏ စွမ်းအားကြီးမားပုံကို မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်၊ ဇာတ်ဝတ္ထုနိပါတ်တော် ငါးရာကျော်တွင်ပါရှိပါ၏။ ထင်ရှားသော သာဓက အထောက်အထားများ တွေ့ရှိနိုင်ပါ၏။

အင်းဝခေတ်စာဆိုအကျော် ဆရာတော်အရှင်မဟာသီလဝံသ (၁၄၅၃-၁၅၂၀)က ဤကဲ့သို့ ပင်ရေးဖွဲ့တော်မူဖူးသည် မဟုတ်လော။

“ကတိသစ္စာ၊ တည်သောခါဝယ် ရသာလေးနက်၊ ပေါ်ဆီတက်၍ နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏”

(ဆရာတော် အရှင်မဟာသီလဝံသသည် ထင်ရှားကျော်ကြားသော အင်းဝခေတ်စာဆိုအကျော် ဖြစ်သကဲ့သို့ ပြုစုရေးသားတော်မူသောကျမ်းစာများကို ဝေဖန်သုံးသပ်သူပညာရှိများက ရဟန္တာတစ်ပါးဖြစ်ကြောင်း သက်သေအထောက်အထားများပင်ရှိသည်ဟု ဆိုသူကဆိုကြပါသည်။)

မှန်ကန်ခြင်းအရာသည် လူ၏ ကာယကံ၊ ဝစီကံနှင့် မနောကံဟူသော ကံသုံးပါးနှင့် အားလုံးသက်ဆိုင်ပါ၏။ အတွေး၊ စဉ်းစားပုံ၊ ရှုမြင်ပုံမှာလည်း မှန်ကန်ရသည်။ အပြော၊ စကားပြောဆိုရာမှာလည်း မှန်ကန်ရသည်။ အလုပ်၊ ကာယကံ ပြုမူလုပ်ဆောင်ရာတွင်လည်း မှန်ကန်ရမှာဖြစ်ပါသည်။

စကားအရာပြောဆိုရာတွင် စံထားရသော အခြေခံသဘောတရားများ ရှိထားပါသည်။

၁။ မှန်ကန်ရမည်။

၂။ အကျိုးရှိရမည်။

၃။ သူနှစ်လိုရမည်။

၄။ တရားနှင့်စပ်သည့် အကြောင်းရပ်ဖြစ်ရမည်။

၅။ ချစ်ဖွယ်သောစကားဖြစ်ရမည်။

၆။ သန့်ရှင်းသေချာ၊ တိကျပြတ်သားစွာ ပြောရမည်။

၇။ မတို မရှည်၊ မပို မလို ပြောရမည်။

၈။ ပြုံးရွှင်မှု ရှေးရှုထား၍ ပြောရမည်။

၉။ ယဉ်ကျေးသော ဓလေ့ထုံးနှင့်ပြောရမည်။

၁၀။ အခြေအနေ၊ အချိန်အခါ၊ ပုဂ္ဂိုလ်နှင့် ဆီလျော်ရမည်။

မှန်ကန်ခြင်းသဘောမှာ အကြောင်းလည်းမှန်ရမည်။ အကျိုးလည်းမှန်စေရမည်။ ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် သိပ္ပံပညာထွန်းကားခဲ့ ပြီးသောအချိန်တွင် လူသားများအသိအမြင်၊ အလင်းပွင့်လင်းလာသောအခါ သိပ္ပံနည်းကျ၊ စနစ်တကျ အဖြေရှာတတ်ခြင်းမှာ ဖွံ့ဖြိုးလာခဲ့ပါသည်။ ဥပမာ- အယ်လ်ဂိုရစ်သမ်(Algorithm) ပြဿနာကိုဖြေရှင်းနည်း။ အဖြေဖော်ထုတ်ရာတွင် လိုက်နာရသည့် စည်းကမ်း၊ လုပ်နည်းစနစ်ရှိရခြင်း၊ သိရခြင်းပညာရပ်ဖြစ်ပါသည်။

အသိဉာဏ်ခေါင်းပါးသူတချို့၊ ပညာမဲ့သူတချို့ အယ်လ်ဂိုရစ်သမ် သဘောကိုပင်လုံးဝနားမလည်ဘဲ ဒီမိုကရေစီစနစ်ထွန်းကားဖွံ့ဖြိုးရေး (Democratization Process) လုပ်ငန်းစဉ်တစ်ရပ်ကို လက်တွေ့ကျင့်သုံး အကောင်အထည်ဖော်နေခြင်းကို ဒီမိုကရေစီစနစ်နှင့် ဆန့်ကျင်ဘက်သဖွယ် ဖြစ်သော လက်နက်ကိုင်ဆန့်ကျင်ပုန်ကန်ခြင်းနည်းဖြင့် ထိပ်တိုက်စစ်ရေးနည်းအရ ဖြေရှင်းခြင်းမျိုးဖြစ်ပေသည်။ အသက်ချင်းလု၍ လက်နက်ကိုင်စစ်ခင်းရခြင်း၊ ရန်ပြုရခြင်း၏ မူလရည်ရွယ်ချက်က စနစ်အတွက်မဟုတ်ဘဲ လူပုဂ္ဂိုလ်စွဲ ကြိုက်နှစ်သက်ခြင်းအပေါ်မှာပဲ အခြေခံခဲ့ပါသည်။ အကြောင်းလည်းမသိ၊ အကြောင်းကလည်းမမှန်။ အသိဉာဏ်နည်းသော် ပုဂ္ဂိုလ်ဟူသည်ကမမြဲ။ ဓမ္မဆိုသည်ကမလွဲ။ ဒါကိုတော့ လက်ခံရမည်။

ဤကဲ့သို့ အယ်လ်ဂိုရစ်သမ်ခေါ် ပြဿနာဖြေရှင်းနည်းနှင့် ကြည့်လျှင်ပင် ပုစ္ဆာကလည်းမှား၊ အဖြေကလည်းလွဲမှား၊ ဘဝများ၊ အသက်များနှင့်ရင်း၍ သိသိသာသာထင်ထင်ရှားရှား မှားယွင်းနေခြင်းမျိုးသည်လည်း မြေပြင်တွင်ရှိနေတတ်သည်။ ဪ... မှားလေစွတကား။ မြတ်စွာဘုရားအဖြစ်ကို ရောက်တော်မူပြီး ပဉ္စဝဂ္ဂီငါးဦးကိုတရားဦး ဓမ္မစကြာသုတ်ကို ဟောတော်မူရာတွင် အခြေခံအကျဆုံးအချက်မှာ သစ္စာလေးပါးဖြစ်ပါ၏။ ဗုဒ္ဓဘာသာဝင်များအားလုံး သိပြီးအကြောင်းနှင့် အကျိုး၏ ဆက်နွှယ်ပုံသဘောတရားဖြင့် ထင်ရှားပါ၏။

၁။ အရှိတရားအကျိုးက ဒုက္ခသစ္စာ

၂။ အကြောင်းတရားက သမုဒယသစ္စာ

၃။ အရှိတရားအကျိုးက နိရောဓသစ္စာ

၄။(အထက်ပါ အကျိုးနှင့်အကြောင်းကို သိမြင်သဘောပေါက်ပါက ဆက်လက် နားလည်ကျင့်သုံးရမည့် လမ်းကြောင်းအမှန် (၈)ချက်က)

ကျင့်သုံးရမည့်အကြောင်း မဂ္ဂသစ္စာ

မြတ်စွာဘုရားက တရားတော်(ပရိယတ္တိသာသနာ)လမ်းညွှန်ပြ၏။ ကျွန်ုပ်တို့ကလိုက်နာကျင့်သုံး(ပဋိပတ္တိသာသနာ) နေ့စဉ်ဘဝတွင် မှန်သောအမြင်၊ မှန်သောအယူ၊ မှန်သောအပြော၊ မှန်သောအလုပ်၊ မှန်သောအသက်မွေးဝမ်းကျောင်းခြင်း၊ သမ္မာအာဇီဝစသည်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အသိပထမရအောင် လေ့လာနာယူဆည်းပူး ကြရပါသည်။ အသိသည်အသိသာဖြစ်၍ အကျင့်မဟုတ်သေးပေ။ အမှန်တကယ်လိုက်နာကျင့်သုံးပြုမူ ကြသောအခါမှသာ ပန်းတိုင်ရည်ရွယ်ရာ (ပဋိဝေဓသာသနာ)သို့ မုချဆိုက်ရောက်ပါလေသည်။

အသိမရှိ၊ အသိမမှန်လျှင် ဆင်းရဲနွံထဲနစ်ဦးမည်။

အရှေ့တောင်အာရှ ၁ဝ နိုင်ငံတွင် တစ်ဦးချင်း၏ ဝင်ငွေအနေပဲ ကြည့်ကြည့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်နိုင်မှုဝင်ငွေ၊ ရငွေကိုပင် ကြည့်ကြည့် ကျွန်ုပ်တို့မြန်မာနိုင်ငံသည် အမှတ်စဉ်(၁၀) အနိမ့်ဆုံးသော အောက်ဆုံးနေရာသို့ ရောက်ရှိနေလေပြီ။ လောကဓံသဘောအရ အမှန်တရားကို ရင်ဆိုင်ကြရမည်။ အကျဘဝရောက်ခဲ့ရာမှ အတက်ဘဝရောက်နိုင်ရလေအောင် နိုင်ငံနှင့်လူမျိုး၏ တိုးတက်စေမည့် အကြောင်းရင်းခံအမှန်တရားကို သိမြင်နားလည်ကြရပါမည်။

ပစ္စည်းဥစ္စာဆင်းရဲခြင်းက ကြိုးစားရှာဖွေရ၏။ အသိဉာဏ်ပညာမွဲခဲ့ခြင်းက ပိုမိုကြိုးစားရမည်ဖြစ်ပါပေသည်။

အသိပညာလွယ်လွယ်ကူကူ၊ ဈေးချိုချို(အခမဲ့) နီးနီးနားနား ဘယ်လိုရနိုင်ပါအံ့နည်း။ စာဖတ်ခြင်းမှ အသိပညာ၊ ဗဟုသုတများကောင်းစွာရရှိနိုင်ပါသည်။ စာအုပ်စာပေထဲမှာ ရှေးကပညာရှိသူတော် ကောင်းများ၊ ပညာရှင်များပြညွှန်ရေးသားထားပါ၏။ မကြည့်လို့မသိကြ။ စာကြည့်တိုက်မှာ အချိန်ပေး၍ စာပေလေ့လာဖတ်ရှုကြပါက မိမိတို့ပြန်လည် နိုးကြားတိုးတက်လာရပေမည်။

နိဂုံးချုပ်ပါမည်။

“သမဂ္ဂါနံ တပေါသုခေါ” ညီညွတ်စည်းလုံးခြင်းအကျင့်က ချမ်းသာခြင်းကိုဆောင်၏။ “Unity is Strength” စည်းလုံးညီညွတ်ခြင်းကား အင်အားတည်း။

“သဒိသံပါကံဇနေတိ”

အတိတ်ကံဖြစ်စေ၊ ပစ္စုပ္ပန်ကံဖြစ်စေ မိမိပြုသောအကောင်း၊ အဆိုးပြုလုပ်မှု (ကံအတိုင်းကောင်းကျိုး  ဆိုးကျိုးကိုသာရမြဲဓမ္မတာဖြစ်ပါပေ၏။)

“The first duty of a Revolutionary is to be Educated”

Ernesto Che Guevara

“တော်လှန်ရေးသမားတစ်ယောက်၏ ပထမဦးဆုံးသော တာဝန်သည် ပညာတတ်ဖြစ်အောင် လုပ်ရမည်ဖြစ်ပါသည်။”

ကမ္ဘာကျော် အာနက်စတို ချေဂွေဗာရာ(၁၉၂၈-၁၉၆၇)(ကျူးဘားနှင့်လက်တင်အမေရိကတော်လှန်ရေးခေါင်းဆောင်)

အစရှိသောအမှန်တရားများ၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အကျိုးအပြစ်၊ ဆောင်ရန် ရှောင်ရန်များကို လူငယ်တချို့အပါအဝင် ပြည်သူအများသည် စာအုပ်စာပေထံမှ အလင်းရောင် စွမ်းအင်ဖြင့် သိမြင်ကြပါလိမ့်မည်။ ။