ဥပ္ပါတသန္တိစေတီတော် ရွှေစင်ရွှေပြား လုံးတော်ပြည့်စေသော်
ညိုထွန်းလွင်
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ဂေါပက အဖွဲ့ကဦးဆောင်ကာ စေတီတော်ကြီး၏ ပထမဖောင်းရစ်ဧရိယာ ၂၆၀၄ စတုရန်း ပေအား ရွှေစင်ရွှေပြား၊ ရွှေသင်္ကန်းနှင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။
အံ့ဖွယ်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အမြင့်ပေအောက်တစ်ပေလျော့၍ ၃၂၅ ပေ ဉာဏ်တော်အမြင့်ရှိသော ဥပ္ပါတသန္တိစေတီတော်ကြီးသည် နိုင်ငံတော်အကြီးအကဲနှင့်တကွသော အများပြည်သူတို့၏ ကုသိုလ်ကောင်းမှုကြောင့် လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်နိုင်ရန် ရည်ရွယ်ထားရှိခဲ့ရာ သပ္ပာယ်တင့်တယ်စွာဖြင့် ဗုဒ္ဓဘာသာဝင်များအတွက် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ ဖြစ်တည်လာမည်ဖြစ်ပါသည်။
ဓာတ်တော်အစစ် ခြောက်ဆူ
၄-၈-၂၀၀၆ ရက်နေ့မှ ၉-၃-၂၀၀၉ ရက်နေ့အထိ နှစ်နှစ်ခုနစ်လငါးရက်ကြာ တည်ထားခဲ့ရသော စေတီတော်မြတ်ကြီးတွင် ဂေါတမဘုရားရှင်၏ “သာရီရက” ဓာတ်တော်အစစ်ခြောက်ဆူကို ဌာပနာသွင်းလှူပူဇော်ထားရှိပါသည်။ ထီးတော်တင်လှူပြီးချိန်တွင် အပေါ်ပိုင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်၊ ပန်းလည်တိုင်၊ ငှက်ပျောဖူးတော်၊ ကြာလန်ရွဲနှင့် ကြာမှောက်၊ အောက်ကြာနုအထိ ရွှေစင်ရွှေပြားများကို တစ်ပြိုင်နက်ပူဇော်ထားရှိပြီး စေတီတော် မြတ်ကြီး၏ ဖောင်းရစ်အောက် ကြာမှောက်မှပန်းတည်ခုံသို့တိုင် ရွှေဆေးသင်္ကန်းတော်များ ကပ်လှူပူဇော်ထားရှိခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရွှေစင်ရွှေပြားသုံးကျပ်သားအချပ်ရေ ၁၂၀၇ ချပ်၊ တစ်ကျပ်သားအချပ်ရေ ၂၂၀ တို့ဖြင့် ရွှေဆေးသင်္ကန်းအပါအဝင်အတွက် အလှူရှင်များစွာတို့က ပထမအကြိမ် လှူဒါန်းပူဇော်ခဲ့ကြသည်။ စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စများ ကို ဂေါပကအဖွဲ့ကတာဝန်ယူပြီးနောက် ပထမအကြိမ် ၈-၁၁-၂၀၁၄ ရက်နေ့မှ ၂၀-၂-၂၀၁၅ ရက်နေ့အတွင်း တတိယဖောင်းရစ်ဧရိယာ ၂၂၈၀ ဒသမ ၁၃ စတုရန်းပေအား ရွှေစင်ရွှေပြား ၂၅၅၄ ချပ်ဖြင့် ၂-၂-၂၀၁၅ ရက်နေ့တွင် ကပ်လှူ ပြီးစီးခဲ့ပြီး ကျန်အောက်ခြေ ပန်းတည်ခုံ အထိနေရာတို့အား ရွှေဆေးသင်္ကန်းကို ဆက်လက်ကပ်လှူခဲ့ရာ ၂၀-၂-၂၀၁၅ ရက်နေ့တွင် ပြီးစီးအောင်မြင်ခဲ့သည်။ ဆက်လက်ပြီး ဒုတိယဖောင်းရစ်ဧရိယာ ၂၂၀၀ ဒသမ ၉၆ စတုရန်းပေအား ရွှေစင် ရွှေပြား ၂၂၃၂ ချပ်ကပ်လှူခြင်းနှင့် ကျန်အောက်ခြေပန်းတည်ခုံတိုင် ဧရိယာတို့အား ရွှေဆေးသင်္ကန်းကပ်လှူခြင်းကို ၁၈-၁၁-၂၀၁၈ ရက်နေ့မှ ၁၉-၂-၂၀၁၉ ရက်နေ့အတွင်း ဒုတိယအကြိမ် ကပ်လှူပြီးစီး အောင်မြင်ခဲ့သည်။
စေတီတော်မြတ်ကြီးကို ရဟန်းရှင်လူ ပြည်သူပြည်သားအပေါင်းတို့အား ဘေးဥပဒ်အန္တရာယ် ရန်အသွယ်သွယ်တို့မှ ကင်းစင်ငြိမ်းပျောက် ချမ်းသာရောက်စေပြီး ကောင်းကျိုးစဉ်က ကျက်သရေမင်္ဂလာအဖြာဖြာတို့ ပြည့်စုံစေလျက် ကြည်ညိုသဒ္ဓါပွားများနိုင်ကြစေရန် “ဥပ္ပါတသန္တိ” ဟူ၍ အမည်တွင်စေခဲ့ပြီး ရည်ရွယ်တည်ဆောက် ပူဇော်ထားရှိခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဂေါပကအဖွဲ့၏ဦးဆောင်မှုဖြင့် တတိယအကြိမ်မြောက် ကပ်လှူပူဇော်မည်ဖြစ်ရာ အောက်ပါအတိုင်း လုပ်ငန်းအဆင့်ဆင့်ဖြင့် ဆောင်ရွက်ကြရသည် -
(၁) စီမံချက်ရေးဆွဲခြင်း။
(၂) ကော်မတီများဖွဲ့စည်းခြင်း။
(၃) ညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်း။
(၄) ရွှေစင်ရွှေပြား ကပ်လှူရေး အတွက် စေတီတော်ဩဝါဒါ စရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူခြင်း။
ထိုသို့ ဆောင်ရွက်ရမှုများအပြင် အသေးစိတ်စီမံဆောင်ရွက်ကြရာတွင် အောက်ပါအတိုင်း များပြားလှစွာ ဆက်လက် ဆောင်ရွက်ကြရသည်-
(၁) လှူဒါန်းကြလိုသူများစွာသိရှိစေခြင်းငှာ လှူဒါန်းပူဇော်နှိုးဆော်လွှာများ ဖြန့်ဝေခြင်း။
(၂) ရွှေစင်သတ္တုနှင့် အောက်ခံကြေးပြားများ ဝယ်ယူခြင်း။
(၃) ဆောင်ရွက်နိုင်ကြမည့် ပညာရှင်များဖြင့် လုပ်ငန်းစာချုပ်များ စနစ်တကျရေးဆွဲချုပ်ဆိုခြင်း။
(၄) ဆောင်ရွက်ပြီးစီးသွားသော ရွှေစင်ရွှေပြားများကို မှန်ကန် စနစ်တကျရှိစေရေးအတွက် စစ်ဆေးရေး/ လက်ခံရေးအဖွဲ့ များ ဖွဲ့စည်းခြင်း။
(၅) ရွှေစင်ရွှေပြားများ အောက်ခံကြေးဖရိန်၌ တပ်ဆင်မှုအပေါ်တွင် စိစစ်ကြပ်မတ်ရေး၊ ယခင် ကပ်လှူပူဇော်ပြီးစီးခဲ့မှု လုပ်ငန်းရပ်များကို အသေးစိတ်စစ်ဆေး ၍ ချို့ယွင်းမှုများအပေါ် ပြန်လည်ပြုပြင်မွမ်းမံခြင်းများ သန့်စင်ခြင်း၊ အရောင်တင်ခြင်း၊ ခိုင်မြဲမှုစိစစ်ခြင်း။
(၆) လှူဒါန်းမှု အစုစုတို့အတွက် ဂုဏ်ပြုလွှာ မှတ်တမ်းများ၊ လှူဒါန်းနေရာကို မှတ်သားဖော်ပြပေးခြင်း၊ လုပ်ငန်းရပ်များ အားလုံးအတွက် ဓာတ်ပုံရိုက် မှတ်တမ်းများပြုစုခြင်း။
စောင့်ကြည့်လေ့လာပြင်ဆင်ရေးအဖွဲ့
ထိုသို့ ဆောင်ရွက်ကြရာတွင်လုပ်ငန်းများ တိကျမှန်ကန်စွာနှင့် အောင်မြင်စွာပြီးစီးနိုင်စေရေးအတွက် “စောင့်ကြည့်လေ့လာ ပြင်ဆင်ရေးအဖွဲ့”ကို ဝန်ကြီးဌာနများမှ အသိပညာရှင်၊ အတတ်ပညာရှင်တို့ဖြင့်ဖွဲ့စည်းစေပြီး လက်တွေ့ကွင်းဆင်း စစ်ဆေးဆောင် ရွက်ကြရပြန်ပါသည်။
ရွှေစင်ရွှေပြား ရွှေသင်္ကန်းကပ်လှူပူဇော်မှုသည် ကမ္ဘာတွင် မြန်မာနိုင်ငံတော်၏ ယုံကြည်မှု အထွတ်အမြတ်ထားခြင်းကို ဖော်ကျူးခြင်းသာဖြစ်ပါ၏။ မည်သည့် နိုင်ငံများတွင်မဆို ရွှေဖြင့် ကပ်လှူပူဇော် ခြင်းအစား ရွှေဆေးဖြင့်သာ ပူဇော်လေ့ရှိကြသည်။ ရွှေစင်ဦးဘဏ္ဍာရေးအလို့ငှာ နိုင်ငံတော်မှစုဆောင်း၍ ငွေစက္ကူ၏ တန်ဖိုးကိုသတ်မှတ်ကြပြီး ရွှေတို့အားငွေကြေးဘဏ္ဍာအဖြစ် ရင်းနှီးစုဆောင်း ထိန်းသိမ်းကြသည်။ ဗုဒ္ဓဘာသာဝင်ချင်းတူမျှလျက် စေတီတော်တို့အား ရွှေစင်ရွှေပြား ကပ်လှူခြင်း အလေ့အထမရှိကြ။ ထေရဝါဒဗုဒ္ဓဘာသာစင်စစ်ဖြစ်ကြသော မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာလျှင် တန်ဖိုးအရှိလှဆုံး ထိုရွှေကို ဘုရားစေတီကြီးများ၌ ရွှေသင်္ကန်းတော်အဖြစ် ဆက်ကပ်လှူဒါန်းခြင်းကြောင့် ကမ္ဘာကမြန်မာအား “ရွှေနိုင်ငံ” ၊ “Golden Myanmar” ဟူ၍ ခေါ်ဆိုသမုတ်ခဲ့ခြင်းသာ။
ရွှေနိုင်ငံ
ဤသည်ကို မြန်မာတို့ကဂုဏ်ယူကြရမည်ဖြစ်ပါ၏။ စင်စစ်ရွှေထွက်မှုနှုန်းများ၍ “ရွှေနိုင်ငံ”ဟု ခေါ်ဆိုသမုတ်ခံရ ခြင်းမဟုတ်ပါ။ ဗုဒ္ဓဂေါတမ၏ ဓမ္မတရားတော်များကို အလေးအနက်ယုံကြည်စွာ ကိုးကွယ်စောင့်ရှောက်မှုဖြင့် ရွှေစင်ရွှေပြားများစွာတို့အား အလှူရှင်ပြည်သူ၊ ပြည်သားများကကပ်လှူပူဇော်ခြင်း ဂုဏ်ကြောင့်ဟူသည်ကို သိရှိနားလည် ကြရမည်ဖြစ်သည်။
ယုံကြည်သက်ဝင်မှုသည် မှန်ကန်မှုရှိစေရန် အရေးအကြီးဆုံးဖြစ်၏။ ကျွန်တော်သည် ဗုဒ္ဓဘာသာဝင်၊ ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ဖို့ယုံကြည်လေးစားမှုရှိရန် အကြိမ်ကြိမ်အဖန်ဖန် ကိုယ့်ဘာသာဆန်းစစ်ခဲ့ပါသည်။ ပွင့်တော်မူခဲ့ပြီးသော ဘုရားရှင်အဆူဆူတို့သည် ကောင်းမြတ်သော အကျိုးကိုဖြစ်ပေါ်စေခြင်းငှာ တရား၊ ဓမ္မ၊ ကျမ်းစာများစွာတို့ကို ဟောကြားပေးခဲ့ကြပါ၏။ ဘာသာတိုင်း၏ ဓမ္မအသိသည် ကောင်းမြတ်သောအကျိုးများရှိစေခြင်းငှာ၊ ဟောကြားဆုံးမခဲ့ခြင်းသာဖြစ်ကြောင်း အလေးအနက်ခံယူလာနိုင်ခဲ့ပါသည်။
ဗုဒ္ဓဘာသာဝင် မြန်မာတို့ကား “နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဟူ၍ သုံးကြိမ်ရွတ် ဆိုကြကာ၊ အလှူအတန်း၊ ဘာသာသာသနာရေးကိစ္စတို့ကို နိဒါန်းစခဲ့ကြ၏။ ဆိုလိုရင်းကား ပွင့်တော်မူခဲ့ပြီးကြသော ဘုရားရှင်တို့အား ကြည်ညိုလေးမြတ်စွာ ဦးခိုက်၍ ဝပ်တွားရှိခိုးပူဇော်ခြင်းအဖွင့်ပင်။ နိဂုံးချုပ်၌ ဗုဒ္ဓသာသနံ၊ စိရံတိဋ္ဌတု”ဟူ၍ ဗုဒ္ဓသာသနာ အဓွန့်ရှည်တည်တံ့ပါစေဟူ၍ ဆုတောင်းကြလျက် ပြီးဆုံးစေမှုကို အဆုံးသတ်ခဲ့ကြပါ၏။
ရွှေနိုင်ငံတော်သား ရွှေနိုင်ငံတော် သူများဖြစ်ကြကုန်သော မြန်မာတို့အခါအခွင့်သင့်ချိန် လှူဒါန်းပူဇော်မှု အစုစုတို့ကိုပြုနိုင်ကြစေရန် “ရွှေတောင် ပေါက်....ဝမ်းမြောက်ပျော်တဲ့သူ” အကျိုးပြုကဗျာကိုရေးဖွဲ့ခဲ့သော နေပြည်တော် (တပ်ကုန်း) မဟာသီဟနာဒကျောင်းတိုက် အဘိဓဇမဟာရဋ္ဌဂုရု၊နိုင်ငံတော် ဩဝါဒါစရိယ ဥပ္ပါတသန္တိစေတီတော်၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တအာစိဏ္ဏ ၏ ကဗျာကို အောက်ပါအတိုင်းဖော်ပြအပ် ပါသည်-
“စေတီဘုရား၊ ရွှေပြားကိုလှူ
ကြွယ်ဇဋိလ၊ သဒိသ ပုံတူ
ကောင်းဂုဏ်သတင်း၊
သင်းသင်းကြူကြူ
ရွှေတောင်ပေါက်၊
ဝမ်းမြောက်ပျော်တဲ့သူ။
ရွှေသည် တန်ဖိုးကြီးမြတ်လှပါ၏။ ရွှေစင်ရွှေပြားတို့အား စုဆောင်းထားကြသူများ၊ ငွေသားများအားစုဆောင်းထားရှိကြသူများ၊ လက်ဝတ်ရတန၁ပြု၍ ဂုဏ်ပြုခံလိုသူများ၊ ပြည့်စုံနေကြသူများစွာတို့ကို အလေးအနက်တိုက်တွန်းလိုပါ၏။ အခါအခွင့်အသင့်လျော်ဆုံးဖြစ်သော “ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး”ထံ ရွှေစင်သင်္ကန်းတော်၊ ရွှေဆေး သင်္ကန်းတော်များ ကပ်လှူပူဇော်နိုင်ကြစေရေးအတွက် သတင်းကောင်း နှိုးဆော်ဖော်ပြရည်ညွှန်းဖွဲ့ဆိုအပ်ပါသည်။ ။