ရထားဥဩသံညံစေချင် တို့မြန်ပြည်တစ်ခွင်
ညီညီ(ရထား)
မြန်မာနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍအစပျိုးမှုကိုကြည့်မည်ဆိုလျှင် ရှေးယခင်က နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျွန်ပြုအုပ်ချုပ်ခဲ့စဉ်က ၎င်းတို့၏အကျိုးစီးပွားကို အထောက်အကူဖြစ်စေသည့် ရထားလမ်း၊ ကားလမ်းများကိုသာ ဦးစားပေးဖောက်လုပ်ခဲ့ကြောင်း တွေ့ရှိရသည်။ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်ရွယ်ချက်ကောင်းများ မရှိခဲ့သည့်အတွက် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာလတစ်လျှောက်လုံး နယ်မြေဒေသအများစုသည် လမ်းပန်းဆက်သွယ်မှုခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။
၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်-ပြည် ရထားလမ်းစတင်ဖောက်လုပ်ပြေးဆွဲခဲ့ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် ရထားလုပ်ငန်းပေါ်ထွန်းခဲ့သည်မှာ ၁၄၆ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ မြန်မာ့မီးရထားဌာနကြီးသည် ရှည်လျားလှသည့် သမိုင်းကြောင်းနှင့်အတူ ရထားပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးရင်းအခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားခဲ့သည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများ အစရှိသည့် အတွေ့အကြုံများစွာဖြင့် ဖြတ်သန်းခဲ့သည့် ဌာနကြီးတစ်ခုဖြစ်ပါသည်။
အထူးသဖြင့် အများစုဖြစ်သော အခြေခံလူတန်းစားပြည်သူများအတွက် ယနေ့ထက်တိုင် အကျိုးပြုလျက်ရှိပေသည်။ စရိတ်စကသက်သာစွာဖြင့် ခရီးသည်အများအပြားကို ခရီးနီးနီးဝေးဝေး သက်သောင့်သက်သာစွာဖြင့် လိုရာခရီးသို့ ပို့ဆောင်ပေးလျက်ရှိပါသည်။ ကုန်စည်အများအပြားကိုလည်း ရထားလမ်း ကွန်ရက်ရှိရာဒေသအသီးသီးသို့ စရိတ်ကျဉ်းကျဉ်းဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးလျက်ရှိပါသည်။ ဤသည်ကား မိမိတို့နိုင်ငံအတွင်း နိုင်ငံပိုင်စီးပွားရေးအဖွဲ့စည်းဖြစ်သော မြန်မာ့မီးရထား၏ ထူးခြားသောဝိသေသများပင်ဖြစ်ပါသည်။
ရထားလုပ်ငန်းစတင်ပေါ်ပေါက်လာခြင်း
မြန်မာနိုင်ငံ၏ ရထားပြေးဆွဲခြင်းလုပ်ငန်းသည် အရှေ့တောင်အာရှနိုင်ငံများ၌ သက်တမ်းအရင့်ဆုံးဖြစ်ကြောင်း သမိုင်းက သက်သေပြလျက်ရှိပါသည်။ ၁၈၅၂ ခုနှစ် ဒုတိယအင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး၌ ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် ဆန်စပါး၊ ကျွန်းသစ်၊ ရော်ဘာနှင့် သယံဇာတသတ္တုပစ္စည်းများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်၍ စီးပွားရေးအရ အကျိုးအမြတ်ရရှိနိုင်ရန် ပြည်ပသို့တင်ပို့ခြင်း၊ ၎င်းတို့တိုင်းပြည်မှ ပို့ကုန်များကို တင်သွင်း၍ ရောင်းချခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
သို့အတွက် ကုန်စည်များအား ဒေသအနှံ့မှစုစည်းရာတွင် လမ်းပန်းဆက်သွယ်မှုခက်ခဲပြီး သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမားခဲ့ရာ ဆန်များကို အချိန်တိုအတွင်း စရိတ်သက်သာစွာဖြင့် စုစည်းနိုင်ရန် စီးပွားရေးရှုထောင့်အမြင်ဖြင့် မီးရထားလမ်းဖောက်လုပ်ခြင်းကို စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် အထက်မြန်မာနိုင်ငံမှ မြန်မာမင်းတို့က ဧရာဝတီမြစ်ကြောင်းမှ စုန်ဆင်းတိုက်ခိုက်လာပါက ပြည်မြို့သို့ လျင်မြန်စွာရောက်ရှိလာနိုင်ကြောင်းသုံးသပ်၍ ဗြိတိသျှတပ်များနှင့် စက်လက်နက်၊ ရိက္ခာပစ္စည်းများကို ပြည်မြို့သို့ အမြန်ပို့ဆောင်နိုင်ရန်ဟူသော စစ်ရေးအမြင်ဖြင့် ၁၈၇၄ ခုနှစ်တွင် ရန်ကုန်- ပြည်ရထားလမ်းကို စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ဖွင့်လှစ်ပြေးဆွဲခဲ့ပါသည်။
ဆက်လက်၍ ၁၈၈၁ ခုနှစ်တွင် ရန်ကုန်-ညောင်လေးပင်လမ်းပိုင်း၊ ၁၈၈၅ ခုနှစ်တွင် ညောင်လေးပင်-တောင်ငူလမ်းပိုင်းကိုလည်း ကျွန်းသစ်၊ ရော်ဘာ၊ သယံဇာတနှင့် ဆန်/ စပါးများ ကို ပြည်ပသို့တင်ပို့နိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖောက်လုပ်ပြေးဆွဲခဲ့ပါသည်။
မြန်မာ့မီးရထားသမိုင်းအကျဉ်း
မြန်မာ့မီးရထားသမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက ၁၈၇၇ ခုနှစ်က ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရရထားလုပ်ငန်း(The Rangoon and Irrawaddy Valley State Railway) က ရထားလုပ်ငန်းကို စတင်ထူထောင်လုပ်ကိုင်ခဲ့ကြောင်း၊ ဆက်လက်၍ ၁၈၉၆ ခုနှစ်တွင် Burma Railway Company က ဆက်လက်ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း၊ ၁၉၂၈ ခုနှစ်တွင် အိန္ဒိယမီးရထားဘုတ်အဖွဲ့ (Indian Railway Board) လက်အောက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံမှခွဲထွက်၍ အုပ်ချုပ်မှုပုံစံပြောင်းလဲခြင်းနှင့်အညီ မီးရထားလုပ်ငန်းကိုလည်း Indian Railway Board ၏ အုပ်ချုပ်မှုအောက်မှခွဲထွက်ကာ မြန်မာနိုင်ငံဆိုင်ရာ မီးရထားမင်းကြီး (Chief Railway Commissioner)က အုပ်ချုပ်ခဲ့ကြောင်း၊ ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာချိန် ၁၉၄၂ ခုနှစ် တွင် မီးရထားအုပ်ချုပ်ရေးလုပ်ငန်းများကို ဗြိတိသျှစစ်အာဏာပိုင် (British Governor) များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီးနောက်တွင် မီးရထားအုပ်ချုပ်ရေးအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း (Burma Railway Corporation) အမည်ဖြင့်လည်းကောင်း အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး နောက် ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မြန်မာ့မီးရထားဟု ပြင်ဆင်ခေါ်ဝေါ်၍ ယနေ့တိုင် ၎င်းအမည်နာမတည်တံ့လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
ရထားလမ်းခရီးမိုင်နှင့် ဘူတာရုံများ
မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ရထားလမ်းတိုးချဲ့ဖောက်လုပ်နိုင်ခဲ့မှုများအနေဖြင့် ရထားလုပ်ငန်းစတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့် ဘူတာရုံပေါင်း ၄၇၆ ခုတည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့် ဘူတာရုံ ၁၁ ခု တိုးတက်တည်ဆောက်နိုင်ခဲ့သည်။ ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်ခန့်နှင့် ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ဖောက်လုပ် တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွင်းရထားလမ်းခရီးမိုင်စုစုပေါင်း မိုင် ၃၈၀၀ ကျော်နှင့် ဘူတာရုံပေါင်း ၉၆၀ ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။
မျှော်မှန်းချက်နှင့် ရည်မှန်းချက်တာဝန်များ
မြန်မာ့မီးရထားအနေဖြင့် ခရီးသည်နှင့်ကုန်စည်များကို လုံခြုံချောမွေ့စွာဖြင့် သယ်ယူပို့ဆောင်ပေးရင်း နိုင်ငံတော်၏ ဘက်စုံကဏ္ဍစုံမှဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရေး၊ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်းနှင့် ငွေကြေးစသောသယံဇာတများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးထိရောက်မှုရှိစွာ သုံးစွဲရေး၊ စျေးကွက်စီးပွား ရေးမူဝါဒနှင့်အညီ ယှဉ်ပြိုင်ရသောအခြေအနေတွင် စီးပွားရေးဆန်ဆန်ယှဉ်ပြိုင်နိုင်ကာ ခရီးသည်နှင့်ကုန်စည်များကို ကုန်ကျစရိတ်သက်သာစွာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြင့် ထိရောက်စွာ သယ်ယူပို့ဆောင်နိုင်သော အဖွဲ့အစည်းတစ်ရပ်ဖြစ်လာစေရေး မျှော်မှန်းထားရှိပါသည်။ ထို့အပြင် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်သူများ စိတ်ချမ်းမြေ့အဆင်ပြေရေး၊ မတော်တဆမှုများ လျော့နည်း ပပျောက်ရေး၊ ရထားများအချိန်မှန်ကန်ရေး၊ ရထားလမ်းများ ပိုမိုတောင့်တင်းခိုင်မာရေး၊ ဝင်ငွေတိုးရေးနှင့် သုံးငွေလျော့နည်းရေး၊ လက်ဝယ်ရှိလူ၊ ပစ္စည်း၊ စနစ်များကို အထိရောက်ဆုံးဖြစ်စေရန် ကြိုးပမ်းရေး၊ စက်ရုံ၊ အလုပ်ရုံများ စွမ်းအားပြည့်လည်ပတ်ရေး၊ စက်ခေါင်းတွဲ ချွတ်ယွင်းမှုလျော့နည်းရေး၊ စက်ကိရိယာနှင့်အရန်ပစ္စည်းများ တီထွင်ထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ရေး၊ ဝန်ထမ်း အခွင့်အရေးနှင့် သက်သာချောင်ချိရေးကိစ္စများ မျက်ခြည်မပြတ်ရေး၊ မသမာမှုများကင်းရှင်း ပပျောက်ရေးဟူသော ရည်မှန်းချက် ၁၁ ရပ် ချမှတ်ထားရှိပါသည်။
ဌာနကြီးများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ
အဆိုပါရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့မီးရထားတွင် ရထားပို့ဆောင်ရေးလုပ်ငန်းကို ပင်မလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ရသည့် ဌာနကြီးသုံးခု၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရထားပြေးဆွဲရေးလုပ်ငန်းများအပေါ် ပံ့ပိုးကူညီပေးရသည့် ဌာနကြီးရှစ်ခုနှင့် စက်ရုံကြီးသုံးရုံတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ဌာနကြီးများအလိုက် တာဝန်ထမ်းဆောင်နေကြသော ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများအားလုံးတွင် ကိုယ်စီလုပ်ငန်းတာဝန်ဝတ္တရားများ စနစ်တကျပေးအပ်ထားရှိပါသည်။
ဝန်ထမ်းတစ်ဦးချင်းစီတိုင်းက မတူညီသော လုပ်ငန်းတာဝန်အသီးသီးကို ထမ်းဆောင်နေကြရသော်လည်း တူညီသော ရည်မှန်းချက်ထားရှိကြခြင်းက ရထားပို့ဆောင်ရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို အသက်ဝင်စေလျက်ရှိနေပါသည်။
အဓိကကျသည့်ဌာနကြီးသုံးခုအနက် သွားလာပို့ဆောင်ရေးဌာနသည် ရထားသွားလာရေးလုပ်ငန်းများကို စီမံခန့်ခွဲကြီးကြပ်နိုင်သည့် ဘာသာရပ်ဆိုင်ရာသင်တန်းများကို တက်ရောက်အောင်မြင်ပြီးသူများဖြင့် ဖွဲ့စည်းထားပြီး ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလိုအပ်ချက်များကို မိမိလက်ဝယ်ရှိ စွမ်းအားစုများအား အထိရောက်ဆုံးအသုံးချ၍ စီမံဆောင်ရွက်ခြင်း၊ ရထားများဖွဲ့စည်းခြင်း၊ ပြေးဆွဲခြင်းတို့အတွက် ထုတ်ပြန်ထားသည့် ဥပဒေ/ နည်းဥပဒေများနှင့်အညီ စီမံခန့်ခွဲလိုက်နာ လုပ်ဆောင်ကြရပါသည်။ ထို့ပြင် ရထားသွား လာမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး အချက်ပြနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပြည့်စုံကောင်းမွန်စေရေးတို့အတွက် အီလစ်ထရွန်နစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်များအထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့်လည်း ပါဝင်ထည့်သွင်းဖွဲ့စည်းထားရှိပါသည်။
စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနသည် စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ အင်ဂျင်နီယာ ဘာသာရပ်များအထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး စက်ခေါင်း/တွဲများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ်ပိုင်းဆိုင်ရာလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခြင်း၊ စက်ခေါင်းမောင်းနှင့် တွဲထိန်းများကို ကြီးကြပ်စီမံဆောင်ရွက်ခြင်းပြုရပါသည်။
မြို့ပြအင်ဂျင်နီယာဌာနသည် မြို့ပြအင်ဂျင်နီယာဆိုင်ရာ ဘာသာရပ်များအထူးပြုဘွဲ့၊ ဒီပလိုမာ၊ ကျွမ်းကျင်လက်မှတ်ရရှိထားသည့် ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားရှိပြီး ရထားလမ်း၊ တံတားနှင့် အဆောက် အအုံများ ထိန်းသိမ်းပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ကွန်ကရစ်ဇလီဖားနှင့် တံတားဘောင်များ ထုတ်လုပ်ခြင်း၊ လမ်းပိုင်းအသစ်များ ဖောက်လုပ်ရာတွင် လမ်းအူကြောင်း တိုင်းတာရှာဖွေခြင်း၊ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခြင်း၊ တည်ဆောက်ခြင်းများကို တာဝန်ယူဆောင်ရွက်ရပါသည်။
ရထားပြေးဆွဲရေးလုပ်ငန်းအပေါ် ပံ့ပိုးကူညီပေးရသည့် ဌာနကြီးရှစ်ခုအနက် စစ်ဆေးရေးဌာနသည် ဌာနအသီးသီးက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည့် လုပ်ငန်းများအပေါ်ချမှတ်ထားသည့် မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှု ရှိ/မရှိ၊ ပစ္စည်း/ငွေကြေးများလေလွင့် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ စွမ်းအားစုများကို ထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် စစ်ဆေးကြပ်မတ်ခြင်း၊ အကြံပြုခြင်းများကို ဆောင်ရွက်ပါသည်။
စီမံကိန်းနှင့်အုပ်ချုပ်ရေးဌာနသည် အပြည်ပြည်ဆိုင်ရာဆက်သွယ်ရေးကိစ္စများ၊ နိုင်ငံတကာချေးငွေ၊ နည်းပညာအကူညီများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများအပေါ် စီမံချက်ရေးဆွဲခြင်းနှင့် စောင့်ကြည့်ခြင်း၊ ပြည်သူ့လူထုအား ဆက်သွယ်ပြန်ကြားရေးကိစ္စများ၊ ဝန်ထမ်းရေးရာနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပါသည်။
မြန်မာ့မီးရထား၏ ရထားလမ်းကွန်ရက် တစ်လျှောက်ခွဲခြားထားသည့် တိုင်းနယ်မြေအလိုက် အထွေထွေစီမံခန့်ခွဲခြင်းနှင့် ကြီးကြပ်ခြင်းများပြုလုပ်နိုင်ရန် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်အုပ်ချုပ်ရေးဌာနနှစ်ခုကိုလည်း တာဝန်ပေးအပ်ဖွဲ့စည်းထားပါသည်။ စီးပွားရေးဌာနသည် စျေးကွက်စီးပွားရေးစနစ်နှင့်အညီ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲခြင်း၊ ဝင်ငွေတိုးတက်ရရှိရေးအတွက် ရထားပိုင်မြေများအသုံးချ၍ ဝင်ငွေရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။
ဘဏ္ဍာရေးဌာနသည် နိုင်ငံတော်ကသတ်မှတ်ထားသည့် ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ငွေ၊ထွက်ငွေများအပေါ်ကြီးကြပ်ခြင်း၊ အသုံးစရိတ်များ စနစ်တကျထုတ်ပေးခြင်း၊ ဝန်ထမ်းများ၏ လစာနှင့် စရိတ်အား စီမံဆောင်ရွက်ပေးခြင်း၊ နှစ်စဉ်အရှုံး/အမြတ် စာရင်းပြုစုခြင်း စသည်တို့ကို ဆောင်ရွက်ပါသည်။ ထောက်ပံ့ဌာနသည် ဌာနအသီးသီးက အသုံးပြုရန်လိုအပ်သောပစ္စည်းများကို ပြည်တွင်း/ပြည်ပမှမှာယူခြင်း၊ သိုလှောင်ထိန်းသိမ်းခြင်း၊ ဖြန့်ဖြူးပေးခြင်းတို့ကိုဆောင်ရွက်ပြီး ဆေးဌာနသည် ရထားလိုက်ဝန်ထမ်းများအား သတ်မှတ်ချက်နှင့်အညီ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း၊ ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ရထားစီးခရီးသွားပြည်သူများ၏ အရေးပေါ်ရှေးဦးကုသမှုရရှိရေး ထောက်ပံ့ဆောင်ရွက်ပေးခြင်းတို့ ပြုလုပ်ပါသည်။
ပြည်ထဲရေးဝန်ကြီးဌာနက တွဲဖက်ထားသည့် ရထားရဲတပ်ဖွဲ့အနေဖြင့် ခရီးသည်နှင့်ကုန်စည်များ ဘေးအန္တရာယ်ကင်းစွာလိုရာခရီးသို့ရောက်ရှိရေး လုံခြုံမှုပေးခြင်း၊ ရထားပိုင်ပစ္စည်းများ ပျက်စီးပျောက်ဆုံးမှုမရှိစေရေး၊ ရထားနယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေး ကာကွယ်စောင့်ရှောက်မှုပေးခြင်းတို့ ဆောင်ရွက်ပါသည်။
အလျဉ်းသင့်၍ ရထားတစ်စင်း ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးရှိ ဝန်ထမ်းများက ကိုယ်စီတာဝန်ယူဆောင်ရွက်ကြမှုများကို အကျဉ်းမျှမိတ်ဆက်တင်ပြလိုပါသည်။ မီးရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသော အဆင့်များစွာရှိပါသည်။ အဓိကကျသည့် ဌာနကြီးသုံးခုဖြစ်သော သွားလာ၊ စက်မှု၊ မြို့ပြဌာနများမှ ဝန်ထမ်းအသီးသီးတို့က ညီညွတ်စွာနှင့် ဟန်ချက်ညီညီ ဆောင်ရွက်ကြရပါသည်။ မိမိအဆင့်အလိုက်၊ လုပ်ငန်းတာဝန်အလိုက် လုပ်ဆောင်ရမည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန်လိုပါသည်။
ဝန်ထမ်းအသီးသီးသည် သက်ဆိုင်ရာကိုယ်စီတာဝန်ကို ထမ်းဆောင်နိုင်ရန် ကနဦးအစတွင် ပညာရပ်ဆိုင်ရာသင်တန်းများကို အချိန်ကာလတစ်ခုအကြာ သင်ကြားလေ့ကျင့်ရခြင်း၊ လုပ်ငန်းခွင်အကြိုလေ့လာမှုများပြုလုပ်ရခြင်း၊ အတွေ့အကြုံပေါ်မူတည်၍ ဆင့်ကဲရာထူး တိုးမြှင့်ထမ်းဆောင်ရခြင်းများ ပြုလုပ်ရပါသည်။ ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ရထားတစ်စင်းသည် ခရီးစဉ်အစ၊ အလယ်၊ အဆုံးချောမောစွာပြေးဆွဲနိုင်ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လိုရာခရီးကို ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။
ရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသည့် လုပ်ငန်းဆောင်တာများ
ရထားတစ်စင်းထွက်ခွာနိုင်ရေးအတွက် စက်မှုဌာနမှ ဝန်ထမ်းများသည် ရထားစက်ခေါင်းအား စက်ခေါင်းစက်ရုံသို့သွင်း၍ ကြံ့ခိုင်မှုများစစ်ဆေးခြင်း၊ ဆီဖြည့်ခြင်းများ ပြုလုပ်ရပါသည်။ စက်ခေါင်း တစ်ခေါင်းအား နေ့စဉ်စစ်ဆေးခြင်း၊ ခုတ်မောင်းချိန် နာရီအလိုက် စစ်ဆေးခြင်းနှင့် အကြီးတန်းပြုပြင် စစ်ဆေးခြင်း စသည်တို့ကို တာဝန်ယူပြုလုပ်ကြရပါသည်။ အလှည့်ကျစက်ခေါင်းမောင်း (စက်ဗိုလ်)နှင့် လက်ထောက်စက်ခေါင်းမောင်း (မီးထိုး/ဆီလောင်း)တို့သည် ရထားမထွက်ခွာမီ မိနစ် ၄၀ အလိုတွင် စက်ခေါင်းရှိရာသို့ရောက်ရှိပြီး လက်ခံမှုပြုလုပ်ရပါသည်။
အလားတူတွဲပြင်ဌာနမှ တာဝန်ရှိသူများသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဌာန တောင်းခံထားသည့် တွဲအမျိုးအစားနှင့် အရေအတွက်များအတိုင်း တွဲစီယာဒ်ဝင်းအတွင်း တွဲဆိုင်းဖွဲ့ဆင်မှုကို ကြိုတင်ဆောင်ရွက်ရပြီး တွဲသန့်ရှင်းရေးပြုလုပ်ခြင်း၊ တွဲအောက်ပိုင်းကြံ့ခိုင်ရေးစစ်ဆေးခြင်းများပြုလုပ်ပြီး ရထားထွက်ခွာမည့် အချိန်မတိုင်မီ ၁ နာရီ ခန့်အလိုတွင် တွဲရွှေ့စက်ခေါင်းနှင့် ချိတ်ဆက်၍ ဘူတာအတွင်း ပြေးလမ်းပေါ်သို့ ပို့ဆောင်ပေးထားရပါသည်။ ထိုသို့ပြင်ဆင်ထားသည့်တွဲဆိုင်းကို အသင့်ပြင်ဆင်ထားသည့် စက်ခေါင်းမှ လာရောက်ချိတ်ဆက်ဆောင်ရွက်ရပါသည်။
ဘူတာတွင် ထွက်ခွာရန်ပြင်ဆင်ထားသော ရထားအားစက်ဗိုလ် (စက်ခေါင်းမောင်း)နှင့် ဂတ်ဗိုလ်(ရထားထိန်း)တို့ပူးပေါင်းပြီး တွဲဆိုင်းကို စစ်ဆေးခြင်း၊ လေဘရိတ်(သို့) လေဟာဘရိတ် စသည်ဖြင့် ပါဝါရရှိမှုတို့အားစစ်ဆေးပြီး ရထားထွက်ခွာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရပါသည်။ အားလုံးပြည့်စုံပြီးနောက် သတ်မှတ်အချိန်တွင် ခရီးသည်များအားဝင်ခွင့်ပေးပြီး နေရာယူစေပါသည်။ သွားလာရေးဌာနမှရုံပိုင်သည် ရထားမထွက်ခွာမီ ပထမဦးဆုံးဆိုက်ရောက်မည့်ဘူတာသို့ ရထားအားလက်ခံနိုင်ခြင်း ရှိ/မရှိမေးမြန်း၍ လမ်းရှင်းတောင်းခံပြီး ရထားအားသတ်မှတ်အချိန်ထွက်ခွာနိုင်ရန် ဆောင်ရွက်ကြရပါသည်။
မြို့ပြဌာနမှ ဇာဝီလှည့်(လမ်းလျှောက်) ဝန်ထမ်းများသည် ယင်းအား သတ်မှတ်တာဝန်ပေးထားသည့် လေးမိုင်ရှိသော ရထားလမ်းပိုင်းကို သံလမ်း၊ ဇလီဖား၊ လမ်းခင်းကျောက်များ ပုံမှန်ဖြစ်/ မဖြစ်၊ သံလမ်းထိန်းကလစ်များ ပြည့်စုံမှု ရှိ/မရှိ၊ သံလမ်း ကြံ့ခိုင်မှုတစ်စုံတစ်ရာ လျော့နည်းနေခြင်း ရှိ/မရှိတို့အား နေ့စဉ်နံနက်စောစောတွင် အသွားအပြန် စစ်ဆေးမှုပြုလုပ်ရပါသည်။ လမ်းပိုင်းအလိုက်တာဝန်ကျ အငယ်တန်းအင်ဂျင်နီယာ(သံလမ်း)များသည် ရထားလမ်းနှင့်တံတားများ၏ ကြံ့ခိုင်မှုအနေအထား ပေါ်မူတည်၍ ဖြတ်သန်းခွင့်ပြု/မပြုနှင့် ဖြတ်သန်းသင့်သောမိုင်နှုန်းများ စိစစ်သတ်မှတ်ပေးရပါသည်။
ရထားမောင်းနှင် ထွက်ခွာနေစဉ်အတွင်းမှာလည်း သွားလာပို့ဆောင်ရေးဌာန၏ ရထားကြီးကြပ်ရေးရုံးများက သက်ဆိုင်ရာနယ်မြေအလိုက် ရထားသွားလာမှုများကို တိုက်ရိုက်ကြီးကြပ်စောင့်ကြည့်ပြီး မှတ်တမ်းတင်ခြင်း၊ ရထားလမ်းတစ်ခုတည်းပေါ်တွင် ပြေးဆွဲနေသော ရထားတစ်စင်းနှင့်တစ်စင်း ဘူတာများ၌ ဆုံခြင်း၊ ကျော်ခြင်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သတ်မှတ်ရထားအချိန်ဇယားများအတိုင်း မှန်ကန်စေရန် ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။
ရထားတစ်စင်းပြေးဆွဲမှုအတွက် ဌာနအလိုက် အသီးသီးတာဝန်ယူဆောင်ရွက်ကြရသကဲ့သို့ ဝန်ထမ်းများ တစ်ဦးချင်းတစ်ယောက်ချင်းတိုင်းက ကျွမ်းကျင်မှုရှိစွာနှင့်တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာလည်း အထူးအရေးပါလှပါသည်။ ခရီးသည်များ၏ အသက်အန္တရာယ်ဘေးကင်းစွာဖြင့် လိုရာခရီးကို သတ်မှတ်ချိန်အမီ ရောက်ရှိနိုင်ရေးအတွက် ဂိတ်စောင့်၊ လမ်းခွဲကိုင်၊ လမ်းလျှောက်၊ တွဲစစ်၊ တွဲထိန်းအစရှိသော ဝန်ထမ်းများသည် ရာထူးပင်ငယ်လင့်ကစား အရေးကြီးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ကြပါသည်။
ယင်းတို့၏တာဝန်ဝတ္တရားများကို ပေါ့လျော့မှားယွင်းစွာ လုပ်ကိုင်မိလျှင် ရထားမတော်တဆမှုများကြောင့် ခရီးသည်များနှင့် ဌာနပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိပါသည်။ ရထားတစ်စင်း ပြေးဆွဲရန်အတွက် ယခုတင်ပြခဲ့သည့် လုပ်ဆောင်မှုများစွာရှိနေလေရာ ရထားအရေအတွက် များပြားလာသည်နှင့်အမျှ လူအင်အား၊ လုပ်ဆောင်မှုများစွာဖြင့် ဆောင်ရွက်ရမည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ရထားတစ်စင်းပြေးဆွဲနိုင်ရေးအတွက် ဌာနအသီးသီးမှဝန်ထမ်းအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဇွဲရှိရှိဖြင့် အပင်ပန်းဆင်းရဲခံနိုင်မှုစသည့် မီးရထားဝန်ထမ်း စိတ်ဓာတ်ကောင်းများဖြင့် ဆောင်ရွက်မှုများမှာ အထူးအရေးပါလှပါသည်။
နိုင်ငံတော်အစိုးရ၏ လုပ်ငန်းလမ်းညွှန်မှုများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌအနေဖြင့် ရထားပို့ဆောင်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဓိကအလေးထားပြီး နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊ တာဝန်ရှိသူများအားလည်းကောင်း မကြာခဏတွေ့ဆုံလမ်းညွှန်မှုများ ပေးလျက်ရှိပါသည်။ မြန်မာ့မီးရထား၏ စက်ရုံများ၊ ဘူတာကြီးများ၊ ရထားလမ်းစီမံကိန်းနယ်မြေများသို့ နိုင်ငံတော်အကြီးအကဲသည် ခုနစ်ကြိမ်တိုင်တိုင် ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါခရီးစဉ်များတွင် ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာလိုက်နာ၍ ရေရှည်အတွက် ဦးစားပေးစဉ်းစားဆောင်ရွက်ရန်၊ ရထားစက်ခေါင်းနှင့် တွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်းလုပ်ငန်းများတွင် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများတိုးတက်အောင် ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ရန်၊ စက်ခေါင်းနှင့်တွဲများတည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြည်ပမှဝယ်ယူနေမှုကို တဖြည်းဖြည်းလျှော့ချပြီး ပြည်တွင်းတွင် ထုတ်လုပ် တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာများလေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန် စသည့် လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့သည့်အပြင် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာ့မီးရထားဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းဌာနကြီးဖြစ်သည်နှင့်အညီ ရထားစီးခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီလိုရာခရီးသို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက်သာမက နိုင်ငံနှင့်အဝန်း မြေပြန့်၊ တောင်တန်း၊ တစ်ဒေသနှင့် တစ်ဒေသသွားလာ ကူးလူးဆက်ဆံမှုအား အထောက်အပံ့ဖြစ်စေပါသည်။ ထို့ပြင် တစ်ချိန်တည်းတွင် ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်ပေးနေခြင်းကြောင့် ပြည်သူများ၏ လူသုံးကုန်၊ စားသောက်ကုန်များ နေရာဒေသမခွဲခြားဘဲ များစွာကွာခြားမှုမရှိသည့် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ရေးကိုလည်း အထောက်အကူဖြစ်စေသည့်အပြင် နိုင်ငံတစ်ဝန်း ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုလည်း အထိုက်အလျောက် ပံ့ပိုးပေးလျက်ရှိပါသည်။
ထို့ကြောင့် အနာဂတ်ကာလများတွင်လည်း ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန် ခေတ်စနစ်နှင့်အညီ ရထားပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး မြန်ပြည်တခွင် ရထားဥဩသံညံစေချင်သည့် စိတ်စေတနာကောင်းဖြင့် ရထားဝန်ထမ်းအားလုံးက ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် အပတ်တကုတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မိဘပြည်သူအပေါင်းကလည်း ရထားမတော်တဆမှု မဖြစ်ပွားစေရေးနှင့် ရထားလမ်းကွန်ရက်တစ်လျှောက်ရှိ ရထားသံလမ်းနှင့် ဆက်စပ်ပစ္စည်းများ၊ အချက်ပြဆက်သွယ်ရေးနှင့် လျှပ်စစ်ပစ္စည်းများ၊ စက်ခေါင်းနှင့်တွဲများ၊ ဘူတာရုံအဆောက်အုံများအစရှိသည့် အများပြည်သူပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါရန်လည်း လေးနက်စွာတိုက်တွန်းအပ်ပါသည်။ ။