နှစ်ခါပြန်မစဉ်းစားသင့်တဲ့ ဖိတ်ခေါ်ချက်နှင့်အတူ ခင်းထားသော ငြိမ်းချမ်းရေးပန်းခင်း
တိုင်းရင်းသားပြည်သူတစ်ဦး
အချိန်အခါသင့်၍ ပြုသင့်ပြုထိုက်သည့် ငြိမ်းချမ်းရေးကမ်းလှမ်းချက်တစ်ခု၊ ကမ်းလှမ်းလိုက်ပါပြီ။
မလွတ်တမ်းဆုပ်ကိုင်သင့်သည့် အခွင့်အလမ်းကောင်းတစ်ခု။ အနည်းဆုံးတော့ ကိုယ့်ဒေသက ကိုယ့်အမျိုး ကိုယ့်တိုင်းရင်းသား လူမမည်ကလေးသူငယ် လူငယ်လူရွယ်တွေ၊ ဒုက္ခနွံတွင်း သက်ဆင်းနေရတဲ့ အမျိုးသမီးတွေ၊ အဘိုးတွေအဘွားတွေ၊ ပြီးတော့တစ်နိုင်ငံလုံးက တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ၊ စုပေါင်းနေထိုင်ကြတဲ့ ဒို့အမျိုးတွေ အားလုံးအတွက် စဉ်းစားရမည့်၊ ပြည်ထောင်စုကြီးအတွက် စဉ်းစားရမည့် အချိန်အခါသင့်ပါပြီ။
လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းသေးတာ၊ ငြိမ်းချမ်းခြင်းရဲ့ အသီးအပွင့်တွေဆိုတာ ဘာမှန်းမသိ၊ ကင်ဆာလိုအမြစ်တွယ်နေတဲ့ စစ်ပွဲတွေကို အပြီးသတ် ချုပ်ငြိမ်းပါစေဆိုတဲ့ စေတနာနှင့်ဖြစ်သည်။ အထူးသဖြင့်တော့ နယ်စွန်နယ်ဖျားတွင် ယခုလက်နက် ကိုင်အဖွဲ့အစည်းတွေရှိနေတဲ့ ဒေသတွေက ကိုယ့်အမျိုးတွေမျက်နှာကို ပို၍အလေးထားထောက်ရှုသင့်ပါပြီ၊ လက်နက်တွေ ဘေးချပြီး စားပွဲဝိုင်းမှာ အဖြေရှာကြဖို့ အချိန်ရောက်ပါပြီဟုသာ ဆိုလိုက်ချင်ပါသည်။
အားလုံးကအပြုသဘော မျှော်လင့်နေကြပြီ
ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ချက်များသည် ယခုအကြိမ်နှင့်ပါဆိုလျှင် သုံးကြိမ်မြောက်ရှိပြီဖြစ်သည်။ ယခုလိုကာလတွင် ဤလိုကမ်းလှမ်းချက်မျိုးကို တိုင်းရင်းသားတွေက ပို၍မျှော်လင့်ချက်ထားကြမည်ဖြစ်သလို ပြည်သူအားလုံးကလည်း ဝမ်းပန်းတသာ ကြိုဆိုနေကြမည်သာဖြစ်သည်။ အပြုသဘောဆောင်သော မင်္ဂလာသတင်းအပေါ် အပေါင်းလက္ခဏာဆောင်သော အမြင်များ၊ အပြောများကို ပို၍ကြားနေမြင်နေရသည်။ လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း ပြည်သူများ၏အသံကို ပို၍ဂရုစိုက် နားထောင်သင့်ကြပါသည်။
ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းရင်းသားတွေအတွက် တကယ်တမ်းစေတနာထားသည့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်မဆို လက်မလွတ်သင့်သည့် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ စားပွဲဝိုင်းမှာ သံသယမျက်လုံးများဖြင့် အဖြေမရှာဘဲ နားလည်ယုံကြည်မှုအပြည့်၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်ဖြင့် အဖြေရှာဖို့ အချိန်ရောက်ပါပြီ။ ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒ၊ ခံစားချက်တွေကို လေးစားပြီး မိမိနေထိုင်ရာ မိမိခိုအောင်းရာဝန်းကျင်က စစ်ဘေးသင့်တိုင်းရင်းသားတွေကို စာနာနားလည်ကရုဏာစိတ်ဖြင့် ငြိမ်းချမ်းရေးစားပွဲဝိုင်းများဆီသို့ လာရောက်ကြဖို့၊ လောကကြီးကို ငြိမ်းချမ်းစေချင်တဲ့ စိတ်ဖြင့် ပူးပေါင်းကြဖို့ ညှိနှိုင်းကြဖို့ အားလုံးကမျှော်လင့်နေကြပါပြီ။
တပ်မတော်နှင့်လက်တွဲ၍ လျှောက်လှမ်းစေချင်
ငြိမ်းချမ်းရေးနှင့် လက်နက်သည် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သလို ဒီမိုကရေစီနှင့် လက်နက်ကိုင်အယူအဆ၊ ဖက်ဒရယ်နှင့် လက်နက်ဆိုသည်မှာလည်း ဆန့်ကျင်ဘက် တရားများသာဖြစ်သည်။ မငြိမ်းချမ်းသမျှ နိုင်ငံရေးမှာ တပ်မတော်၏ အခန်းကဏ္ဍဆက်ရှိနေ ဦးမှာဖြစ်သည်။ လက်နက်ရဲ့အရသာထက် ငြိမ်းချမ်းရေးအရသာက ပိုချိုမြိန်သည်ကို အားလုံးကသိပါသည်။ ကိုယ့်နယ်မြေနှင့်ကိုယ်၊ ကိုယ့်အပိုင်နှင့်ကိုယ် အနေအစားအဆင်ပြေရုံ၊ အာဏာတည်ဆောက် နေရုံမျှဖြင့်မပြီးသေးပါ။ ကိုယ်ပိုင်သောကိုယ့်ဒေသမှာပင် ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး ဘာမှမလုပ်နိုင်သေးသရွေ့ တာ၀န်မကျေသလို မခံစားရဘူးလားဟု မိမိကိုယ်မိမိ မေးခွန်းထုတ်စေချင်သည်။ ထို့ကြောင့် ဦးတည်ရာမဲ့ ဆူးခင်းသောလမ်းတွင် တစ်လမ်းတည်း ရွေးလျှောက်မယ့်အစား နိုင်ငံတော်က ဖွင့်ထားသည့်လမ်း၊ ရွေးချယ်ခွင့်ပေးထားပြီး ရောက်နိုင်တဲ့လမ်းအားလုံးကို တပ်မတော်နှင့် လက်တွဲ၍ လျှောက်လှမ်းစေချင်ပါသည်။ စေတနာပါပါလျှောက်လျှင် ရောက်ပါသည်။ ကိုယ့်ပြည်တွင်းရေး ကိုယ့်ပြဿနာ ကိုယ့်ဘာသာကိုယ် ရှင်းလို့ရပါသည်။ ဘယ်သူမှပါစရာမလို၊ ဘယ်သူ့ဩဇာမှခံစရာမလိုဟု သဘောပိုက်ရပါမည်။
ပိတ်နေတဲ့လမ်းအားလုံးအတွက် ထွက်ပေါက်တစ်ခုအလား
ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံကြီး နှစ် ၇၀ ကျော် ကြာအောင်ဖြစ်နေရတဲ့ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခနွံမှ ရုန်းထွက်ရန် အခြေအနေကောင်းတစ်ခု ထင်ထင်ရှားရှားမြင်နေရပါပြီ။ ငြိမ်းချမ်းရေးလမ်းစ အစပျိုးမှုအကြိမ်ကြိမ်၊ အစအလယ်ကောင်းမှု အခါခါရှိခဲ့သော်လည်း နီးလျက်နဲ့ဝေး အောင်မြင်မှုလမ်းဆုံးသို့တိုင် မရောက်နိုင်သေးပါ၊၊ ဒီတစ်ကြိမ်ဖိတ်ခေါ်ချက်ကမူ ပိတ်နေတဲ့ လမ်းအားလုံးအတွက် ထွက်ပေါက်တစ်ခု ဖြစ်လေမည်လား.. အပြု သဘောတွေး၍ အားလုံးပါဝင်ချဲ့ထွင်ကြဖို့သာလိုသည်။
အတိတ်ကိုချည်းပြန်တူးဆွနေ၍မပြီးဘဲ ယခုပစ္စုပ္ပန်တည့်တည့်ကို မျက်ခြည်မပြတ် လေ့လာသုံးသပ်နေကာ အတိတ်ထက် အနာဂတ်ကို ပို၍ကြည့်ကြဖို့သင့်ပါပြီ။ အထူးအလေးထားရမည်မှာ နိုင်ငံ၏ အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးရေးဖြစ်သည်။ ယနေ့ ပစ္စုပ္ပန်တည့်တည့်မှာ ရောက်နေတဲ့ ကလေးတွေလူငယ်တွေ၊ မွေးဖွားပြီးစ သားတွေသမီးတွေ၊ သူတို့ရဲ့အနာဂတ်နဲ့ သူတို့ပိုင်မယ့်နိုင်ငံ့ အနာဂတ်အထိ မြင်ကွင်းကောင်းကောင်းဖြင့် မြင်ကြည့် မျှော်တွေးပေးကြပါဟု တောင်းဆိုလိုရင်းဖြစ်သည်။
နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေး
ကိုယ်တစ်ယောက်တည်း၊ ကိုယ်တစ်ဖွဲ့တည်း ကောင်းစားဖို့မဟုတ်၊ အားလုံးအတွက် မျှမျှတတကြည့်သင့်ကြသည်။ ကိုယ့်ဘက်မပါတိုင်း ကိုယ့်အလိုမကျတိုင်း အရာရာငြင်းဆန်နေခြင်းသည် အများအတွက် မစဉ်းစားတတ်သော တစ်ဘို့တည်းသမား အတ္တ များသူဟု ဆိုထိုက်သည်။ အနာဂတ်ဟုဆိုရာတွင် ရှေ့လုပ်ငန်းစဉ် (၅) ရပ် လမ်းပြမြေပုံအတိုင်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများကို တစ်နိုင်ငံလုံးမြို့အနှံ့၊ နယ်အနှံ့ ကျင်းပပေးပြီး အနိုင်ရပါတီအား စည်းကမ်းတကျ အာဏာလွှဲပြောင်းပေးနိုင်ရေး ဆိုသည်ကို မျက်ခြည်မပြတ်သင့်။ ငြိမ်းချမ်းရေးမရလျှင် ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်မည်မဟုတ်သည်မှာ အထူးစဉ်းစားစရာမလို၊ ထို့ကြောင့် ငြိမ်းချမ်းရေးကို အပတ်တကုတ်ဖော်ဆောင်နေခြင်းဖြစ်သည်။ ရွေးကောက်ပွဲပုံစံက အားလုံးပါ၀င်ခွင့်ပေးထားမည့် အချိုးကျကိုယ်စားပြုစနစ် PR ဖြစ်နေသည်၊ ထို့အတွက် ငြိမ်းချမ်းရေးသည် နိုင်ငံ့အရေးလည်းဖြစ်သည်၊ ပြည်သူ့အရေးလည်းဖြစ်သည်သာမက ဒီမိုကရေစီနှင့် ဖက်ဒရယ်အရေးလည်း ဖြစ်သည်ကို အလေးထားအတွေးပွားစေချင်လှသည်။
ထာဝရငြိမ်းချမ်းရေးအတွက် လက်တွေ့ကျသည့်ဖိတ်ခေါ်ချက်
ယနေ့ဖိတ်ခေါ်ချက်သည်လက်ရှိ စစ်ရေးပဋိပက္ခအချို့ရှိနေသည့်ကြားမှ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံအကြီးအကဲကိုယ်တိုင် တာ၀န်ယူတာဝန်ခံမှုအပြည့်ဖြင့် TV ဖန်သားပြင်ရှေ့ထွက်၊ တစ်ကမ္ဘာလုံးကသိအောင် ဖိတ်ခေါ်ပြသလိုက်ခြင်းလည်းဖြစ်သည်။ အဆုံးအဖြတ်ပေးနိုင်မည့် ခေါင်းဆောင်နှင့် ဦးဆောင်သူအချင်းချင်းက တိုင်းရင်းသားပြည်သူများအတွက် ရိုးသားပွင့်လင်းစွာတွေ့ဆုံကြရန် စေတနာထက်သန်စွာဖြင့် ပန်ကြားသည့် ဖိတ်ခေါ်ချက်တစ်ခုဖြစ်သလို လက်တွေ့ကျကျအပြီးအပြတ် အကောင်အထည်ဖော်နိုင်မည့် လမ်းစတစ်ခုအဖြစ်လည်း ပြည်သူများက မြင်နေသည်။ ဤအချက်ကို တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် ပွင့်လင်းရိုးသားစွာဖြင့် အပြုသဘော ချဉ်းကပ်လေ့လာသုံးသပ်ဖို့လိုပါသည်။ ပဋိပက္ခနှင့် အကြမ်းဖက်နည်းလမ်းများအစား ပဋိပက္ခချုပ်ငြိမ်းရာ အကြမ်းမဖက် လမ်းစဉ်ကို ဆွေးနွေးအဖြေရှာသင့်သည်ဟုမြင်ပါသည်။
ငြိမ်းချမ်းရေးလိုလားသူသည်သာ နှလုံးရည်သတ္တိနှင့် ပြည့်ဝသူ
ချဉ်းကပ်မှုတိုင်းကို အဓိပ္ပာယ်ဖော်တာမှန်ဖို့လည်းလိုပါမည်။ ပြည်သူ့မျက်နှာကြည့်၍ ကိုယ့်တိုင်းရင်းသားများ ကြီးပွားတိုးတက်ပြီး ငြိမ်းချမ်းသာယာရေးကို ထာဝရရှေးရှုနေသူများအတွက် အဓိပ္ပာယ်ကောက်ယူမှု မှားနိုင်စရာအကြောင်းမရှိပါ။ ပြည်သူများ ကလည်း ငြိမ်းချမ်းရေးအတွက် နှလုံးရည်သတ္တိပြည့်ဝသူများကိုသာ တွေ့ချင်မြင်ချင်ကြသလို ငြိမ်းချမ်းရေးလိုလားသူကိုသာ ငြိမ်းချမ်းရေးအတွက် သတ္တိရှိသူဖြစ်သည်ဟု မှတ်တမ်းတင်ကြမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့လာခြင်း၊ မလာခြင်းသည် တိုင်းရင်းသားတို့ အပေါ်ထားသော တစ်ဦးချင်းတစ်ဖွဲ့ချင်း၏ စေတနာ မေတ္တာသာလျှင်ဖြစ်၍ စေတနာကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး အကျိုးဆက်လည်း ကောင်းလာမည်ဟု များစွာမျှော်လင့်မိပါသည်။
အခွင့်အရေးကောင်းကို အားသာချက်အဖြစ်အသုံးချစေလို
မည်သို့ပင်ဆိုစေ တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာရေးအတွက် သမိုင်းဝင်ဆွေးနွေးပွဲကြီးတစ်ခုတော့ အသေအချာဖြစ်လာတော့ မည်ဟု ယုံကြည်ထားကြပါသည်။ အားလုံး၏ မျှော်လင့်ချက်ဖြစ်၍ အကောင်းဆုံး ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ကြမည်ဟုလည်း ယုံကြည်ထားပါသည်။ ညှိနှိုင်းမှုတိုင်းတွင် သူဖြစ်ချင်တာနဲ့ ကိုယ်ဖြစ်ချင်တာ အနီးစပ်ဆုံးဖြစ်အောင် ပြောကြဆိုကြရစမြဲဖြစ်သည်။ မဖြစ်နိုင်သော တောင်းဆိုမှုတွေနှင့် အချိန်ကုန်ပြီး ငြိမ်းချမ်းရေးကို အပျက်မခံကြပါနှင့်၊ မဖျက်ဆီးကြပါနှင့်ဟုသာ ပြည်သူများက တောင်းဆိုနေကြပါသည်။ ခင်းပေးထားသော လမ်းပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သော အခွင့်အရေးကိုအရယူ၍ မျှတသော တောင်းဆိုမှုများဖြင့်သာ မိမိအတွက် အားသာချက်များကို ရယူတည်ဆောက်နိုင်သည်ဟု ခံယူထားရပါမည်။
သို့ဖြစ်၍လည်း တိုင်းရင်းသားပြည်သူစစ်စစ်တွေ ကိုယ်စား “ဆိုရေးရှိက ဆိုအပ်လှသည်” ဆိုသလို နာသည်၊ မနာသည်ထား ပြောလိုက်ချင်ပါသည်။ အားလုံးဖွံ့ဖြိုးရေးအတွက် အချိန်မရှိတော့ပါ၊ အဆိပ်ပင်ကို ဆက်၍ရေမလောင်းသင့်တော့ပါ၊ အလှတရားစစ်စစ် ကိုသာ ပြည်သူအားလုံးက မြင်လိုလှပါပြီ။ ယခုလိုကာလတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးဘယ်အရာကို ဦးစားပေးရယ်လို့မရှိ၊ ကဏ္ဍအားလုံး ဘက်စုံအရေးကြီးသည်ဖြစ်၍ စည်းလုံးညီညွတ်စွာဖြင့် တက်သုတ်ရိုက်ပူးပေါင်းလုပ်ကြရမည့် အချိန်အခါပင်ဖြစ်ပါသည်။ ပြည်သူရော၊ တိုင်းရင်းသားရော၊ နိုင်ငံပါ နာလှပြီဖြစ်၍ အခွင့်အလမ်းကောင်းကို လက်မလွတ်ဘဲ တစ်ပြိုင်တည်းတွန်းရမည့် အချိန်ရောက် ပါပြီ။ အားလုံးမှာ တာဝန်ရှိနေပါပြီ၊ ပြည်သူ့အတွက် တာဝန်ခံကြဖို့သင့်ပါပြီ။
ငြိမ်းချမ်းရေးခရီး အနီးဆုံးလမ်းဖြင့် ရောက်အောင်သွား၍ စစ်ဘောင်ကိုမချဲ့ကြစေလိုတော့ပါ။ ဓမ္မနှင့် အဓမ္မအကြား မတွေဝေပါနှင့်၊ နောင်မှတရသော နောင်တသည် အကျိုးမရှိမူ၍-
- သမိုင်းတရားခံများအဖြစ်သို့ အရောက်မခံကြပါနှင့်။
- သည်းခံချုပ်တည်းစောင့်ထိန်းခြင်းတွေ များကြပါစေ။
- အမှန်သိ၍ မှန်သောလမ်းအတိုင်း လျှောက်နိုင်ကြပါစေ။
- တိုင်းရင်းသားပြည်သူ အားလုံးအတွက် ပြတ်သားတဲ့
ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ကြပါစေ" ဟူ၍သာ....
အမျှော်လင့်ကြီး မျှော်လင့်နေမိပါတော့သည်။