Skip to main content

အခွံသင်တတ်မှ မျှတလှပမည်

ကျွန်တော်သည် ပင်စင်စားတစ်ယောက်သာ ဖြစ်ပါသည်။ ပင်စင်စားမို့ ကျွန်တော့်တွင် အလွန်ကြီးလေးသော တာဝန်မရှိပါ။ မိသားစုအတွက် ထမင်းတစ်အိုး ငဲ့ချက်သည့်တာဝန်နှင့် ကြက်သွန်အဖြူ၊ ကြက်သွန်အနီ “အခွံသင်သည့် တာဝန်ထမ်းဆောင်ခြင်းသည်သာ ကျွန်တော့်အတွက် မဟာဝန်ဆောင်မှုဖြစ်သည်။

ယနေ့နံနက်စောစောမှာ ကြက်သွန်ဖြူ/နီ “အခွံသင်ရင်း ဘယ်ကဘယ်လို စိတ်တွေလွင့်ပျံ့ သွားသည်မသိ။ “အခွန် (tax) နဲ့ပတ်သက်လို့ ဟိုဟို သည်သည် အတွေးပျံ့လွင့်သည်။

အခွံသင်တာကအကြောင်း၊ “အခွန်ကိစ္စ စဉ်းစားမိတာက အကျိုးဖြစ်သည်။ ကြောင်းကျိုး ဆက်နွယ်မှုရှိသည်။

ဝန်ထမ်းဘဝ နိုင်ငံ့တာဝန်ထမ်းဆောင်ရင်း အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဂျပန်၊ ဥရောပနှင့် အမေရိကနိုင်ငံများ ဘက်သို့ ရောက်သည်။

သည်နိုင်ငံတွေမှာဘယ်သွားသွား၊ ဘာလုပ်လုပ်၊ “အခွန်သည် အနည်းနှင့်အများ ပေးဆောင်ရပါသည်။ လစာခွန်၊ စားသုံးခွန်၊ ရောင်းခွန်၊ ဝယ်ခွန်၊အခွန်မျိုးစုံ ပေးဆောင်ရပါ သည်။ စားသုံးသူက “အခွန်အခ ပေးဆောင်ရသည်။

မဖြစ်မနေ ကျေပွန်ရသည့်တာဝန်

သည်နေရာမှာ “အခွန်နှင့် “အခါ ပေါင်းစပ်၍ ရလောက်ပြီထင်သည်။ “အခွန်အခ မျိုးစုံကို ပေးဆောင်ရသည်။ တာဝန်တစ်ရပ်၊ မဖြစ်မနေ ပေးဆောင်ရသောတာဝန်၊ ကျေပွန်ရသည့် တာဝန် တစ်ရပ်ဖြစ်သည်။ “အခွန်အခကို အင်္ဂလိပ်စကား လုံးဖြင့် မည်သို့ခေါ်သည်ကို ကျွန်တော် မသိရိုးအမှန် ဖြစ်သည်။ အခွန် ကို Tax ဟု ခေါ်မှန်းတော့ သိသည်။

“အခါ ကို Service Charges ဟုဆိုလျှင် အလွန်အမင်း မလွဲမှားလောက်ဟုထင်သည်။ တရား ဝင် သတ်မှတ်ထားသော အသုံးအနှုန်းများနှင့် ကိုက်ညီမှု ရှိချင်မှရှိမည်။

သို့သော် ကျွန်တော်မှတ်ယူထားသည်က အကြောင်းကိစ္စတစ်ရပ်ရပ်အတွက် မိမိမှ ထမ်းဆောင် ရန် တာဝန်ရှိသည်ဟု ဥပဒေနှင့်အညီ သတ်မှတ်ထားသောပမာဏရှိသည့် “အခွန်၊ တစ်ဖက်မှ ပေးသောဝန်ဆောင်မှုအတွက် စားသုံးသူ မိမိကပေးချေရသော လိုအပ်သော ပမာဏသည် “အခါ၊ ထိုစကားလုံးနှစ်လုံး အပေါင်းသည် “အခွန် အခ ဖြစ်သည်။ သိပြီးဖြစ်မည်ဟု ယူဆသော်လည်း နီးစပ်သောဥပမာများကို ထပ်မံမီးမောင်းထိုးပြလို ပါသည်။ယခုခေတ်တွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားသို့ အိမ်ဦးနှင့်ကြမ်းပြင် ရောက်ဖူးသူများမည် ထင်သည်။ ဆေးသွားကုသည်။ ပညာသင်သည်။ စီးပွားရှာသည်။ အပျော်ခရီးသွားသည်။ တတ်နိုင်သူ များအဖို့ ဈေးဝယ်ထွက်ခြင်း(shopping) သည်ပင် နိုင်ငံခြားသို့သွားနေကြပြီ။

သွားတိုင်း မျက်မြင်တွေ့ရ၊ မြင်ရသော ပြည်ပ သွားလာ၊ နိုင်ငံတကာလေဆိပ်များသည် လှပ ခံ့ညားလွန်းသည်။ (ကျွန်တော်တို့ မင်္ဂလာဒုံ နိုင်ငံ တကာလေဆိပ်သည်လည်း သူ့အထွာနဲ့သူ အတိုင်း အတာတစ်ရပ်အထိ ခေတ်မီလှပခံ့ညားပါသည်။ ဤကား စကားချပ်။)

ယင်းလေဆိပ်များတွင် ခရီးသွားများအတွက် သက်သောင့်သက်သာဖြစ်အောင်၊ စိတ်လက် ကြည်သာအောင် ဖြည့်ဆည်းပေးထားသည်က များသည်။ လျှောက်လမ်းများအတွင်း အပြင်အဆင် များသန့်ရှင်း၊ သပ်ရပ်၊ လှပ၊ ခေတ်မီသည်။ အဆာပြေ စားသောက်ရန်ဆိုင်များ များပြားသည်။ စားစရာစုံသည်၊ အရသာစုံသည်၊ ဝယ်စရာစုံသည်။ ဆွဲဆောင် နိုင်စွမ်းနှင့် ဝန်ဆောင်မှုများ ကောင်းလွန်းသည်။ အထာကျသည်။ သို့အတွက် စားသမျှ၊ ဝယ်သမျှ၊ ပေးချေရငွေတွင် “အခွန်အခပါသည်။ သို့သော် ပေးရတာတန်အောင် ဆောင်ကြဉ်းပေးထား သဖြင့် ပေးရသူက ကျေနပ်ပါသည်။ ပေးရကျိုးနပ်သည်။ ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးဖြစ် သည်။ Tax Free (အခွန်အခလွတ်သည်) ဆိုသောဆိုင်များမှအပ ဘာဝယ်ဝယ် “အခွန်ပါသည်။

မြို့တွင်းလမ်းများ သန့်ရှင်းသည်။ အဖုအထစ်၊ ချိုင့်ခွက် မရှိသလောက်ရှားသည်။ ပလက်ဖောင်းများ စနစ်ကျသည်။ လမ်းဘေးအချို့ နေရာများတွင် ပန်းအလှပင်များ၊ ပန်းခြံငယ် လေးများဖြင့် သာယာလှပသည်။ မြို့တွင်းသွားဘူတာရုံများ သပ်ရပ်လှပ၊ သွားရလာရ အဆင်ပြေလှသည်။ ကောက်ခံရရှိသော “အခွန်အခ များကို အကျိုးရှိစွာ၊ အချိုးချကာ၊ မျှတသုံးစွဲခြင်းဖြင့် မီးမပြတ်၊ ရေမပြတ်အောင်၊ လမ်းတွေ၊ ရေပေးသည့်စနစ်တွေ၊ မိလ္လာစနစ်တွေ၊ ရေဆိုးထုတ်သည့်စနစ်တွေကောင်းအောင်ဆောင်ရွက် ပေးထားသည့်အပြင် ကျန်းမာရေးနှင့် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည် စသည်ဖြင့် ပြည်သူ့ အကျိုးပြုဝန်ဆောင်မှုများကို အခွန်ထမ်းများပေးရ ကျိုးနပ်သည်ဟု ခံစားမိအောင်၊ စိတ်ကျေနပ်အောင်၊ ဖြည့်ဆည်းဆောင်ရွက်ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။

သူတို့တွေသည် “အခွန်အခကို ရအောင် ရှာကြံတတ်၊ ကြပ်မတ်တတ်၊ ကောက်ခံတတ်၊ ဖြည့်ဆည်းပေးတတ်ကြပါပေသည်။ အခွန်ထမ်း ပြည်သူများကလည်း “အခွန်အခ ကို မညည်းမညူ။ ကြည်ဖြူကျေနပ်စွာ အကျေအလည် ပေးဆောင်ကြပါပေသည်။ အချို့ကတော့ အခွန်ရှောင်သည်များရှိသည်ကို သိပါသည်။

ကျင့်ဝတ်ချိုးဖောက်ခြင်း

အခွန်ရှောင်သည့်အမှုအတွက် ကြီးလေးသော ပြစ်ဒဏ်ကျခံနေစေရ သည်ကိုလည်း ကြားသိဖတ်ရှု ရပါသည်။ သို့သော် နည်းပါးပါသည်။ “အခွန်ရှောင်သူ"သည် ကျင့်ဝတ်ချိုးဖောက်ခြင်း ဖြစ်သဖြင့် သူတို့ရှက်တတ်ကြပါသည်။ သက်ဆိုင်ရာနိုင်ငံတွင် ခရီးသွားရင်း၊ နေထိုင်ရင်းအခွန်အခကို ပေးဆောင်သွားကြရသော နိုင်ငံခြားသားများအတွက် ဝယ်လိုစိတ်များတိုးပွားအောင်၊ သူတို့ အခွန်အခကောက်ခံ သည့် စနစ်အပေါ် ယုံကြည်လေးစားအထင်ကြီးအောင် ဆောင်ကြဉ်းပေးသော အတုယူဖွယ်လုပ်ရပ် တစ်ခုရှိပါသည်။ ဝယ်သမျှပစ္စည်းများ အပေါ်ပေးချေထားသော Goods and Services tax ကို သတ်မှတ် ထားသောကာလအတွင်း သတ်မှတ်ထားသောနေရာ များတွင် refund ပြန်လည်ထုတ်ပေးခြင်း၊ ဖြစ်သည်။

အခွန်အခ ကို နည်းလမ်းမျိုးစုံဖြင့် စနစ် တကျ ကောက်ခံတတ်သည်။ ရှောင်၍မရအောင် ကြပ်မတ်ထားသည်။ မရှောင်ရဲအောင် ဥပဒေဖြင့် ထိန်းကျောင်းပေးသည်။ ရရှိသောအခွန်အခ များကို စနစ်တကျအသုံးချကာ “အခွန်အခ ထမ်းပေးခဲ့သော၊ အခွန်ထမ်းသူများ ကျေနပ်အောင်၊ အခွန်ထမ်းပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေသော အများပြည်သူ အကျိုးပြုဝန်ဆောင်မှုများကို လက်တွေ့အကောင်အထည်ဖော်ပေး သည်။

အတုယူစရာ၊ အားကျစရာဖြစ်သည်။ “ညီညာ ၍ “ပြည်သာပါသည်။ “မျှတလှပ ပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း သည်သို့သာ ဖြစ်စေချင်သည်။ “အခွန်အခကို ပြေအောင်၊ ကျေအောင် ထမ်းနေသောပြည်သူများ၊ ပြေအောင်၊ ကျေအောင် ထမ်းဆောင်ချင်သူ အများအပြားရှိသည်ကို ကောင်းစွာသိရှိပါသည်။ ကျန်ရှိသော အခွန်ထမ်း ပြည်သူများကလည်း ပေးဆောင်ရမည့် “အခွန်အခများကို အကျေအလည် ပေးဆောင်သင့်ပါကြောင်း အကျိုးမျှော်ကာ နှိုးဆော်တင်ပြလိုပါသည်။

“အခွန်အခကို ရအောင်ကောက်ခံရရှိနိုင်ဖို့

အခွန်အခ ကောက်ခံသည့် အစိုးရယန္တရား အစိတ်အပိုင်းများကလည်း “အခွန်အခကို ရအောင်ကောက်ခံရရှိနိုင်ဖို့၊ မရှောင်အောင် ကြပ်မတ်ထိန်းကျောင်းနိုင်ဖို့၊ ရရှိသည့် အခွန်အခများ ကို၊ မည်ရွေ့မည်မျှ၊ ထိုအထဲမှ အစုအဖို့ မည်မျှကို မည်သည့်ကဏ္ဍသို့ မျှဝေသုံးစွဲသည်ကို ပြည်သူများ သိအောင်လုပ်ပေးဖို့၊ ပြည်သူများ မြင်မြင်ထင်ထင်ဖြစ်လာအောင် လက်တွေ့အကောင်အထည်ဖော် ပြနိုင်အောင်စွမ်းဆောင် ပေးဖို့လိုသည်ဟု အကြံပြုတင်ပြလိုပါသည်။

မြင်မှယုံသည်မှာ လူ့ဓမ္မတာဖြစ်သည်။ ယခုခေတ်တွင် ရှင်သန်နေထိုင်သူများကို ရေပေါ် အရုပ်ရေးပြ၊ လေပေါ်အရုပ်ရေးပြ၍မရတော့။ ကိုယ်ထိလက်ရောက်မှ ကြိုက်ကြသည်။ အရာထင်မည်။ လက်ရှိကာလတွင် “အခွန်အခကို ပေးဆောင်လိုသူများ အများအပြား ရှိပါသည်။ ပေးလိုသူများအတွက်၊ အဆင်ပြေအောင် ပေးချေနိုင်ဖို့သာ၊ နည်းလမ်းများ ရှာဖွေဖော်ထုတ်၊ အဆင်ပြေအောင် လုပ်ပေးထားတတ်ဖို့၊ ဖုထစ်နေမှုများရှိက ရွေပေါ်တိုက်ပေးတတ်ဖို့တော့ လိုသည်ထင်သည်။

အလွန်အရေးကြီးသောကာလ

ကောက်ခံသည့်စနစ် အချိတ်အဆက်မမိ၊ အားနည်းလိုအပ်ချက်များရှိနေ၊ လုပ်ငန်းယန္တရားကို ချောမွေ့စွာ လည်ပတ်နိုင်အောင် စီမံရန်လိုအပ်ချက်များ အထိုက်အလျောက် ရှိသေးသဖြင့် “အခွန်အခဟူသောဝန်ကို ထမ်းလိုသူများ အားမလို အားမရပြောဆိုသံများ ကြားနေရဆဲ ဖြစ်သည်။ ဝမ်းနည်း ဖွယ်ဖြစ်သည်။ “အခွန်အခများ ကောက်ခံရရှိမှု နည်းပါးသွားစေရသည့် အခြေခံအချက်များကို စနစ်တကျ စောကြောစိစစ်၊ ဖြေရှင်းပေးရန် အလွန် အရေးကြီးသော ကာလဖြစ်သည်။

ရှိမှ “8” လုပ်ပြနိုင်မည်ဖြစ်သည်ကို သတိချပ်ရမည်။

“ညီညာစွာဖြင့် ပြည်သာစေချင်သည်။

ထို့ပြင်တဝ “မျှတစွာဖြင့် လှပစေချင်သည်မှာလည်း အမှန်ဖြစ်သည်။

ကျွန်တော် ကြက်သွန် “အခွံ သင်ခြင်းအမှု ပြီးသွားပြီဖြစ်သည်။ “အခွံ “ကင်း သဖြင့် စားသုံးရန်အသင့်ဖြစ်နေပြီဖြစ်သော ကြက်သွန်ဖြူ/ နီများကား “အမြင်တင့်တယ် လှပနေသည်။

အခွန်အခါ “ရှင်းလင်းပြီး ဖြစ်သဖြင့် ပြည်သူရော အစိုးရယန္တရားများပါ “အစဉ်ဝင့်ထည် နေစေ့ချင်စမ်းလှပါသည်။ ။

ခွန်ဝင်းခီ