Skip to main content

အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ (သို့မဟုတ်) “တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်သော ပြည်သူ့ဗဟိုပြု အာဆီယံ”

ဒေါက်တာဝါဝါမောင်

(ယမန်နေ့မှအဆက်)

(ဆ) အင်အားအသုံးပြုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့မပါဝင်ဘဲ ဥပဒေကို လေးစားလိုက်နာခြင်းနှင့် သံတမန် နည်းလမ်းအရဖြေရှင်းခြင်းအပါအဝင် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းခြင်းနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းမြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားမည့် အာဆီယံအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဇ) ခိုင်မာကောင်းမွန်သည့် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များမှတစ်ဆင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း အာဆီယံ၏မျှော်မှန်းချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည့် အသိုက်အဝန်းတစ်ခု ဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဈ) ဒီမိုကရေစီစံနှုန်းများကို လေးစားလိုက်နာသော၊ တရားဥပဒေစိုးမိုးသော၊ ကွဲပြားခြားနားသည့် ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမှုရေးနှင့် ဘာသာရေးတို့ကို လေးစားတန်ဖိုးထားသော၊ အခြေခံလွတ်လပ်ခွင့်များကို လေးစားသော၊ လူ့အခွင့်အရေးကို ကာကွယ်မြှင့်တင်ပေးသော၊ လူမှုရေးဆိုင်ရာ တရားမျှတမှုကို မြှင့်တင်ပေးသော၊ အားလုံးပါဝင်နိုင်သော စုပေါင်းစွမ်းအားမြင့်မားသည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

စီးပွားရေး (Economic)

စီးပွားရေးနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

(က) အဆင့်မြင့်နည်းပညာများနှင့် ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို ဖမ်းဆုပ်ဆောင်ရွက်နိုင်စွမ်းတို့ဖြင့် တစ်ခုတည်းသော ဈေးကွက်နှင့် အနာဂတ်အတွက် အသင့်ဖြစ်နေသော၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် အမြစ်တွယ်သည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် အဓိကအရေးပါသော၊ ကမ္ဘာတွင် စတုတ္ထမြောက် စီးပွားရေးအင်အားအကြီး ဆုံးသောဒေသအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊

(ခ) ကာလရှည်စိန်ခေါ်မှုများနှင့် အနာဂတ်အရေးကိစ္စများကို တုံ့ပြန်နိုင်သော တက်ကြွပြီး ခံနိုင်ရည်စွမ်းမြင့်မားသော အသိုက်အဝန်းတစ်ခု။ ကျွန်ုပ်တို့သည် ဖွံ့ဖြိုးမှုကွာဟချက်များကို လျော့နည်းစေနိုင်မည့်လုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အားလုံးပါဝင်နိုင်မှုကို မြှင့်တင်နိုင်ရေးနှင့် စီးပွားရေးဆိုင်ရာအခွင့်အလမ်းများကို တန်းတူညီမျှရယူဆောင်ရွက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဂ) ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင် အဓိကမောင်းနှင်သူအနေဖြင့်လွှမ်းမိုးဆောင်ရွက်နိုင်ရေးနှင့် အာဆီယံ၏ပေါင်းစည်းစွမ်းအား မြှင့်တင်နိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ချိတ်ဆက်မှုများ အားကောင်းစေခြင်း၊ အာဆီယံဒေသတွင်းကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုမြှင့်တင်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော၊ ပေါင်းစည်း စွမ်းအားမြင့်မားသော တစ်ခုတည်းသော ဈေးကွက်နှင့်ထုတ်လုပ်မှုဗဟိုဌာန။ တက်ကြွပြီး စွမ်းဆောင်ရည်မြင့်မားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြင့် အာဆီယံအား အင်ဒို-ပစိဖိတ်ဒေသအတွင်း ကုန်ထုတ်လုပ်မှုနှင့် စက်မှုဗဟိုဌာနအဖြစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဃ) စီးပွားရေးပေါင်းစည်းမှု အစီအစဉ်ကို မြှင့်တင်ဆောင်ရွက်နိုင်ရန်နှင့် သာယာဝပြောသည့် ဂေဟစနစ်တစ်ခုကို ဖော်ဆောင်နိုင်ရန်အတွက် တီထွင်ဖန်တီးနိုင်မှုအားကောင်းသော စီးပွားရေးဝန်းကျင်နှင့် အဆင့်မြင့်စက်မှုလုပ်ငန်းများအပါအဝင် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားစေမည့် အရင်းအမြစ်အသစ်များတည်ရှိသော၊ သိပ္ပံနှင့် နည်းပညာနှင့် တီထွင်ဆန်းသစ်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စွမ်းရှိသော၊ အကောင်းဆုံးသော စီးပွားရေးလုပ်ငန်းများ စုစည်းတည်ရှိသော ဗဟိုဌာနအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(င) ပွင့်လင်းမြင်သာမှုရှိသော၊ အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်နိုင်သော၊ လျင်မြန်စွာ၊ လုံခြုံစိတ်ချစွာနှင့် ယုံကြည်စွာဆောင်ရွက်နိုင်သည့် ဒီဂျစ်တယ်ဂေဟစနစ်ရှိသော၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းမှုအလားအလာများကို ဖော်ဆောင်ပေးနိုင်သော၊ နည်းပညာမြင့် ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် အာဆီယံနှင့် အာဆီယံပြည်သူများကို အကျိုးဖြစ်ထွန်းမှု အများဆုံးဖော်ဆောင်ပေးနိုင်သော၊ ဒီဂျစ်တယ်နှင့် နည်းပညာဆိုင်ရာကဏ္ဍများတွင် ဦးဆောင်နိုင်စွမ်းနှင့် ချိတ်ဆက်နိုင်စွမ်းမြင့်မားသော အသိုက်အဝန်းတစ်ခုအ‌ဖြစ် ထူထောင် ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊

(စ) အသိပညာဗဟုသုတများ မျှဝေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေခြင်းနှင့် တီထွင်ဆန်းသစ်မှုအားကောင်းစေခြင်း အပါအဝင် သက်ဆိုင်သူအားလုံး အကျိုးဖြစ်ထွန်းစေခြင်းဖြင့် အာဆီယံ၏အချက်အချာကျမှုကို ထိန်းသိမ်းနိုင်သောပူးပေါင်းဆောင်ရွက်မှုပုံစံများနှင့် သဘောတူညီချက်များကို အခြေပြု၍ ပြင်ပမိတ်ဖက်များနှင့် ပိုမိုခိုင်မာအားကောင်းသော အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော စီးပွားရေး ချိတ်ဆက်မှုများ ဆောင်ရွက်နိုင်သည့် အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဆ) တန်ဖိုးမြင့်ကုန်စည်များ ထုတ်လုပ်နိုင်မှုပမာဏ တိုးတက်လာစေရန်နှင့် ပိုမိုထိရောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ကုန်ကြမ်းရရှိနိုင်မှု သေချာစေရေးအပါအဝင် ကုန်ကြမ်းမှသည် ကုန်ချောအထိ ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက် လွယ်ကူချောမွေ့စေခြင်း၊ ဖြန့်ဖြူးခြင်းနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ချိတ်ဆက်မှုများ အားကောင်းစေခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်၏ အဓိကကျသောအစိတ်အပိုင်းတွင် ပါဝင်လျက်ရှိသော အသိုက်အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဇ) သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆုံးရှုံးမှုများအတွက် ဘဏ္ဍာငွေပံ့ပိုးပေးနိုင်မှု မြှင့်တင်ခြင်း၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို လျော့ပါးစေခြင်းနှင့် ပြင်ပသက်ရောက်မှုများကြောင့် ဒေသတွင်းထိခိုက်နိုင်မှုကို လျော့ပါးစေရေးအတွက် နယ်စပ်ဖြတ်ကျော် ငွေကြေးလွှဲပြောင်း ဆောင်ရွက်မှုများအတွက် ဒေသတွင်း ငွေကြေးများကို သုံးစွဲမှုမြှင့်တင်ခြင်းအပါအဝင် စီးပွားရေးအရဖြစ်စေ၊ ဘဏ္ဍာရေးအရဖြစ်စေ ခိုင်မာတောင့်တင်းအောင် ဆောင်ရွက်ထားသည့် အသိုက်အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

စီးပွားရေး၊ လူမှု-ယဉ်ကျေးမှု (Economic, Socio-Cultural)

စီးပွားရေး၊ လူမှု-ယဉ်ကျေးမှုနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

ဒေသတွင်း၌ အစိမ်းရောင်စီးပွားရေးနှင့် အဏ္ဏဝါစီးပွားရေးလုပ်ငန်းများ ထွန်းကားစေရေး ဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ မြေနှင့် ရေအရင်းအမြစ်များအား ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးစေခြင်း၊ ရာသီဥတုဆိုင်ရာ တုံ့ပြန်နိုင်မှုမြှင့်တင်ခြင်းနှင့် ရေရှည်တည်တံ့စေရေးတို့တွင် အာဆီယံ၏ရပ်တည်ချက်ကို အားကောင်းစေခြင်းမှတစ်ဆင့် စိမ်းလန်းသော အာဆီယံဖြစ်စေ ရေးပင်ဖြစ်သည်။

လူမှု-ယဉ်ကျေးမှု (Socio-Clutural)

လူမှု-ယဉ်ကျေးမှုနှင့်စပ်လျဉ်းပြီး အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

(က) အာဆီယံ၏ သွင်ပြင်လက္ခဏာနှင့် ပြယုဂ်နှင့်အတူ ပြည်သူများ၊ ကုန်စည်များ၊ ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းနိုင်သော ပြည်သူကိုဗဟိုပြုသော၊ ပြည်သူကို အလေးထားသောအသိုက်အဝန်းတစ်ခု ဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ခ) ထိခိုက်လွယ်သော အုပ်စုများအပါအဝင် မည်သူမျှချန်လှပ်ထားခြင်းမရှိဘဲ သာယာဝပြောမှုကို အတူတကွမျှဝေခံစားနိုင်သော၊ အားလုံးပါဝင်နိုင်သော၊ ပူးပေါင်းလုပ်ဆောင်နိုင်သော၊ ရေရှည်တည်တံ့သော၊ အာဆီယံအဖွဲ့ဝင်ပြည်သူများအကြား စည်းလုံးညီညွတ်မှုကို မြှင့်တင်ပေးနိုင်သော၊ ပြည်သူများအတွက် အရည်အသွေးရှိသည့် လူမှုဘဝနေထိုင်မှုကို အပြည့်အဝဖော်ဆောင်ပေးနိုင်ရေးအလေးထားသော အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊

(ဂ) ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားအင်အားများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် မြန်ဆန်စွာသင်ယူနိုင်သည့် ဝန်းကျင်တစ်ခုဖော်ဆောင်ကာ ဘက်စုံလွှမ်းခြုံနိုင်သော၊ အားလုံးပါဝင်နိုင်သော၊ သင်ကြားမှုပုံစံအသစ်များမှတစ်ဆင့် အာဆီယံကို ဖွံ့ဖြိုးမှုနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာဗဟိုဌာနအဖြစ် ဖော်ဆောင်နိုင်ရန်နှင့် အရည်အသွေးမြင့်မားသည့် အလုပ်အကိုင်များနှင့် အခြားသောအလုပ်အကိုင်များ ဖော်ဆောင်ပေးရန်အပါအဝင် လူသားအရင်း အမြစ်များပေါများသည့် အာဆီယံ၏အားသာချက်များကို အပြည့်အဝထိရောက်စွာ အသုံးပြုနိုင်သော အသိုက်အဝန်းတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဃ) သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်သော၊ လူကြီးလူငယ်မရွေး ကျန်းမာသန်စွမ်းသော၊ ဘက်စုံလွှမ်းခြုံသော ကျန်းမာရေးစောင့်ရှောက်မှုစနစ်ရှိခြင်းကြောင့် ကူးစက်နိုင်သောရောဂါများ (Communicable Diseases) နှင့် မကူးစက်နိုင်သောရောဂါများ (Non-Communicable Diseases) တို့မှ ဘေးကင်းလုံခြုံသော၊ ပြည့်စုံကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ရယူနိုင်သော ကျန်းမာကြံ့ခိုင်သည့် အာဆီယံပြည်သူများဖြစ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(င) အာဆီယံရေရှည်တည်တံ့စေရေး အစီအစဉ်နှင့်အညီ အစိုးရ-ပုဂ္ဂလိကပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် ပြည်သူများ၏ ခံနိုင်ရည်စွမ်းအားများ မြှင့်တင်ပေးခြင်းနှင့် လူသားလုံခြုံမှု(Human Security) မြှင့်တင်နိုင်ခြင်းမှတစ်ဆင့် အာဆီယံပြည်သူများအားလုံး၏ လူမှုဘဝအခြေအနေများကို အလေးထားဆောင်ရွက်ပေးသော အသိုက်အဝန်းတစ်ခုဖြစ်စေရန် ဆောင်ရွက်သွားရန် ရှိပါသည်၊         

(စ) ဒေသတွင်းနှင့် ကမ္ဘာ့အရေးကိစ္စများအပါအဝင် အဖွဲ့ဝင်နိုင်ငံများ၏ လိုလားချက်များကို အာဆီယံ၏ ဘုံဝိသေသလက္ခဏာများဖြစ်သော လိုက်လျော ညီထွေစွာနှင့် တုံ့ပြန်နိုင်စွမ်းမြင့်မားစွာဖြင့် ဆောင်ရွက်နိုင်မှုကို ထင်ဟပ်စေသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ်စေရန် ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ဆ) အာဆီယံအသိုက်အဝန်း တည်ထောင်ရာတွင် ထိရောက်စွာနှင့် အပြည့်အဝပါဝင် စေခြင်းဖြင့် အမျိုးသမီးများ၏စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသော၊ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အမျိုးသမီးများအား အလေးထားထည့်သွင်းဆုံးဖြတ်သည့် အသိုက်အဝန်းတစ်ခုဖြစ်စေရန် ဆောင် ရွက်သွားမည်ဖြစ်ပါသည်၊

(ဇ) ယနေ့ခေတ်ကာလတွင် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ရေရှည်တည်တံ့သည့် လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ အာဆီယံ၏ ဝိသေသလက္ခဏာ၊ စံတန်ဖိုးနှင့် အရေးပါမှုကို မြှင့်တင်ဆောင်ရွက်ခြင်းနှင့် တက်ကြွ၍ ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော အာဆီယံအသိုက်အဝန်းအား ပိုမိုခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ရာတွင် လူငယ်များမှ အကျိုးရှိထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်သော အသိုက်အဝန်း တစ်ခုဖြစ်ပေါ်စေရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်၊

(ဈ) အာဆီယံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အနုပညာနှင့် ရိုးရာဓလေ့များကို တန်ဖိုးထား မြှင့်တင်ခြင်းနှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းစုများကို မြှင့်တင်ခြင်းနှင့် အာဆီယံ၏အနှစ်သာရကို တန်ဖိုးထားဂုဏ်ယူသောအသိုက်အဝန်းတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ည) အာဆီယံအား ငြိမ်းချမ်းသော၊ အားလုံးပါဝင်သော၊ ကျန်းမာကြံ့ခိုင်သော၊ ပညာရေးနှင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သော အကောင်းဆုံးသော အားကစားဗဟိုဌာနအဖြစ် ပေါ်ထွန်းလာစေမည့်အားကစားများကို မြှင့်တင်ပေးသည့် အသိုက်အဝန်းတစ်ခုဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပေါင်းစည်းဆက်နွှယ်မှု (Connectivity)

ပေါင်းစည်းဆက်နွှယ်မှုနှင့် စပ်လျဉ်းပြီး အောက်ပါအတိုင်းဖော်ပြပါဝင်ပါသည်-

(က) ငွေကြေး လွှဲပြောင်းပေးချေမှုများအတွက် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အဦများ ချိတ်ဆက်ထားခြင်း၊ ဒီဂျစ်တယ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ထားခြင်း၊ ဆိုက်ဘာလုံခြုံရေး ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ထားခြင်း၊ စီမံအုပ်ချုပ်မှုစနစ် ကောင်းမွန် စေခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် ထိရောက်အားကောင်းစေရေး ဆောင်ရွက်ထားခြင်း၊ သတင်းအချက်အလက်များအား ထိရောက်စွာ နယ်စပ်ဖြတ်ကျော်စီးဆင်းနိုင်ခြင်း၊ ဒေသတွင်းရှိ ပြည်သူအချင်းချင်း အကြား ချိတ်ဆက်မှုအားကောင်းစေခြင်းနှင့် ရေရှည်တည်တံ့သည့် အခြေခံအဆောက်အဦများ တည်ဆောက်ထားခြင်းအပါအဝင် အာဆီယံနိုင်ငံ နှစ်နိုင်ငံအကြားဖြစ်စေ၊ အာဆီယံဒေသတွင်း နိုင်ငံများ အကြားဖြစ်စေ ပေါင်းစည်းဆက်နွှယ်မှုများ မြှင့်တင်ထားခြင်းကြောင့် ဘက်ပေါင်းစုံတွင် အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်သော အသိုက်အဝန်းတစ်ခု။ အာဆီယံအနေဖြင့် အခြားသောဒေသခွဲနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်များ အပါအဝင် အဓိကကျသည့် ချိတ်ဆက်မှုများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် အာဆီယံဒေသတွင်း ပေါင်းစည်းဆက်သွယ်မှု အားကောင်းစေရေး ဒေသတစ်ခုလုံး ပူးပေါင်းဆောင်ရွက်သည့် နည်းလမ်းကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်၊

(ခ) အာဆီယံနိုင်ငံများရှိ မြို့များအား ရေရှည်တည်တံ့သည့်မြို့တော်များနှင့် ခေတ်မီသည့် မြို့တော်များအဖြစ် အဆင့်မြှင့်တင်ခြင်းအပါအဝင် ခေတ်မီနည်းပညာနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာ အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ကာ အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုများ ရရှိအောင် စီမံဆောင်ရွက် နိုင်စွမ်းရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဖွဲ့အစည်းဆိုင်ရာ အားကောင်းခိုင်မာစေခြင်း (Institutional Strengthening)

အာဆီယံအဖွဲ့အစည်းဆိုင်ရာ အားကောင်းခိုင်မာစေခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

“အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ဖော်ဆောင်နိုင်ရေးအတွက် အာဆီယံမှ လုံလောက်သော ဘဏ္ဍာငွေများ ပံ့ပိုးနိုင်သော၊ ကဏ္ဍအားလုံး၊ မဏ္ဍိုင်အားလုံးတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ပံ့ပိုးဆောင်ရွက် ခြင်းဖြင့် ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်နိုင်သော အနာဂတ် အတွက် အသင့်ဖြစ်နေသော၊ ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်သော၊ တုံ့ပြန် ဆောင်ရွက်နိုင်စွမ်းအားကောင်းသော၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်သော အာဆီယံ၏ အဖွဲ့အစည်းများ၊ ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် ကော်မတီအဖွဲ့များနှင့် ယန္တရားများဖြင့် အဖွဲ့အစည်းဆိုင်ရာ ထိရောက်ထက်မြက်သော စွမ်းဆောင်ရည်များမြှင့်တင်ခြင်းဖြင့် အာဆီယံ၏ အချက်အချာကျမှုကို တည်တံ့စေသည့် အသိုက်အဝန်းတစ်ခု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။”

ကျွန်ုပ်တို့၏ ကတိပြုချက် (Our Commitment)

ကျွန်ုပ်တို့၏ကတိပြုချက်အဖြစ် အောက်ပါအတိုင်း ဖော်ပြပါဝင်ပါသည်-

“အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပံ့ပိုးမှုနှင့်အတူ အာဆီယံလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ၊ အာဆီယံအသိုက်အဝန်းကောင်စီများ၊ အာဆီယံပေါင်းစည်းဆက်နွှယ်မှု ညှိနှိုင်းရေးကော်မတီများအား တာဝန်ပေးအပ်ခြင်းဖြင့် တက်ကြွ၍ကြံ့ခိုင်မှုရှိပြီး ဆန်းသစ်တီထွင်နိုင်စွမ်းရှိသော ပြည်သူဗဟိုပြုအာဆီယံအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးဆိုင်ရာလုံခြုံမှု၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှု၊ ချိတ်ဆက်ဆောင်ရွက်မှု၊ အဖွဲ့အစည်းဆိုင်ရာအားကောင်းစေမှု စသည့်အာဆီယံ မျှော်မှန်းချက်ပါ ကတိကဝတ်များကို ထိရောက်စွာနှင့် အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး အတွက် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ကို သဘောတူချမှတ်ကြပါသည်။”

သုံးသပ်ချက်များ

စာရေးသူအနေဖြင့် ၂၀၀၀ ပြည့်နှစ်များကတည်းက တာဝန်ယူဆောင်ရွက်ခဲ့ရသည့်ဌာနနှင့် နယ်ပယ် အသီးသီးအလိုက် အာဆီယံနှင့် ဆက်စပ်ပတ်သက်သမျှသော ခေါင်းစဉ်အသီးသီးတွင် အစည်းအဝေး များ၊ ဖိုရမ်များ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်တက်ရောက်ခဲ့ဖူးသူဖြစ်ပါသည်။ အာဆီယံအဖွဲ့၏ ဖြစ်ပေါ်မှု၊ ကမ္ဘာ့ပထဝီနိုင်ငံရေး (Geo Politics) နှင့် ပထဝီစီးပွားရေး (Geo Economy) ပြောင်းလဲမှု အလားအလာများအရ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ရေးအတွက် မျက်ခြည်မပြတ် ရှာဖွေ လေ့လာကြိုးစားဆောင်ရွက်ရန် လိုအပ်မည်ဟု သုံးသပ်ပါသဖြင့် နောင်လာမည့် နှစ် ၂၀ အတွင်း လိုက်ပါဆောင်ရွက်ကြရမည့် ဒေသတွင်း လမ်းပြမြေပုံအရ စာဖတ်ရှုသူများ ကြိုတင်လေ့လာစဉ်းစား စီမံနိုင်ရန် အောက်ပါအတိုင်းသုံးသပ်ဖော်ပြအပ်ပါသည်-

နိုင်ငံရေး

(က) အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများသည် ယခင်ဆယ်စုနှစ်က အာဆီယံပဋိညာဉ်တွင် ဖော်ပြပါဝင်သည့်အတိုင်း အဖွဲ့ဝင်နိုင်ငံများ၏ ဘုံသဘောတူညီချက် (Consensus Orientation) အပေါ် အခြေခံဆောင်ရွက်ပြီး အဖွဲ့ဝင်နိုင်ငံများကို ဗဟိုပြု၍ Member Centric ဖြစ်ခဲ့သော်လည်း ယခုအခါ နိုင်ငံတကာဥပဒေများပါ အခြေခံမူများအပေါ် အခြေခံသည့်၊ ဥပဒေစိုးမိုးမှုအပေါ် အခြေခံသော အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်သွားမည့် Rule Based Institution အဖြစ်သို့ ပြောင်းလဲရပ်တည် သွားမည့်အလားအလာရှိကြောင်း တွေ့ရှိရ သည်၊

(ခ) ကမ္ဘာ့ပထဝီနိုင်ငံရေးတင်းမာမှုများနှင့် အားပြိုင်မှုများအကြားတွင် အာဆီယံ ဦးဆောင်သော ယန္တရားများမှတစ်ဆင့် အာဆီယံ၏အချက်အချာကျမှုနှင့် အရေးပါမှုကို ထိန်းသိမ်းနိုင်ရန်နှင့် ဒေသတွင်းနှင့် ကမ္ဘာ့အရေးကိစ္စများတွင် အာဆီယံ၏ရပ်တည်ချက်ကို ထင်ဟပ်စေရေး၊ စည်းမျဉ်း အခြေပြု နိုင်ငံတကာဆက်ဆံရေးကို တိုးချဲ့ဆောင်ရွက်မည့် Global ASEAN အဖြစ်သို့ ဦးတည်လာကြောင်း တွေ့ရှိရသည်။

(ဂ) အာဆီယံ၏မျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အသိုက်အဝန်းတစ်ခုဖြစ်စေရန်နှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ ဗဟိုချက်ဖြစ်ပေါ်စေရန် ရည်ရွယ်ထားကြောင်း တွေ့ရပါသည်၊ အမေရိကန်နိုင်ငံဘက်မှ အာဆီယံအား အင်ဒို - ပစိဖိတ် စီးပွားရေးမူဘောင် (Indo-Pacific Economic Framework -IPEF) အား အကောင်အထည်ဖော်ဆောင်ရွက်ရန် ကမ်းလှမ်းထားသကဲ့သို့ ASEAN Outlook on the Indo-Pacific (AOIP) အား ထုတ်ပြန်အခြေခံ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိပါသည်။ အင်ဒို-ပစိဖိတ်ဒေသတွင်း အာဆီယံ၏ မဟာဗျူဟာရပ်တည်မှု၊ အားပြိုင်မှုနှင့် ရပ်တည်မှုအခင်းအကျင်း ပြောင်းလဲလာခဲ့သဖြင့် အင်အားကြီးနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးအရ အားပြိုင်ရာ ဒေသမဖြစ်စေရေးနှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု (Regional Peace and Stability) အတွက် မဟာဗျူဟာကျကျ ဆောင်ရွက်နိုင်ရေးသည် လွန်စွာအရေးပါသောကြောင့် ချိတ်ဆက်လျက်ရှိပါသည်။ အင်ဒို-ပစိဖိတ်ဒေသ၏ ဗဟိုချက်မ (Hub) အဖြစ်ဆောင်ရွက်လိုသည့် သဘောထား ရပ်တည်ချက်ရှိကြောင်း တွေ့ရှိရပါသည်၊

(ဃ) ပြင်ပမိတ်ဖက်များနှင့် ဆက်ဆံရေးတွင် အာဆီယံ၏ ဗဟိုအချက်အချာကျမှု (ASEAN Centrality) ကို ခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်သွားရန်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှုမရှိစေရေးကိုမူ ဂရုပြုရန် လိုအပ်မည်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါသည်၊

(င) ပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် အာဆီယံရှိအဖွဲ့အစည်းများအား ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ လုပ်ငန်းစဉ်များကိုလည်း ပြင်ဆင်ချမှတ်သွားရန်ရှိပါသည်၊

(စ) လျင်မြန်စွာ တိုးတက်ပြောင်းလဲလျက်ရှိသည့် ကမ္ဘာ့အခင်းအကျင်းတွင် အာဆီယံနှင့် အာဆီယံပြည်သူများ၏ အနာဂတ်လုံခြုံစေရေးအတွက် ထိရောက်ပြီး ဆန်းသစ်သည့် တုံ့ပြန်မှုများ ဆက်လက်ချမှတ်နိုင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအားလုံးအနေဖြင့် အပြောင်းအလဲအပေါ် တုံ့ပြန်နိုင်မှု (Responsiveness) နှင့် ကြံ့ကြံ့ခံနိုင်ရည်ရှိမှု (Resiliance) ကို ထူထောင်နိုင်ကြရန် အလွန်အရေးကြီးလာသောကြောင့် ဖြစ်ပေါ်လာနိုင်သည့်အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ပိုမိုဦးစားပေး စဉ်းစားသကဲ့သို့ ‌ဒေသတွင်းနိုင်ငံများ၏ အကျိုးစီးပွားကိုလည်း ပေါင်းစည်းစွမ်းအားဖြင့် ညီညွတ်စွာ အကျိုးလိုလားစွာ ဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြလာပါသည်၊

(ဆ) အာဆီယံမျှော်မှန်းချက် ၂၀၄၅ တွင်အဖွဲ့အစည်းများခိုင်မာစေခြင်း (Strengthening Institutions) နှင့်အတူ ဆုံးဖြတ်ချက်များ ချမှတ်သည့် လုပ်ငန်းစဉ် (Decision Making Process)၊ အရေးပေါ်နှင့် သီးသန့်အခြေ အနေများတွင် (Urgent and Specific Situations) များတွင် အချိန်မီဆုံးဖြတ်ချက်များ ချနိုင်စေရန်နှင့် အာဆီယံအတွင်းရေး မှူးချုပ်ရုံး၏ အရေးပါမှု (Role of ASEAN Secretariat) ကို မြှင့်တင်ပေးရန်အချက်တို့ကို အာဆီယံအသိုက်အဝန်းမျှော်မှန်း ချက် ၂၀၄၅ တွင် ထည့်သွင်းရေးဆွဲထားခြင်းသည် အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှုမဖြစ်ပေါ်စေရေး၊ Double Standard မရှိစေရေးအတွက် သတိချပ်စရာတစ်ခုပင်ဖြစ်ပါသည်။

(ဆက်လက်ဖော်ပြပါမည်)