Skip to main content

ပို့ဆောင်ရေးယန္တရားအမျိုးအစားများနှင့် ရထားပို့ဆောင်ရေးကဏ္ဍ

ညီညီ(ရထား)

ကမ္ဘာဦးအစ လူမှုအသိုက်အဝန်းများအတွင်း ယဉ်ကျေးမှုထွန်းကားလာမှုနှင့်အတူ လူနှင့်ကုန်ပစ္စည်းများကို လိုအပ်ချက်အရ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသယ်ယူပို့ဆောင်လိုခြင်းကြောင့် ပိုမိုလွယ်ကူအဆင်ပြေချောမွေ့စေရန်အလို့ငှာ ဝန်ဆောင်မှုပြုကြရသည့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ရပ် ပေါ်ထွန်းလာခဲ့ရပေသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် အလွန်ရှေးကျသောခေတ်ကပင် စတင်ဖြစ်ထွန်းခဲ့ကြောင်း၊ လူသားများသည် မိမိတို့ဝန်ထုပ်ဝန်ပိုးများကို ကျောထက်၌သယ်ဆောင်ကာ တစ်နေရာမှတစ်နေရာသို့ ခြေကျင်ခရီးဖြင့် ရွှေ့ပြောင်းခဲ့ကြသည့် နည်းကားထိုစဉ်ခေတ်ကာလ၏ သယ်ယူပို့ဆောင် ရေးတစ်မျိုးပင်ဖြစ်ကြောင်း၊ ထို့နောက်တွင် စွတ်ဖား၊ လှည်းများ၊ ဘီးတပ်ယာဉ်ကြမ်းများပေါ်လာ၍ နွား၊ မြည်း၊ မြင်း၊ ကုလားအုတ်၊ ဆင် စသည့် တိရစ္ဆာန်တို့ဖြင့် ဆွဲယူခြင်း၊ ကျောထက်တင်၍ သယ်ဆောင်ခြင်းများဖြင့် ရေမြေတောတောင်၊ နေရာ၊ ဒေသ၊ ဥတုရာသီအလျောက် သင့်လျော်ရာကိုသုံး၍ ရွှေ့ပြောင်းသယ်ယူပို့ဆောင်ခဲ့ကြကြောင်း လေ့လာတွေ့ရှိရပါသည်။

ရေကြောင်းခရီးအတွက် ဝါး/သစ်ဖောင်၊ သစ်လုံးထွင်းလှေကြမ်းများ အသုံးပြုခဲ့ကြခြင်းမှ လှေချော၊ ရွက်လှေ၊ စက်လှေ၊ သင်္ဘောကြီးများ စသည်ဖြင့် အဆင့်ဆင့်တိုးတက် တီထွင်လာကြခြင်းဖြင့် ခေတ်တစ်ခေတ်မှ တစ်ခေတ်သို့ ကူးပြောင်းလာတိုင်းလူတို့၏ ကြံစည်တီထွင်အားထုတ်နိုင်မှုများနှင့်အတူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာလည်း ခေတ်၏လိုအပ်ချက်များနှင့်အညီ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်ပါသည်။

နောင်အနာဂတ်ခေတ်၌ အဘယ်မျှတိုးတက်လာဦးမည်ကို ကျွန်ုပ်တို့မခန့်မှန်းနိုင်ပေ။ ခရီးသည်နှင့် ကုန်စည်များအား တစ်နေရာမှတစ်နေရာသို့ ကုန်ကျစရိတ်သက်သာစွာနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိဘဲ လွယ်ကူသည်ထက် လွယ်ကူစွာ သွားလာပို့ဆောင်ရွှေ့ပြောင်းသယ်ယူနိုင်စေရန် လိုအပ်ချက်ပေါ်မူတည်၍ တီထွင်ဆန်းသစ်တိုးတက် ပြောင်းလဲနေဦးမည်သာဖြစ်ပါသည်။

လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေး၏ အရေးပါမှု

သယ်ယူပို့ဆောင်ရေးကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍအသီးသီးနှင့် ဆက်စပ်နေသကဲ့သို့ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းသာယာဝပြောမှုများအပါအဝင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုများနှင့် ဆက်စပ်လျက်ရှိနေသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအားနည်းလျှင် အခြားသောကဏ္ဍများကိုပါ ထိခိုက်စေနိုင်ပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အားနည်းချည့်နဲ့သွားစေနိုင်သည်ကို သတိချပ်မိပါသည်။

တစ်နေရာမှတစ်နေရာသို့ သွားနိုင်သောလမ်းများ၊ ပို့ဆောင်ရေး၌ အသုံးပြုရမည့် ယာဉ်/ရထားများရှိလာခြင်းကြောင့် ကျွန်ုပ်တို့၏ လူမှုဆက်ဆံရေး၊ စားဝတ်နေရေး၊ ကူးသန်းရောင်းဝယ်ရေးတို့အား အထောက်အကူဖြစ်စေပါသည်။ ကုန်စည်ဖလှယ်၍၊ ယဉ်ကျေးမှုဖလှယ်၍၊ အတတ်ပညာဖလှယ်၍ များလှစွာသော ဖလှယ်မှုမျိုးစုံကို ပြုလုပ်လာနိုင်ကြသည်။

ထိုသို့ ဖလှယ်ကြ၍ စီးပွားရေးတိုးတက်လာခဲ့ကြသည်။ လူနေမှုစနစ်လည်း နေ့စဉ်နှင့်အမျှ မြင့်မားလာခဲ့ကြသည်။ ခန္ဓာကိုယ်အတွင်း၌ သွေးလွှတ်ကြောတို့သည် သွေးကို ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသို့ရောက်အောင် ပို့ဆောင်ပေးသကဲ့သို့ သယ်ယူပို့ဆောင်မှုလမ်းကြောင်းများပေါ်မှသည် နိုင်ငံတွင်းသာမက တစ်ကမ္ဘာလုံးဒေသအသီးသီးသို့ လူနှင့်ကုန်ပစ္စည်းမျိုးစုံကို ပို့ဆောင်ပေးလျက်ရှိနေ သည်။

သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများကြောင့် လူမှုစီးပွားဘဝတို့သည်လည်း ပြေပြစ်ချောမွေ့စွာဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာကြောင်း သိသာလှပေသည်။ သို့ဖြစ်၍ တိုးတက်လျက်ရှိသော နိုင်ငံတိုင်းသည် မီးရထားလမ်း၊ ကားလမ်း၊ တူးမြောင်းများ၊ ဘူတာရုံများ၊ ဆိပ်ကမ်းများ စသည့် ခေတ်မီပြည့်စုံကောင်းမွန်သော သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများ ပိုင်ဆိုင်ထားကြသည်ကို မြင်တွေ့ရပါမည်။

စက်မှုတော်လှန်ရေးကာလတွင် ရေနွေးငွေ့သုံးစက်ကိရိယာများကြောင့် ကုန်ထုတ်လုပ်မှုစွမ်းအားမြင့်မားလာသည့် အကျိုးဆက်အရ ကုန်ထုတ်လုပ်ရာနေရာများ၌ လုပ်သားများစုဝေးရောက်ရှိလာခြင်း၊ ကူးသန်းရောင်းဝယ်ရေးဗဟိုချက်မများ၌ သိုလှောင်စခန်းများဖြစ်ပေါ်လာကာ အရောင်း အဝယ်တိုးတက်လာသည့်အလျောက် လူနေထိုင်မှုများပြားလာခြင်း၊ တစ်ဦးချင်းဝင်ငွေ အတော်အသင့်တိုးတက်လာခြင်း၊ ဒေသအလိုက် မတူညီသည့်ထွက်ကုန်များရှိနေသဖြင့် အပြန်အလှန်ရောင်းဝယ်မှု တိုးတက်လာခြင်း၊ စက်ရုံ၊ အလုပ်ရုံရှိရာသို့ ကုန်ကြမ်းအမြောက်အမြား သယ်ဆောင်ရန်လိုအပ်လာခြင်း စသည်တို့အပေါ် အခြေခံကာ ရေနွေးငွေ့သုံး ရထား၊ ကားနှင့် သင်္ဘောများ တီထွင်ပေါ်ပေါက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တွင်ကျယ်စေရန် တီထွင်အသုံးပြုလာကြရာအမျိုးမျိုးသော ယာဉ်၊ ရထားများသည် ၁၉၁ဝ ပြည့်နှစ်လောက်ကတည်းက အမျိုးအစားစုံလင်နေခဲ့ပြီ ဖြစ်ပါသည်။ ယခုခေတ် သယ်ယူပို့ဆောင်မှု အမျိုးအစားများဖြစ်ကြသော ရထား၊ သင်္ဘော၊ မော်တော်ကား၊ လေယာဉ် စသည့်ယာဉ်များအားလုံးသည် ထိုခေတ်ကာလ လောက်ကတည်းကပင် အစုံအလင်ရှိနေပေသည်။

ယင်းကာလများမတိုင်မီက ပင်လယ်ရပ်ခြားဒေသများသို့ ပိုးထည်များ၊ လက်ဖက်ခြောက်များနှင့် ဟင်းခတ်အမွှေးအကြိုင်များကိုသာ အဓိကတင်ပို့ခဲ့ကြပါသည်။ သို့သော် ယခုအခါ၌ လူတို့လိုအပ်သည့် အသုံးအဆောင်၊ အစားအသောက်၊ ဆေးဝါးများ၊ စက်မှုကုန်ကြမ်း/ ကုန်ချောပစ္စည်းစသည်တို့ကို မည်သည့်နေရာဒေသမဆို တင်ပို့နိုင်သည့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများ ထွန်းကားတိုးတက်နေပြီ ဖြစ်ပါသည်။

သယ်ယူပို့ဆောင်မှုပုံစံများ (Modes of Transport)

ယနေ့မျက်မှောက်ကာလတွင် နေရာဒေသအသီးသီးသို့ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကူးသန်းသွားလာဆက်ဆံမှုများ လွန်စွာကြီးမားလာသည့်အလျောက် ကမ္ဘာကြီးမှာလည်း ရွာကြီးသဖွယ်ဖြစ်ပေါ်ခဲ့ပါသည်။ ခေတ်၏လိုအပ်ချက်နှင့်အညီ သယ်ယူပို့ဆောင်ရေးစွမ်းအားများ အဆင့်မြင့်လာပြီး လူ့ဘောင်အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများ ဖြစ်ပေါ်စေသကဲ့သို့ တစ်ဖက်တွင်လည်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ယာဉ်တိုက်ခိုက်မှုနှင့် မတော်တဆမှုများဖြစ်ကာ သေကျေဒဏ်ရာရခြင်း၊ မြို့ကြီးများ၌ ယာဉ်ကျပ်တည်းမှုနှင့်ဆက်နွှယ်၍ ဆိုးကျိုးများကို ခံစားရခြင်း စသည့်ဆိုးကျိုးများလည်း ဖြစ်ပေါ်လာခဲ့ရပါသည်။

သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုအတွက် ခရီးသည်နှင့်ကုန်စည်များကို လိုအင်ဆန္ဒနှင့်အညီ လုံခြုံချောမွေ့စွာဖြင့် အချိန်ကိုက်ပို့ဆောင်နိုင်မှုသည် အထူးအရေးပါလှပါသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ယင်းတို့၏ ရေမြေတောတောင်နှင့် သဘာဝမြေမျက်နှာသွင်ပြင် အနေအထား၊ ခရီး အနီး/အဝေး၊ လိုက်ပါစီးနင်းကြသည့် လူနှင့်ကုန်စည် ပမာဏ၊ ကုန်စည်အမျိုးအစားပေါ်မူတည်၍ သယ်ယူ ပို့ဆောင်မှုအမျိုးအစား၊ ပို့ဆောင်မှုနည်းလမ်း၊ ယာဉ်/ ယန္တရားပုံစံတို့ အမျိုးမျိုးရှိကြပါသည်။ အသုံးအများဆုံးသော သယ်ယူပို့ဆောင်မှုပုံစံ (Modes of Transport)တွင် လေကြောင်း(Airways)၊ ရေကြောင်း (Waterways)၊ ပိုက်လိုင်း (Pipelines)၊ ကား (Roadways)နှင့် ရထား(Railways) ဟူ၍ အဓိက ငါးမျိုးတွေ့ရှိရပါသည်။

ပို့ဆောင်ရေးယာဉ်များအနက် သင်္ဘောသည်ရေကြောကိုချုံ့နိုင်၍ မီးရထား၊ မော်တော်ကားတို့သည် မြေကြောကို ချုံ့နိုင်သည်။ ရေကြော၊ မြေကြောနှစ်ခုစလုံးကို ချုံ့နိုင်သောယာဉ်ကား လေယာဉ်ဖြစ်ပါသည်။ သို့ရာတွင် ပို့ဆောင်ရေး နည်းလမ်းပေါင်းစုံကို ဟန်ချက်ညီညီ ချိတ်ဆက်နိုင်လေ ပိုအကျိုးရှိလေဖြစ်ကြောင်းလည်း လေ့လာတွေ့ရှိရပါသည်။

လေကြောင်းပို့ဆောင်ရေး

လေယာဉ်၊ ရဟတ်ယာဉ်များသည် ရေမြေတောတောင်တို့ကို အချိန်တိုအတွင်းကျော်ဖြတ်၍ ခရီးဝေးပျံသန်းနိုင်သဖြင့် သင်္ဘော၊ ရထားတို့ထက်များစွာ စွမ်းဆောင်နိုင်ပြီး ကုန်းလမ်း၊ ရေလမ်းမရှိသေးသောနေရာများ၌လည်းကောင်း၊ ကုန်းလမ်း၊ ရေလမ်းများရှိသော်လည်း လမ်းပန်းအဆက်အသွယ် ပြတ်တောက်နေသောအခါ၌လည်းကောင်း လေကြောင်းပို့ဆောင်ရေးကို အားထားနိုင်ပေသည်။ ယခုခေတ်တွင် စီးပွားရေးအမြတ်အစွန်းလက်ဦးမှု ရယူလိုခြင်းများအရလည်းကောင်း၊ တန်ဖိုးကြီးမားသော ဆေးဝါး၊ အီလစ်ထရွန်နစ်ပစ္စည်းများ၊ စားသောက်ကုန်များ စသည်တို့ကို ပို့ဆောင်ရန်နှင့် အရေးကြီးပုဂ္ဂိုလ်များ၊ ခရီးဝေးသို့ အလျင်အမြန် သွားရောက်လိုသူများအား ပို့ဆောင်ရန်လည်းကောင်း လေကြောင်းပို့ဆောင်ရေးမှာ များစွာအရေးပါလှပါသည်။

ရေကြောင်းပို့ဆောင်ရေး

သင်္ဘောများဖြင့် ပို့ဆောင်ရေးသည် ပို့ဆောင်ခအသက်သာဆုံးဖြစ်ခြင်း၊ ကုန်စည်များအစုလိုက် သယ်ယူပို့ဆောင်နိုင်ခြင်း၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် နိုင်ငံတကာကုန်သွယ်မှုကို မြှင့်တင်နိုင်ခြင်း၊ အခြားသောသယ်ယူပို့ဆောင်ရေးများနှင့် နှိုင်းယှဉ်ပါကအန္တရာယ်ဖြစ်ပေါ်နိုင်မှု လွန်စွာနည်းပါးခြင်း စသည့်အားသာချက်များရှိသော်လည်း ကုန်ပစ္စည်းများ ရွှေ့ပြောင်းပို့ဆောင်ရာတွင် အချိန်ကြန့်ကြာမှုရှိခြင်း၊ ရာသီအလိုက်ပြောင်းလဲမှုများကြောင့် စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိခြင်း၊ ပင်လယ်၊ သမုဒ္ဒရာများနှင့် မြစ်ချောင်းများတွင်သာ လည်ပတ်နိုင်သောကြောင့် အကန့်အသတ်ဖြင့်သာ အသုံးပြုနိုင်ခြင်း၊ ကုန်စည်ပမာဏအနည်းငယ်ကို သီးခြားပို့ဆောင်ပေးနိုင်မှုမရှိခြင်း စသည့်အားနည်းချက်များကို တွေ့ရပါသည်။

ကုန်းလမ်းပို့ဆောင်ရေး

လူတို့၏ နေထိုင်မှုအဆင့်အတန်း မြင့်မားလာမှုနှင့်အတူ စက်မှုလုပ်ငန်းများအတွက် စွမ်းအင်ရရှိရေးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့လိုအပ်ချက် မြင့်မားလာခြင်းကြောင့် ထုတ်လုပ်မှုတိုးမြှင့်လာမှုနှင့်အတူ ပိုက်လိုင်းသယ်ယူပို့ဆောင်ရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာပါသည်။ သဘာဝဓာတ်ငွေ့၊ ဓာတ်ငွေ့အရည်၊ ရေနံနှင့်ကျောက်မီး သွေး/သံ/ သတ္တုရိုင်းအမှုန့်များကို သံမဏိပိုက်များဖြင့် ဆက်သွယ်ထားသည့် ပိုက်လိုင်းများအသုံးပြု၍ ကုန်းတွင်းပိုင်းတွင် ပို့ဆောင်မှုများဖြစ်ပါသည်။

ပိုက်လိုင်းပို့ဆောင်ရေးသည် သဘာဝဘေးနှင့်ရာသီဥတုဒဏ်ခံရမှုအနည်းဆုံးဖြင့် အချိန်ပြည့်တစ်ဆက်တစ်စပ်တည်း ပို့ဆောင်နိုင်စွမ်းရှိပါသည်။ ပို့ဆောင်လိုသည့်နေရာသို့ အတိုဆုံးလမ်းကြောင်းမှ ဖြတ်သန်းတည်ဆောက်ပို့ဆောင်နိုင်ခြင်း၊ ပို့ဆောင်မှုပမာဏကြီးမားခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအသက်သာဆုံးဖြစ်ခြင်း၊ မြေပေါ်သယံဇာတထိခိုက်ပြုန်းတီးမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေခြင်းမှ ရှောင်ရှားနိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှု အနည်းဆုံးဖြစ်ခြင်း စသည့်အားသာချက်များရှိပါသည်။

သို့ရာတွင် ပို့ဆောင်ပေးရမည့် ဓာတ်ငွေ့၊ အရည်နှင့် အမှုန့်အမျိုးအစားကန့်သတ်မှုရှိခြင်း၊ ပစ္စည်းတစ်မျိုးတည်းကိုသာ ပုံမှန်သယ်ပို့ပေးနိုင်ခြင်း၊ ပိုက်လိုင်းမှယိုစိမ့်မှု၊ ဓာတ်ငွေ့ထုတ်လွှတ်မှုများ ရုတ်တရက်ဖြစ်ပေါ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူ၊ တိရစ္ဆာန်တို့အား ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်ခြင်း၊ ပုံသေရင်းနှီးမြှုပ်နှံမှုစရိတ်ကြီးမားခြင်း စသည့်အားနည်းချက်များ ရှိပါသည်။

မော်တော်ယာဉ်ဖြင့် ပို့ဆောင်ရေးလုပ်ငန်းသည် ဝေးလံခေါင်သီသော ဒေသများတွင်ပင် ခရီးသည်ပို့ဆောင်ရေးနှင့် ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့စွာ အထောက်အကူပြုနိုင်ခြင်း၊ သုံးဘီး၊ ဘတ်စ်ကား၊ ထရပ်ကားစသည်ဖြင့် ယာဉ်ကြီး၊ ယာဉ်ငယ်ခွဲခြား၍ ရွေးချယ်အသုံးချနိုင်ခြင်း၊ ပုပ်သိုးပျက်စီးလွယ်သော စားသောက်ကုန်များကို တစ်သီးတခြား လွယ်ကူစွာသယ်ပို့နိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏနည်းနည်းဖြင့် မတည်ဆောင်ရွက်နိုင်ခြင်းနှင့် ခရီးတိုပို့ဆောင်မှုများအတွက် အလွန်သင့်လျော်ခြင်းတို့ကို သုံးသပ်တွေ့ရှိရပါသည်။

သို့ရာတွင် ခရီးဝေးသယ်ယူပို့ဆောင်ရေးအတွက် စီးပွားရေးအရ တွက်ခြေကိုက်မှုမရှိခြင်း၊ ခရီးဝေးအားရထားဖြင့် ပို့ဆောင်ရေးနှင့်နှိုင်းယှဉ်ပါက နှေးကွေးခြင်း၊ ဖုန်မှုန့်များနှင့် လေထုညစ်ညမ်းမှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများခြင်း၊ ကုန်စည်များပျက်စီးလွယ်ခြင်း၊ မောင်းနှင်မှုအချိန် ပိုမိုကြန့်ကြာခြင်း၊ ယာဉ်မတော်တဆမှုဖြစ်ရန် အခွင့်အလမ်းအလွန်မြင့်မားပြီး အန္တရာယ်များခြင်း၊ လူနှင့်ယာဉ်ထိခိုက်ပျက်စီးမှုများခြင်း၊ ကားလမ်းများ၏ ကြံ့ခိုင်ရေးအတွက် နှစ်စဉ်ကုန်ကျစရိတ်များခြင်း၊ ယာဉ်၏ ကြံ့ခိုင်ရေးနှင့် ပြင်ဆင်စရိတ် စသည့်ပုံမှန်ကုန်ကျ စရိတ်များအသုံးပြုရခြင်း၊ ယာဉ်မောင်း၊ အကူ၊ ယာဉ်ပြင် စသည့်လုပ်သားစွမ်းအားအရများစွာ အသုံးပြုရခြင်း စသည့်ထိခိုက်မှုများ၊ ဆိုးကျိုးများဖြစ်ပေါ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

လူတစ်ဦးချင်း၊ မိသားစုတစ်စု၊ အဖွဲ့အစည်းတစ်ခုအနေဖြင့် ကူးသန်းသွားလာရေးနှင့် ပို့ဆောင်ရေး လိုအပ်ချက်များကို အကြောင်းပြု၍ လွယ်ကူစွာအသုံးချနိုင်သော မော်တော်ယာဉ်များကို ဝယ်ယူ အသုံးပြုမှုများပြားလာပါသည်။ တစ်ဦးချင်းအနေဖြင့် မော်တော်ယာဉ်များကို ကိုယ်ပိုင်သုံးရန် ဝယ်ယူ နိုင်သည့်အခြေအနေဖြစ်လာခြင်း၊ ရထား၊ သင်္ဘောပို့ဆောင်ရေးအမျိုးအစားနှင့် နှိုင်းယှဉ်လျှင် မော်တော်ယာဉ်သည် ခရီးသည်များကို မိမိတို့နေထိုင်ရာ ရပ်ကွက်(သို့မဟုတ်) နေအိမ်မှ မိမိတို့ သွားလိုရာနေရာ(ကျောင်း၊ ဈေး၊ ဆေးရုံ စသည်)သို့ လမ်းရှိလျှင် အရောက်ပို့ဆောင်နိုင်ခြင်း၊ ကုန်ကြမ်း/ကုန်ချောများကိုလည်း ဂိုဒေါင်မှစက်ရုံ၊ စက်ရုံမှဈေးကွက်နှင့် ဝယ်ယူလိုသူထံ အနီးဆုံးနေရာအထိ တိုက်ရိုက်ပို့ဆောင်ပေးနိုင်ခြင်း စသည့်အားသာချက်များကြောင့် မော်တော်ယာဉ်ပို့ဆောင်ရေး လုပ်ငန်းမှာ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး အဓိကပို့ဆောင်ရေးလုပ်ငန်းတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပါသည်။

ယခုအခါ မိမိတို့နိုင်ငံရှိမြို့ကြီးများနှင့် ကမ္ဘာ့မြို့ကြီးအများစု၌ ယာဉ်ကြောကျပ်တည်းမှုကို လက်ငင်းကြုံတွေ့နေကြရာ ယင်း၏ အကျိုးဆက်များသည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းတို့အတွက် နစ်နာမှုဆုံးရှုံးမှုကြီးမားသည့်အလျောက် ပို့ဆောင်ရေးပညာရှင်နှင့် ပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူများက ယင်းပြဿနာကို အလေးထားအဖြေရှာ၍ နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိနေကြပါသည်။

ယာဉ်ကြောကျပ်တည်းမှုကြောင့် ကြန့်ကြာနေသော မော်တော်ယာဉ်များပေါ်ရှိ ယာဉ်မောင်းနှင့် ခရီးသည်တို့၏ ထုတ်လုပ်မှုစွမ်းအားများ အလဟဿ လေလွင့်မှုဖြစ်ပေါ်စေခြင်း၊ အချိန်ကြန့်ကြာသည် နှင့်အမျှ စက်သုံးဆီစရိတ်၊ မော်တော်ယာဉ်ပြုပြင်စရိတ်များတက်လာခြင်း၊ အထူးအားဖြင့် မိမိတို့နိုင်ငံသည် စက်သုံးဆီများကို ပြည်ပမှတင်သွင်းနေရ သည်ဖြစ်ရာ စက်သုံးဆီကုန်ကျစရိတ် တက်လာသည်နှင့်အမျှ ကုန်သွယ်မှုရှင်းတမ်းတွင် အနုတ်ပြကာ စီးပွားရေး၊ ဘဏ္ဍာရေးအရထိခိုက်ခြင်း၊ ပို့ဆောင်ရေးစရိတ် မြင့်တက်လာသဖြင့် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ လေထုအတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ မြင့်တက်ခြင်းကြောင့် ဖန်လုံအိမ် အာနိသင်အကျိုးသက်ရောက်မှု (Greenhouse Effect)ဖြစ်ပေါ်ကာ ကမ္ဘာ့လေထုပူနွေးလာသဖြင့် ရာသီဥတုဖောက်ပြန်ခြင်း၊ အက်စစ်မိုးများရွာသွန်းကာ သစ်တောများ၊ စိုက်ပျိုးသီးနှံများ အက်စစ်လောင်ကျွမ်းပျက်စီးခြင်း၊ ရေတွင်း၊ ရေကန် ပျက်စီးကာ သောက်ရေ၊ သုံးရေရှားပါးမှု ကြုံတွေ့ရခြင်း စသည့်ဆိုးကျိုးများ ပေါ်ပေါက်လာစေပါသည်။

ယာဉ်ကြောကျပ်တည်းမှုကို သက်သာစေရန် လမ်းဆုံလမ်းခွ၌ တံတားများ၊ မြေအောက်လိုဏ်ခေါင်းများ တည်ဆောက်ရခြင်း၊ အသွားလမ်းကြော၊ အပြန်လမ်းကြောအရေအတွက်ကို အချိန်ကာလသတ်မှတ်ချက်ဖြင့် ပြောင်းလဲသတ်မှတ်ပြေးဆွဲရန်စီမံရခြင်း၊ ဘတ်စ်ကားအတွက် ဦးစားပေးလမ်းကြောင်းသတ်မှတ်ပေးခြင်း၊ ကိုယ်ပိုင်ယာဉ်များကို အခွန်အခကြီးမားစွာ သတ်မှတ်ကောက်ခံ၍ မြို့တွင်းကို ဝင်ရောက်စေခြင်း၊ မြို့တွင်း၌ ကားရပ်နားရန်နေရာ၊ အဆောက်အအုံများ စနစ်တကျစီမံပေးရခြင်း၊ မြို့ကြီးများပတ်လည်တွင် ဆင်ခြေဖုံးမြို့များ၌ ဈေး၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်၊ အလုပ်ရုံ/ စက်ရုံ၊ လူနေရပ်ကွက်စသည်တို့ဖြင့် ပြည့်စုံစွာစီမံတည်ဆောက်ပေးရခြင်း၊ ကျောင်းသားများကို စုပေါင်းကြိုပို့သည့်စနစ် အသုံးပြုခြင်းဖြင့် ကျောင်းသို့လာရောက်သည့် ယာဉ်လျော့နည်းသွားစေရန် စီမံရခြင်း၊ မြေနေရာအသုံးပြုမှုနည်းပါးပြီး ခရီးသည်အမြောက်အမြားကို ပို့ဆောင်နိုင်သည့် မြေအောက် (သို့မဟုတ်) မြေပြင် အထက်မှပို့ဆောင်နိုင်သည့် မြို့တွင်းသွားရထားများ ပြေးဆွဲလျက်ဘတ်စ်ကားနှင့် ကိုယ်ပိုင်ယာဉ်/ အငှားယာဉ်များ အသုံးပြုမှုကို လျှော့ချနိုင်မည့်အစီအမံများ ချမှတ်ဆောင်ရွက်ရခြင်း၊ ယာဉ်ကျပ်တည်းမှု ဖြစ်ပေါ်စေသည့် လူစုဝေးရောက်ရှိလာမည့်ရုံးများ၊ ဈေးများ၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံများ၊ အပန်းဖြေရန် နေရာများ၊ စက်ရုံ၊ အလုပ်ရုံ၊ ကုန်လှောင်ရုံများ စသည်တို့ကို စိစစ်ဖော်ထုတ်၍ မြို့ပြင်တွင် ပြောင်းရွှေ့နေရာ ချထားရခြင်း၊ ကားလမ်းမကြီးတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး စောင့်ကြပ်ကြည့်ရှုဖြေရှင်းနိုင်မည့် နည်းပညာများအသုံးချဆောင်ရွက်ပြီး ယာဉ်မောင်းနှင်သူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များပေးပို့ခြင်း၊ စည်းကမ်းမဲ့ယာဉ်ရပ်တန့်မှုများအား တင်းကျပ်စွာ အရေးယူထိန်းသိမ်းခြင်း၊ မော်တော်ယာဉ်တင်သွင်းမှုကို ကန့်သတ်ခြင်း၊ အခွန်တိုးမြှင့်ကောက်ခံခြင်း စသည်ဖြင့် နည်းလမ်းမျိုးစုံကြံဆလျက် နှစ်စဉ်ဘဏ္ဍာငွေအမြောက်အမြား ကျခံသုံးစွဲကာ ကြိုးပမ်းဆောင်ရွက်နေကြရပါသည်။

ရထားပို့ဆောင်ရေးကဏ္ဍ

ရထားပို့ဆောင်ရေးလုပ်ငန်းသည် ကုန်စည်ပမာဏများစွာကို တစ်ချိန်တည်း တစ်ပြိုင်တည်းတွင် တစ်နေရာမှတစ်နေရာသို့ လွှဲပြောင်းပေးခြင်းနှင့် ခရီးသည်များစွာကိုလည်း အစုအပြုံအလိုက် တစ်နေရာမှတစ်နေရာသို့ ပို့ဆောင်ပေးရန်စွမ်းရည်ရှိသော သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်ပါသည်။ ရထားသည် ပုံသေသတ်မှတ်လမ်းကြောင်းပေါ်တွင် ပြေးဆွဲရသည့် ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါသည်။ ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံအတွင်းဒေသအသီးသီးကို လွှမ်းခြုံဆောင်ရွက်နိုင်ခြင်း၊ ခရီးဝေးပို့ဆောင်မှုများအတွက် စျေးသက်သာခြင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေးထက် အချိန်ပိုမြန်ခြင်း၊ အလွန်များပြားသော ကုန်စည်များကိုပို့ဆောင်ရန် အသင့်လျော်ဆုံးသောလုပ်ငန်းဖြစ်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုသက်သာခြင်း၊ နေရောင်ခြည်နှင့် ဖုန်မှုန့်များထိတွေ့မှုမှ သင့်လျော်သော အကာအကွယ်ကိုပေးနိုင်ခြင်း၊ ရထားမတော်တဆမှုဖြစ်ရန် အခွင့်အလမ်းအလွန်နည်းပါးပြီး အခြားသောပို့ဆောင်မှုနည်းလမ်းများထက် ပိုမိုလုံခြုံမှုရှိသော သယ်ယူပို့ဆောင်ရေးနည်းလမ်းဖြစ်ခြင်း၊ ကျွမ်းကျင်မှုပညာရှင်များနှင့် ကျွမ်းကျင်မှုမရှိသေးသော လုပ်သားများကိုပါ အလုပ်အကိုင်အခွင့်အလမ်းများ များစွာပံ့ပိုးပေးနိုင်ခြင်း စသည့်အားသာချက်များစွာရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ရထားပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်ရန် တည်ဆောက်ခြင်း၊ လည်ပတ်လုပ်ကိုင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းအဆင့်တိုင်းအတွက်မူ ကြီးမားသော အရင်းအနှီးလိုအပ်ခြင်း၊ တောင်ပေါ်ဒေသများတွင် တည်ဆောက်စရိတ်မြင့်မားခြင်း၊ ပုံသေလမ်းကြောင်းတစ်ခုတည်းပေါ်တွင်သာ ပြေးဆွဲပို့ဆောင်နေရခြင်း၊ အိမ်တိုင်ရာရောက်ပို့ဆောင်နိုင်မှု (Door to Door Service) မပြုလုပ်နိုင်ခြင်းနှင့် မော်တော်ယာဉ်ပို့ဆောင်ရေးနှင့်ပေါင်းစပ်၍ ခရီးသည်နှင့် ကုန်စည်များကို ထပ်ဆင့်ပို့ဆောင်နိုင်ရေး စီမံဆောင်ရွက်ရခြင်းများသည် စဉ်ဆက်မပြတ် ရထားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှု ဖြစ်စေပါသည်။

ကနဦး ရင်းနှီးမြှုပ်နှံမှုစရိတ်ကြီးမားသဖြင့်လည်းကောင်း၊ ကုန်စည်နှင့်ခရီးသည်များကို ခရီးဝေးဝေးသို့ ပို့ဆောင်နိုင်မှသာ စီးပွားရေးအရတွက်ခြေကိုက်သည့် သဘာဝကြောင့်လည်းကောင်း၊ မော်တော်ယာဉ်ပို့ဆောင်ရေးလုပ်ငန်းများက ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းပမာဏအများစုကို ရယူပို့ဆောင်နေကြသည့်အတွက်ကြောင့်လည်းကောင်း ကမ္ဘာအနှံ့ ရထားလုပ်ငန်းအများစုသည် ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ အရှုံးပေါ်လျက်ရှိကြကြောင်း လေ့လာတွေ့ရှိရပါသည်။

သို့သော်လည်း ရထားလုပ်ငန်းသည် နိုင်ငံအတွက် မဟာဗျူဟာအရအရေးကြီးသောလုပ်ငန်းဖြစ်ခြင်း၊ ရထားသည် ကားနှင့်နှိုင်းယှဉ်လျှင် တူညီသောကုန်စည်ပမာဏနှင့် အကွာအဝေးအတွက် လောင်စာဆီသုံးစွဲနှုန်း လေးပုံတစ်ပုံမှခြောက်ပုံတစ်ပုံသာရှိသဖြင့် လေထုညစ်ညမ်းမှုနှင့် သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုကို လျော့ပါးစေခြင်း၊ ခရီးသည်အမြောက်အမြား သယ်ယူပို့ဆောင်နိုင်သဖြင့် ယာဉ်ကြောကျပ်တည်းမှုဖြစ်ပေါ်နေသော မြို့ကြီးများအတွက် မဖြစ်မနေသုံးသင့်သော ပို့ဆောင်ရေးစနစ်တစ်ခုဖြစ်နေခြင်း စသည်တို့ကြောင့် နိုင်ငံအသီးသီးတွင် ရထားလုပ်ငန်း ဆက်လက်ရှင်သန်စေရန်အတွက် အစိုးရအသီးသီးက နည်းအမျိုးမျိုးဖြင့် အထောက်အပံ့ပြုထားကြ ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။

ရထားလုပ်ငန်းသည် ထိရောက်သော သယ်ယူပို့ဆောင်ရေးစွမ်းရည်ပေးနိုင်ခြင်း၊ လေးလံ၍ ကြီးမားသောကုန်စည်များ၊ ပမာဏများပြားသော ကုန်စည်များပို့ဆောင်ရာတွင် ကုန်ကျစရိတ် သက်သာမှုများစွာ ပေးနိုင်စွမ်းရှိခြင်း၊ မော်တော်ယာဉ်နှင့် လေကြောင်းပို့ဆောင်ရေးတို့နှင့် နှိုင်းယှဉ်ပါက ဓာတ်ငွေ့ထုတ်လုပ်မှုနှင့် လောင်စာဆီအသုံးပြုရမှုနည်းပါးပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအသက်သာဆုံးဖြစ်ခြင်း၊ မတော်တဆမှုဖြစ်နိုင်ခြေနည်းပါးပြီး ယုံကြည်စိတ်ချရသော ပို့ဆောင်မှုပုံစံတစ်ခုဖြစ်ခြင်း၊ မြို့ပြများတွင်ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချဖြေရှင်းပေးနိုင်သည့် အကောင်းဆုံးသော ပို့ဆောင်ရေးလုပ်ငန်း တစ်ခုဖြစ်ခြင်းတို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ခေတ်မီနည်းပညာများကိုအခြေခံကာ ရင်းနှီးမြှုပ်နှံမှုများအထပ်ထပ်ပြုလုပ်၍ တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။