မိုးနှောင်းကာလ ရေကြီးရေလျှံသဘာဝဘေးအန္တရာယ် သတိရှိစေလို
မြန်မာနိုင်ငံတွင် နှစ်စဉ်ရေကြီးမှု သုံးကြိမ်ဖြစ်ပေါ်လေ့ရှိသည်။ ၎င်းတို့မှာ ဇွန်လ (မိုးဦးကာလ)တွင် တစ်ကြိမ်၊ ဇူလိုင်လမှ သြဂုတ်လအတွင်း (မိုးလယ်ကာလ)တွင် တစ်ကြိမ်၊ စက်တင်ဘာလမှ အောက်တိုဘာလ (မိုးနှောင်းနှင့်မိုးလွန်ကာလ) တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ် ဖြစ်ပေါ်လေ့ရှိသည်။
မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ထိခိုက်ခံစားစေရန် အလွန်လွယ်ကူသည့်အနေအထားတွင် ရှိသည့်အပြင် ဖြစ်ပွားနိုင်သည့် သဘာဝဘေးအမျိုး အစားမှာလည်း စုံလင်သည်ကို တွေ့မြင်ကြရမည်ဖြစ်သည်။ အချိန်အခါမရွေး ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် ဘေးအန္တရာယ်များကို အန်တုရာ၌ ကြိုတင်ပြင်ဆင်မှုအားမကောင်းပါက ပျက်စီးဆုံးရှုံးမှုကိုလည်း ကြီးမားစေမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များတွင် မီးဘေးကြောင့် ဆုံးရှုံးမှုအများဆုံးဖြစ်ပြီး ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုမှာ ဒုတိယအများဆုံးဖြစ်သည်။
ရေလွှမ်းမိုးမှုမဖြစ်မီ ကြိုတင်ဆောင်ရွက်ရန်
မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ကြံ့ခိုင်မှုကို စစ်ဆေးထားရပါမည်။ မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများကို ကြိုတင် သတ်မှတ်ထားရန်လိုပါသည်။ (ဥပမာ အသက်ကယ်ကုန်းမြင့်၊ ရေလွတ်နိုင်သည့်နေရာများ၊ အဆောက်အအုံများ) ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထား ရှိရန်လိုပါသည်။ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီးစာရွက်စာတမ်းများကို မိမိနှင့်အတူထားပါ။ သောက်သုံးရေများ ကြိုတင်စုဆောင်းထားရန်လို အပ်ပါသည်။ ချက်ပြုတ်နိုင်ရန် ပလတ်စတစ်ဘူးများတွင် ရေသန့်များ ဖြည့်ထားရပါမည်။ အရေးပေါ်သုံးပစ္စည်းများနှင့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရပါမည်။ (ဥပမာ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ တာယာကျွတ်တို့ဖြစ်သည်။) ရေလွှမ်းမိုးသော လက္ခဏာသိမြင်ရပါက လျှပ်စစ်မီးခလုတ်များကို ပိတ်ထားရပါမည်။
မိမိပတ်ဝန်းကျင်ရှိမြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားပါ။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်း အစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်စေနိုင် သောနေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။ ကိုယ်နေထိုင်သော အရပ်ဒေသ၏ ရေလွှမ်းမိုးနိုင်သော အန္တရာယ်အနေအထားနှင့် ဒေသမြေမျက်နှာပြင်ရှိ အနေအထားကို ကြိုတင်သိအောင် လေ့လာထားရန် လိုအပ်သည်။ ထိုသို့ ကြိုတင်လေ့လာထားခြင်းဖြင့် မိုးအကြီးအကျယ်ရွာသောအခါ မိမိနေထိုင်ရာ၊ အလုပ်လုပ်ရာနေရာများကို မည်သို့မည်ပုံအကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း ခန့်မှန်း၍ရနိုင်သည်။ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်သော ရေလွှမ်းမိုးမှုနှင့်ပတ်သက်သည့် သတိပေးချက်များကို နားထောင်ပါ။ ရေလွှမ်းမိုးသောလက္ခဏာများကို သတိဖြင့် အမြဲစောင့်ကြည့်ရန် လိုအပ်ပါသည်။ အန္တရာယ်ကင်းအောင် ရှောင်ရှားနိုင်ရန် ကြိုတင်တွက်ဆရှောင်ရှားနိုင်ပါစေ။
ရေကြီးခြင်းဖြစ်ပေါ်နေချိန် ရှောင်ရှားရန်
ရေထဲတွင် ရေကူးခြင်း၊ လမ်းလျှောက်ခြင်းမပြုပါနှင့်။ ရေစိုနေ သောလျှပ်စစ်ပစ္စည်းများကို အသုံးမပြုမိရန် အထူးသတိထားရပါမည်။ အိမ်မွေးတိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင် ထားခြင်းမပြုလုပ်ရန် အရေးကြီးပါသည်။ ရေကြီးသောဒေသများတွင် မြစ်၊ ချောင်း ကမ်းပါးတိုက်စားပြီး ပြိုကျတတ်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်ကို ပိတ်ထားပါ။ သောက်သုံးရေသန့် သို့မဟုတ် ကျိုချက်ထားသောရေ သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးသင့်ပါသည်။ အဆိပ်ရှိသောတိရစ္ဆာန်များ အိမ်ခြံအတွင်း၌ ရှိ၊ မရှိ စစ်ဆေးပါ။ သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါသည်။
ရေလွှမ်းမိုးပြီးနောက် ဆောင်ရွက်ရန်
မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့ အကြောင်းကြားပါ။ အမှိုက်များကို စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များကို စနစ်တကျမီးရှို့ခြင်း သို့မဟုတ် မြေမြှုပ်ခြင်းများ ပြုလုပ်ရပါမည်။ ရေများဝင်ရောက်ထားသည့် အဆောက်အအုံများအတွင်းသို့ အထူးသတိဖြင့် ဝင်ရောက်ရန်လိုပါသည်။ ရေကြီးခြင်းနှင့်အတူ မျောပါလာသော အဆိပ်ရှိမြွေများ၊ ကင်းများရှိနေ တတ်သည်။ အန္တရာယ်ရှိနိုင်သော ဓာတ်ကြိုးများ၊ ဓာတ်တိုင်၊ သစ်ပင်၊ သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်နေပါက သက်ဆိုင်ရာကို သတင်းပို့ရပါမည်။ ရေကြီး၍ ရေစိုသွားသောအစားအစာအားလုံးကို မစားသုံးသင့်ပါ၊ ရေဆိုးရေညစ်များထဲတွင် မမြင်နိုင်သောပိုးမွှားများ ပါလာတတ်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် အစာအဆိပ်သင့်မှုများဖြစ်စေနိုင်သည်။ သောက်သုံးရန်နှင့် ချက်ပြုတ်ရန်ရေများကို မသုံးခင် ၁၀ မိနစ်ခန့်ကြိုချက်ပါ။ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများကို ဂရုပြုကာကွယ်ရပါမည်။
မွေးမြူရေးတိရစ္ဆာန်များအတွက် သတိပြုရန်
မုတ်သုံ ဆုတ်ချိန်တွင်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် မွေးမြူထားသည့်တိရစ္ဆာန်များအပေါ် ကျရောက်နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ အသိပေးနှိုးဆော်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။
ဆူနာမီအတွက် ကြိုတင်ပြင်ဆင်ရန်များ
ဆူနာမီဆိုသည်မှာ ပင်လယ်သမုဒ္ဒရာရေအောက်ကြမ်းပြင် ရွေ့လျားခြင်း၊ မြေပြိုခြင်း၊ ရေအောက်မီးတောင် ပေါက်ကွဲခြင်းများကြောင့် ဖြစ်ပေါ်လာသည့် အလွန်ကြီးမားသောလှိုင်းလုံးကြီးများဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများအနေဖြင့် ငလျင်လှုပ်ပြီးနောက် ထုတ်ပြန်သော ဆူနာမီသတိပေးချက်များကို သတိပြုနားထောင်ရန် လိုအပ်ပါသည်။ ဆူနာမီအန္တရာယ်မှ ပြေးခိုနိုင်မည့်နေရာ (ကုန်းတွင်းပိုင်းကုန်းမြင့်သို့) သွားရမည့်လမ်းကြောင်းကို အတိုဆုံးရေးဆွဲ သတ်မှတ်ထားရပါမည်။ ပင်လယ်ကမ်းရိုးတန်းတွင် နေထိုင်သူများအနေဖြင့် အရေးပေါ်သုံးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရပါမည်။ ပင်လယ်ကမ်းရိုး တန်းဒေသများတွင် ဒီရေတောများ၊ လှိုင်းခွဲတာတမံများကို သက်ဆိုင်ရာအဖွဲ့အစည်းများက ဆောင်ရွက်ပေးထားသည်။ အသက်ကယ်ကုန်းမြင့်များအဖြစ် မှတ်သားထားရပါမည်။
အချုပ်အားဖြင့်ဆိုသော် ရေကြီးရေလျှံခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များသည် ရှောင်လွှဲ၍မရသော်လည်း ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးနှင့် ပျက်စီးဆုံးရှုံးမှုလျော့ပါး သက်သာစေရေးမှာ စွမ်းဆောင်ရည်ရှိသည့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုပေါ်တွင် မူတည်နေပါကြောင်းနှင့် ဖော်ပြပါ ရှောင်ရန်၊ ဆောင်ရန်များကို လိုက်နာဆောင်ရွက်ကြခြင်းဖြင့် ရေဘေးအန္တရာယ် ကင်းဝေးကြစေလိုပါသည်။ ။
ပေါက်ပေါက်