Skip to main content

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ (Collective Management Organization-CMO)

ဦးကျော်ကျော်(တရားရေး)

လူသားများသည် ဂီတကို ဖန်တီးနိုင်စွမ်းနှင့် ခံစားနိုင်စွမ်းရှိကြပါသည်။ တေးဂီတနှင့်ပတ်သက်ပြီး အများလက်ခံထားကြသည့်အချက်ကတော့ ဂီတသံကို ကြားချိန်မှာ ဦးနှောက်မှ ဒိုပါမင်းဟုခေါ်သည့် ဓာတုပစ္စည်းတစ်မျိုးကို ထုတ်လွှတ်သည်။ အဆိုပါဓာတ်သည် လူသားများ၏ စိတ်အပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

တေးဂီတသည် လူများ၏စိတ်ကို နူးညံ့သိမ်မွေ့ခြင်း၊ နှစ်သက်အေးငြိမ်းခြင်းစသည့် ကောင်းကျိုးသက်ရောက်စေပါသဖြင့် အေးချမ်းသာယာမှု၊ တရားဥပဒေစိုးမိုးမှုကို အဓိကအထောက်အကူပြုပါသည်။ ဂီတသည် စိတ်ခံစားမှုများကို ထိန်းညှိပြီး နေ့စဉ်ဘဝတွင် ပျော်ရွှင်အေးချမ်းနိုင်စေရန် အထောက်အကူဖြစ်စေပါသည်။

ငြိမ့်ညောင်းသည့် တေးဂီတသံများကို နားဆင်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည်။ တေးဂီတသည် စိတ်ပူပန်မှုလျော့နည်းစေပြီး စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုကြောင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ငြင်းခုံခြင်း၊ ရာဇဝတ်ကျူးလွန်ခြင်းတို့ကို လျှော့ချနိုင်သည်ဖြစ်၍လည်း တရားဥပဒေ စိုးမိုးရေးကို အထောက်အကူပြုပါသည်။ အချို့သောသီချင်းများသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတဖြစ်၍လည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အထောက်အကူဖြစ်စေသည် တွေ့ရပါသည်။

မူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်း

အေးချမ်းသာယာသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာတွင် အနုပညာသည် အရေးပါလှသလို အနုပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း အလွန်တရာအရေးပါလှပါသည်။ အနုပညာရှင်များကို အားပေးချီးမြှင့်ရာတွင် ၎င်းတို့၏ အနုပညာဖန်တီးနိုင်မှု၊ စွမ်းဆောင်နိုင်မှုများအတွက် အနုပညာကြေးချီးမြှင့်ခြင်း၊ မူပိုင်ခွင့်ကို အကာအကွယ်ပေးခြင်းတို့ဖြင့် အားပေးကြရမည်ဖြစ်ပါသည်။

ယခုအခါ အနုပညာရှင်များ စုပေါင်းဖွဲ့စည်းထားသော Collective Management Organization များ ဖွဲ့စည်းတည်ထောင်၍ အနုပညာလုပ်ငန်းများ တိုးတက်ရေး၊ မူပိုင်ခွင့်အကာအကွယ်ပေးရေး၊ အနုပညာရှင်များ၏ လုပ်ဆောင်ချက်အပေါ် အနုပညာကြေးများ ထောက်ပံ့ခြင်းတို့ဖြင့် ဖွံ့ဖြိုး တိုးတက်ရေး၊ အေးချမ်းသာယာရေးတို့အတွက် အနုပညာရှင်များ၏ အခန်းကဏ္ဍကို တိုးတက်အောင်ဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

မူပိုင်ခွင့်အဖြစ် အမှန်တကယ် ခံစားခွင့်

ဖန်တီးသူနှင့် တီထွင်သူအားလုံးသည် ၎င်းတို့၏ အဖိုးတန်သော သက်တမ်းတစ်လျှောက် နည်းပညာ၊ ငွေကြေး၊ ပစ္စည်းများနှင့် ဉာဏ်ရည်ဉာဏ်သွေး ထုတ်ကုန်အသစ်များ၏ တီထွင်ဖန်တီးမှုနှင့် တီထွင် ဆန်းသစ်မှုအစီအမံများကို စတင်လုပ်ဆောင်ရာတွင် ၎င်းတို့၏ အဖိုးတန်သော သက်တမ်း၊ နည်းပညာ၊ ငွေကြေးနှင့် အခြားအရာများကို ရင်းနှီးမြှုပ်နှံထားသောကြောင့် ၎င်းတို့၏ ဖန်တီးမှုများ၏ အသီးအပွင့်များကို မူပိုင်ခွင့်အဖြစ် အမှန်တကယ် ခံစားခွင့်ရရှိလာကြပါသည်။

နိုင်ငံတော်သည် နိုင်ငံသားများအား ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်၊ ကိုယ်ပိုင်လုပ်ကိုင်ခွင့်၊ တီထွင်ခွင့်နှင့် မူပိုင်ခွင့်တို့ကို ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခွင့်ပြုရမည်ဖြစ်ပါသည်။ (၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇(ဂ))

ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း၊ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်လည်းကောင်း မဆန့်ကျင်စေဘဲ စီးပွားရေးကိစ္စများကို ဆောင်ရွက်ရာတွင် ပစ္စည်းပိုင်ဆိုင်ခွင့်၊ သုံးစွဲခွင့်နှင့် ကိုယ်ပိုင်တီထွင်ခွင့်၊ မူပိုင်ခွင့်တို့ကို နိုင်ငံတော်က အာမခံသည်။ (၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၂)

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် အစိုးရများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများအတွက် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရာတွင် မူပိုင်ခွင့်သည် အလွန် အရေးကြီးပါသည်။ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းသည် ဖန်တီးထားသော ထုတ်ကုန်အားလုံး၏ ဖွံ့ဖြိုး တိုးတက်မှုကို ဟန့်တားရာရောက်ပါသည်။

မူပိုင်ခွင့်ကို ကျင့်သုံးခြင်းသည် ဖန်တီးမှုများအပေါ်အခြေခံ၍ စီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ ပေါ်ပေါက်လာစေရန် များစွာအထောက်အကူပြုမည်ဖြစ်သည်။

တီထွင်ဖန်တီးသူများနှင့် တီထွင်သူများ၏ အခွင့်အရေးများကို ကာကွယ်ရန်အတွက် မူပိုင်ခွင့်ဆိုင်ရာဥပဒေလေးခုဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုသည်မှာ စာပေ သို့မဟုတ် အနုပညာလက်ရာ၏ မူလလက်ရာရှင်က ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီရရှိသော စာပေနှင့်အနုပညာဆိုင်ရာ သီးသန့်အခွင့်အရေး များကို ဆိုသည်။ (စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေ ပုဒ်မ ၂(ဈ))

ဆက်နွှယ်သည့်အခွင့်အရေးဆိုသည်မှာ ဤဥပဒေပါအခန်း(၁၄)တွင် ပြဋ္ဌာန်းထားသည့် ဖျော်ဖြေသူများ၊ ဖိုနိုဂရမ်ထုတ်လုပ်သူများနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းများ၏ သီးသန့်အခွင့် အရေးများကို ဆိုသည်။ (စာပေနှင့်အနုပညာမူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ည))

စာပေ သို့မဟုတ် အနုပညာလက်ရာဆိုသည်မှာ ပုဒ်မ ၁၃ နှင့် ပုဒ်မ ၁၅ တို့တွင် ဖော်ပြထားသော စာပေ သို့မဟုတ် အနုပညာလက်ရာများနှင့် ဆင့်ပွားလက်ရာများကို ဆိုသည်။ (စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ဋ))

မူလလက်ရာရှင်ဆိုသည်မှာ ဤဥပဒေအရ အကာအကွယ်ပေးခြင်းခံရသော စာပေ သို့မဟုတ် အနုပညာလက်ရာတစ်ရပ်ရပ်ကို မိမိ၏ကိုယ်ပိုင် စိတ်ကူးဉာဏ်ဖြင့် ဖန်တီးပြုလုပ်သည့် လူပုဂ္ဂိုလ်ကို ဆိုသည်။ (စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ဌ))

စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင်ဆိုသည်မှာ မူလလက်ရာရှင်၊ စီးပွားရေးဆိုင်ရာအခွင့်အရေး များကို မူလကပင် အလိုအလျောက်ရရှိထားပြီးဖြစ်သည့် မူလလက်ရာရှင်မဟုတ်သော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသောအဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ပိုင်ဆိုင်သူအဖြစ် ဥပဒေနှင့်အညီ လွှဲပြောင်းပေးခြင်းခံရသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်း၊ ထိုသူ၏ အမွေဆက်ခံသူ သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုခုကိုဆိုသည်။ (စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ဍ))

ဆက်နွှယ်သည့်အခွင့်အရေးပိုင်ရှင်ဆိုသည်မှာ ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာအခွင့်အရေးများကို မူလကပင် အလိုအလျောက်ရရှိထားပြီးဖြစ်သည့် ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့်အဖွဲ့အစည်းမဟုတ်သော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်း၊ စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ပိုင်ဆိုင်သူအဖြစ် ဥပဒေနှင့်အညီ လွှဲပြောင်းပေးခြင်းခံရသော လူပုဂ္ဂိုလ် သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်း၊ ထိုသူ၏ အမွေဆက်ခံသူ သို့မဟုတ် တရားဝင်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုခုကို ဆိုသည်။ (စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ဎ))

အခွင့်အရေးရရှိသူဆိုသည်မှာ စာပေနှင့်အနုပညာမူပိုင်ခွင့်ရရှိသည့် မူလလက်ရာရှင် သို့မဟုတ် စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်ကို ဆိုသည်။ ယင်းစကားရပ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးကို လွှဲအပ်လုပ်ကိုင်ခွင့်ပေးခြင်းခံရသူ၊ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရသူနှင့် တရားဝင်အမွေဆက်ခံသူလည်း ပါဝင် သည်။ (စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၂(ဏ))

အနုပညာရှင်များသည် နည်းပညာကို ကောင်းမွန်စွာ အသုံးချခြင်းဖြင့် ဂီတကို ချစ်မြတ်နိုး သည့် လုပ်ငန်းအဖြစ်သို့ပြောင်းလဲခဲ့ပြီး ထာဝရတည်တံ့နိုင်သည့် ရေရှည်တည်တံ့သော ဂီတလုပ်ငန်းကို ဖန်တီးပေးခဲ့ကြရာ ရည်ရွယ်ချက်မှာ အနုပညာရှင်များ၏ လုပ်ငန်းခွင်တွင် ထွန်းလင်း တောက်ပနေပြီး ယုံကြည်ချက်ဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးကို ဦးဆောင်ရန်၊ များပြားလှသော ဝန်ဆောင်မှု အစုစုကို ဖန်တီးပြီး ဂီတနှင့် ပိုင်ဆိုင်မှုဒေတာကို မျှတစွာ စုဆောင်းထားရန်၊ ဂီတဂေဟစနစ် ပိုမို ကောင်းမွန်လာစေဖြစ်သည်။

Music Operating System

Music Operating System သည် မူပိုင်ခွင့်ပိုင်ရှင်များကို ချိတ်ဆက်ထားကာ တရားမျှတပြီး ပျော်ရွှင် စရာကောင်းသော ဂီတလုပ်ငန်းကို ပံ့ပိုးပေးပါသည်။ အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေကောက်ခံပြီး မူလလက်ရာရှင်၏ စာပေနှင့် အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တို့အား ပြန်လည်ခွဲဝေပေးသည့် လုပ်ငန်းဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ အသံသွင်းတေးဂီတဈေးကွက်ကို လေ့လာတင်ပြရပါလျှင် အဆိုပါဈေးကွက် သည် ခြောက်နှစ်ဆက်တိုက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့ပြီး တေးဂီတ၏ တိုးတက်မှုသည် ဖန်တီးရှင်များအား ပိုမိုများပြားသော အခကြေးငွေများ ကောက်ခံခွဲဝေပေးပါသည်။ ဂီတစက်မှုလုပ်ငန်းသည် အခြေခံ ကျသောစနစ်ဖြင့် ချောမွေ့စွာ ချိတ်ဆက်ဆောင်ရွက်လာကြသဖြင့် အခြေခံလိုအပ်ချက်များ ဖြစ်သည့် နည်းပညာ၊ ဒေတာနှင့် လူတို့ကိုချိတ်ဆက်ပေးသည့် ဉာဏ်ရည်ဉာဏ်သွေးတို့သည် ဂီတ လုပ်ငန်းအတွက် Operating System ဖြစ်လာကြပါသည်။

ဂီတကိုနှစ်သက်သော အင်ဂျင်နီယာများအဖွဲ့မှ အနုပညာရှင်လုပ်ဖော်ကိုင်ဖက်များထံမှ တရားဝင်အချက်အလက်များဖြင့် အဆက်မပြတ် ဝင်ငွေရရှိရန် ဆောင်ရွက်လာကြပါသည်။

အနုပညာရှင်များသည် ၎င်းတို့၏ ပြဇာတ်များအတွက် အခကြေးငွေရရှိစေရန် ဂီတနယ်ပယ်ရှိ မတူညီသော ကုမ္ပဏီအားလုံးကို ၎င်းတို့၏ ဒေတာလည်ပတ်မှု ပိုမိုကောင်းမွန်အောင်ကူညီရန်၊ အနုပညာရှင်သည် ဂီတနယ်ပယ်မှ ပလေယာများအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အတွက် နည်းပညာများ၊ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ဆောင်ရွက်လာကြပါသည်။

စင်ကာပူနိုင်ငံတွင် စုပေါင်းစီမံခန့်ခွဲဆောင်ရွက်နေမှု

ဂီတအခွင့်အရေးနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံတွင် စုပေါင်းစီမံခန့်ခွဲဆောင်ရွက်နေမှုများကို တင်ပြရပါလျှင် Music Rights (Singapore) Public Limited သည် Music Rights Singapore (MRSS) ဟု လူသိများသော “စုပေါင်းစီမံခန့်ခွဲမှုအဖွဲ့ (CMO) ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ပေါင်းစပ် ဖွဲ့စည်းခဲ့ရာ စင်ကာပူရှိ ဂီတထုတ်လုပ်သူအများစုကို ကိုယ်စားပြုကြောင်း၊ MRSS သည် အသံသွင်းခြင်း၊ သီချင်းဗီဒီယိုများနှင့် ကာရာအိုကေများအတွက် မူပိုင်ခွင့်များကို စီမံခန့်ခွဲကြောင်း တွေ့ရှိရ ပါသည်။

MRSS Recording Industry Association Singapore (RIAS), National Group & Interna- tional Federation of the Phonographic Industry (IFPI) တို့မှ ပံ့ပိုးကူညီထားပြီး IFPI နှင့် ၎င်း၏ National Group ကွန်ရက်သည် ကမ္ဘာတစ်ဝန်းရှိ အဖွဲ့ဝင် ၈၀၀၀ ခန့်၏ အကျိုးစီးပွားကို ကိုယ်စားပြုပါသည်။ MRSS အဖွဲ့ဝင်များကိုယ်စား လိုင်စင်အခကြေးငွေကို ထိထိရောက်ရောက် ကောက်ခံရန် ကြိုးစားပါသည်။ စုပေါင်းဝင်ငွေကို အမှန်အကန်အဖွဲ့ဝင်များထံ မြန်မြန်ဆန်ဆန် တိတိကျကျဖြန့်ဝေခြင်း၊ ကုန်ကျစရိတ်သက်သာပြီး MRSS ၏ အဖွဲ့ဝင်များအတွက် တစ်ဦးချင်းအခွင့် အရေးငွေရှာနိုင်ခြင်း၊ သုံးစွဲသူများအတွက် ဝန်ဆောင်မှုများပေးခြင်းတို့ပါဝင်ပြီး ACTUAL အစီအစဉ်အပေါ် အခြေခံ၍ Royalties ပေးချေခြင်း၊ အစမှအဆုံးဖြန့်ဖြူးခြင်းကို ကြီးကြပ်ဆောင်ရွက် ရပါသည်။

SoundSys (Sound System) အသံစနစ်သည် အသံသွင်းထားသော တေးဂီတကို တီးခတ်ရန် အတွက် သို့မဟုတ် ဖျော်ဖြေပွဲတစ်ခုတွင် လူတိုင်းကြားနိုင်သည့် တီးဝိုင်းအဖွဲ့၏ တေးဂီတကို ပြုလုပ် ရန်အတွက် ကိရိယာတစ်ခုဖြစ်ပါသည်။

BMAT OS နှင့် SoundSys တို့နှင့်စပ်လျဉ်း၍ တင်ပြရပါလျှင်BMAT (Barcelona Music and Audio Technologies) သည် ဂီတအသုံးပြုမှုနှင့် ပိုင်ဆိုင်မှု ဒေတာအားလုံးကို အညွှန်းကိန်းထုတ်ပေးသည့် ဂီတကုမ္ပဏီတစ်ခုဖြစ်သည်။ ကုမ္ပဏီသည် တစ်ကမ္ဘာလုံးရှိ တီဗွီများ၊ ရေဒီယိုများ၊ နေရာများနှင့် ဒစ်ဂျစ်တယ်များတစ်လျှောက် ဂီတအသုံးပြုမှုကို စောင့်ကြည့်ပြီး အစီရင်ခံသည့် ကုမ္ပဏီဖြစ်ပါသည်။

SoundSys Music Licensing Companies : PPL IndiaPhonorights ThailandAsirindo Indonesia  MRSS Singapore နှင့် IFPI SEA တို့နှင့် ပေါင်းစပ်ထားကြောင်း၊ SoundSys သည် အခကြေးငွေပေးချေမှုအတွက် အလိုအလျောက်၊ ပွင့်လင်း ထိရောက်သော ခေတ်မီဖြန့်ဖြူးရေးစနစ်တစ်ခုဖြစ်ကြောင်း၊ ဒေတာမောင်းနှင်ဖြန့်ချိရေးစနစ်သည် တိကျသော အသုံးပြုမှုအစီရင်ခံစာများကို ပေးဆောင်ရန် ၎င်းတို့၏ များပြားလှသောဒေတာ ပမာဏကို မှန်ကန်စွာ စီမံခန့်ခွဲနိုင်စေရန် Music Licensing Companies (MLCs) အား ခွင့်ပြုပေးကြောင်း၊ SoundSys သည် အသံဖမ်းယူမှုတိုင်း၏ မှန်ကန်သော ပိုင်ရှင်များထံ ငွေပေးချေမှုများကို တွက်ချက်ပြီး ဖြန့်ဝေရန် ကူညီပေးသည့် စနစ်တစ်ခု ဖြစ်ကြောင်း သိရသည်။

SoundSys ၏ အားသာချက်အနေဖြင့် ဆက်လက်တင်ပြရပါလျှင် ဒစ်ဂျစ်တယ်ခေတ်သည် တေးဂီတထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းအတွက် အဆင်ပြေပြေနှင့် ထိရောက်မှုကို ယူဆောင်လာခဲ့ သည်။ ဂီတလုပ်ငန်း၏ ကဏ္ဍပေါင်းစုံတွင် အရည် အချင်းနှင့် တရားမျှတမှု ရှိစေရန်အတွက် ဤ တိုးတက်မှုအသစ်များကို လိုက်လျှောက်ရပါမည်။ ဒစ်ဂျစ်တယ်ကမ္ဘာတွင် ကျွန်ုပ်တို့သည် အခွင့်အရေးပိုင်ရှင်များကို ပံ့ပိုးပေးပြီး ကဏ္ဍပေါင်းစုံတွင် ဂီတအသုံးပြုသူများ/ ဖောက်သည်များကို ဝန်ဆောင်မှုပေးရန်အတွက် ဘက်စုံသုံးတံတားတစ်ခုအနေဖြင့် လုပ်ဆောင်သင့်ပါသည်။ ကုန်ကျစရိတ်သက်သာသော ဖြေရှင်းချက်၊ မက်တာဒေတာနှင့် အခွင့်အရေး ဆိုင်ရာအချက်အလက်များ၏ ညီညွတ်မှု၊ Royalties Payments ၏ ပွင့်လင်းသော ဂဏန်းတွက်စက်၊ Royalties ဖြန့်ဝေခြင်း၏ ထိရောက်သော နည်းလမ်းများမှာ SoundSys ၏ အားသာချက်များ ဖြစ်ကြောင်း တွေ့ရပါသည်။

အနုပညာရှင်များ၏ အခွင့်အရေးများ

ယင်းသို့ စာပေနှင့်အနုပညာရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များအတွက် အနုပညာ ဖန်တီးမှုအခွင့်အရေးများကို နည်းပညာပံ့ပိုးမှုဖြင့် ရရှိခံစားနိုင်ပါသည်။ အဆိုပါ အနုပညာလုပ်ငန်းတိုးတက်စေရန် ကမ္ဘာနှင့်အဝန်း ဆောင်ရွက်နေသောကာလတွင် ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် လည်း စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေကို ပြဋ္ဌာန်း၍ အာဏာသက်ရောက်အောင် ဆောင်ရွက်ခြင်း၊ နည်းဥပဒေပြဋ္ဌာန်းခြင်းတို့ဖြင့် အနုပညာရှင်များ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲ သည့် အဖွဲ့အစည်းကို ဖွဲ့စည်းလိုသူသည် (က) သတ်မှတ်ထားသည့် စာပေနှင့်အနုပညာမူပိုင်ခွင့် ကဏ္ဍအလိုက် စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းကို တည်ထောင်ခွင့်ပြုရန် အေဂျင်စီသို့ မိမိတို့ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်း၊ စည်းကမ်းနှင့်အတူ လျှောက်ထားရမည်။ (ခ) ပုဒ်မခွဲ(က)အရ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့်အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းကို ဖွဲ့စည်းရေးအတွက် လျှောက်ထားရာတွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ကဏ္ဍအလိုက် သက်ဆိုင်ရာ ကျွမ်းကျင်သောပညာရှင်တို့ကို အဖွဲ့ဝင်အဖြစ်ပါဝင်လျက် ဖွဲ့စည်းနိုင်သည်ဟူသော စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေပုဒ်မ ၆၀ ပါ ပြဋ္ဌာန်းချက်များအရ စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့် အဖွဲ့အစည်းများ ဖွဲ့စည်း ဆောင်ရွက်ခွင့် ရရှိလာပြီဖြစ်ပါသည်။

စီမံခန့်ခွဲပေးသည့် အဖွဲ့အစည်း

အဆိုပါစာပေနှင့် အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့်အဖွဲ့အစည်းဆိုသည်မှာ စာပေနှင့် အနုပညာမူပိုင်ခွင့်များ၊ ဆက်နွှယ်သည့် အခွင့်အရေး များကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန် မူလလက်ရာရှင်များ၊ စာပေနှင့်အနုပညာ မူပိုင်ခွင့်ပိုင်ရှင်များ၊ ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်များ၏ သဘောတူညီမှုအပေါ် အခြေခံ၍ ယင်းတို့၏ အခွင့်အရေးများကို အမြတ်အစွန်းအတွက် မရည်ရွယ်သော စီမံခန့်ခွဲပေးသည့် အဖွဲ့ အစည်းကိုဆိုသည်။ (စာပေနှင့်အနုပညာ မူပိုင်ခွင့် ဥပဒေပုဒ်မ ၂(ငင))

စာပေနှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံ ခန့်ခွဲသည့် အဖွဲ့အစည်းအနေဖြင့် စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေပုဒ်မ ၆၂ နှင့်အညီ သက်ဆိုင်ရာ စာပေနှင့် အနုပညာမူပိုင်ခွင့်ကဏ္ဍအလိုက် - (က) စာပေနှင့်အနုပညာဆိုင်ရာ ဖန်တီးမှု များကို အားပေးမြှင့်တင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရမည်။ (ခ) မူလလက်ရာရှင်နှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တို့၏ အခွင့်အရေးများရရှိရေးအတွက်လည်းကောင်း၊ ယင်းအခွင့်အရေးများ ထိပါးချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ အကာအကွယ်ပေး ရေးအတွက်လည်းကောင်း စေ့စပ်ညှိနှိုင်းဖြေရှင်း ပေးခြင်းပြုနိုင်သည်။ (ဂ) မူလလက်ရာရှင်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးပိုင်ရှင်တို့က အပ်နှံသည့် စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို လက်ခံခြင်းနှင့် အသုံးပြုသူများထံမှ သင့်တင့်မျှတသော အခကြေးငွေကောက်ခံပြီး ထိုသူတို့အား ပြန်လည်ခွဲဝေပေးခြင်းပြုနိုင်သည်။ (ဃ) လိုအပ်သောစာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေတင်ဆက်မှုများ၊ ဖိုနိုဂရမ်များကို မပျောက်ပျက်စေ ရေးအတွက် မူလလက်ရာရှင်၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင် သို့မဟုတ် ဆက်နွှယ်သည့် အခွင့် အရေးပိုင်ရှင်၏ ဆန္ဒအရသော်လည်းကောင်း၊ ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း စုဆောင်းခြင်း နှင့် ထိန်းသိမ်းခြင်းပြုနိုင်သည်။ (င) ပြည်ပရှိ စာပေ နှင့်အနုပညာမူပိုင်ခွင့် သို့မဟုတ် ဆက်နွှယ်သည့် အခွင့်အရေးဆိုင်ရာ စုပေါင်းစီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အကူအညီများရယူခြင်းနှင့် အကူအညီပေးခြင်း တို့ပြုနိုင်သည်။ (စ) ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ သတ်မှတ်ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် အေဂျင်စီမှ သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များ၊ ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေပါ ပြဋ္ဌာန်း ချက်များအား လိုက်နာခြင်းဖြင့် (က) စာပေ သို့မဟုတ် အနုပညာလက်ရာများ၊ ဖျော်ဖြေ တင်ဆက်မှုများ၊ ဖိုနိုဂရမ်ထုတ်လုပ်မှုများနှင့် ထုတ်လွှင့်ခြင်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် စာပေနှင့်အနုပညာဆိုင်ရာ ထုတ်လုပ်မှုအဆင့် အတန်းမြင့်မားတိုးတက်စေရန်၊ (ခ) မူလလက်ရာရှင်နှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ပိုင်ရှင်တို့၏ စာပေနှင့်အနုပညာမူပိုင်ခွင့်များကို ဤဥပဒေနှင့်အညီ အကာအကွယ်ပေးနိုင်ရန်၊ (ဂ) ဖျော်ဖြေသူ၊ ဖိုနိုဂရမ်ထုတ်လုပ်သူနှင့် ထုတ်လွှင့်သည့် အဖွဲ့အစည်းတို့၏ ဆက်နွှယ်သည့် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်နိုင်ရန်၊ (ဃ) ရိုးရာဓလေ့အမွေအနှစ်ဖော်ပြချက်ကို ကာကွယ်မြှင့်တင်နိုင်ရေး အတွက် အထောက်အကူဖြစ်စေရန်ဟူသော ရည်ရွယ်ချက်များကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်တင်ပြအပ်ပါသည်။ ။