Skip to main content

သဘာဝဘေးအန္တရာယ်သတိပြု ကြိုတင်ပြင်ဆင်ကာကွယ်

အောင်ထက်လင်း (ကြိမ်ချောင်း)

ကမ္ဘာတစ်ဝန်းတွင် ရာသီဥတုပြောင်းလဲခြင်းကို ရင်ဆိုင်နေကြရရာ မြန်မာနိုင်ငံသည်လည်း အပါအဝင်ဖြစ်သည်။ မုတ်သုံအဝင်နောက်ကျခြင်း၊ မုတ်သုံအထွက်စောခြင်း စသည့်ပြောင်းလဲမှုများကြောင့် မုတ်သုံကာလရက်ပေါင်း ၂၁ ရက်ခန့် တိုတောင်းလာသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကထားသော လူမှုစီးပွားဘဝကိုမြှင့်တင်လျက်ရှိရာ မုတ်သုံကာလတိုတောင်းမှုသည် မုတ်သုံမိုးကို မှီခိုနေရသည့် စိုက်ပျိုးရေးလုပ်ငန်းများကို အခက်အခဲဖြစ်စေသည်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှစ၍ မုတ်သုံကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကမြစ်ကြီးများတွင် နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်မှာ ရာသီဥတု ပြောင်းလဲခြင်း၏ ထင်ရှားသောသာဓကဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၃၀

မြန်မာနိုင်ငံသည် မုန်တိုင်းအန္တရာယ်အနည်းဆုံးနိုင်ငံဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်တိုင်းလည်း မြန်မာနိုင်ငံတွင် အန္တရာယ်မရှိကြောင်း သိရသည်။ မြန်မာ့ကမ်းရိုးတန်းသို့ မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှုကို လေ့လာရာတွင် မိုးကြိုကာလဖြစ်သည့် ဧပြီလနှင့် မေလတို့ထက် မိုးလွန်ကာလဖြစ်သည့် အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် မုန်တိုင်းဖြတ်ကျော်ဝင်ရောက်မှု ပိုမိုများပြားကြောင်း သိရသည်။ မြန်မာနိုင်ငံသဘာဝဘေးအန္တရာယ် မိုးကြိုကာလနှင့်မိုးလွန်ကာလများကို မုန်တိုင်းရာသီအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ မုတ်သုံကာလအတွင်း မုန်တိုင်းဖြစ်ခဲ့လျှင် မုတ်သုံအင်အားကောင်းစေကာ မိုးပိုမိုရရှိစေပါသည်။ ဖြစ်ပွားသည့်မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းကို တည့်တည့်မတ်မတ်ဖြတ်ပြီဆိုလျှင် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေသည်။ ရာသီဥတု ပြောင်းလဲမှုများကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပွားမှုများမှာ တစ်နှစ်ထက်တစ်နှစ် လျော့နည်းလျက်ရှိကြောင်း သိရသည်။ မုန်တိုင်းအကြိမ်ရေနည်းသွားသော်လည်း မုန်တိုင်းဖြစ်ပွားပြီး မြန်မာ့ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်ပြီဆိုလျှင်လည်း အင်အားကြီးမုန်တိုင်းများအဖြစ်သို့ ရောက်ရှိတတ်သည်။ မုန်တိုင်းဖြစ်ပေါ်မှုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၃၀ အတွင်း တစ်ကြိမ်မျှ ဖြစ်ပေါ်ခဲ့ဖူးခြင်းမရှိသော မတ်လအတွင်းဖြစ်ပေါ်ခဲ့ခြင်း၊ မုန်တိုင်းအဖြစ်နည်းသော ဧရိယာဖြစ်သည့် ကပ္ပလီပင်လယ်ပြင်တွင် အစပျိုးဖြစ်ပွားခဲ့သည်။

မုန်တိုင်းဖြစ်ပေါ်မှု သတင်းနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိသည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများစွာအချိန်ရရှိခဲ့သည်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစုအစပိုင်းမှစတင်ကာ သိသိသာသာထင်ရှားလာခဲ့သည်။ ရာသီဥတုပုံမှန်မဟုတ်ဘဲ ပြောင်းလဲဖောက်ပြန်မှုတွင် အပူလှိုင်းများကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်ကျရောက်မှုများမှာ ပြင်းထန်လာပြီးဖြစ်ပေါ်မှုအကြိမ်အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ထိခိုက်ခံစားနေကြရသည့်အနက် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်အခြေအနေ မြင့်မားသည့်နိုင်ငံများတွင် မြန်မာနိုင်ငံလည်းပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပူပြင်းခြောက်သွေ့သော မိုးကြိုကာလဖြစ်ပြီး မကြာမီရာသီအကူး အပြောင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိထားကြ ရမည်ဖြစ်သည်။

သမိုင်းဝင်သည့်သဘာဝဘေးအန္တရာယ်ကြီး

ကမ္ဘာကြီးအပူချိန်တိုးလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရာသီဥတုပြောင်းလဲမှုများက မြန်မာနိုင်ငံကိုလည်း သက်ရောက်စေခဲ့ရာ မိုးလေဝသမှတ်တမ်းများအရ ၁၉၇၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် နွေရာသီအပူချိန်များ သိသာစွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ အပူချိန်က ပင်လယ်သမုဒ္ဒရာရေပြင်များနှင့် ကုန်းမြေတို့အပေါ်တွင်လည်း သက်ရောက်စေသည့်အတွက် မုန်တိုင်းများဖြစ်ပေါ်စေနိုင်သည့် အခြေခံအကြောင်းတရားဖြစ်ရာ မိုးကြိုကာလမုန်တိုင်းအန္တရာယ်ကို သတိရှိနေရမည်ဖြစ်သည်။ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် ဝင်ရောက်တိုက်ခတ်သွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးသည် ဧပြီလ ၂၈ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်သန္ဓေတည်ခဲ့ပြီး မေလ ၁ ရက်နေ့တွင် ဧရာမမုန်တိုင်းကြီးအဖြစ် ရောက်ရှိသွားကာ မေလ ၂ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင်ကီလိုမီတာ ၂၁၀ နှုန်းဖြင့် ကုန်းမြေဆီသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီးကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့်သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့သည့်အပြင် နောက်ဆက်တွဲ လူမှုဒုက္ခများစွာတို့မှာ မကြုံစဖူးကြီးမားခဲ့သည်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်ငွေထရီလီယံ ၁၁ ဒသမ ၇ အထိရှိခဲ့ရာ သမိုင်းဝင်သည့် သဘာဝဘေးအန္တရာယ်ကြီးဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လေမုန်တိုင်းတိုက်ခတ်မှု၊ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျရေကျဆင်းခြင်း၊ မြေပြိုခြင်း၊ မြစ်ရေကြီးခြင်း စသည့်သဘာဝဘေးအန္တရာယ်များကို နှစ်စဉ်ရာသီအလိုက်ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များအဖြစ် ကြိုတင်ပြင်ဆင်ကာ ဘေးအန္တရာယ်လျော့ပါးသက်သာရေးအတွက် အစိုးရကစီမံဆောင်ရွက်လျက်ရှိသကဲ့သို့ ဘေးအန္တရာယ်ကျရောက်နိုင်သည့် ဒေသများတွင်နေထိုင်ကြသည့် ပြည်သူများအနေဖြင့်လည်း ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းတွင်ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ်တစ်မျိုးမဟုတ် တစ်မျိုးကြုံတွေ့လျက်ရှိသည်။ ကြိုတင်ခန့်မှန်းနိုင်သော အမျိုးအစားများရှိသလို မခန့်မှန်းနိုင်သော သဘောမျိုးလည်းရှိတတ်သည်ကို သတိမူရမည်ဖြစ်သည်။ မိုးလေဝသသတင်းများနှင့် သဘာဝပတ်ဝန်းကျင်ကို သတိပြုအလေးထားပြီး ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

မိုးလေဝသသတင်းအချက်အလက်များ

အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံတွင်ဆိုလျှင် မုတ်သုံမိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူသန်းနှင့်ချီ၍ ရေဘေးရှောင်ကြရပြီး နောက်ထပ်သန်းပေါင်းများစွာတို့မှာလည်း ရေဘေးအန္တရာယ်ခြိမ်းခြောက်မှုကိုခံနေရခြင်းနှင့် ရေဘေးကြောင့် လူ့အသက်ဆုံးရှုံးမှုတို့ဖြစ်ပေါ်နေကြောင်း သတင်းများတွင်တွေ့ရှိရသည်။ မိုးကြီးသည့် ရာသီဥတုဖြစ်စဉ်သည် မြစ်ချောင်းများတွင် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး ဒေသအချို့တွင် ရုတ်တရက်ရေကြီးခြင်း၊ တောင်ပြို၊ မြေပြိုခြင်း၊ မြစ်ကမ်းပါးများ ပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ဖြစ်ပေါ်စေသည့် မြန်မာနိုင်ငံသည် ပထဝီအနေအထား၊ မြေပြင်အနေအထားတို့ကြောင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သည့် အလားအလာမြင့်မားသည့်နိုင်ငံဖြစ်သည်။ နှစ်စဉ် မုတ်သုံမိုးနှင့်အတူ မြစ်ရေမြင့်တက်မှုမှာ ပုံမှန်ဖြစ်စဉ်ဖြစ်သော်လည်း လာနီညာသက်ရောက်မှုကြောင့် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ပြီး မိုးရွာသွန်းမှုပိုမိုနိုင်ခြင်းကြောင့် ရေကြီးသည့်အန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိသည်။ မိုးကြိုမိုးနှောင်းကာလများသည် ရာသီအပြောင်းအလဲများနှင့်အတူ မိုးလေဝသဖြစ်စဉ်များ ထူးထူးခြားခြားဖြစ်ပေါ်လေ့ရှိသည့် ကာလများဖြစ်သည့်အလျောက် ပင်လယ်ပြင်နှင့် မြစ်ချောင်းများတွင် ရေယာဉ်များဖြင့် သွားလာရာတွင်လည်းကောင်း၊ ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ကိုင်ရာတွင်လည်းကောင်း မီဒီယာအမျိုးမျိုးမှတစ်ဆင့် အသိပေးထုတ်ပြန်ကြေညာလျက်ရှိသည့် မိုးလေဝသသတင်းအချက်အလက်များကို ဂရုတစိုက်စောင့်ကြည့်ရန် လိုအပ်သည်။

မုန်တိုင်းဝင်ရောက်ပါက မုန်တိုင်းဒီရေအမြင့် ဆုံးဖြစ်တတ်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ မုန်တိုင်းဝင်ရောက်သည့်ဒေသသည် ရေတိမ်ဒေသ၊ ပင်လယ်အော်အဝဘက်၊ ရေထချိန်၊ လူနေထူထပ်မှု၊ ကမ်းရိုးတန်းကို ထောင့်မှန်ကျဝင်ရောက်မှု၊ မြစ်လက်တက်များသည့်ဒေသ စသည့်အချက်များ နှင့်ကိုက်ညီလျှင် အသေအပျောက်၊ အပျက်အစီးပိုမိုများပြားနိုင်သည်ကို အထူးသတိပြုရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် မုန်တိုင်းသတင်း၊ မုန်တိုင်းသတိပေးချက်များကို နိုင်ငံ၏တရားဝင်ထုတ်ပြန်ခွင့်ရှိသော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များ၊ ကမ္ဘာ့မိုးလေဝသအဖွဲ့က အသိအမှတ်ပြုထားသော မိုးလေဝသအထူးဝက်ဘ်ဆိုက်များမှ ခန့်မှန်းချက်များကိုသာ ယုံကြည်စွာ စောင့်ကြည့်ရမည်ဖြစ်သည်။

ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြားဖြစ်ပေါ်

မုန်တိုင်းဖြစ်ပေါ်သည်နှင့် မုန်တိုင်းအခြေအနေသတင်းများကို နိုင်ငံပိုင်သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် မိုးလေဝသနှင့်ဇလဗေဒဌာနမှ အသိပေးထုတ်ပြန်ချက်များကို မျက်ခြည်မပြတ်ဂရုစိုက် နားထောင်မှတ်သားရန်လိုအပ်သည်။ မုန်တိုင်းဒဏ်ခံနိုင်သောနေရာ၊ အဆောက်အအုံများကို ကြိုတင်ရွေးချယ်ထားဖို့လိုသည်။ မုန်တိုင်းကျရောက်တော့မည်ဆိုပါက လိုအပ်သောသောက်သုံးရေ၊ အစားအစာ၊ အဝတ်အထည်စသည့် ပစ္စည်းများကိုကြိုတင်ပို့ဆောင် စုဆောင်းထားရန်လိုသည်။ မုန်တိုင်းဗဟိုချက်မှ ဖြတ်သန်းသွားပြီးနောက် နာရီဝက်အတွင်း ပိုမိုပြင်းထန်သောလေတိုက်ခတ်တတ်သည်ကို သတိပြုရမည်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် အချို့သော မုန်တိုင်းကြီးများသည် ရာစုနှစ်တစ်ခုအတွင်း ထူးထူးခြားခြားဖြစ်ပေါ်လာတတ်သည်ကို သတိပြုဖို့လိုသည်။ ပြည်သူများအနေဖြင့် နေထိုင်ရာဒေသများတွင် မိမိတို့ဘဝသက်တမ်းတစ်လျှောက်၌ ကြီးမားသောမုန်တိုင်းအန္တရာယ်ကို မကြုံတွေ့ခဲ့ဖူး၍ မုန်တိုင်းကို ပေါ့ပေါ့ဆဆမနေထိုင်ကြဘဲ သက်ဆိုင်ရာမှ သတိပေးချက်များကို ဂရုပြုလိုက်နာရမည်ဖြစ်သည်။

မုန်တိုင်းအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများသည် များစွာအရေးပါသည်။ အသိနှင့်သတိကိုထားရှိကာ ကြိုတင်သတိပေးချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန်နှင့် သဘာဝဘေးအန္တရာယ်တစ်ရပ် ရိုက်ခတ်ပြီးနောက်ပိုင်း ထိခိုက်ခံစားခဲ့ရသော လူ့အသိုင်းအဝိုင်းအသီးသီးတို့ ပုံမှန်ဘဝသို့ လျင်မြန်စွာပြန်လည်ရောက်ရှိနိုင်ရေးအတွက် အမြော်အမြင်ရှိသည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ မရှိမဖြစ်လိုပါကြောင်း ရေးသားလိုက်ရပါသည်။ ။