Skip to main content

ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်

စန်းနီလာဝင်း

သရေခေတ္တရာ ဧကရာဇ်နိုင်ငံ တော်ခေတ်ဖြစ်သော ပျူခေတ်ကပင် အနုသုခုမသဘင်ထွန်းကားခဲ့သည်။ မဇ္ဈိမတိုင်းအိန္ဒိယပြည်မှ တူရိယာများ၊ စိန့်တိုင်းတရုတ်ပြည်မှ တူရိယာများကို ပျူတို့သည် မိမိတို့၏ မူပိုင်တူရိယာများဖြစ်သော နှဲ၊ ပတ်သာ၊ စည်းစုပ်စသည် တို့နှင့် ပေါင်းစပ်သီဆိုတီးမှုတ်ကပြခဲ့ကြသည်။

ပုဂံခေတ်သို့ ရောက်လာသောအခါ အနုသုခုမသဘင်ပညာဆိုင်ရာပစ္စည်းများမှာ ယခင်ကထက် များစွာပြည့်စုံလာခဲ့သည်။ ပုဂံဘုရားများ၏ နံရံများ၌ရေးဆွဲထားခဲ့သော နန်းတွင်းကချေသည်ပုံများ၊ အမျိုးသမီးဂီတပညာရှင်များ၏ ပုံများကိုမြင်တွေ့ရသည်။ ပုဂံခေတ်ကရေးထိုးထားခဲ့သော ကျောက်စာများကို လေ့လာကြည့်ခြင်းအားဖြင့် ပုဂံခေတ်အနုသုခုမပညာရှင် တို့၏လုပ်ငန်းဆောင်တာများကို တွေ့မြင်ရသည်။

ပဒေသရာဇ်ခေတ်က အနုသုခုမသဘင်

ပင်းယ၊ မြင်စိုင်းခေတ်၌ ကာချင်းများ၊ ကာကခြင်းများခေတ်စားလာခဲ့သည်ကို တွေ့ရှိရသည်။ ကာချင်းမှာ ပဒေသရာဇ်ခေတ်က စစ်ချီသီချင်းဖြစ်ပြီးကာကမှာ စစ်ရေးပြအကဖြစ်သည်။ မြန်မာ့ဆိုင်းပညာရှင်သုတေသီ အလင်္ကာကျော်စွာဆရာစိန်ဗိုလ်တင့် ရှိခဲ့စဉ်က ကာချင်းသီချင်းတီးလုံးများကို သုတေသနပြုဖော်ထုတ်တီးခတ်ခဲ့သည်ကို အမှတ်ရနေမိပါသည်။

ပဒေသရာဇ်ခေတ်ကပြာသိုလတွင် မြေနန်းတော်ရှေ့၌ ကာရေးသဘင်၊ မြင်းခင်းသဘင်များကို ကျင်းပခဲ့ကြသည်။ ကုန်းဘောင်ခေတ်သို့ ရောက်ရှိလာခဲ့သောအခါကာ ချင်းသဘင် ကွယ်ပျောက်ခဲ့ပြီး မြင်းခင်း ၃၇ ချင်းနှင့် အဲမောင်း လှံရေး ၃၇ ချင်း စသည်တို့ကို ခင်းကျင်းပြသခဲ့သော မြင်းခင်းသဘင်ဟူ၍ တွင်ကျယ်လာခဲ့သည်။ ကာချင်း၊ မြင်းခင်း ၃၇ ချင်းနှင့် အဲမောင်းလှံရေး ၃၇ ချင်းတို့မှာ စစ်သည်ရဲမက်တို့ကို ရဲစိတ်ရဲမာန်ဇာတိမာန်တို့ တက်ကြွစေသည့် မြန်မာ့ဇာတိမာန်အမျိုးသားရေးတေးသီချင်းများ ဖြစ်ခဲ့ကြသည်။

ကုန်းဘောင်ခေတ်၌ မြန်မာ့သဘင်ကို(၁)အနိမ့်သဘင်၊(၂)အမြင့်သဘင်၊ (၃) အတီးသဘင်၊ (၄)အဆုံသဘင်ဟူ၍ ခွဲခြားခဲ့သည်။ အမြင့်သဘင်မှာ ရုပ်သေးသဘင်ဖြစ်ပြီး “ဇာတ်သဘင်အစ ရုပ်သေးသဘင်က” ဟူ၍ အဆိုပေါ်ပေါက်လာခဲ့သည်။ စင်တင်ရုပ်သေးသဘင်တွင် ကြိုး ဆွဲ၊အဆို၊ အငို၊ အပြောအတွက် အမျိုးသားများကိုသာခန့်ထားသည်။ ဇာတ်ဝင်ခန်း၏ မင်းသမီး၏ အဆို၊ အငို၊ အပြောနေရာတွင် အမျိုးသားဇာတ်မင်းသားကပင် သီဆိုခဲ့ရသည်။ ပွဲကြည့်ပရိသတ်မှာ ဘုရင်နှင့် မိဖုရားများ၊ မှူးမတ်များနှင့်နန်းတွင်း ပရိသတ်များ လူကြီးသူကြီး၊ သက်ကြီးဝါကြီးများဖြစ်ကြ၍ ပွဲကြည့်ပရိသတ်ကို ရိုသေကိုင်းရှိုင်းလေးစားသောအားဖြင့် ရုပ်သေးစင်ခေါ်အမြင့်သဘင်တွင် အမျိုးသားများကသာ ကြိုးဆွဲ၊ သီဆို၊ ငိုရပြောရသောအလုပ် ဖြင့် သရုပ်ဆောင်ခဲ့ကြရသည်။

ကုန်းဘောင်ခေတ်တွင် ပင်သဘင်အနုသုခုမပညာကို အမျိုးသားယဉ်ကျေးမှုနှင့်အညီ စနစ်တကျတိုးတက်စေရေး သရုပ်ပျက်ယဉ်ကျေးမှု မပေါ်ပေါက်ရေးတို့အတွက် စီမံကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် “သဘင်ဝန်” ရာထူးကို စတင်ခန့်အပ်ခဲ့ကြောင်း လေ့လာတွေ့ရှိရသည်။ ပဒုံမင်းလက်ထက်တွင် သဘင်ဆိုင်ရာအမိန့်တော်မှတ်တမ်းတစ်ခု၌-

“သဘင်ပညာသည်တိုင်း တိုင်းကျိုးပြည်ကျိုးကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သောအားဖြင့်သော်လည်းကောင်း ပြုပြင်နိုင်ခြင်း၊ သာသနာရေး၊ ဘာသာရေး၌ အားပေးကူညီနိုင်ခြင်းများကြောင့် သဘင်ပညာရှင်များ စည်းကမ်းလိုက်နာရန်သဘင်ဆရာများ ထားရမည်။

သာသနာကို ထိခိုက်သော၊ ဂိုဏ်းမလွတ်သော ကဗျာသီချင်းများ သီဆိုခွင့်မပြု၊ ကျူးလွန်ခဲ့သော် သီချင်းရေးသူကို လက်ဖြတ်စေ၊သီဆိုသူကို လျှာဖြတ်စေအပြစ်ပေးရမည်” ဟူ၍ အမိန့်ထုတ်ပြန် ခဲ့သည်ကို ထူးခြားစွာလေ့လာတွေ့ရှိရသည်။ သို့ကလောက် အနုသုခုမပညာကို မညစ်နွမ်းစေရဘဲ ကြပ်မတ်ကွပ်ကဲထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြသည်။

နန်းတွင်းသဘင်မှသည် ပြည်သူ့သဘင်သို့

အနုပညာဖြင့် ပြည်သူကို စည်းရုံးနိုင်သည်ဟူသော ခံယူချက်ဖြင့် စစ်ကိုင်းမင်းသည် ရုပ်သေးသဘင်ကိုနန်းတွင်း၌သာမက နိုင်ငံတစ်ဝန်းလုံးကျေးလက်ဒေသများအထိ လှည့်လည်ကပြစေခဲ့သည်။ ထို့နောက် “အနိမ့်သဘင်” ဟုခေါ်သော “မြေဝိုင်းအက” သည် ကုန်းဘောင်ခေတ်တွင်ပင် ထင်ရှားကျော်ကြားလူကြိုက်များခဲ့သော အနုသုခုမသဘင်ပညာ တစ်ရပ်ဖြစ်လာခဲ့သည်။

မြေဝိုင်းသဘင်ကို လာရောက်ကြည့်ရှုကြသည့် ပရိသတ်သည် မြေပေါ်တွင် ဝိုင်းပြီးထိုင်၍ ကြည့်ရှုရသောကြောင့် “မြေဝိုင်းဇာတ်” ဟူ၍လည်းကောင်း၊ ကပြသူတို့အလယ်တွင် ပန်းပင်စိုက်၍ဝိုင်းပတ် ကပြကြရသောကြောင့် “ပန်းပင်ဝိုင်းဇာတ်” ဟူ၍လည်း ခေါ်ဝေါ်ခဲ့ကြသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယဉ်ကျေးမှုအရ လူကိုယ်တိုင်သီဆိုကပြကြသော သဘင်သည်များကို ပရိသတ်သက်ကြီးဝါကြီးများက အောက်မှနေ၍ မကြည့်စေလိုသောကြောင့် ဇာတ်စင်ပေါ်တွင်မကခဲ့ကြခြင်းပင်ဖြစ်သည်။ ဇာတ်သဘင်များ၏ ရှေ့ပြေးဖြစ်သော မြေဝိုင်းအကသည် ကျေးလက်ဒေသများတွင် ပွင့်လင်းရာသီ၌ ခြိမ့်ခြိမ့်သဲကျင်းပလေ့ရှိကြသည့် အနု သုခုမသဘင်ပညာတစ်ရပ်ဖြစ်လာခဲ့သည်။

မြန်မာ့သဘင်လောက၌ ယနေ့တိုင်အောင်မရိုးနိုင်သော “ယိမ်းအက” မှာ ကုန်းဘောင်ခေတ်တွင် စတင်ခဲ့သည်ဟုသိရသည်။ ထိုစဉ်က “ယိမ်းအက” ကို “ဟန်အက” ဟူ၍လည်း ခေါ်ဝေါ်ခဲ့သည်ဟုဆိုသည်။ ကျေးလက်ဒေသများ၌ ဗုဒ္ဓပူဇနိယပူဇော်ပွဲများ၊ အလှူပွဲများ၊ သီတင်းကျွတ်၊တန်ဆောင်တိုင်ပွဲတော်တို့တွင် ရွာသူရွာသားများကစုပေါင်း၍ ပျော်ရွှင်စွာ ကခုန်ခဲ့ကြရာမှ ယိမ်းအကဟူ၍ ပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။ ယိမ်းအကသည် လက်၊ ခြေ၊ ခေါင်း၊ ခါးအတိမ်းအစောင်းညီညွတ်မှုကို အဓိကထား၍ ကခုန်ကြရခြင်းဖြစ်၍ ချစ်ကြည် စည်းလုံးညီညွတ်မှု အဓိပ္ပာယ်ကို ဖော်ဆောင်ပေးသဖြင့် လေးနက်လှပါသည်။

ယဉ်ကျေးမှုအစစ် လူ့အနှစ်

မြန်မာတိုင်းရင်းသားတို့သည် အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားသူများဖြစ်ကြသဖြင့် အမျိုးသားယဉ်ကျေးမှုကို ချစ်မြတ်နိုး၍ ထိန်းသိမ်းစောင့်ရှောက်ကာ လက်ဆင့်ကမ်း အမွေကောင်းများပေးအပ်သည့် အစဉ်အလာများရှိကြသည်။ လူမျိုးတစ်မျိုး၏ ဂုဏ်သိက္ခာ သည် ထိုလူမျိုး၏ စာပေ၊ ဂီတအနုသုခုမ ယဉ်ကျေးမှုအဆင့်အတန်းပေါ်တွင် တည်မီနေသည်။ “စာပေမြင့်မှ လူမျိုးတင့်မည်၊ ဂီတစွမ်းအား ပြည်ထွန်းကား” ဟူသောဆောင်ပုဒ်တို့မှာအမျိုးသား ယဉ်ကျေးမှုတိုးတက်မြင့်မားရေး၊ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးတို့အတွက် အမျိုးသားရေးအင်အားဖြစ်စေသည့် ဆောင်ပုဒ်များဖြစ်ကြသည်။

လူတို့သည် အဖွဲ့အစည်းနှင့် နေထိုင်သူများဖြစ်ကြရာ ဤလူ့အဖွဲ့အစည်းကို ချည်နှောင်ထားသည်မှာ ယဉ်ကျေးမှုပင်ဖြစ်သည်။ ထို့ကြောင့် မိမိတို့ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အမျိုးအတွက်စောင့်ရှောက်သည့် အမျိုးသားရေးစိတ်ဓာတ်ပင်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရကောင်းမှန်းမသိလျှင် မျိုးချစ်စိတ်ဓာတ်ရှင်သန်နိုင်မည်မဟုတ်ပါ။

မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် မြန်မာ့အမျိုးသားရေး လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းရာ၌အရိုးကို အရွက်မဖုံးစေဘဲ မျိုးဆက်သစ်များအား ယဉ်ကျေးမှုအမွေ အနှစ်ကောင်းများ လက်ဆင့်ကမ်းပေးနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက အထူးကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ကို ဂုဏ်ယူအားရဖွယ်တွေ့ရှိရပါသည်။

မျိုးဆက်သစ်တို့အတွက် လက်ဆင့်ကမ်းဂီတ အနုသုခုမပညာအမွေ

ယနေ့သဘင်လောကတွင် အရိုးကိုအရွက်မဖုံးစေဘဲ ခေတ်နှင့်လျော်ညီစွာ ဆန်းသစ်တီထွင် ကပြနေကြသည့် မျိုးဆက်သစ်သဘင်အနုပညာရှင်တို့၏ ကြိုးပမ်းအားထုတ်မှုများကိုကြိုဆို ဂုဏ်ပြုပါသည်။ကျေးဇူးရှင်သဘင် အနုပညာရှင်များဖြစ်ကြသည့် အဘိုး များနှင့် ဖခင်တို့၏ ဂန္ထဝင်အမွေအနှစ်ကို ဆက်ခံကာတီထွင်ကြံဆမှုများနှင့် ပေါင်းစပ်လျက်ကပြတင်ဆက် လျက်ရှိရာ ပရိသတ်က ကြိုဆိုလက်ခံအားပေးလျက်ရှိကြသည်ကို တွေ့ရသည်။

ယခုကဲ့သို့ မိုးရာသီဇာတ်သဘင်များ ရပ်နားချိန်တွင်ပင် ကန်တော်ကြီး ၌ရုံပွဲသွင်း၍ ကပြလျက်ရှိသည်။ ဂန္ထဝင်သဘင်ပညာရှင်ကြီး အလင်္ကာကျော်စွာရွှေမန်း(ဦး)တင်မောင်၏ မြေး၊ ဖခင်နှင့် ဦးလေးများဖြစ်ကြသည့် ဇာတ်သဘင်ပညာရှင်(ဦး)ဝင်းဗိုလ်၊ (ဦး)ဆန်းဝင်း၊ (ဦး)ချမ်းသာ၊(ဦး)ဝင်းမောင်တို့၏ သဘင်ပညာအမွေအနှစ်များကို လက်ခံနာယူကာ အောင်မြင်ကျော်ကြားလျက်ရှိသည့် ရွှေမန်းသဘင်မျိုးဆက်သစ်(ဦး)တင်မောင်ဆန်းမင်းဝင်း၏ သဘင်အနုပညာစွမ်းရည်များ ဂုဏ်ယူအားရဖွယ်ဖြစ်ပါသည်။

အလားတူ အဘိုးဖြစ်သော ဂန္ထဝင်ဂီတစာဆို နန်းတော်ရှေ့ဆရာတင်၏ မြေးဇာတ်သဘင်ပညာရှင် (ဦး)ရွှေနန်းတင်၏ သားဖြစ်သူ သဘင်ပညာရှင် (ဦး)နန်းဝင်းနှင့် မိသားစုတို့၏ သဘင်အနုပညာစွမ်းရည်တို့ကိုလည်း ဂုဏ်ယူချီးကျူးရပါသည်။ မြန်မာ့သဘင် ဦးသျှောင်ကြီးဖြစ်သည့် ဂန္ထဝင်သဘင်ပညာရှိကြီး ဂရိတ်ဦးဖိုးစိန်၏သားဖြစ်သူ သဘင်ပညာရှင် (ဦး)ကနက်စိန်၊ (ဦး)တသက်စိန်၊ မြေးများဖြစ်ကြသည့် (ဦး)ရဲစိန်၊ (ဦး)ညီဝင်းစိန်တို့၏ လက်ဆင့်ကမ်းသဘင်အမွေခံအနုပညာစွမ်းရည်တို့ကို တွေ့မြင်ကြည့်ရှုခံစားခဲ့ရသဖြင့် ဖရဏာပီတိဂွမ်းဆီထိသည့်ပမာ ဖြစ်ရပါသည်။

လွတ်လပ်ရေးမရမီ ကိုလိုနီခေတ်က နှစ်ပေါင်း ၁၀၀ ကျော်ကာလတွင် ထင်ရှားကျော်ကြားခဲ့ကြသော ဂန္ထဝင်ထိပ်တန်းသဘင်ပညာရှင်ကြီးများဖြစ်ကြသည့် ဂရိတ်ဦးဖိုးစိန်၊ ဦးစိန်ကတုံးတို့ကို မကြည့်ရှုခဲ့ကြရသော်လည်း ထိုသဘင်ပညာရှင် ကြီးများအသံသွင်းထားခဲ့သည့် ဓာတ်ပြားများထဲမှ နိပါတ်တော် ဇာတ်တော်များမှ အဆို၊ အပြောများကို နားဆင်ကြည့်ရရုံနှင့်ပင် အသည်းထိစွဲ ငြိခဲ့ရပါသည်။ အလင်္ကာကျော်စွာရွှေမန်း (ဦး)တင်မောင်၏ လက်ဝဲသုန္ဒရဇာတ်၊ ဗုဒ္ဓဝင်၊ ဂီတရူး၊ ရွဲကုန်သည်၊ စလေဦးပုည၊ သောင်မှူးစသည့်ဓာတ်ပြားသွင်းဇာတ်များမှာ ပရိသတ်က အလွန်စွဲမြဲနှစ်ခြိုက်ခဲ့ကြသည်။ ဝဏ္ဏကျော်ထင်ဘွဲ့ရ သဘင်ပညာရှင်ကြီး (ဦး)စိန်အောင်မင်းမှာ ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)ဝတ်စုံရန်ပုံငွေဖွဲ့ကပြခဲ့ရာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အကျိုးတော်ဆောင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းခံခဲ့ရသည်။

ပရိသတ်ကို တိုက်ရိုက်ကပြတင်ဆက်ရသော ခက်ခဲနက်နဲလှသည့် သဘင်မူအနုပညာ

အနုသုခုမသဘင်ပညာသည် ရုပ်ရှင် ကဲ့သို့မဟုတ်ဘဲ ပွဲကြည့်ပရိသတ်ကို တိုက်ရိုက် တင်ဆက်သရုပ်ဆောင် ကပြရသည့် အနုပညာဖြစ်ခြင်းကြောင့် အမှားအယွင်းမဖြစ်စေရပါ။ ဇာတ်စာ၊ ဇာတ်ဝင်သီချင်း၊ ဇာတ်ဝင်အပြောအဆိုတို့ကို နှုတ်တိုက်အလွတ် ကျက်မှတ်ထားကြ ရုံမျှမက ကနည်း၊ ကကြိုး၊ ကကွက်များစွာ တို့ကို ဌာန်ကရိုဏ်းကျကျ စည်းဝါးကျကျ လေ့ကျင့်သင်ယူကြရသဖြင့် ဇာတ်သဘင် အနုပညာသည် အလွန်လေးနက် သိမ်မွေ့ လှပါသည်။

ဤနေရာတွင် စပ်လျဉ်း၍ စာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံလေး တစ်ခုကို တင်ပြလိုပါသည်။ စာရေးသူ၏ ဖခင်နှင့် ညီမ၊ညီမတစ်ဝမ်းကွဲ တော်စပ်ကြသူတို့သည် မြန်မာ့ဆိုင်းပညာ ရှင်များနှင့် အကပညာရှင်များ ဖြစ်ခဲ့ကြပါ သည်။ ဦးလေးတော်စပ်သူနှစ်ဦးက ဗလာဆိုင်းများတွင် နှဲပညာရှင်၊ပတ်မတီး ပညာရှင်များဖြစ်ခဲ့ကြပြီး အဒေါ်ဖြစ်သူမှာ ဇာတ်မင်းသမီးတစ်ဦးဖြစ်ခဲ့သည်။ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၏ ဇာတ်ထဲမှ နာမည်ကျော်မင်းသမီးကြီး အမေဒေါ်အောင်သန်းတင်ထံမှ သဘင်ပညာများကို သင်ယူခဲ့သူဖြစ် သည်။ အမေဒေါ်အောင်သန်းတင်၏ အဆို၊ အပြော၊ အသံတို့မှာ ထူးချွန်လှ၍ ဗုဒ္ဓဝင် ဇာတ်ပြရန် ဖွားတော်မူခန်းတွင်မယ်တော်မာယာအဖြစ် သရုပ်ဆောင် အသံသွင်းခဲ့ပုံများ၊နှစ်ပါးသွားသီချင်း များမှာ အလွန်နားဝင်ပီယံဖြစ်ခဲ့ကြရသည်။ အမေဒေါ်အောင်သန်းတင်မှာ သူကိုယ်တိုင် စာမတတ်မြောက်ခဲ့ရသော်လည်း ဇာတ်စာ၊ ဇာတ်အပြော အဆို၊ ဇာတ်သီချင်းများကို နှုတ်တိုက် ကျက်မှတ် သီဆိုကပြခဲ့ရာ မထစ်မငေါ့၊ မမှားမယွင်းဘဲပင်ကို ကရုဏာသံဖြင့် သီဆိုနိုင်ခဲ့သည်မှာ အားရဂုဏ်ယူ လေးစားဖွယ်ဖြစ်ပါသည်။

ယခုအခါ အမျိုးသားယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ခေတ်အဆက်ဆက်မှ ဂန္ထဝင်စံတင်ခဲ့သော အဆိုပညာ၊ အတီးပညာ၊ အရေးပညာ၊ အကပညာဟူသော အနုသုခုမပညာများကို လက်ဆင့်ကမ်းအမွေခံယူကာတင်ဆက်ကြရင်း သဘင်မူအနုပညာနယ်ပယ်တွင် “ဇာတ်သမားလာလျှင် မှတ်သားစရာပါရမည်၊ ဇာတ်သမားပြန်လျှင် မှတ်သားစရာကျန်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ် အနုပညာရှင် တိုင်းနိုင်ငံတော်နှင့် ပြည်သူတို့ကို ကောင်းစွာအလုပ်အကျွေးပြုနိုင်ကြပါ စေဟု အရေးထားလေးစားစွာဖြင့် ရေးသားဆန္ဒပြုလိုက်ပါသည်။။

အကိုးအထောက်

၁။ ကြည်မြသည့် ဂီတ၊ ပီသသည့် အသံ၊ အံဝင်သည့်စာသား မောင်မောင်စန်းရန်ကုန် တက္ကသိုလ်(၂-၇-၁၉၇၈ ရက်နေ့ ထုတ်လုပ်သားပြည်သူနေ့စဉ် သတင်းစာ)

၂။ ဂီတမှာအသံ၊ အလင်္ကာမှာ ကာရန်၊ မြန်မာဆန်သည့် တေးရေးဟန်မောင်မောင်စန်း (ရန်ကုန်တက္ကသိုလ် ၅-၁-၁၉၇၅ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ)

၃။ အခြေပြမြန်မာ့နိုင်ငံရေးသမိုင်း ဒုတိယတွဲ-ဒုတိယပိုင်း (လမ်းစဉ် ပါတီဌာနချုပ်-၁၉၈၀)