Skip to main content
ဆောင်းပါး

သတိထားရမည့် မျောက်ကျောက်‌ရောဂါ

ပေါက်ပေါက်

မျောက်ကျောက်ဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ပျံ့နှံ့နေကာ လေ့လာမှုအသစ်တစ်ခုအရ ယခင်ကအာဖရိကတွင် ဖြစ်ပွားသည့် ရောဂါလက္ခဏာနှင့်မတူသည့် လက္ခဏာအသစ်များ‌တွေ့လာရသည်ဟု သိရသည်။ ဗြိတိသျှဆေးပညာဂျာနယ် (BMJ) ၏ လေ့လာမှုအရ အချို့လူနာများသည် စအိုသို့မဟုတ် စအိုဝနာခြင်းနှင့် အချို့တွင် နှစ်မျိုးလုံးခံစားရကြောင်း တွေ့ရှိခဲ့သည်။ New England Journal of Medicine ကို ကိုးကားထားသော လေ့လာမှုအရလူနာများ၏ ၉၅ ရာခိုင်နှုန်းသည် အဓိကအားဖြင့် အနာနှင့်အကျိတ်အနာများအပါအဝင် ခန္ဓာကိုယ်၌ အဖုအပိမ့်များပင် ပေါ်ပေါက်လာသည်ဟုဆိုသည်။ ၎င်းဝေဒနာသည်များ၏ ၉၈ ရာခိုင်နှုန်းခန့်သည် အမျိုးသားချင်း လိင်တူဆက်ဆံခြင်းနှင့် မသန့်ရှင်းသော အိပ်ရာ၊ အသုံးအဆောင်ပစ္စည်းများကြောင့်ဖြစ်ကြောင်း သိရသည်။

မျောက်ကျောက်ရောဂါရှိသူ ၁၅ ရာခိုင်နှုန်း၌ စအိုနှင့်စအိုဝတွင် နာကျင်ခြင်းလက္ခဏာများ ပြသနေသည်ကို မထင်မှတ်ဘဲတွေ့ရှိပြီးနောက် ယခု လက္ခဏာအသစ်များကို မျောက်ကျောက်၏ လက္ခဏာများအဖြစ် ထည့်သွင်းသင့်သည်ဟု လေ့လာမှုတစ်ရပ်ကဆိုပါသည်။ ထပ်မံ၍လည်း ယခုသုံးသပ်ချက်သည် လက္ခဏာအားလုံးကိုမခြုံငုံမိသဖြင့် အခြားလက္ခဏာများလည်းရှိ‌နိုင်သည်ဟု သိရသည်။ မျောက်ကျောက်သည် ကျောက်ရောဂါကဲ့သို့ ဗိုင်းရပ်စ်မျိုးစုဝင်ဖြစ်သည်။ အင်္ဂလန်တွင် မျောက်ကျောက်လူနာ ၂၀၅၀ နှင့် အမေရိကတွင် ၂၀၀၀ ကျော်ကို တွေ့ရှိထားပြီး အင်္ဂလန်ရှိ လန်ဒန်မြို့တွင် အဆိုးရွားဆုံးဖြစ်ကြောင်း ဇူလိုင်လစတုတ္ထပတ် အစီရင်ခံစာများတွင် တင်သွင်းရေးသားထားပါသည်။

အမေရိကန် CDC မှ ဖော်ပြချက်အရ မျောက်ကျောက်ရောဂါလက္ခဏာများတွင်ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ခန္ဓာကိုယ်တွင်းရှိ အဖုလေးများ ရောင်ရမ်းခြင်း၊ ချမ်းခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများဖြစ်သည့် လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်းနှင့် ချောင်းဆိုးခြင်းများပါဝင်သည်။ မျောက်ကျောက်ရောဂါပိုးကူးစက်ပြီး ရက်သတ္တပတ်သို့မဟုတ် နှစ်ပတ်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လေ့ရှိပြီးမျက်နှာတွင် ဝက်ခြံ သို့မဟုတ် အရည် ကြည်ဖုများကဲ့သို့ အဖုများထွက်နိုင်ကာ ဖျားနာမှုသည် ပုံမှန်အားဖြင့် ရက်သတ္တနှစ်ပတ်မှ လေးပတ်ကြား ကြာတတ်သည်ဟုလည်း CDC က ပြောကြားခဲ့သည်။

မျောက်ကျောက်ရောဂါ

မျောက်ကျောက်ရောဂါဆိုသည်မှာ မျောက်ကျောက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်မျိုးဖြစ်သည်။ ၁၉၅၈ ခုနှစ်က ကျောက်ရောဂါနှင့်ဆင်တူသည့် ရောဂါတစ်ခုအဖြစ် မျောက်များတွင် စတင်တွေ့ရှိခဲ့ပါသည်။ ပထမဆုံးလူသားတွင် ဖြစ်ပွားမှုကို ၁၉၇၀ ပြည့်နှစ်မှာ အာဖရိကအလယ်ပိုင်း ကွန်ဂိုနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည်။ ထို့နောက် အာဖရိကနိုင်ငံများတွင် အဆိုပါရောဂါဖြစ်ပွားမှုကို ကြိုးကြားကြိုးကြား တွေ့ရှိခဲ့ကြသည်။ ယခုနှစ်အတွင်း အာဖရိကအလယ်ပိုင်း၊ အာဖရိကအနောက်ပိုင်းတို့တွင်သာမက ဥရောပ၊ မြောက်အမေရိကနှင့် ကမ္ဘာနေရာအနှံ့အပြားတွင် ကူးစက်ပျံ့နှံ့လာပြီဖြစ်သည်။

မူရင်းတွေ့ရှိခဲ့သော မျောက်ကျောက်ရောဂါသည် ရောဂါပိုးရှိသော လူ သို့မဟုတ် တိရစ္ဆာန် သို့မဟုတ် အရာဝတ္ထုပစ္စည်းများနှင့် အနီးကပ်ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်းဖြင့် ကူးစက်နိုင်ပါသည်။ ထိုကာလများ၌ လူအချင်းချင်း ကူးစက်မှုကို အနည်းငယ်သာတွေ့ရှိရပါသည်။ သို့သော် ၂၀၂၂ ခုနှစ် မေလအတွင်းကပ်ရောဂါအသွင် ပျံ့နှံ့လာသည့် မျောက်ကျောက်ရောဂါမှာ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်နိုင်ကြောင်းနှင့် မျောက်ကျောက်ရောဂါ၏ မျိုးဗီဇအပြောင်းအလဲသည် မျှော်လင့်ထားသည်ထက် ၁၂ ဆ ပိုမြန်ဆန်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးသူငယ်များနှင့် မူလကိုယ်ခံအား ချို့ယွင်းသူများတွင် အဆိုပါရောဂါပိုးကူးစက်ခံရပါက ပိုမိုပြင်းထန်သောလက္ခဏာများ ဖြစ်နိုင်ခြေရှိပြီး၊ ရှားရှားပါးပါးအခြေအနေများတွင် မျောက်ကျောက်ရောဂါဖြင့် သေဆုံးနိုင်ကြောင်း သိရသည်။

ဥရောပသည် လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ ရောဂါကူးစက်မှု၏ ဗဟိုချက်အဖြစ်ရှိနေပြီး ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အတည်ပြုထားသော ကူးစက်ခံရသူ၏ ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။ ထိုရောဂါ ကူးစက်ခံရသူအများဆုံးဖြစ်နေသော သုံးနိုင်ငံမှာ ဗြိတိန်၊ စပိန်နှင့် ပေါ်တူဂီတို့ဖြစ်ကြသည်။ မျောက်ကျောက်ရောဂါသည် ဗြိတိန်နိုင်ငံ၌ လူငယ်လူရွယ်အများစုအကြားတွင် ကူးစက်နေကြောင်း လန်ဒန်မြို့တော်မှ ကူးစက်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်သူများက ဆိုပါသည်။

တိရစ္ဆာန်များကြောင့် ကူးစက်ရောဂါဖြစ်ပွားမှု အာဖရိက၌ မြင့်တက်လာ

အာဖရိက၌ ၂၀၁၂ ခုနှစ် မှ ၂၀၂၂ ခုနှစ်အကြား တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံကူးပြောင်းလာသော ကူးစက်ရောဂါများဖြစ်ပွားမှု ကြိမ်ရေသည် ပြီးခဲ့သောဆယ်စုနှစ်ကထက် ၆၃ ရာခိုင်နှုန်း ပိုမြင့်မားလာခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဇူလိုင် ၁၄ ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ယင်းကဲ့သို အာဖရိကတိုက်၌ တိရစ္ဆာန်များမှတစ်ဆင့် လူသားများထံကူးပြောင်းလာသော ကူးစက်ရောဂါများ ဖြစ်ပွားမှုကြိမ်ရေ မြင့်တက်လာမှုသည် အနာဂတ်ကာလ၌ ကမ္ဘာကြီးအနေဖြင့် မျောက်ကျောက်ဗိုင်းရပ်စ်ရောဂါ၊ အီဘိုလာဗိုင်းရပ်စ်ရောဂါနှင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကဲ့သို့ ဗိုင်းရပ်စ်ကူးစက်ရောဂါများနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်တက်လာမှု၏ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း WHO မှကျွမ်းကျင်သူများက သတိပေးထားသည်။ ကူးစက်ရောဂါကြီးများအဖြစ် မပြောင်းလဲမီတိရစ္ဆာန်များမှတစ်ဆင့် လူသားများထံသို့ ကူးစက်နိုင်သော ဗိုင်းရပ်စ်ကူးစက်ရောဂါများကို ထိန်းချုပ်နိုင်ရန်၊ ကူးစက်ရောဂါများ၏ ဗဟိုချက်အာဖရိကဖြစ်လာမည့်အရေးကို တားဆီးရန်လိုအပ်နေပြီဖြစ်ကြောင်း WHO က သုံးသပ်ထားပါသည်။

WHO ထုတ်ပြန်ချက်

မျောက်ကျောက်ရောဂါကူးစက်မှုသည် ယခုနှစ် ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြားတွင် ၇၇ ရာခိုင်နှုန်း မြင့်တက်လာပါသည်။ ဤဆောင်းပါးရေးနေချိန် ဇူလိုင်လ စတုတ္ထပတ်အထိ နိုင်ငံနှင့် ဒေသပေါင်း ၇၅ ခုတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၆၀၀၀ ကျော်ရှိနေပြီး သေဆုံးသူငါးဦးတွေ့ရသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှားဖြစ်ပွားနေသော အခြေအနေကိုကြည့်ပြီး “မျောက်ကျောက်ရောဂါဟာ ယခင်က ဖြစ်ပွားလေ့မရှိသော နိုင်ငံများတွေမှာပါ ရောဂါပျံ့နှံ့လာပါတယ်။ မျောက်ကျောက်ကူးစက်ရောဂါပြင်းထန်မှု အတိုင်းအဆနှင့် ပတ်သက်ပြီး WHO ကျွမ်းကျင်သူများအရေးပေါ်ကော်မတီအနေဖြင့် ဘုံသဘောတူညီချက် မရယူနိုင်ခဲ့သော်လည်း ဒါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရ အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) ဖြစ်တယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ပါတယ်” ဟု ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က ဇူလိုင် ၂၃ ရက် စနေနေ့ တွင် သတင်းမီဒီယာများကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ၎င်းကယခုလို နိုင်ငံတကာအတွက် စိုးရိမ်ရသော အများပြည်သူအရေးပေါ်ကျန်းမာရေးအခြေအနေကို နိုင်ငံအားလုံးက ပူးပေါင်းဆောင်ရွက်ပြီး ဝိုင်းဝန်းတုံ့ပြန်ဆောင်ရွက်ကြရန်အတွက် သတိပေးလိုက်ခြင်းဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ကုသမှုများ၊ ကာကွယ်ဆေးဝေမျှပေးကြစေလိုကြောင်းနှင့် ရန်ပုံငွေကိုလည်းထည့်ဝင် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ရောဂါကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်၏ သဘာဝအတိုင်းကူးစက်မြန်ဆန်ပါသည်။ (က) Monkeypox ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံထားရသည့် တောရိုင်းတိရစ္ဆာန်များ သို့မဟုတ် လူအချင်းချင်း ခန္ဓာကိုယ်အရေပြားခြင်း ထိတွေ့မှု၊ (ခ) ခန္ဓာကိုယ်မှထွက်ရှိသောအရည် (တံတွေး၊ နှာရည်၊ သွေး၊ ချွေး၊ ဆီးနှင့် လိင်အင်္ဂါထွက်သောအရည်)၊ (ဂ) လူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိရာမှကူးစက်ခြင်း၊ (ဃ) ရောဂါပိုးရှိသူနှင့် မျက်နှာချင်း ဆိုင်အချိန်အတော်ကြာ ထိတွေ့မိခြင်းနှင့် (င) ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင် ပစ္စည်းများကို လက်ဖြင့်ကိုင်တွယ်မိရာမှတစ်ဆင့် ကူးစက်ခြင်းတို့ဖြစ်ပါသည်။

ကာကွယ်နိုင်မည့် နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် ကူးစက်ရောဂါဖြစ်သည့်အတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက အထူးအရေးကြီးပါသည်။ ကိုဗစ်- ၁၉ စည်းကမ်းချက်များ နှင့်အညီ နေထိုင်တတ်သူများအတွက် မျောက်ကျောက်ရောဂါကိုကာကွယ်ရန် မခဲယဉ်းလှပေ။ (က) Monkeypox(မျောက်ကျောက်ရောဂါ) လက္ခဏာ ခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ (ခ) လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်းပါဝင်သော ရေမလို လက်သန့်စင်ဆေးရည် အသုံးပြု၍ စနစ်တကျ ဆေးကြောပါ။ (ဂ) ပါးစပ်နှင့် နှာခေါင်းစည်း(Mask) ကို စနစ်တကျတပ်ဆင်ပါ။ (ဃ) တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေပါ။ (င) နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ။ (စ) အစားစိမ်းများကို ကျက်အောင်ချက်စားပါ။ (ဆ) တောရိုင်းတိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်။ (ဇ) လက်မဆေးဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါနှင့်။ (စျ) လူအများသုံး သန့်စင်ခန်း၊ တံခါးလက်ကိုင်၊ လှေကားအတက်အဆင်း လက်ရန်းများ၊ ဘတ်စ်ယာဉ်ထိုင်ခုံ စသည့်ထိတွေ့မှုများကို အထူးဂရုစိုက်သင့်ပြီး အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးသန့်စင်ပါ။ (ည) တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကောင်းမွန်စေရန် ဆောင်ရွက်ပါ။

မျောက်ကျောက်ရောဂါနှင့် ပတ်သက်၍ နိုင်ငံအများစု၌ကျန်းမာရေးဝန်ထမ်းများအား ရောဂါပိုးရှိသူနှင့် မထိတွေ့ခင် သို့မဟုတ် ထိတွေ့ပြီးနောက် ကျောက်ကြီးရောဂါကာကွယ်ဆေး(Small Pox)ကို ထိုးနှံထားကြရန် အကြံပြုတိုက်တွန်းထားပါသည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုအပါအဝင် တိုးတက်ဖွံ့ဖြိုးပြီးသော အနောက်နိုင်ငံတချို့၌ ကာကွယ်ဆေးကို အများပြည်သူတို့တွင်လည်း ထိုးနှံနေကြကြောင်း လေ့လာသိရပါသည်။

ကြိုတင်ပြင်ဆင်မှုများ

ကျန်းမာရေးဝန်ကြီးဌာနက စဉ်ဆက်မပြတ် စောင့်ကြည့်နေကာနိုင်ငံအတွင်း ရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်နေခြင်းမှာ အားရဖွယ်ဖြစ်ပါသည်။ Monkeypox နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်း၊ လေကြောင်းများနှင့် နယ်စပ်ဝင်ထွက်ပေါက်များမှတစ်ဆင့် နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများ ဖြည့်စွက်ရမည့်ကျန်းမာရေးမှတ်တမ်းကတ် (Health Declaration Card) တွင် မျောက်ကျောက်ရောဂါနှင့် ပတ်သက်သော အချက်အလက်များ ဖြည့်စွက်ခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ပြည်တော်ပြန်များနှင့် နိုင်ငံခြားသားခရီးသွားများ လေဆိပ်သို့ရောက်ရှိချိန်တွင် ကိုဗစ်-၁၉ ရောဂါအတွက် RDT စစ်ဆေးချိန်၌ မျောက်ကျောက်ရောဂါလက္ခဏာများ စစ်ဆေးခြင်းကိုပါ ကျန်းမာရေးဝန်ထမ်းများက တစ်ပြိုင်တည်း ပြုလုပ်ဆောင်ရွက်နေပါသည်။

နိဂုံးချုပ်အားဖြင့် သတိပေးလိုသည်မှာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရ အရေးပေါ်အခြေအနေအဖြစ် WHO က ကြေညာထားသော မျောက်ကျောက်ရောဂါကို ယခုအခါ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသော ထိုင်း၊ အိန္ဒိယ၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့တွင်လည်း ကူးစက်နေကြပြီဖြစ်သည်။ ထူးခြားချက်အနေဖြင့် အနီးကပ်ဆုံးထိုင်းနိုင်ငံတွင် မျောက်ကျောက်ရောဂါ ကူးစက်မှုကို ခရီးသွား နိုင်ဂျီးရီးယားနိုင်ငံသားတစ်ယောက်တွင် တွေ့ရကာ ထိုဧည့်သည်သည် ဆေးကုမခံဘဲပျောက်နေကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်က သတင်းထုတ်ပြန်ထားသည်။ ဆက်လက်၍ ထိုင်းနိုင်ငံတွင် ဇူလိုင်လနောက်ဆုံးပတ်က ယင်းနိုင်ငံသားတစ်ဦးတွင်လည်း မျောက်ကျောက်ဗိုင်းရပ်တွေ့ရှိရကြောင်း သိရသည်။

ဤဆောင်းပါးရေးသားချိန်အထိ မြန်မာနိုင်ငံအတွင်း Monkeypox ဖြစ်ပေါ်မှု မတွေ့ရသေးသော်လည်း ပြည်တော်ပြန်များအနေနှင့်သော်လည်းကောင်း၊ အကယ်၍ မြန်မာပြည်အတွင်း ယင်းရောဂါပေါ်ပေါက်လာသောအချိန်တွင် လည်းကောင်း မျောက်ကျောက်ရောဂါ လူနာနှင့်အနီးကပ်ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံး သတင်းပေးပို့၍ ကုသမှုခံယူကြပါရန် သတိပေးလိုက်ရပါသည်။ ။