ချင့်ချိန်နှိုင်းဆရခြင်းသဘော
ချစ်နိုင်(စိတ်ပညာ)
လူသည် ကျွဲ၊ နွား၊ ဆိတ်၊ ဝက်၊ ကြက်၊ ငှက် တိရစ္ဆာန်တို့ထက် ထူးခြားသာလွန်သော စွမ်းရည် တစ်ရပ်ရှိခဲ့ခြင်း၌ ကွဲပြားပါသည်။ တိရစ္ဆာန်များမှာလည်း အမြင်အာရုံမျက်စိရှိကြပါသည်။မြင်နိုင်သည်။ အကြားအာရုံခံလည်းရှိကြသည်။ အသံကိုကြားနိုင်ကြသည်။ အာရုံခြောက်ပါးစလုံး လူသားနည်းတူ သူတို့ခံစားနိုင်ကြသည်။ ခွဲခြားသိရှိ၊ မှတ်မိနိုင်သောဓမ္မာရုံသဘော အသိဉာဏ်လည်းအနည်း နှင့်အများရှိကြသည်ပင်။ တိရစ္ဆာန်ဆိုသော်ငြားလည်း ဆင်၊ မြင်း၊ ခွေးစသော အချို့သတ္တဝါများ ဆိုလျှင် လူကသင်ကြားလေ့ကျင့်ပေးပါက စစ်ရေးစစ်ရာ၊ တိုက်ရေးခိုက်ရေးတွင်ပါ အသုံးကျအောင် ထိုက်သင့်သော ဉာဏ်ရည်ရှိတတ်ကြပါသည်။
ကမ္ဘာကြီးကို ခြယ်လှယ်စိုးမိုးသူ
သို့ရာတွင် မြင်းမှာလည်း ပါးနပ်သောမြင်း၊ ထုံထိုင်းသောမြင်း၊ ခွေးမှာလည်း လိမ္မာသောခွေး၊ သင်၍မတတ်သောခွေးစသည်ဖြင့် ဉာဏ်အင်အားကွဲပြားနေကြကြောင်း တွေ့ရသည်။ လူသားကတော့ ဤကမ္ဘာမြေတစ်လွှား အသိဉာဏ်အမြင့်မားဆုံးဖြစ်ကြောင်း ထင်ရှားပြီးဖြစ်သဖြင့် အထူးဖော်ပြနေ စရာ မလိုတော့ပါချေ။ ကမ္ဘာကြီးကို အစစအရာရာခြယ်လှယ်စိုးမိုးသူ။ လူမှာလည်းလူအချင်းချင်း ဉာဏ်ရည်ဉာဏ်သွေးချင်း အနိမ့်အမြင့်သို့မဟုတ် အညံ့အတော်ကွဲပြားခြားနားကြပါသည်။ ကျောင်းသားထဲမှာ ဆရာက သင်ကြားပြသမှုကို တစ်ခန်းတည်းတစ်တန်းတည်း အတူတကွ အညီအမျှရရှိခဲ့ကြပါသော်လည်း စာမေးပွဲရမှတ်မှာ မတူကြ။ အောင်သူကအောင်၍ ကျသူကကျသည်။
အောင်သူမှာပင် ဂုဏ်ထူးပါသူ၊ သာမန်ပဲအောင်သူဟု အဆင့်မှာကွဲကြပါသေးသည်။ ဘာကြောင့်ပါလဲ။ ဉာဏ်ရည်ချင်းမတူသည်လည်းရှိမည်။ ကြိုးစားမှုချင်း ကွဲပြားသည်လည်းရှိနိုင်သည်။ မည်သို့ပင်ဖြစ်စေ လူလူချင်းဉာဏ်ရည်အရာတွင် ကွဲပြားခြားနားကြသည်ကိုမူ ခေတ်သစ်စိတ်ပညာက ထင်ရှားပေါ်လွင်စွာ ထုတ်ဖော်နိုင်ခဲ့ပါ၏။ ဉာဏ်ရည်စစ်ဆေးလွှာများဖြင့် အရွယ်တူအုပ်စုတစ်ခုကို စစ်ဆေးပြီး မည်သည့်ကျောင်းသား သို့မဟုတ် သင်တန်းသားကဉာဏ်ရည်ရမှတ် မြင့်မားပြီး မည်သည့်ကျောင်းသားက သာမန်၊ မည်သည့်ကျောင်းသားက ဉာဏ်ရည်ရမှတ်နိမ့်နေသည် ဆိုသောအချက်ကို မှန်ကန်စွာ ခွဲခြားဖော်ထုတ်နိုင်ခဲ့ ကြပါသည်။ ၁၉ ရာစု၊ ပထမကမ္ဘာစစ်နှင့် ဒုတိယ ကမ္ဘာစစ်အကြား ၁၉၂၀-၁၉၃၀ ကာလ အမေရိကန် စိတ်ပညာရှင်များက စစ်တပ်အတွက် အရာရှိလောင်းရွေးချယ်ရာတွင် စနစ်တကျအောင်မြင်စွာ စတင်အသုံးချခဲ့ကြပါသည်။ ရမှတ် ၁၂၀ နှင့် ၁၀၀ အတွင်း ရသူသည် ဉာဏ်တော်သူ၊ ၁၀၀ နှင့် ၈၀ ကြားရသူကဉာဏ်ကောင်းသူ၊ ရမှတ် ၈၀ နှင့် ၆၀ အတွင်းရသူက သာမန်ဉာဏ်ရည်၊ ရမှတ် ၆၀ အောက်ဆိုလျှင် ဉာဏ်နည်းသူနှင့် ရမှတ် ၄၀ အောက်နည်းပါက ဉာဏ်ထုံထိုင်းသူဟု ခွဲခြားသတ်မှတ်ပါသည်။ ထူးချွန်ထူးကဲစွာ ဉာဏ်ရည်ထက်မြက်သူအချို့ကမူ ရမှတ် ၁၂၀ ကိုပင်ကျော်လွန်ကာ ၁၄၀ ကျော်အထိ စံချိန်တင်သူမျိုးလည်းရှိတတ်ပါ၏။
စာဖြင့်လည်းကောင်း၊ ရုပ်ပုံဖြင့်လည်းကောင်း၊ သင်္ချာပုစ္ဆာများဖြင့်လည်းကောင်း သုတေသန အဆင့်ဆင့်ပြုလုပ်ပြီး ဉာဏ်ရည်စစ်ဆေးလွှာ I.Q. Tests အမျိုးမျိုးကို စိတ်ပညာရှင်များက မိမိတို့ ဘာသာစကားအရ ပြုစုတည်ဆောက်ထားကြပါသည်။ ဝန်ထမ်းအရာရှိရွေးချယ်ခြင်း၊ တပ်မတော် ဗိုလ်လောင်း ရွေးချယ်ခြင်းတို့တွင် ထိုဉာဏ်ရည် စစ်ဆေးလွှာအမျိုးမျိုးတို့ကို ရာထူးရွေးချယ် ခန့်ထားရေးအဖွဲ့၊ ဗိုလ်ရွေးအဖွဲ့တို့က လက်တွေ့အသုံးချ စစ်ဆေးအကဲဖြတ်နေကြပါလေသည်။
တက္ကသိုလ်ကျောင်းသားဘဝတွင်လည်း မိမိမှာဉာဏ်ရည်စစ်ဆေးလွှာအမျိုးမျိုးကို ဖြေဆိုရသည်။ ဉာဏ်ရည်စစ်ဆေးလွှာအသစ်အသစ်များ ပြုစုတည်ဆောက်ဖို့ရာအတွက် သုတေသနလုပ်ငန်းမှာ အစမ်းသပ်ခံအဖြစ် ပါဝင်ကူညီရခြင်းဖြစ်ပါ၏။ မိမိကမန္တလေးတက္ကသိုလ်စိတ်ပညာကျောင်းသား အဖြစ် အချိန်လေးနှစ်ကြာ တက်ခဲ့ရစဉ်ကလည်းကောင်း၊ ဆက်လက်၍ ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့လွန်၊ အသုံးချစိတ်ပညာဒီပလိုမာ(တစ်နှစ်ခွဲ သင်တန်း ၁၉၈၂-၁၉၈၃)သင်တန်းကို တက်ခဲ့ရသဖြင့်လည်းကောင်း အင်္ဂလိပ်လိုရော မြန်မာလိုပါ ဉာဏ်ရည်စစ်ဆေးလွှာများ၊ ကိုယ်ရည်ကိုယ်သွေးစစ်ဆေးလွှာများ၊ ဖတ်ရှုမှတ်သား လေ့လာထားခဲ့ရပါ၏။ တာဝန်အရသင်ယူဆည်းပူးခဲ့ရ၏။
စစ်ဆေးအကဲဖြတ်အမှတ်ပေးရွေးချယ်
စိတ်ပညာဆိုင်ရာစစ်ဆေးခြင်းကို ထိုကဲ့သို့ စာတွေ့ လက်တွေ့စာသင်ခန်းမှာ ခြောက်နှစ်ကျော်သင်ယူခဲ့ရုံနှင့်မပြီးခဲ့ချေ။ ကိုယ်တိုင်တပ်မတော်အရာရှိဘဝ ခြေလျင်စစ်သားမှ မင်္ဂလာဒုံရှိ(ထိုစဉ်က) တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ခုနစ်နှစ်ကျော်ကြာမျှ ဗိုလ်သင်တန်းတက်ရန် လျှောက်ထားသူ ဗိုလ်လောင်းလူငယ်လူရွယ်ပေါင်းထောင်နှင့်ချီကာ စစ်ဆေးအကဲဖြတ်အမှတ်ပေးရွေးချယ်ခဲ့ရပါ၏။ စစ်တက္ကသိုလ် ဗိုလ်လောင်း၊ ဘွဲ့ရဗိုလ်လောင်း၊ အခြားအဆင့်ဗိုလ်လောင်း၊ သူနာပြု (အမျိုးသမီး)ဗိုလ်လောင်း၊ ဆေး၊ စက်မှုစသည့် တပ်မတော်တက္ကသိုလ်အသီးသီးသို့ ဝင်ခွင့်ဗိုလ်လောင်းအမျိုး အစားအသီးသီး။ သူတို့ မိမိနှင့်တစ်ဦးချင်းတွေ့ဖူးခဲ့ကြပါသည်။
ဉာဏ်ရည်ပြကိန်း(Intelligence Quotient) သာမန်ထက်နိမ့်သူများကိုတော့ ရွေးလေ့မရှိခဲ့ပါ။ ဉာဏ်ရည်မမီသူများ တပ်မတော်(ကြည်း)၊ တပ်မတော်(လေ)၊ တပ်မတော်(ရေ)၊ ကက(ဆေး)၊ ကက(နက်)၊ ကက(ထုတ်)၊ ကက(ဆက်)စသည်တို့တွင် အရာရှိအဖြစ် အမှုထမ်းနိုင်လိမ့်မည် မဟုတ်ပါ။ သာမန်အချိန်ဖြစ်စေ၊ အရေးပေါ်ကာလဖြစ်စေ၊ တိုက်ပွဲကာလအတွင်းမှာဖြစ်စေ တပ်မတော် ခေါင်းဆောင်တစ်ဦးသည် အခြေအနေအမျိုးမျိုး၏ ဖိစီးမှုဒဏ်ကို ကြံ့ကြံ့ခံလျက်မှန်ကန်သော ဆုံးဖြတ် ချက်ကို ရွေးချယ်နိုင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်လောင်းရွေးချယ်ရာတွင် ဘယ်သူဘယ်ဝါနှင့် ဆွေမျိုးဟု မျက်နှာလိုက်ခြင်း၊ ခွဲခြားခြင်းမရှိခဲ့ပါ။ စစ်တပ်ထဲမှာ ဘယ်သူနှင့်မျှ ဆွေမျိုးမတော်သည့် ငပုတောမြို့နယ် ကျုံးကူးရွာမှ အထကကျောင်းသား မောင်သိန်းစိန်လည်း ဗိုလ်ချုပ်ကြီးဖြစ်လာပါသည်။ သာမန် ပန်းချီနည်းပြ ပန်းချီပညာရှင်တစ်ဦး၏ သားတစ်ဦးသည်လည်းသူ၏ ပင်ကိုအရည်အချင်း အရ စစ်တက္ကသိုလ်တက်ခွင့်ရခဲ့ပြီး တာဝန်အဆင့်ဆင့်အောင်မြင်စွာ ထမ်းဆောင်ဖြတ်သန်းကာ ထိပ်ပိုင်းရာထူးနေရာတွင် ကွပ်ကဲနိုင်သည်ကို တွေ့ကြရပေမည်။ လူတစ်ယောက်၏ ဘဝခရီးအတက်အကျ သည် ပြင်ပတစ်စုံတစ်ဦးက ကြိုးကိုင်ခြယ်လှယ်ဖန်တီး၍ ဖြစ်ပေါ်ပြောင်းလဲခြင်းက အနည်းငယ်မျှသာ ပါဝင်ကောင်းပါဝင်နိုင်ပါသည်။ ကောင်းမှုဆိုးမှုအစုစုသည် ကာယကံရှင်၏ ကိုယ်တိုင်ကိုယ်ပိုင် ဖြစ်သော မိမိ၏ ကာယကံ၊ ဝစီကံနှင့်မနောကံ တို့အပေါ်မှာသာလျှင် အပြည့်အဝမူတည်ပါပေသည်။ ခေါင်းဆောင်အဆင့်ဆင့် တာဝန်ယူခွင့်ရခဲ့ကြသူများမှာ အောက်ပါအချက်တို့ သာမန်လူများထက် ကောင်းမွန်အောင် မိမိကိုယ်ကို လေ့ကျင့်ပျိုးထောင်ခဲ့ကြရပေလိမ့်မည်။
၁။ သုံးသပ်အကဲဖြတ်နိုင်စွမ်း Assessment
၂။ တာဝန်ခံမှု Accountability
၃။ ယုံကြည်ကိုးစားခံထိုက်မှု Creditability
၄။ လုပ်ရည်ကိုင်ရည် Efficiency
၅။ ရိုးသားမှု Honesty
၆။ တာဝန်ယူတတ်မှု Responsibility
၇။ အနာဂတ်အမြင်၊ အမြော်အမြင် Vision
မြန်မာ့ရိုးရာအယူကတော့ လူတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းအကြောင်းအကျိုးအမျိုးမျိုး၏ ကံဇာတာသည် ဘယ်သူမပြုမိမိမှုဟူသော ဆိုရိုးစကားအတိုင်း မိမိတို့၏ ကံ၊ ဉာဏ်၊ ဝီရိယဟူသော အချက်သုံးခုအပေါ်မှာသာ မူတည်သည်။ ကောင်းမှုပြုကကောင်းကျိုးရ၏။ ဆိုးပြစ်ပြုလုပ်က ဆိုးဒဏ်ကို ကိုယ်သာခံရမှာဖြစ်ပါ၏။
“သ ဒိ သံ ပါ ကံ ဇ နေ တိ။”
ကိုယ်ပြုသည့်ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာသည်။ ပြုလုပ်မှုတစ်ခု၏ အားလျော်စွာ တူညီသော တုံ့ပြန်မှုကို ရစမြဲသဘော (ပါစကယ်၏ရူပဗေဒ နိယာမတစ်ခုပမာ)ဖြစ်ပေမည်။ ထို့ကြောင့် လူ့ဘဝ ကို ရရှိလာသည့်အခိုက် မိမိကိုယ်မိမိ ငါသည် ဘယ်လိုလူစားလဲဟု ခွဲခြားဆန်းစစ်အကဲဖြတ်သင့် လေသည်။ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ ဟောကြားခဲ့ဖူးသော တရားများအနက်မှ မိမိ မှတ်သားနာယူဖူးသော လူ့သဘောနှင့် လူအမျိုးမျိုး ကို ဖော်ပြခွင့်ပြုပါ -
သင် ဘယ်လိုလူစားလဲ၊ လူအမျိုးမျိုး၊ လူသရုပ်ခွဲ (၇) မျိုး
၁။ မှားတတ်တာက လူ့သဘာဝ၊ (အမှားရှာ၊ အမှန် အမြန်ပြုပြင်)
၂။ မှားမှန်းမသိသူက လူညံ့၊
၃။ သိလျက်နဲ့ဆက်မှားသူ လူမိုက်၊
၄။ မှားဖို့ပဲ ဆက်ကြိုးစားနေသူက လူယုတ်မာ။
၅။ အမှန်အမှား အကောင်းအဆိုးသိတာ (သီလ ရှိသူ) လူမှန်။ Right Man
၆။ သူတစ်ပါးကောင်းကျိုး၊ လူအများကောင်းကျိုး ရွက်ဆောင်သယ်ပိုးသူက (သမာဓိရှိသူ)
လူကောင်း။ Good Man
၇။ လောကကြီး၏ ရုပ်နာမ်တရားတို့ကို ဖြစ်ပျက် နေပုံနှင့် မမြဲ၊ ဆင်းရဲ၊ ငါမရှိ ငါမဟုတ် ငါမပိုင် ဟူသော သဘောသဘာဝကို သိမြင်ခံယူနိုင် တာ (ပညာရှိ) မွန်မြတ်သောသူ Noble Man သီတဂူဆရာတော် အရှင်ဉာဏိဿရ စိတ်ပညာသဘောမှာတော့ စိတ်ပညာရှင်အချို့က စိတ်ဆိုသောအရာတွင် အစ်(id)၊ အီဂို(Ego) နှင့် ဆူပါအီဂို(Super Ego)ဟူ၍ သုံးလွှာရှိကြောင်း ရှင်းလင်းဖွင့်ဆိုခဲ့ဖူး၏။ စာရေးဆရာမင်းသိင်္ခက သူ၏ဝတ္ထုတစ်ပုဒ်ထဲတွင် လူဆိုသည်မှာ စိတ်တစ်ခုတည်းမှာပင် အောက်ပါအပြောင်းအလဲတစ်ခုမှ တစ်ခုသို့ အလွယ်တကူ ပြောင်းလဲတတ်သည်ဆို၏။
၁။ နတ်စိတ် = သူတစ်ပါးကို မေတ္တာရှေးရှု သည်။ စာနာသည်။ ဖေးမသည်။ သည်းခံသည်။ ကူညီသည်။ စောင့်ရှောက်သည်။
၂။ လူစိတ် = ခင်မင်တတ်သည်။ အပေးအယူ ရှိသည်။ စဉ်းစားပုံမျှတသည်။
၃။ ဘီလူးစိတ် = ကြမ်းတမ်းသည်။ အနိုင်ကျင့် သည်။ ရက်စက်သည်။ ယုတ်မာ သည်။ မတရားပြုတတ်သည်။ လောဘဒေါသလွန်ကဲသည်။
မိမိတို့ ကမ္ဘာသူ ကမ္ဘာသားအားလုံးသည် အသားဖြူဖြူ၊ ညိုညို၊ မည်းမည်း ဘာမှခွဲခြားစရာ မလိုပါပေ။ လူအားလုံးသည် လူလူချင်းအတူတူလေ။
သို့ရာတွင် သူ့အကျိုး သူ့အတွက် သူ့ဘက်က အကျိုးစီးပွားအတွက် သက်သက်ကြမ်းတမ်း ရက်စက်အနိုင်အထက်ပြုရက်သူ၊ ပြုတတ်သူ ဘီလူး စိတ်အပြည့်အဝရှိသူ(လူ့မျက်နှာလူပုံပန်း ဖန်ဆင်း၍ ဟန်ဆောင်လှည့်စားထားသော်လည်း)ဘီလူးစိတ်ရှိ ကြသူ ဘီလူးအုပ်စုနှင့် ရင်ဆိုင်တွေ့နေစဉ်မှာကား အလွယ်တကူ အညံ့ခံအရှုံးပေးပြီး သဘောထားကြီး စွာ အစားခံ၍ မဖြစ်ပေ။ အနိုင်မခံ အရှုံးမပေး တွန်းလှန်ကြရန်သာဖြစ်၏။ အခြားနည်းလမ်းမရှိ။
ထို့ကြောင့် တိုင်းပြည်နိုင်ငံကို ကာကွယ်ရသော တပ်မတော်သည်အရေအတွက်ရော အရည်အချင်းပါ ခိုင်မာအားကောင်းရမည်ဖြစ်၏။ တပ်မတော်ကို ကောင်းမွန်ခိုင်မာအောင် ဦးဆောင်ကြရသည်လည်း စွမ်းရည်မြင့်မားစွာ လေ့ကျင့်ပျိုးထောင်ထားရမှာဖြစ်ပါ၏။ ဉာဏ်ရည် ဉာဏ်သွေး သာမန်ထက် ဉာဏ်ကောင်းသူ၊ ဉာဏ်တော်သူများကိုသာ ရွေးချယ်တာဝန်ပေးရမည်ဖြစ်ပါ၏။
တိုင်းပြည်၏ ဘေးကင်းလုံခြုံမှုကိုသာမက မိမိနိုင်ငံတော်ရှင်သန်ရပ်တည်နိုင်စေရန် အဘက် ဘက်မှ ကျရာတာဝန် ပါဝင်ထမ်းဆောင်ရမည့် ပုဂ္ဂိုလ်တို့သည် သူတို့ဆောင်ရွက်ရမည့် တာဝန် အမျိုးအစားအတွက် သီးသန့် အထုံပါရမီ(Aptitude)ပါလျှင် ပို၍ကောင်းပါသည်။ ထို့ထက် ပိုမိုအရေးကြီး စွာ လိုအပ်သောအရာမှာ ခံယူချက်သဘောထား အမြင်(Attitude) ဖြစ်နေပါသည်။ ခံယူချက်သဘော ထားအမြင်ဖြစ်သော တို့တာဝန်အရေးသုံးပါးတွင် ခိုင်မာလျှင် ခိုင်မာသလောက်၊ စွဲမြဲလျှင်စွဲမြဲ သလောက် သူ၏စွမ်းဆောင်ရည်နှင့် အခန်းကဏ္ဍ မြင့်မားခြင်း(Altitude) အာတီကျုသည်လည်း မြင့်မားမည်ဖြစ်လေသည်။
ချင့်ချိန်နှိုင်းဆစရာ အခြေခံကိန်း သုံးခု၏ ဆက်နွှယ်မှုကို တင်ပြခဲ့ပါသည်။
၁။ အခန်းကဏ္ဍမြင့်မားခြင်း Altitude
၂။ အထုံ၊ ပါရမီ၊ ပင်ကိုစွမ်းရည် Aptitude
၃။ ခံယူချက်၊ သဘောထား Attitude
ပင်ကိုစွမ်းရည်ပါရမီနှင့် ယုံကြည်ချက်၊ ခံယူချက်သဘောထား ကောင်းမွန်မြင့်မားသော လူငယ်များ မျိုးဆက်သစ်များကို အားသစ်မွေးကာ ပျိုးထောင်ကြရမည် ဖြစ်ပါသည်။ ခံယူချက်ရှိကြ စေရန် ပေါင်းသင်၊ ရေလောင်း၊ မြေဆီကျွေးကြရ ပေမည်။ ။