အချိန်ခါရှိခိုက် လုံ့လစိုက်၍ ကျောင်းနေပျော်ပြီး ပညာတော်အောင် ရွက်ဆောင်ကြိုးပမ်း . . .
မောင်ငြိမ်းအေး
မိဘတိုင်း မိဘတိုင်းသည် မိမိတို့၏သားသမီးများကိုဆင်စီး၍ မြင်းရံသည်ကိုမြင်ချင်ကြသည်။ ဉာဏ်ပညာထူးချွန်ထက်မြက်သည့် သားကောင်းသမီးကောင်းဖြစ်လိုကြသည်။ များသောအားဖြင့် မိဘများသည် မိမိတို့သားသမီးများကို အရည်အချင်းကောင်းများ ရှိနေကြသူများဟုသာ ခံယူထားကြ၏။ ဆန်းစစ်လေ့လာတွေ့ရှိချက်အရ ၇၀ ရာခိုင်နှုန်းသောကလေးငယ်များသည် ပတ်ဝန်းကျင်တွင် အသိဉာဏ်အဆင့်အတန်း အတန်အသင့်မြင့်မားကြသည်ဟု ဆိုထားသည်။
အထူးဝါယမစိုက်ထုတ်
ပင်ကိုဉာဏ်ရည်ထက်မြက်သူ ကလေးငယ်တစ်ယောက်သည် ကျောင်းနေသောအခါမှသာ သူ၏အစွမ်းအစအရည်အချင်းကို ထင်ရှားစွာသိလာရ၏။ ဉာဏ်ရည်နည်းသူ ကလေးငယ်အဖို့လည်း ကျောင်းနေပြီးလျှင် ကြိုးစားအားထုတ်ပါက ဉာဏ်ရည်ကောင်းသူ ကလေးငယ်တစ်ယောက်ဖြစ်လာနိုင်၏။ ထို့ကြောင့် ပင်ကိုဉာဏ်ရည်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မိဘအုပ်ထိန်းသူများသည် ကလေးငယ်များ၏ရှေ့ရေးအတွက် ကြောင့်ကြမဲ့မနေသင့်ပေ။ မိမိတို့၏ သားသမီးများ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိလာအောင်ပညာသင်ကြား၍ ကြိုးစားအားထုတ်ကြရန် လိုအပ်ပေသည်။ ကလေးသူငယ်များအဖို့ လူအများအလယ်၌ ဘဝခရီးဖြောင့်ဖြူးပြီး လူသတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်သော ပညာတတ်တစ်ယောက်ဖြစ်လာစေရန် မိဘနှင့်ဆရာတို့က အထူးဝါယမစိုက်ထုတ်ကြရမည်ဖြစ်သည်။
လူတို့သည် မိမိတို့တွင် အသိပညာ၊ အတတ်ပညာရှိသမျှဖြင့် ဘဝကိုတည်ဆောက်နေကြသူများဖြစ်သည်။ အတတ်ပညာကို အတွေ့အကြုံဖြင့် ဖန်တီးရယူနိုင်သော်လည်း အတန်းပညာနှင့်ပေါင်းစပ်၍ အတတ်ပညာကို ဖြည့်စွက်လိုက်မည်ဆိုပါက ပိုမိုထွန်းပေါက်ခရီးရောက်မည်ဖြစ်သည်။ ထို့ကြောင့် အသိပညာ၊ အတတ်ပညာသည်အတန်းပညာပေါ်တွင် မူတည်သဖြင့် အတန်းပညာများကို ပြီးဆုံးအောင်သင်ယူပြီး မိမိတို့ဘဝ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ “အတန်းပညာရှိမှသာ အသိပညာ၊ အတတ်ပညာတို့ကို တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ကြားနိုင်ရေးပညာရေးကို အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။
အောင်ပန်းများကိုဆွတ်ခူးနိုင်
အရွယ်ရောက်လာသည့် ကလေးသူငယ် လူငယ်လူရွယ်များ၏အလုပ်သည် ပညာသင်ကြားရေးသာဖြစ်သည်။ အသိပညာဗဟုသုတများကို ငယ်စဉ်အခါကျောင်းတွင် ရှာဖွေခြင်းသည်အနာဂတ်အတွက် အဖိုးတန်သောရင်းနှီးမှုပင်ဖြစ်သည်။ အသိပညာဟူသည့် အာဟာရကိုစားသုံးလျှင် လိမ္မာသက်ရှည် ဂုဏ်ရည်ပြည့်ဝအောင်ပွဲရ၏။ အာဟာရဟူသောစားဖွယ်များကို နေ့စဉ်စားသုံးကြသလို စာပေပညာဟူသော အသိပညာ၊ အတတ်ပညာများကို နေ့စဉ်နေ့တိုင်း ရှာဖွေသင်ကြားမှတ်သားလိုက်နာကြမည်ဆိုလျှင် လိမ္မာရေးခြားရှိခြင်း၊ အသက်ရှည်ရခြင်း၊ ဂုဏ်သရေရှိခြင်း၊ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း၊ အောင်ပွဲအောင်ပန်းများကို လွယ်ကူစွာဆွတ်ခူးနိုင်ခြင်း စသည့်အကျိုးများကို ရရှိစေသည်။
လောက၌ “နောင်မှစိတ်ပူ၊ အရမတော်သူ” ပုဂ္ဂိုလ်လေးယောက်တွင် ပညာသင်ယူရာ၌ အလေးဂရုမပြုသူတစ်ယောက်လည်းပါဝင်သည်ဟု ဆရာများက အသိပေးထားသည်။ လောကအလယ်၌ မျက်နှာငယ်ရ၊ လူ့တန်ဖိုးမရသကဲ့သို့ဖြစ်ပေမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ပညာသင်ယူရေးကို အလေးမမူသောသူတို့၏ နိမ့်ကျသောဘဝဖြစ်ရတတ်သည်ကို လူကြီးမိဘများက အခါခါသတိပေးလေ့ရှိသည်။
အသိအလိမ္မာ အတတ်ပညာဟူသည် အသက်ထက်ဆုံး ကာလပတ်လုံးကြည်လင်အေးမြချမ်းသာရန်အတွက် အသိပညာ၊ အတတ်ပညာတို့ကို သင်ကြားနာယူမှတ်ယူလိုက်နာနေရခြင်းဖြစ်သည်။ ဘဝအတွက် ရေရှည်ကောင်းမြတ်ရန် ကိုယ်ခံဆေးဝါးကောင်းတစ်ခွက်နှင့်လည်း တူပါပေ၏ဟု ရှေးရှေးသောပညာရှိများက ဝမ်းမြောက်ဝမ်းသာထုတ်ဖော်မှတ်တမ်းတင်ခဲ့ကြသည်။ ထို့ကြောင့် ပညာကို အပတ်တကုတ်ကြိုးစား အားထုတ်ကြရမည်ဖြစ်သည်။
ပညာသင်ကြားအကျိုးများ
ပညာသင်ကြားခြင်း၏ အကျိုးရလဒ်နှင့်ပတ်သက်၍ ရှင်မဟာရဋ္ဌသာရ၏ဆုံးမစာတွင်“စာပေသင်ယူကြသောသူဟူသမျှတို့သည် ပုစွန်ကိုကျွတ်ကျွတ်မြည်အောင် ကြောင်သတ္တဝါသည် စားသကဲ့သို့လည်းကောင်း၊ သစ်သားကိုခွဲစိတ်သော လွှသွားကဲ့သို့လည်းကောင်း လေ့ကျင့်သင်ကြားကာ လိုသောအခါ၌ ရလွယ်အောင်အနက်အဓိပ္ပာယ်နှင့်တကွ ကြံဆောင်မှတ်သား၍ထားမှသာလျှင် အကြောင်းရှိ၍တစ်ခုခုကို စလိုက်ကအားလုံးပင်ပေါ်ထွက်လာကာ ပရိသတ်အလယ်၌ ကြောက်ရွံ့ခြင်းမရှိဘဲ သတိကောင်းစွာဖြင့် မယိမ်းမယိုင်သော ကျောက်စာတိုင်ကဲ့သို့ အဖြာဖြာတို့၌ခွဲဝေ၍ ပြောကြားနိုင်မည်ကို တွေးတောပါလေ” ဟုဆိုထားသည်။ ကြောင်သည်ပုစွန်ကို အခြားအစာများထက်ပိုကြိုက်၍ အားရစွာစားသကဲ့သို့ ပညာကိုလည်း အားရစွာကြိုးစားသင်ကြားခြင်းဖြင့် အကျိုးများပုံကို ညွှန်းဆိုဖော်ပြထားပါသည်။
ပွတ်တိုက်အရောင်တင်ပေး
မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် ဉာဏ်ရည်မနိမ့်သူများသာဖြစ်သည်။ ကလေးငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားတိုးတက်လာ အောင်မြှင့်တင်ပျိုးထောင်ပေးသည့် အတန်းပညာကို အကြောင်းအမျိုးမျိုးဖြင့် သင်ကြားနိုင်ခြင်းမရှိ၍သာ ထူးချွန်ထက်မြက်သူများ နည်းပါးနေခြင်း ဖြစ်သည်။ ကလေးငယ်၏အနာဂတ်အတွက် ထိုက်တန်သည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိရေး၌ အခက်အခဲများရှိနေခဲ့၏။ တော်ပါသော်လည်း တန်ဖိုးဖြတ်သည့် မှတ်ကျောက်မတင်နိုင်ကြသဖြင့် ကြုံရာကျရာဘဝတစ်ခု၌သာ ကျင်လည်ကျက်စားနေကြရသည်။ ကျောင်းပညာကို ပြီးဆုံးအောင် မသင်နိုင်ခဲ့သဖြင့် “မီးခဲပြာဖုံး”သကဲ့သို့ စွမ်းအားပျောက်သလိုဖြစ်နေကြ၏။ “ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်းမညစ်” သကဲ့သို့ မိမိတို့ရင်သွေး ရတနာများအားပညာတည်းဟူသော အမြိုက်ဆေးဖြင့် ပွတ်တိုက်အရောင်တင်ပေးရမည်ဖြစ်သည်။
ကျောင်းများတက်နိုင်ရေး
မြန်မာနိုင်ငံတွင် အတန်းပညာသင်ကြားမှုနှင့်ပတ်သက်၍ လေ့လာဆန်းစစ်ချက်အရ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ခန့်သည် အခြေခံပညာအလယ်တန်းအဆင့်အောက်၌သာ ရှိနေသည်ဟုသိရသည်။ ပညာရေးအားနည်းချက်ရှိနေသောအခါ မျိုးဆက်များ၏ ဘဝအဆင့်အတန်းမှာလည်း နိမ့်ကျနေမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးပယောဂလှိုင်းဂယက်တို့ကြောင့် ပညာသင်ကြားမှုအခွင့်အလမ်းများ ဆုံးရှုံးခဲ့ရသည့် ကလေးသူငယ်လူငယ်များကို တွေ့မြင်နိုင်သည်။ ယခုအခါ ပညာသင်နှစ်တစ်နှစ်ကို အဆင်ပြေချောမွေ့စွာ ပြီးဆုံးခဲ့ပြီဆိုသော်လည်း ကျောင်းတက်ရာခိုင်နှုန်း မပြည့်မီကြောင်းသိရသည်။ အချို့ဒေသများ၌ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့် အခြားအကြောင်းအမျိုးမျိုးတို့ကြောင့် ပညာမသင်ကြားနိုင်သော၊ ကျောင်းမတက်နိုင်သော လူငယ်လူရွယ်များရှိနေသည်။
ထို့ကြောင့် လာမည့်ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောင်းများအားလုံးဖွင့်လှစ်နိုင်ရေးအစိုးရက ကြိုးပမ်းအားထုတ်မည်ဟုသိရသည်။ နယ်မြေဒေသအားလုံးတွင် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သောဒေသ၌ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားခြင်းသည် အကြောင်းတစ်ချက်ဖြစ်သည်။ ပြည်သူပြည်သားအားလုံး ပညာတတ်မြောက်ရေးအတွက် ပညာရေးဝန်ထမ်းများက အခက်အခဲအနှောင့်အယှက်များကြားမှ ဖြည့်ဆည်းပေးနေသည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။ အနှောင့်အယှက်များကို ကျော်လွှားနိုင်ရန်အတွက် လိုအပ်သည့်ဒေသများ၌ စည်းကမ်းများကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်နေသည်မှာ ဖြစ်သင့်ပါသည်။ လာမည့်ပညာသင်နှစ်တွင် အေးအေးချမ်းချမ်းပညာသင်ကြားနိုင်ရေးနှင့် ကျောင်းတက်သူဦးရေတိုးပွားလာရေးအတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးမည်ဖြစ်၍ ဝမ်းမြောက်မိသည်။
ယနေ့ပင်စတင်လိုက်စို့
“စိတ်ပိုင်း၊ ရုပ်ပိုင်းအစဉ်ဖွံ့ဖြိုးကြီးထွားလာ နေတဲ့သူတို့လေးတွေအတွက် ပေးရမယ့်အဖြေဟာ မနက်ဖြန်မဟုတ် ဒီနေ့ပဲ”လို့ဆိုပါတယ်။ အဓိပ္ပာယ် အလွန်လေးနက်ပြီး တာဝန်အဆင့်ဆင့်ရှိသူတွေ သာမကနိုင်ငံသားအားလုံးကို သတိပေးလိုက်တဲ့ တပ်လှန့်သံလို့ဆိုရင်ရတယ်။ ဒီနေ့တော့ ကလေးတွေအတွက် ဒီအဖြေပေးသွားပြီ၊ ကဲ . . . အားလုံးက လည်း ကလေးများအတွက် “ဒီနေ့”လို့ တူတူညီညီ ကတိပေးကြပါစို့။ အထက်ပါကဗျာစာသားလေး သည် ၁၉၄၅ ခုနှစ်က စာပေနိုဗယ်ဆုရ ချီလီနိုင်ငံမှ ကဗျာဆရာမကြီး Gabriela Mistral ရေးစပ်ခဲ့သည့် ကဗျာတစ်ပုဒ်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အဆက်မပြတ်ဖွံ့ဖြိုးနေသည့် ကလေးငယ်များအတွက် ပညာသင်ကြားပေးရေးကို ယနေ့ပင် အားလုံးစတင်လိုက်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်ထားသည့် ကဗျာလေးဖြစ်သည်။
ကျောင်းသား ကျောင်းသူများအတွက်
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းနေခွင့်မရ၊ ကျောင်းထွက်ခဲ့ရသည့်ကလေးများ၊ ဘဝပြဿနာအဖုံဖုံကြောင့် မိဘအငြိုအငြင်ခံပြီး ပညာသင်ကြားနေရသည့် ကလေးများ၊ မိဘအတွက် ဝင်ငွေရှာဖွေပေးနေရသည့်ကလေးများ၊ ဖိအားပေးမှု၊ အကျပ်ကိုင်မှု၊ စိုးရိမ်ကြောက်လန့်မှုတို့ကြောင့် ကျောင်းမနေရသည့်ကလေးများ၊ ရပ်ရွာထဲတွင် ဆေးဖော်ကြောဖက်အလုပ်မခံရသည့် အပယ်ခံကလေးများ စသည်စသည် ပညာရေးနှင့်ဝေးနေရသည့် ကျောင်းသား ကျောင်းသူအရွယ် ကလေးငယ်များမှာ နိုင်ငံတစ်ဝန်းတွင် အမြောက်အမြားရှိနေသည်။ အဆိုပါကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး မိဘ၊ ဆရာ၊ တာဝန်ရှိသူများ လက်တွဲပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အခြေခံပညာအလယ်တန်းအဆင့်သို့တက်ရောက်ရန် အခက်အခဲ ရှိနေသူလူငယ်များနှင့် ပုံမှန်ကျောင်းများမှ အလယ်တန်းအဆင့် မပြီးမြောက်မီကျောင်းထွက်ခဲ့ရသော ကလေးများအတွက်လည်း ပညာသင်ယူနိုင်မှု အစီအစဉ်များရှိနေပြီဖြစ်သည်။
ဆုံးခန်းတိုင်အောင်ပညာသင်ယူ
ကလေးများ၏အနာဂတ်သည် မိသားစုအတွက်သာမက တိုင်းပြည်အတွက်ပါ အလွန်အရေးကြီးပါသည်။ ရှေးလူကြီးသူမများပြောသကဲ့သို့ “မျက်စိတစ်အောက်ကိုသာ မကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်” ဖို့လိုသည်။ ကလေးငယ်များ အနာဂတ်ကောင်းမွန်မှသာ အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ဖြစ်လာမည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးငယ်များအား လျစ်လျူရှုမထားရန် မေတ္တာရပ်ခံလိုပါသည်။ လက်ရှိ ဘဝအခြေအနေအခက်အခဲကြောင့် ကလေးငယ်များ၏ဘဝများအား ရေမျောကမ်းတင်ဘဝမျိုးသို့ မရောက်စေလိုပါ။ ယနေ့မြန်မာနိုင်ငံအတွင်းရှိ အများစုဖြစ်သည့် ကလေးသူငယ်လူငယ်လူရွယ်များ၏ ဘဝအခြေအနေအဆင့်အတန်းများမည်သို့ ရှိသည်ကို လေ့လာဆန်းစစ်ကြည့်လျှင် သိနိုင်သည်။
ကြောင့်ကြပူပန်စရာမလိုဘဲ ပညာကိုဖြောင့်ဖြောင့်တန်းတန်း ဆုံးခန်းတိုင်အောင်သင်ကြားနိုင်သော ကလေးသူငယ်လူငယ်လူရွယ်များမှာ အနည်းစုဖြစ်ပါလိမ့်မည်။ ပညာကိုဆုံးခန်းတိုင်အောင်မသင်ယူနိုင်ဘဲ ဘဝကိုခက်ခဲကြမ်းတမ်း စွာဖြတ်သန်းနေကြရသည့် ကလေးသူငယ်လူငယ် လူရွယ်များအနာဂတ်အတွက် စိုးရိမ်ပူပန်မိပါသည်။
မျှော်မှန်းသည့်ပန်းတိုင်သို့
မိဘအုပ်ထိန်းသူများအနေဖြင့် အခြားအကြောင်းအမျိုးမျိုးနှင့် မိမိတို့၏ဘဝများကြောင့် ကျောင်းသားအရွယ်ကလေးသူငယ်များ၏ ရှေ့ရေးကို ပစ်ပယ်မထားရန်လိုအပ်သည်။ မိဘတိုင်းသည် မိမိတို့သားသမီးတိုင်းကို “ဆင်စီးမြင်းရံ” သည်ကိုသာမြင်လိုကြသည်။ ဉာဏ်ပညာထက်မြက်သူများ ဖြစ်လိုကြသည်။ မြန်မာနိုင်ငံမှ ကလေးသူငယ်လူငယ်လူရွယ်များသည် ဉာဏ်ရည်မနိမ့်ကျပါ။ ပင်ကိုအားဖြင့် အများစုသည် ဉာဏ်ကောင်းကြသည်။ ထူးချွန်ထက်မြက်သူများဖြစ်နိုင်သည်။ ထူးချွန်ထက်မြက်သည့် သို့မဟုတ် သင့်တင့်လျောက်ပတ်သည့်ဘဝတစ်ခုသို့ တက်လှမ်းနိုင်သော အစွမ်းအစများရှိသည်။ သို့သော် ပညာကိုဆုံးခန်းတိုင်အောင်မသင်ကြားဘဲ၊ ပညာကိုမျှော်မှန်းသည့်ခရီးတစ်ခုသို့ ရောက်အောင် မသင်ကြားဘဲနှင့် ရောက်ရှိနိုင်မည်မဟုတ်ပါ။
အချိန်ခါရှိခိုက် လုံ့လစိုက်၍ ကျောင်းနေပျော်ပြီး ပညာတော်အောင် အားလုံးက ရွက်ဆောင်ကြိုးပမ်းကြပါရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။ ။