သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျှော့ချရေးနှင့် ကြိုတင်ပြင်ဆင်မှု
မျိုးငြိမ်းငယ်
အောက်တိုဘာ ၁၃ ရက်ဟာ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction - 2022) ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချတဲ့ အလေ့အထတစ်ရပ်ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာဖို့အတွက် ကုလသမဂ္ဂကအောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အတွက် ဆောင်ပုဒ်ကတော့ “Early Warning and Early Action for All” “ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင်ဆောင်ရွက်အားလုံးအတွက်” ဖြစ်ပါတယ်။
ဒီလိုကျင်းပတဲ့အတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆန်ဒိုင်းမူဘောင် ၂၀၁၅- ၂၀၃၀ (Sendai Framework for Disaster Risk Reduction 2015-2030)နဲ့အညီ သဘာဝဘေးအန္တရာယ်လျှော့ချရေးအပြင် အသက်အန္တရာယ်တွေ၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးဆိုင်ရာဆုံးရှုံးရတာတွေ လျှော့ချလုပ်ဆောင်ရာမှာ တိုးတက်မှုတွေကိုအားလုံးသိရှိနားလည်နိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ရရှိစေမှာဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်လျှော့ချရေး ဆန်ဒိုင်းမူဘောင် ၂၀၁၅- ၂၀၃၀ ကို ၂၀၁၅ ခုနှစ် မတ်လ ၁၈ ရက်နေ့က ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ကုလသမဂ္ဂဘေးအန္တရာယ် လျှော့ချရေးဆိုင်ရာ ညီလာခံကနေချမှတ်ခဲ့တာဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ် လျော့ပါးရေး
အရင်တုန်းကတော့ သဘာဝဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာအရေးပေါ်တုံ့ပြန်မှုကိုပဲ အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀ ရာစု အကုန်မှာတော့ သဘာဝဘေးအန္တရာယ်၊ ပြင်းထန်တဲ့ရာသီဥတုဒဏ်ခံရတာတွေနဲ့ ထိခိုက်ခံရနိုင်ခြေရှိတဲ့အခြေအနေတွေကို လျှော့ချခြင်းနဲ့ စီမံခန့်ခွဲခြင်းကို ဦးစားပေးလုပ်ဆောင်လာခဲ့ပြီး အဲဒီလုပ်ဆောင်လာတဲ့အတွက် ဘေးအန္တရာယ်တွေရဲ့ အကျိုးဆက်တွေကို လျော့ပါးစေတဲ့အပြင် ဆုံးရှုံးမှုတွေကို ကာကွယ်နိုင်တယ်ဆိုတာ ပိုပြီးအသိအမှတ် ပြုလာခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲမှာဆိုရင် အထူးသဖြင့်စီးပွားရေးနိမ့်ကျမှု၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် ရွေးချယ်ဆုံးဖြတ်မှုနဲ့ အကောင်အထည်ဖော်မှု၊ သဘာဝပတ်ဝန်းကျင် အရည်အသွေးကျဆင်းမှု၊ ဆင်းရဲမွဲတေမှုနဲ့ရာသီဥတု ပြောင်းလဲမှုစတာတွေပါဝင်ပါတယ်။ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်တွေ၊ ပြင်းထန်တဲ့ရာသီဥတုဒဏ်ခံရတာတွေနဲ့ ထိခိုက်ခံရနိုင်ခြေရှိတဲ့အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။
သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ ဒီအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင်ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်မှုတွေကိုလျော့ကျစေပြီး ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်လာတဲ့ ထိခိုက်ဆုံးရှုံးတာတွေကိုလျော့ပါးစေပါတယ်။ အဲဒီလိုထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်းလာတဲ့အတွက် အကျိုးဆက်ကတော့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။
ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အစိတ်အပိုင်းတစ်ရပ်
သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျော့ပါးရေးဟာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီးလူမှုအဖွဲ့အစည်း၊ အစိုးရ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပရော်ဖက်ရှင်နယ်နဲ့ပုဂ္ဂလိကကဏ္ဍရဲ့ အစိတ်အပိုင်းတိုင်းမှာပါဝင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ထိခိုက်မှုလျော့ပါးရေးဟာ ပုံစံအမျိုးမျိုနဲ့ဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ခံနိုင်ရည်ရှိအောင်တည်ဆောက်ခြင်း၊ ကြိုတင်ကာကွယ်ခြင်းနဲ့ ကြိုတင်ပြင်ဆင်ခြင်းအလေ့အထတစ်ရပ်ရရှိစေပြီး ပြည်သူဗဟိုပြုနဲ့ ကဏ္ဍပေါင်းစုံချဉ်းကပ်မှုနည်းလမ်းတွေလိုအပ်ပါတယ်။ သဘာဝဘေးအန္တရာယ်ထိခိုက်မှု လျော့ပါးရေးမှာ ဖော်ပြပါ မဟာဗျူဟာဒီဇိုင်းတွေ ပါဝင်ပါတယ်-
(က) ထပ်ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဆောက်လုပ်မှုတွေကို ရှောင်ရှားခြင်း၊
(ခ)ရှိနေဆဲဘေးအန္တရာယ်တွေကို ကိုင်တွယ်ဖြေရှင်းခြင်း၊
(ဂ)သဘာဝဘေးအန္တရာယ်ကြောင့် အခြားဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေပြီး ဆင်းရဲမွဲတေမှုနက်ရှိုင်းစေတဲ့ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် စိန်ခေါ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်း။
ကမ္ဘာ့နေရာအနှံ့အပြားမှာ သဘာဝဘေးအန္တရာယ်ထိခိုက်မှုတွေကြောင့် ထိခိုက်မှုတွေ၊ ပျက်စီးမှုတွေနဲ့ ဆုံးရှုံးမှုတွေခံစားနေကြရပါတယ်။ ဒီလိုဆုံးရှုံးပျက်စီးမှုတွေရဲ့ အကျိုးဆက်တွေက ဖွံ့ဖြိုးတိုးတက်မှုတွေကို နှောင့်နှေးစေလျက်ရှိပါတယ်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အသက်တွေနဲ့ဘဝရပ်တည်မှုတွေကို ကာကွယ်ဖို့အတွက် ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်တဲ့ ထိခိုက်မှု၊ ဆုံးရှုံးမှုတွေကို ကြံ့ကြံ့ခံနိုင်အောင်လုပ်ဆောင်ရေးဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါ့အပြင် ဆင်းရဲနွမ်းပါးမှုနဲ့ အငတ်ဘေးအန္တရာယ်တွေအမြစ်ဖြတ်ဖို့နဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်လည်း အရေးအကြီးဆုံးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စိန်ခေါ်မှုများ
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုတွေဟာ ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်ကတည်းကကမ္ဘာ တစ်ဝန်းမြင့်တက်နေပါတယ်။ လတ်တလောငါးနှစ်အတွင်း ဘေးအန္တရာယ်ကြောင့် လူသေဆုံးမှု ဒါမှမဟုတ် ထိခိုက်ခံစားရမှုက ဟိုးအရင်ငါးနှစ်ကထက်ပိုများလာပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ သဘာဝ ဘေးအန္တရာယ်တွေဟာ မကြုံစဖူးနှုန်းနဲ့မြင့်မားလာနေပါတယ်။ လူတွေရဲ့ပြုမူလုပ်ဆောင်တာတွေက ပိုပြီးကြီးမားတာတွေ ဖန်တီးနေသလို အန္တရာယ်လည်းပိုများလာပါတယ်။ သဘာဝဘေးအန္တရာယ်တွေကလူ့အဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့စနစ်တစ်ခုလုံးအပေါ်ကို ပုံစံအမျိုးမျိုးနဲ့ အကျိုးသက်ရောက်မှုမြင့်မားလာစေလျက်ရှိပါတယ်။
လူဦးရေပိုမိုတိုးပွားလာပြီး အပြန်အလှန်ချိတ်ဆက်မှုများပြားလာတဲ့ ဒီကနေ့ကမ္ဘာကြီးမှာ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကျိုးဆက်တွေကလည်း နယ်မြေဒေသအသီးသီးနဲ့ကဏ္ဍအသီးသီးကို ထိခိုက်စေလျက်ရှိပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်တဲ့ လုပ်ဆောင်မှုအသစ်တွေက ဘေးအန္တရာယ်လျှော့ချဖို့ လုပ်ဆောင်တာတွေထက်ပိုများနေပါတယ်။
ဆင်းရဲမွဲတေမှုနဲ့မညီမျှမှုတွေလို စိန်ခေါ်မှုတွေကြောင့်ဖြစ်လာတဲ့ ဘေးအန္တရာယ်တွေ၊ စီးပွားရေးဆုံးရှုံးမှုတွေနဲ့ ရှိရင်းစွဲအားနည်းချက်တွေဟာ ဂေဟစနစ်တွေနဲ့ ဇီဝနယ်ပယ်တွေကို ပိုပြီးပျက်စီးစေမယ့် အခြေအနေဆီရောက်စေပါတယ်။ ကမ္ဘာ့စနစ်တွေဟာ အပြန်အလှန်ချိတ်ဆက်မှု ပိုများလာတာကြောင့် မသေချာ မရေရာမှုတွေနဲ့အတူ ထိခိုက်နိုင်ခြေလည်းပိုများလာနေပါတယ်။ ကမ္ဘာ့စနစ်ဆိုတဲ့အထဲမှာဆိုရင် ဂေဟစနစ်တွေ၊ အစားအစာစနစ်တွေ၊ ထောက်ပံ့ရေးကွင်းဆက်တွေ၊ စီးပွားရေးတွေနဲ့လူမှုဝန်ဆောင်မှု စနစ်တွေပါဝင်ပါတယ်။
လတ်တလော သဘာဝဘေးအန္တရာယ်ကြီးကြီးမားမားအနေနဲ့ ထောက်ပံ့မှုစနစ်ကိုပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာအဖြစ်အပျက်တွေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါတို့ဖြစ်ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲ မှုလိုပဲ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေကြောင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဆင်းရဲမွဲတေမှု၊ ဝင်ငွေစတဲ့ ကဏ္ဍအသီးသီးကို တိုက်ရိုက်ထိခိုက်တာတွေရော သွယ်ဝိုက်ထိခိုက်တာတွေပါ ဒီကနေ့အထိခံစားနေကြရတာကို တွေ့နိုင်ပါတယ်။
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုရင် လူသားတို့ရဲ့ပယောဂကြောင့် လူသားတို့ရဲ့ ရေရှည်ရှင်သန်ရပ်တည်ရေးကိုပါ ခြိမ်းခြောက်မှုတွေခံနေရပါပြီ။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့စိန်ခေါ်မှုတွေက တစ်နှစ်ထက်တစ်နှစ် ပိုတိုးလာနေပါတယ်။ တဖြည်းဖြည်းမြင့်တက်လာနေတဲ့ ရာသီ ဥတုပြောင်းလဲလာမှုနဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးစေမှုတွေကလူသားတို့အတွက် သဘာဝဘေးအန္တရာယ်တွေကို ပိုတိုးလာစေပါတယ်။ လူသားတို့ကကြိုးပမ်းနေတဲ့ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ဆောင်မှုတွေက တိုးမြင့်လာတဲ့သဘာဝဘေး အန္တရာယ်တွေထက်ပိုနည်းပါးပြီး နောက်ကျနေတယ်လို့ ဆိုနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်မှု
အချို့သော သဘာဝဘေးအန္တရာယ်တွေဟာ တားဆီးလို့မရနိုင်ပေမယ့် အဲဒီဘေးအန္တရာယ်ကြောင့်ဖြစ်လာတဲ့ ထိခိုက်ဆုံးရှုံးမှုနဲ့ အကျိုးဆက်တွေကိုတော့ လျော့ပါးအောင်လုပ်လို့ရပါတယ်။ အဲဒါကတော့ ကြိုတင်ပြင်ဆင်ခြင်းနဲ့ကာကွယ်ခြင်းဖြစ်ပါတယ်။ အကယ်၍ နိုင်ငံတစ်နိုင်ငံဟာသဘာဝဘေးအန္တရာယ်ကို လျစ်လျူရှုပြီး ဘေးအန္တရာယ်ဖြစ်စေခဲ့မယ်ဆိုရင် ဒါဟာနိုင်ငံရဲ့အနာဂတ်လူမှုရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေပါလိမ့်မယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးကို ထိထိရောက်ရောက် လုပ်ဆောင်မယ်ဆိုရင်အချိန်ကြာလာတာနဲ့အမျှ သဘာဝဘေးအန္တရာယ်ကြောင့် ကြုံတွေ့နိုင်တဲ့ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါတဲ့ အရင်းမြစ်တွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို လျော့ပါးစေဖို့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားဖို့ဟာ အရေးကြီးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်။ ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အချက်တွေထဲမှာဆိုရင်-
(က)ကြိုတင်ကာကွယ်ခြင်း။ ကြုံတွေ့နေရဆဲဘေးအန္တရာယ်နဲ့ အခြားဖြစ်လာနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် အစီအမံတွေ(ကယ်ဆယ်ရေးနဲ့ တုံ့ပြန်ဆောင်ရွက်မှုထက် ကုန်ကျစရိတ်ပိုပြီးသက်သာ။)
(ခ)ဘေးအန္တရာယ်လျော့ပါးရေး။ ဘေးအန္တရာယ်တွေနဲ့ အခြားဆက်စပ်တဲ့အန္တရာယ်တွေရဲ့ ဆိုးကျိုးတွေကို လျှော့ချခြင်း ဒါမှမဟုတ် အကန့်အသတ်ဖြစ်စေခြင်း၊
(ဂ) လွှဲပြောင်းခြင်း။ ဥပမာ-အသက်အာမခံ၊
(ဃ)ကြိုတင်ပြင်ဆင်ခြင်း။ ဥပမာ - ကြိုတင်သတိပေးစနစ်တွေထူထောင်ခြင်း၊ ကယ်ဆယ်ရေး လမ်းကြောင်းတွေနဲ့ အရေးပေါ်ထောက်ပံ့ရေးတွေပြင်ဆင်ခြင်း၊ အသိပညာပေးခြင်း၊ စွမ်းရည်မြှင့်တင်ခြင်း တွေဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစီမံခန့်ခွဲမှုတွေကို နိုင်ငံတိုင်းအထူးသဖြင့် သဘာဝဘေးအန္တရာယ်ထိခိုက်နိုင်ခြေများတဲ့ နိုင်ငံတွေမှာမူဝါဒတွေချမှတ်ပြီး ဥပဒေတွေ၊ ဖွဲ့စည်းမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ကြိုတင်ပြင်ဆင်လုပ်ဆောင်ထားကြပါတယ်။ ဒီလိုကြိုတင်ပြင်ဆင် ထားတဲ့အတွက် သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ရချိန်မှာဖြစ်လာတဲ့ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
အားလုံးပူးပေါင်းပါဝင်မှု
၂၀၂၁/၂၀၂၂ ခုနှစ်အတွင်း စံချိန်တင်အပူရှိန်မြင့်တက်ခဲ့ပြီး ရေကြီးခြင်း၊ အလွန်အမင်းမိုးခေါင်ခြင်း၊ တောမီးလောင်ခြင်းနဲ့ ငလျင်လှုပ်ခြင်းအပါအဝင် ကမ္ဘာတစ်ဝန်းမှာကပ်ဘေးတွေထပ်မံကြုံတွေ့ခဲ့ရပါတယ်။ သဘာဝဘေးအန္တရာယ်တွေ ပိုမိုဖြစ်ပွားလာခြင်းမှာ သဘာဝဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းပေါင်းများစွာရှိနေတာကြောင့် ရှုပ်ထွေးပြီးနက်နဲလှပါတယ်။ ဒါ့အပြင် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်ဟာ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုတွေကြောင့် တိုက်ရိုက်ခံစားရတဲ့ ဘေးဒုက္ခတွေအပြင် သွယ်ဝိုက် ပြီးဖြစ်လာတဲ့ အကျိုးဆက်တွေလည်းရှိနေပါတယ်။
ဒီလို သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထိခိုက်ဆုံးရှုံးမှုတွေကို ကာကွယ်ဖို့အတွက် အားလုံးပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ထိရောက်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဖြစ်ဖို့အတွက် အားလုံးပါဝင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် မူဝါဒတွေ၊ စီမံကိန်းတွေနဲ့လူသားရင်းမြစ်စတဲ့ လိုအပ်ချက်တွေ လက်တွေ့ကျကျပေါင်းစပ်ပြီး ကြိုတင်ပြင်ဆင်နိုင်မှသာ သဘာဝဘေးအန္တရာယ်တွေကို ထိထိရောက်ရောက်ကာကွယ်ပြီး ဆုံးရှုံးမှုတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ ။
ကိုးကား-
၁။ The International Day for Disaster Risk Reduction (IDDRR) 2022၊ UNDRR
၂။ Global Assessment Report on Disaster Risk Reduction 2022: United Nations Office for Disaster Risk Reduction
၃။ https://www.unicef.org/uzbekistan/en/stories/international-day-disaster-risk-reduction-2022
၄။ Disaster risk reduction & disaster risk management၊ https://www.preventionweb. net/understanding-disaster-risk/key-concepts/disaster-risk-reduction-disaster-risk-management