Skip to main content

ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး

မောင်မင်းဇံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်အတွက် မဖြစ်မနေလုပ်ဆောင်ရမည့် အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် အစိုးရကဏ္ဍ၌သာမက ပုဂ္ဂလိကကဏ္ဍတွင်လည်းဖြစ်ပွားပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစိုးရကဏ္ဍ အဂတိလိုက်စားမှုများသည် ပိုမိုများပြားပါသည်။ ပြည်သူလူထု၏ ယုံကြည်မှုကိုရရှိရန်နှင့် အုပ်ချုပ်မှုယန္တရား ကောင်းမွန်စွာ ထိထိရောက်ရောက်လည်ပတ်နိုင်စေရန်အတွက် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွင် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်သည်အရေးပါလှသည်။ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် အစိုးရဌာန၊ အဖွဲ့အစည်းများတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရေး ကျင့်ဝတ်ဆိုင်ရာသင်တန်းများပေးခြင်းကို လက်သုံးကိရိယာတစ်ခုအဖြစ် အဓိကလေ့ကျင့်ပေးသင့်ပြီး အဂတိလိုက်စားမှုများပြားသော နိုင်ငံများတွင်သာမက အဂတိလိုက်စားမှုနည်းပါးသောနိုင်ငံများတွင်ပါ ဆောင်ရွက်နေကြပြီဖြစ်ပါသည်။ ကျင့်ဝတ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ရေးကို နိုင်ငံအများစု၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတွင် ထည့်သွင်းရေးဆွဲချမှတ်လုပ်ဆောင်ကြပြီး နိုင်ငံအချို့တွင်မူ ဖြောင့်မတ်တည်ကြည်မှု မဟာဗျူဟာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများတွင် တာဝန်ယူဆောင်ရွက်မည့်အဖွဲ့အစည်း၊ အချိန်ကာလသတ်မှတ်ချက်များ၊ သုံးစွဲမည့်ငွေကြေးပမာဏများ အသေးစိတ်ဖော်ပြထားသော လုပ်ငန်းဆောင်ရွက်မှုအစီအမံများဖြင့် ထည့်သွင်းရေးဆွဲကြပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက်

မိမိတို့နိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကိုပြဋ္ဌာန်းကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာပြည်တွင်းပြည်ပဌာန၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ်ခံယူလျက် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အများပြည်သူကို အသိပညာပေးခြင်းစသည့် ကဏ္ဍသုံးရပ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရပါသည်။ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများမှ ဖွင့်လှစ်သော သင်တန်းများ၊ ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးပို့ချဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းစာ၊ ဂျာနယ်များ၊ ဆိုရှယ်မီဒီယာများနှင့် ဝက်ဘ်ဆိုက်များတွင် အသိပညာပေးဆောင်းပါးများ ရေးသားဖော်ပြခြင်း၊ အသိပညာပေးဇာတ်လမ်းတိုများကို ရုပ်မြင်သံကြားမှထုတ်လွှင့်ခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုနှင့် ဖြောင့်မတ်တည်ကြည်မှုဆိုင်ရာ ရည်ညွှန်းစာစောင်များ ပြုစုထုတ်ဝေခြင်းများဖြင့် အသိပညာပေးရေးလုပ်ငန်းကိုလည်းကောင်း၊ ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်းကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit –CPU) များက တာဝန်ယူဆောင်ရွက်ခြင်း၊ စစ်တမ်းများပုံမှန်ကောက်ယူခြင်း၊ ဝန်ဆောင်မှုရယူခဲ့သော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code “1111” အသုံးပြု၍ SMS မှတစ်ဆင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းများမေးမြန်းခြင်းဖြင့် တုံ့ပြန်မှုရယူ၍ အဂတိလိုက်စားမှုတားဆီးကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ စုံစမ်းစစ်ဆေးအရေးယူခြင်းကိုလည်းကောင်း ဆောင်ရွက်လျက်ရှိသည်ကို ကော်မရှင်၏သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။ ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေးကွန်ဗင်းရှင်းကိုလည်း မြန်မာနိုင်ငံမှ ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် ၁၆၅ နိုင်ငံမြောက်အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။

ကျင့်ဝတ်ပြဋ္ဌာန်းချက်များ

ကျင့်ဝတ်များနှင့်စပ်လျဉ်း၍ ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် ကော်မရှင်၏လုပ်ငန်းတာဝန်များ သတ်မှတ်ချက်များပြဋ္ဌာန်းရာ၌ ပုဒ်မ ၁၆ (ဋ)တွင် “အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး၊ လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်ကိုပိုမိုမြှင့်တင်ရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပြည်သူအများပါဝင်နိုင်ရေးအတွက် သင့်လျော်သော အစီအမံများချမှတ်၍ ဆောင်ရွက်ခြင်း” ဟု ပြဋ္ဌာန်းထားပါသည်။ ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းအခန်း ၂၊ အပိုဒ် ၇၊ အပိုဒ်ခွဲ ၁(ဃ)တွင် “အများပြည်သူ ဆိုင်ရာလုပ်ငန်းတာဝန်များကို မှန်ကန်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် နည်းလမ်းတကျ ထမ်းဆောင်မှုရှိစေရန်အတွက် သတ်မှတ်ထားသည့်လိုအပ်ချက်များကို ပြည့်မီစွာ စွမ်းဆောင်နိုင်စေရန် အသိပညာပေးလုပ်ငန်းများနှင့် သင်တန်းအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်ပေးရန်နှင့် ယင်းဝန်ထမ်းများက လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာ၌ဖြစ်တတ်သော အဂတိလိုက်စားမှုအန္တရာယ်များနှင့် စပ်လျဉ်း၍လည်း သိရှိနားလည်မှုတိုးတက်စေရန်အတွက် ဆီလျော်သည့် အထူးပြုသင်တန်းများကိုလည်း ပံ့ပိုးဆောင်ရွက်ပေးရမည်။ ယင်းသို့ အစီအစဉ်များချမှတ်ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနယ်ပယ်ကဏ္ဍများ၌ အပြုအမူဆိုင်ရာစံနှုန်းများနှင့် ကျင့်ဝတ်ဥပဒေများကိုကိုးကား၍ ဆောင်ရွက်ပေးရမည်”ဟု ပြဋ္ဌာန်းသတ်မှတ်ထားပါသည်။

နိုင်ငံ့ဝန်ထမ်းနှင့် ကျင့်ဝတ်များ

နိုင်ငံ့ဝန်ထမ်းများလိုက်နာကျင့်သုံးရန်အတွက် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးနှင့် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ထုတ်ပြန်ပြဋ္ဌာန်းထားပါသည်။ ထို့အပြင် ဝန်ကြီးဌာန/အဖွဲ့အစည်းများကလည်း မိမိတို့ဌာန/အဖွဲ့အစည်း၏ လုပ်ငန်းသဘောသဘာဝနှင့်ကိုက်ညီသည့် သီးခြားကျင့်ဝတ်များကို ထုတ်ပြန်ပြဋ္ဌာန်းထားရှိပါသည်။ ၎င်းကျင့်ဝတ်များတွင် ဖြောင့်မတ်တည်ကြည်မှုရှိစေရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အထောက်အပံ့ဖြစ်စေသော ပြဋ္ဌာန်းချက်များပါရှိပါသည်။

သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရင်း

ကျင့်ဝတ်ဆိုင်ရာသင်တန်းများကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ရေရှည်အကျိုးဖြစ်ထွန်းလာသည်ကို နိုင်ငံများက အသိအမှတ်ပြုလာကြပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများကလည်း နိုင်ငံများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အစိုးရအရာရှိများအား ကျင့်ဝတ်ဆိုင်ရာအသိပညာပေးလုပ်ငန်းများကို ပုံဖော်မှုမှန်ကန်စေရန်အတွက် ကြိုးစားအားထုတ်လုပ်ဆောင်ကြရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိပါသည်။ ကျင့်ဝတ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူများအား ကောင်းမွန်စွာဝန်ဆောင်မှုပေးနိုင်စေရန်တို့ ဖြစ်ပါသည်။

အဂတိလိုက်စားမှုများများပြားစွာဖြစ်ပေါ်နေသော နိုင်ငံများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအေဂျင်စီများ ဖွဲ့စည်းတည်ထောင်ခါစအချိန်များ၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ စိန်ခေါ်မှုများစွာကြုံတွေ့ရခြင်း၊ အခြားအရေးကြီးသော ပြုပြင်ပြောင်းလဲမှုများစွာကို ဦးစားပေး လုပ်ဆောင်နေရခြင်း၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အတွေ့အကြုံများနည်းပါးခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူခြင်းကဲ့သို့သော လျင်မြန်သည့်ရလဒ်ကိုရယူလိုခြင်း စသည်တို့ကြောင့် ကျင့်ဝတ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်းကို အစောပိုင်းကာလများတွင် လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။

သင်တန်းဖွင့်လှစ်ရန်အတွက် လိုအပ်ချက်များ

ကျင့်ဝတ်ဆိုင်ရာသင်တန်းအတွက် လိုအပ်ချက်များသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကွဲပြားခြားနားနိုင်သောကြောင့် သင်တန်းအစီအစဉ်မစတင်မီ လိုအပ်ချက်များကို ရှင်းရှင်းလင်းလင်းနားလည် သဘောပေါက်ထားရန်လိုအပ်ပါသည်။ သင်တန်းလိုအပ်ချက်အကဲဖြတ်ခြင်းသည် သင်တန်း၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်နိုင်ခြင်းနှင့် ကုန်ကျစရိတ်များအား ထိရောက်သက်သာစေခြင်းများကို ဖြစ်ပေါ်စေပါသည်။ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုတွင်ရှိနေသော ဖြောင့်မတ်တည်ကြည်မှုအဆင့်အတန်း သို့မဟုတ် အဂတိလိုက်စားမှုအဆင့်အတန်းတို့ကို စစ်တမ်းကောက်ယူခြင်း သို့မဟုတ် လေ့လာမှုတစ်ခုပြုလုပ်ခြင်းသည်လည်း သင်တန်းလိုအပ်ချက်ကို အဖြေရှာရာတွင် အထောက်အကူပြုစေနိုင်ပါသည်။

ကျင့်ဝတ်ဆိုင်ရာသင်တန်းများဖွင့်လှစ်ရာတွင် နိုင်ငံအလိုက် လူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာအရ သင်ရိုးများကွဲပြားနိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်းများကို ကျင့်ဝတ်သင်တန်းပို့ချခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံရသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကုန်ကျစရိတ်များပြားနိုင်သောကြောင့် သင်တန်းသင်ကြားမည့် ပုံစံဒီဇိုင်းကောင်းမွန်ရန်နှင့် ထိရောက်သော သင်ရိုးညွှန်းတမ်းဖြစ်စေရေးမှာ အရေးကြီးပါသည်။ သင်တန်းပို့ချရန်အတွက် ဦးတည်အုပ်စုများ ရွေးချယ်ရန်သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ နိုင်ငံအများစုတွင် နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်မည့် အစိုးရအရာရှိများ၊ အဆင့်မြင့်အရာရှိများနှင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေများသော ဌာန/ အဖွဲ့အစည်းများရှိအရာရှိများနှင့် ဌာန/အဖွဲ့အစည်းများရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနများမှ အရာရှိများအား ဦးတည်အုပ်စုအဖြစ်ရွေးချယ်၍ သင်တန်းပို့ချကြောင်း သုတေသနတွေ့ရှိချက်များမှ သိရှိရပါသည်။ သီအိုရီသင်ခန်းစာများအား လက်တွေ့လုပ်ဆောင်လေ့လာထားသော ကိစ္စရပ်များ၊ အလုပ်ရုံဆွေးနွေးပွဲများဖြင့် ရောနှောသင်ကြားသည့် နည်းစနစ်များဖြင့် သင်ကြားခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင်တန်း၏အကျိုးရလဒ်ကို ရေတိုကာလတွင် မရရှိနိုင်သော်လည်း ရေရှည်ကာလတွင်မူ မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ သင်တန်းဖွင့်လှစ်ရုံမျှဖြင့် ကျင့်ဝတ်ဆိုင်ရာအရည်အသွေးများ တိုးတက်လာနိုင်မည်မဟုတ်ဘဲ သင်တန်းမှရရှိလာသော အတွေ့အကြုံများအား လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် အသုံးချရန်လည်း လိုအပ်ပါသည်။

သင်တန်းသားနှင့် သင်တန်းနည်းပြ ရွေးချယ်ခြင်း

သင်တန်းကုန်ကျစရိတ်အား ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေးနှင့် သင့်တော်သော(ဥပမာ- အဂတိလိုက်စားမှုဖြစ်နိုင်ခြေများသော ဌာန/အဖွဲ့အစည်းများမှ) သင်တန်းသားများပါဝင်ရေးသည်အရေးကြီးသည့်အတွက် သင်တန်းသားရွေးချယ်ရာတွင် ဂရုပြုရွေးချယ်ရမည်ဖြစ်သည်။ ထို့အတူ အရည်အသွေးကောင်းမွန်သော သင်တန်းတစ်ခုဖြစ်ရေးအတွက် သင်တန်းနည်းပြရွေးချယ်ရေးသည်လည်း အရေးပါပါသည်။ သင်တန်းကို တာဝန်ယူထားသည့်အဖွဲ့အစည်းမှ အမြဲတမ်းဝန်ထမ်းများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကျွမ်းကျင်သူများ၊ ပြည်တွင်းပြည်ပကျွမ်းကျင်ပညာရှင်များ၊ သင်တန်းနည်းပြအဖြစ် ရွေးချယ်လေ့ကျင့်ပေးထားသူများကို သင်တန်းနည်းပြအဖြစ် ရွေးချယ်လေ့ရှိပါသည်။ ထိရောက်သော သင်တန်းတစ်ခုဖြစ်စေရေးအတွက် ကျွမ်းကျင်မှု၊ ကျင့်ဝတ်ဆိုင်ရာ အသိပညာဗဟုသုတ ကြွယ်ဝမှုနှင့် ခေတ်မီသင်ကြားနည်းစနစ်များကို အသုံးချနိုင်မှုတို့လည်း လိုအပ်ပါသည်။

စာသိကျင့်သိ

အခြားနိုင်ငံများနည်းတူ မိမိတို့မြန်မာနိုင်ငံသည်လည်း သန့်ရှင်းသောအစိုးရနှင့်ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ဖြစ်ပေါ်လာရေးအတွက် အားသွန်ခွန်စိုက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ပေါ်ပေါက်လာရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုမှာ အရေးပါသကဲ့သို့ နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာလည်း အရေးကြီးပါသည်။ နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ ဖြောင့်မတ်တည်ကြည်မှုရှိမှုနှင့် ကျင့်ဝတ်စောင့်ထိန်းမှုတို့မှ လမ်းချော်လွဲမှားစေသည့် အဓိကအချက်မှာ အဂတိလိုက်စားမှုပင်ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအဂတိလိုက်စားမှုများကြောင့် နိုင်ငံတော်ပိုင်ငွေကြေးနှင့် ပစ္စည်းဥစ္စာဆုံးရှုံး၍ အုပ်ချုပ်မှုလုပ်ငန်းစဉ်များ လျော့ရဲလာကာ အစိုးရအပြောင်းအလဲဖြစ်သည်အထိ သက်ရောက်မှုရှိသည့်နိုင်ငံများကို မြင်တွေ့နိုင်ပါသည်။ နိုင်ငံ့ဝန်ထမ်းများသည် သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ပါက ပြည်သူများ၏ ယုံကြည်မှုကိုရရှိပြီး ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ကို ဖြစ်ပေါ်စေကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ နိုင်ငံ့ဝန်ထမ်းများ ဖြောင့်မတ်တည်ကြည်မှုရှိစေရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ထုတ်ပြန်ပြဋ္ဌာန်းထားသော ကျင့်ဝတ်များသည်သာမက ကျင့်ဝတ်ဆိုင်ရာသင်တန်းများသည်လည်း အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။ ။

ကိုးကား-      

Ethics Training for Public Officials (OECD)

www.accm.gov.mm