သံတမန်စကား၏ နောက်ကွယ်မှ ရည်ရွယ်ချက်
ဇင်ငြိမ်း
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer သည် ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အထူးကိုယ်စားလှယ်သည် ယင်းသို့တွေ့ဆုံ ဆွေးနွေးခဲ့မှုနှင့် ၎င်းဆွေးနွေးခဲ့သည့် အကြောင်းအရာများကို သတင်းထုတ်ပြန်ချက်အဖြစ် ဩဂုတ် လ ၁၇ ရက်နေ့က ကုလသမဂ္ဂ၊ မြန်မာအင်တာနက်စာမျက်နှာတွင် ဖော်ပြခဲ့ပါသည်။
အထူးကိုယ်စားလှယ်၏ ထိုသတင်းထုတ်ပြန်ချက်တွင် အမှန်တကယ်ဆွေးနွေးခဲ့မှုများနှင့်များစွာကွဲလွဲ၍ ထုတ်ပြန်ထားကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဆွေးနွေးချက်မှတ်တမ်းကို ထုတ်ပြန်ခဲ့သည်ကို တွေ့ရပါသည်။
အမှန်တကယ်တွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကဖော်ပြထားသော ဆွေးနွေးချက်မှတ်တမ်းနှင့် အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်ပါ ဆွေးနွေးခဲ့ပါသည်ဆိုသည့်အချက်အချို့မှာ ကွဲလွဲလျက်ရှိပါသည်။
ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်
ထိုကွဲလွဲချက်များတွင် မဆွေးနွေးခဲ့သည့် အချက်အချို့နှင့် စကားရပ်များပါဝင်နေပြီး ပြည်တွင်း၊ ပြည်ပ အမြင်မှားနိုင်သည့်အချက်များဖြစ်ပါသည်။ အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်တွင် “ကျွန်မရဲ့ခရီးစဉ်က ကုလသမဂ္ဂရဲ့စိုးရိမ်မှုကို အသိပေးပြောကြားဖို့နဲ့ ပြည်သူတွေ ဘေးဒုက္ခခံစားနေရတာတွေနဲ့ ပဋိပက္ခကို လျှော့ချဖို့လိုအပ်နေတဲ့ ခိုင်မာအားကောင်းတဲ့ ဆောင်ရွက်ချက် တွေကို အဆိုပြုဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကို ပေးဆောင်ခြင်းမဟုတ်ပါ။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းမဲ့စွာနဲ့ ရရှိပိုင်ခွင့်ရှိပါတယ်။ ဒီလိုရရှိဖို့ဟာ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တစ်ခုမှာ သက်ဆိုင်ရာပါဝင်သူအားလုံးရဲ့ ကောင်းမွန်တဲ့စိတ်ဆန္ဒနဲ့ ကြိုးပမ်းဆောင်ရွက်မှုရှိမှသာဖြစ်နိုင်မှာပါ”ဟု ဖော်ပြထားပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ ဆွေးနွေးမှုမှတ်တမ်းတင်တွင် အထူးကိုယ်စားလှယ်ပြောကြားသည်မှာ “ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Guterres သည် ကုလသမဂ္ဂပဋိညာဉ်ကို ကာကွယ်စောင့်ရှောက်နေသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါသည်။ ကုလသမဂ္ဂပဋိညာဉ်တွင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ တိကျစွာပြဋ္ဌာန်းထားပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုအား အမြဲတမ်းဖော်ပြလျက်ရှိသည်ကို မိမိအနေဖြင့် သတိပြုမိပါသည်။ ကမ္ဘာပေါ်တွင် နောက်ထပ်ဖြစ်ပေါ်လာမည့် ပဋိပက္ခဖြစ်ပွားမှုများနှင့် အကြမ်းဖက်မှုများကို တားဆီးနိုင်ရန်ရည်ရွယ်၍ ကုလသမဂ္ဂအဖွဲ့အစည်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ အဓိကအရေးကြီးဆုံးအချက်မှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံဘက်က အမြဲတမ်း ထုတ်ဖော်ပြောကြားလျက်ရှိသည့် အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟူသောအချက်နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂအနေဖြင့် နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲတမ်းအသိအမှတ်ပြု လေးစားလျက်ရှိပါသည်။” ဟု ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ “ကုလသမဂ္ဂရဲ့ထိတွေ့ဆက်ဆံမှုက မည်သည့်နည်းနဲ့မျှ တရားဝင်မှုကို ပေးဆောင်ခြင်းမဟုတ်ပါ” ဟူသည့် ဆွေးနွေးချက်မပါဝင်သည်ကို တွေ့ရပါသည်။
သဘောထားကွဲလွဲသည့်အချက်များ
ဆွေးနွေးမှုတွင် ပြောကြားချက်နှင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြချက်ကွဲလွဲနေသည်မှာအံ့ဩဖွယ်ဖြစ်ပါသည်။ ယင်းသို့ကွဲလွဲမှုမှာ သာမန်လွဲမှားမှုမျိုးမဟုတ်ဘဲ သတင်းထုတ်ပြန်သည့်အချိန်မှ ရည်ရွယ်ချက်ရှိရှိထည့်သွင်းခြင်းဖြစ်ပါသည်။ သတင်းထုတ်ပြန်ချက်တွင် အမှန်တကယ်ဆွေးနွေး ခဲ့သည်များနှင့် သဘောတူခဲ့သည့်အချက်များ၊ သဘောထားကွဲလွဲသည့်အချက်များကိုသာ ဖော်ပြ သင့်သော်လည်း ဆွေးနွေးမှုနှင့် ကွဲလွဲစွာဖော်ပြခြင်းသည် မရိုးသားသည့်သဘောဆောင်နေပါသည်။
ဘင်္ဂါလီဒုက္ခသည်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင်လည်း ရိုဟင်ဂျာဟုသုံးနှုန်းခဲ့ခြင်းမရှိဘဲ သတင်းထုတ်ပြန်ချက်တွင်မူ မြန်မာနိုင်ငံမှလက်မခံသော ရိုဟင်ဂျာဟူသည့် အခေါ်အဝေါ်ကို သုံးနှုန်းထားပါသည်။ ထို့အပြင် ဩစတြေးလျစီးပွားရေးပညာရှင် Mr. Sean Turnell နှင့်ပတ်သက်၍လည်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က “မြန်မာနိုင်ငံက ဖမ်းဆီးထိန်းသိမ်းထားသည့် ဩစတြေးလျ စီးပွားရေးပညာရှင် Mr. Sean Turnell ကို ပြန်လွှတ်ပေးမည်ဆိုလျှင် မြန်မာနိုင်ငံနှင့်ဩစတြေးလျနိုင်ငံ အကြားချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုကို ဖော်ညွှန်းပြသနိုင်သည့် အခြေအနေတစ်ခုဖြစ်ပေါ်လာမည် ဖြစ်ပါသည်။”ဟု ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ဩစတြေးလျ စီးပွားရေးပညာရှင် Mr. Sean Turnell ၏အရေးသည် ဩစတြေးလျနိုင်ငံ၏အရေးဖြစ်ပါသည်။ ကုလသမဂ္ဂကမည်သည့်အတွက် ရှေ့နေလိုက်ပေးသည်ကို စဉ်းစားမရပါ။
သို့ဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer အနေဖြင့် ပထမဆုံးအကြိမ် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်သည်။ ဆက်လက်၍လည်း ထိတွေ့ဆက်ဆံမှုပြုရန် လက်ခံထားကြပြီး ဖြစ်ပါသည်။ တစ်ဖက်နှင့်တစ်ဖက် အပြုသဘောဆက်ဆံမှု၊ အပြုသဘော တိုးတက်မှုလိုလားပြီး စိတ်ရင်းမှန်ပါက အပြောနှင့်အလုပ်ညီရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ပါက နှစ်ဦးနှစ်ဖက် အကြား ယုံကြည်မှုလျော့နည်းလာနိုင်ပါသည်။
အထူးကိုယ်စားလှယ်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးစဉ်က မပြောကြားခဲ့သည့်စကားများ၊ အဓိပ္ပာယ်ကွဲလွဲသော စကားများကို သတင်းထုတ်ပြန်သည့်အခါ ထည့်သွင်းဖော်ပြလာခြင်းသည် မတော်တဆမှားယွင်းမှုမဖြစ်နိုင်ပါ။ ဆွေးနွေးပွဲမှတ်တမ်းနှင့် အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်ပါ ပြောကြားချက်များမည်သည့်အတွက် ကွဲလွဲနေသနည်း။ အထူးကိုယ်စား လှယ်သည် ဆွေးနွေးပွဲတွင်သံတမန်ပရိယာယ်အရ စကားလှအောင်ပြောကြားခဲ့ခြင်းဖြစ်ပြီး သတင်းထုတ်ပြန်သည့်အခါ ကုလသမဂ္ဂ၏လိုလားချက် အမှန်ကိုဖော်ပြလာခြင်းဟုဆိုရပါမည်။ ကုလသမဂ္ဂ ပဋိညာဉ်ကို ထိန်းသိမ်းလိုက်နာနေသည်ဆိုသည့် ကုလသမဂ္ဂအဖွဲ့ကိုယ်တိုင်သည် မှန်မှန်ကန်ကန် ရပ်တည်၍ ပဋိပက္ခငြိမ်းချမ်းရေးကို ဦးတည်ရမည့်အစား ဘက်လိုက်၍ ပဋိပက္ခပိုမိုကြီးထွားရေးနှင့် မတည်ငြိမ်ရေး အပြောနှင့်အလုပ်မညီစွာ လုပ်ဆောင်နေသည့်သဘောဖြစ်နေပါသည်။ သို့ဖြစ်၍လည်း ကမ္ဘာကြီးတွင် ပဋိပက္ခနှင့်တင်းမာမှုများ မြင့်တက်လာနေပါသည်။
ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်
ယနေ့ ကမ္ဘာတွင်ဖြစ်နေသည့် ပဋိပက္ခများတွင်လည်း ကုလသမဂ္ဂသည် အမေရိကန်နိုင်ငံနှင့် OIC တို့ကဲ့သို့ ငွေကြေးထောက်ပံ့သည့်အဖွဲ့တို့၏ ကြိုးဆွဲရာဖြစ်လာနေပါသည်။ အမေရိကန်နိုင်ငံက အီရတ်နိုင်ငံသို့ ဝင်ရောက်တိုက်ခိုက်ရာတွင် ကုလသမဂ္ဂအနေဖြင့် မည်သို့မျှ ဝင်ရောက်မဖြေရှင်းနိုင်ခဲ့ချေ။ ထို့အတူ အာဖဂန်နစ္စတန်နိုင်ငံအား အမေရိကန်နိုင်ငံက ဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း ကုလသမဂ္ဂက မည်သို့မျှမတားဆီးနိုင်ခဲ့ပါ။ ယခုဖြစ်ပွားနေသည့် ရုရှား-ယူကရိန်းစစ်ပွဲတွင်လည်း ကုလသမဂ္ဂ မည်သို့မျှ မဖြေရှင်းပေးနိုင်ခဲ့ပါ။ ကုလသမဂ္ဂသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးလုပ်ဆောင်ရာတွင် အားနည်းချက်များရှိနေသည့်သဘောဖြစ်ပါသည်။ စစ်ပွဲများမဖြစ်ပွားစေရန် တားဆီးရမည့်အစား စစ်ပွဲများဖြစ်လာမှ လူသားချင်းစာနာမှု ထောက်ပံ့ကူညီရေးလုပ်ဆောင်နေသည့် ကုလသမဂ္ဂ၏ လုပ်ဆောင်ချက်မှာ အနာတခြားဆေးတခြား ဖြစ်နေပါသည်။
စစ်ဘေးကြောင့်ဖြစ်သော လူသားချင်းစာနာ ထောက်ပံ့ရေးလုပ်ဆောင်ရမည်မှာ မှန်သော်လည်း စစ်မက်ဖြစ်ပွားပြီးမှ လုပ်ဆောင်ခြင်းထက် စစ်မက်မဖြစ်ပွားစေရန် ဦးစွာကြိုးပမ်းသင့်ပါသည်။ သို့သော် ယခုမူ ကုလသမဂ္ဂကိုယ်တိုင် ပဋိပက္ခများအဆုံးသတ် နိုင်ရေးကြိုးပမ်းမှုထက် ပဋိပက္ခများပိုမိုကြီးထွား စေမည့် လုပ်ဆောင်မှုများနှင့် စစ်မက်အရှိန်မြှင့်တင်ရေးကို ဦးတည်စေသော လုပ်ဆောင်မှုများတွင် ပါဝင်နေသည်ကို တွေ့မြင်ရပါသည်။ ထိုသို့ကုလသမဂ္ဂ၏ မူလရည်မှန်းချက်ကို လွဲချော်စေသည့် လုပ်ဆောင်ချက်များကြောင့် အင်အားကြီးနိုင်ငံ တစ်နိုင်ငံကနျူကလီးယားလက်နက်များ သုံးလာ မည်ဆိုပါက ကုလသမဂ္ဂ၏ ထိန်းသိမ်းဆောင်ရွက်နိုင်မှုအပေါ် သံသယဝင်စရာ ဖြစ်နေပါသည်။
နိုင်ငံတကာ၏ယုံကြည်မှုများ
မြန်မာ့အရေးတွင်လည်း ကုလသမဂ္ဂအနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဒီမိုကရေစီအရေး၊ လူသားချင်းစာနာမှုဟုဆိုနေသော်လည်း တစ်ဖက်တွင် နောက်ကွယ်မှကြိုးဆွဲနေသည့် အင်အားကြီးနိုင်ငံများအလိုကျ ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာစေရန် လုပ်ဆောင်နေပါသည်။ ထိုလုပ်ဆောင်ချက်များသည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် ကွဲလွဲဆန့်ကျင် နေပါသည်။ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် တစ်ယောက်သည်ပင် သံတမန်ကျင့်ဝတ်နှင့်မညီဘဲ ပြောဆိုလုပ်ဆောင်နေလျှင် ကုလသမဂ္ဂအပေါ်နိုင်ငံတကာ၏ ယုံကြည်မှုများ ပိုမိုကျဆင်းလာမည် ဖြစ်သည်။
ကုလသမဂ္ဂအနေဖြင့် ပထမကမ္ဘာစစ်ကြီး နောက်ပိုင်း ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရေးအတွက် ဖွဲ့စည်းခဲ့သော နိုင်ငံပေါင်းချုပ်အသင်းကြီးကို သင်ခန်းစာယူသင့်ပါသည်။ ပထမကမ္ဘာစစ်ပြီးနောက် ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းရန် ဖွဲ့စည်းထားသော နိုင်ငံပေါင်းချုပ်အသင်းကြီးအား အင်အားကြီးနိုင်ငံများက လွှမ်းမိုးလာပြီးနောက် အသင်းကြီး၏ ရည်ရွယ်ချက်မအောင်မြင်ခဲ့ဘဲ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရသည်မှာ ကမ္ဘာ့အဖွဲ့အစည်း ကြီးတစ်ခုအတွက် ခါးသီးသောအတွေ့အကြုံ ဖြစ်ပါသည်။
ယနေ့ဆိုလျှင် ကုလသမဂ္ဂအားမျက်ကွယ်ပြု၍ အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် ပေါ်ပေါ်ထင်ထင်လွှမ်းမိုးခြင်း၊ ဝင်ရောက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေကြပြီး ကုလသမဂ္ဂကိုပင် လွှမ်းမိုးကြိုးကိုင်နေကြပါသည်။ ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အဖျက်စွမ်းအားကြီးလက်နက်များကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ကုလသမဂ္ဂအနေဖြင့် တည့်မတ်မှန်ကန်စွာ ညှိနှိုင်းမဖြေရှင်းပေးနိုင်ပါက အင်အား ကြီးနိုင်ငံများအကြား တစ်နေ့တခြားပြင်းထန်လာသော ပြိုင်ဆိုင်မှုများသည်အန္တရာယ်ကို ဖိတ်ခေါ်နေသည်နှင့်တူပါသည်။ သို့သော် ကမ္ဘာ့အဖွဲ့အစည်းကြီးဖြစ်သည့် ကုလသမဂ္ဂသည် ထိုပြိုင်ဆိုင်မှုများအပေါ် ထိရောက်စွာညှိနှိုင်းမဖြေရှင်းနိုင်သည့်အပြင် ထိုနိုင်ငံကြီးများအလိုကျ နိုင်ငံငယ်များအပေါ် မလျော်ဩဇာသုံးနေခြင်းမှာ အံ့ဩဖွယ်ဖြစ်သည်။
ကျူးဘားအရေးအခင်းတွင် အင်အားကြီးနှစ်နိုင်ငံအကြား ပြင်းထန်သောထိပ်တိုက်ရင်ဆိုင်မှုကို ကုလသမဂ္ဂက ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးခဲ့သည့်သာဓကကို အတုယူသင့်ပါသည်။ သို့သော် ယနေ့တွင် ကုလသမဂ္ဂအနေဖြင့် ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြားဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ထိရောက်စွာ စေ့စပ်ညှိနှိုင်းပေးနိုင်ရဲ့လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်ပါသည်။
ယင်းမှာ ကုလသမဂ္ဂအဖွဲ့ကြီး၏ အနာဂတ်ရပ်တည်ချက်အတွက် စိုးရိမ်ဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် ပြည်တွင်းရေးဖြစ်သော်လည်း နောက်ကွယ်တွင် မြန်မာ့နိုင်ငံရေးကိုလွှမ်းမိုးရန်ကြိုးပမ်းနေသည့် အင်အားကြီးနိုင်ငံများနှင့် အဖွဲ့အစည်းများရှိနေသည်ကို အားလုံးအသိဖြစ်ပါသည်။ ကုလသမဂ္ဂအနေဖြင့်လည်း မြန်မာ့နိုင်ငံရေးအကျပ်အတည်းပြေလည်ရေးကို လိုလားပါက သမာသမတ်ကျစွာစေ့စပ်ညှိနှိုင်းမှုပြုလုပ်ရန် လိုအပ်ပါသည်။ ထိုသို့မဟုတ်ဘဲ ဘက်လိုက်လုပ်ဆောင်ခြင်းဖြစ်ပါက ကုလသမဂ္ဂကိုယ်တိုင်က မီးလောင်ရာလေပင့် သကဲ့သို့ဖြစ်နေပါသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ယောက်အနေဖြင့်လည်း သံတမန်ကျင့်ဝတ်နှင့်ညီရန် လိုအပ်ပါသည်။ သို့မှသာ မိတ်ဝတ်မပျက် ရေရှည်ဆက်ဆံရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ သံတမန်စကားတစ်မျိုး၊ နောက်ကွယ်မှ ရည်ရွယ်ချက် တစ်မျိုးဆိုပါက ကိုယ်စားပြုစေလွှတ်သော ကုလသမဂ္ဂလည်း သိက္ခာကျမည်ဖြစ်သကဲ့သို့ ရည်ရွယ်ချက်လည်း မအောင်မြင်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။ ။
ကိုးကား
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်း ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်။
https:// myanmar.gov.mm/news-media/news/latest-news/-/asset_publisher/ idasset 354/content/ %25E1%2580%2594%25E1%2580%25AD%25E1%2580%25AF%25E1%2580%2584%25E1%2580%25BA%25E1%2580%2584%25E1%2580%25B6%25E2%2580%258C%25E1%2580%2590%25E1%2580%25B1%25E1%2580%25AC%25E1%2580%25BA%25E1%2580%2585%25E1%2580%25AE%25E1%2580%2599%25E1%2580%25B6%25E1%25-4
၂။ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ သတင်းထုတ်ပြန်ချက်။
https://myanmar.un.org/my/195256-miidiiyaathuttpnkhk-nepnnytteaan-pulupsnny-pthmakima- cnnyawettng