ခွေးရူးရောဂါအန္တရယ် သတိပြုဖွယ်
ခွေးရူးရောဂါကို ဘီစီ ၂၀၀၀ ဝန်းကျင်ကတည်းက သိရှိခဲ့ကြသည်ဟု သိရသည်။ ခွေးရူးရောဂါအကြောင်း ရေးသားခဲ့သည့် ပထမဆုံးမှတ်တမ်းမှာ ဘီစီ ၁၉၃ဝ က မီဆိုပိုတေးမီးယား Codex of Eshnunna အညွှန်းစာအုပ်ထဲတွင်ဖော်ပြပါရှိသည့် မှတ်တမ်းထဲ၌ ခွေးရူးရောဂါ လက္ခဏာများပြနေသည့် ခွေး၏ပိုင်ရှင်သည် အကိုက်မခံရအောင် အကာအကွယ် အတားအဆီးလုပ်ထားသင့်သည်ဟုပါရှိသည်။ မိမိမွေးမြူထားသော ခွေးက ခွေးရူးရောဂါဖြစ်ပွားပြီး တစ်ယောက်ကို ကိုက်မိသောကြောင့် ထိုလူသေဆုံးလျှင် ခွေးပိုင်ရှင်အား ကြီးလေးသော ဒဏ်ငွေပေးဆောင်စေသည်ဟု မှတ်တမ်းတင် ခဲ့သည်။
ရှေးခေတ်က ခွေးရူးရောဂါအကြောင်း ကောင်းစွာမသိခဲ့ကြသဖြင့် ရိုးရာဆေးဝါးများဖြင့်သာ ကုသခဲ့ကြသည်။ ရိုးရာဆေး ဝါးများထဲ၌ ဟိုင်းအီးနားခေါ် တောရိုင်းတိရစ္ဆာန်၏ အရေပြားကို ပိတ်စနှင့်အုပ်၍ အနာပေါ်အုံပေးခြင်း၊ လူ၏ဦးခေါင်း ရိုးပါဝင်သောဆေးဖော်ပြီး အနာကိုလိမ်းပေးခြင်းတို့ ပါဝင်သည်ဟု သိရသည်။ ခွေးကိုက်ခံရပြီးနောက်ထိုးရသော ကာကွယ်ဆေးအစီအစဉ်များနှင့် Immunoglobulin ခွေးရူးရောဂါခုခံနိုင်သော စွမ်းအားအသင့်ပါဝင်ပြီး ဆေးဝါးများ ပေါ်ထွန်းလာသော် လည်း ခွေးရူးရောဂါအပေါ် လူတို့၏ ကြောက်ရွံ့ ထိတ်လန့်မှုမှာ လျော့ကျသွားခြင်း မရှိကြကြောင်း သိရသည်။
ဘော့စတွန်မြို့မှ စတင်
၁၇၆၈ ခုနှစ်တွင် ဘော့စတွန်မြို့မှ စတင်ဖြစ်ပွား ခဲ့သော ခွေးရူးရောဂါသည် နှစ်အနည်းငယ်အတွင်း အခြားပြည်နယ် များသို့ ပျံ့နှံ့သွားပြီး ပြင်သစ်နှင့် မြောက်အမေရိက တိုက်အထိ ကူးစက်သွားခဲ့သည်။ ၁၉ ရာစုအတွင်းက ခွေးရူးရောဂါ၏ ကြောက်မက် ဖွယ်ကောင်းပုံကို ဘေးဆိုးကပ်ဆိုး တစ်ခုဟုပင် ယူဆခဲ့ကြသည်။ ထိုခေတ်တွင် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ပြည်တို့၌ သူတော်စင် Saint Hubert ကို ရိုသေကိုင်းရှိုင်းကြသောကြောင့် စိန့်ဟူးဘတ်၏သော့ (St Hubert's Key) ကို မီးပြင်းပြင်းနှင့်ဖုတ်ပြီး ခွေးကိုက်ခံရသော အနာကိုထိုသော့တံနှင့်ကပ်ကာ ကုသခဲ့ကြ သည်။ ပဉ္စလက်ဆန်သော အတွေးအခေါ်ကို အသုံး ပြုပြီး ခွေးရူးရောဂါ ကာကွယ်တားဆီးနိုင်အောင် ခွေးများအားသော့တံဆိပ် သံပူကပ်ပေးခြင်းကို လည်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။
ခွေးရူးဟု သံသယဖြစ်သော ခွေးကကိုက်လိုက်လျှင် ထိုလူသည် သူ့ကိုယ်သူသတ်၍သေခြင်း သို့မဟုတ် အခြားသူများက ဝိုင်း၍သတ်ဖြတ်ခြင်းဖြင့် ကိစ္စတုံးအောင် စီရင်ကြသည်။ လူဝီပါစတာ (Louis Pasteur) ခေါ် သိပ္ပံပညာရှင်ကြီး၏ စမ်းသပ်မှုများလုပ်ရန် အခွင့်အရေးများရရှိ ခဲ့သောကြောင့် ၁၈၈၅ ခုနှစ်တွင် “ခွေးကိုက်ခံရပြီးနောက်ထိုးရသော ကာကွယ်ဆေး”ကုထုံးကို တီထွင်နိုင်ခဲ့သည်။ ရှေးခေတ်ကခွေးရူးရောဂါသည်မှ စတင်ဖြစ်ပွားသည်ဟုယူဆပြီး ခွေးရူးပြန် နေသော လူ၊ တိရစ္ဆာန် တို့၏ လျှာကို အရင်းမှဖြတ်တောက်ဖယ်ရှားသည့် နည်းလမ်းကို အသုံးပြုခဲ့ကြသည်။
ရောဂါကူးစက်ပုံ
လူကိုရောဂါကူးစက်ပုံမှာ ခွေးရူးပြန်နေသော တိရစ္ဆာန်က ကိုက်ခြင်း၊ သူ၏သွားရည်ထဲမှ ဗိုင်းရပ်စ်များ အနာထဲသို့ ဝင်ရောက်ခြင်းမှ ကူးစက်သည်။ ခွေးရူးရောဂါဖြစ်ပွားပြီဆိုလျှင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ကုရာနတ္ထိ ဆေးမရှိဘဲ အသက်သေဆုံးကြရ သည်သာဖြစ်သည်။ တစ်ကမ္ဘာလုံးကို ခြုံ၍ကြည့်လျှင် နှစ်စဉ်နှစ်တိုင်းခွေးအကိုက်ခံရပြီးနောက် ခွေးရူးရောဂါကာ ကွယ်ဆေးထိုးရသော လူဦးရေသည် ၁၀ သန်းခန့်ရှိပြီး ခွေးရူးပြန်ရောဂါကြောင့် အသက် ဆုံးရှုံးရသူများမှာ ၅၅ဝဝဝခန့်ရှိနေကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး အများစုသည် အာရှတိုက်နှင့် အာဖရိကတိုက် များမှ ဖြစ်ကြသည်။ ။
ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၅၀ ကျော်၌ ခွေးရူး ရောဂါရှိနေသည်ဟု သိရသည်။ ခွေးရူးရောဂါ ကင်းစင်သော နိုင်ငံများတွင် ဗြိတိသျှကျွန်းစုများ ၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင် ဘတ်၊ ပြင်သစ်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ အီတလီ၊ | ဂရိ၊ မော်လတာ၊ ဂျာမနီ၊ ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန် ၊ အိုက်စလန်စသော ဥရောပနိုင်ငံများပါဝင် ကြသည်။ ကမ္ဘာ့ခွေးရူးရောဂါနေ့၏ အဓိကရည်မှန်း ချက်မှာ “၂၀၃၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး ခွေးရူး ရောဂါလုံးဝကင်းစင်ရေး (The goal of Zero by 30)” ဖြစ်သည်။ အဓိကလုပ်ငန်းစဉ်များအနေဖြင့် “ကာကွယ်ဆေးထိုးခြင်းနှင့် ပူးပေါင်းဆောင်ရွက် ခြင်း” တို့ပါဝင်သည်။ တစ်ဦးချင်းတစ် ယောက်ချင်း ဆောင်ရွက်နေသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ အားလုံး စုပေါင်းပြီးလုပ်ဆောင်နိုင်ရန် လိုအပ်သည်။
ခွေးရူးရောဂါကင်းစင်သော နိုင်ငံများဖြစ်
ဗြိတိန်နိုင်ငံသည် ပထဝီအနေအထားအရ ကျွန်းစုနိုင်ငံဖြစ်နေသဖြင့် ခွေးရူးရောဂါကို အမြစ်ပြတ် သုတ်သင်ရှင်းလင်း ခဲ့ခြင်း၊ ခွေးရူးရောဂါပိုးပါရှိသော တိရစ္ဆာန်များ မဝင်ရောက်နိုင်ရန် တင်းကျပ်စွာ ကာကွယ်တားဆီးထားခြင်းတို့ကြောင့် ခွေးရူးရောဂါကင်းစင်သောနိုင်ငံအဖြစ် ဘေးအန္တရာယ်ကင်းစွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ဥရောပရှိ နိုင်ငံအများစုတို့ သည်လည်း ခွေးရူးရောဂါကင်းစင်သော နိုင်ငံများဖြစ်အောင်ဆောင်ရွက်နိုင်ခဲ့ကြသည်။ ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံသည် ခွေးရူးရောဂါကြောင့် သေဆုံးသူလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး ဒုတိယအများ ဆုံးနိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်ကာ ထိုင်းနိုင်ငံက တတိယအများဆုံးနိုင်ငံဖြစ်နေသည်။
မြန်မာနိုင်ငံသည်လည်း ခွေးရူးရောဂါအန္တရာယ် အများဆုံးနိုင်ငံများထဲတွင် ပါဝင်နေကြောင်း သိရ သည်။ ခွေးရူးရောဂါ သည် Rhabdo ဟုခေါ်သော ကျည်ဆန်ပုံဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရသော ရောဂါ ဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြောအဖွဲ့ကို အဓိက တိုက်ခိုက်သည်။ ထိုဗိုင်းရပ်စ်သည် လူအပါအဝင် သွေးနွေးသတ္တဝါအားလုံးတို့အား ရောဂါကျရောက်စေသည်။ အာရှနှင့်အာဖရိကနိုင်ငံများတွင် ခွေးများနှင့်ကြောင်များသည် ခွေးရူးရောဂါ ကူးစက်ပျံ့နှံ့စေ သော အဓိကဇာတ် ကောင်များဖြစ်ကြသည်။
တောင်အမေရိကနိုင်ငံများတွင်မူ သွေးစုပ် လင်းနို့များမှတစ်ဆင့် ကူးစက်ပျံ့နှံ့စေကြောင်း သိရှိ ရသည်။ အခြားမွေးမြူရေး တိရစ္ဆာန်များဖြစ်ကြသည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ မြင်း စသည့် သွေးနွေးသတ္တဝါတို့မှာ ခွေးရူးရောဂါဖြစ်ပွားလျှင်လည်း လူကိုကူးစက်တတ်သည်။ တိရစ္ဆာန်များတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားလျှင် တံတွေးထဲ၌ ခွေးရူးရောဂါဗိုင်းရပ်စ်များစွာ ပါနေမည်။ အခြားတိရစ္ဆာန်ကို ကိုက်လိုက်လျှင် ကိုက်လိုက်သောအနာထဲသို့ တံတွေးထဲမှ ခွေးရူး ရောဂါဗိုင်းရပ်စ်များ ဝင်သွားပြီး ရောဂါကူးစက်စေသည်။ ခွေးရူးရောဂါဖြစ်ပွားနေသော လက္ခဏာများနှင့်အတူ အမူအရာ ပြောင်းလဲခြင်း၊ အစာမစားနိုင် ခြင်း၊ ရေမသောက်နိုင်ခြင်း၊ အနီးအနားရှိ လူ၊ တိရစ္ဆာန်တို့ကို တိုက်ခိုက်ခြင်း၊ ရန်လိုခြင်း၊ ကိုက်ခဲ ခြင်းတို့ ဖြစ်လာတတ်သည်။ ရောဂါလက္ခဏာပြပြီး ရက်များမကြာမီ တိရစ္ဆာန်သေဆုံးတတ်သည်။ အာရှနှင့် အာဖရိကတွင် ခွေးရူးရောဂါပျံ့နှံ့စေသော အဓိကတိရစ္ဆာန်မှာ ခွေးလေခွေးလွင့်များဖြစ်ကြသဖြင့် အိန္ဒိယနိုင်ငံ သည် ခွေးလေခွေးလွင့် များကို နှိမ်နင်းပြီး လူတို့၏ ကျန်းမာရေးအတွက် ဆောင်ရွက်ခဲ့ရာ ခွေးရူးရောဂါကြောင့် သေဆုံးသူလူဦးရေများစွာလျှော့ ချနိုင်ခဲ့သည်။
အိမ်မွေးတိရစ္ဆာန် ချစ်တတ်သူများက ခွေးလေခွေးလွင့် ရှင်းလင်းခြင်းကို ကန့်ကွက်လာကြသဖြင့် ခွေးလေခွေးလွင့်များကို ကာကွယ်ဆေးထိုးခြင်း၊ ခွေးလေခွေးလွင့်ကောင်ရေ မတိုးပွားအောင် သားဆက်ခြားပေးခြင်း သို့မဟုတ် သားကြောဖြတ် ခြင်းစသော နည်းလမ်းများကို အစားထိုးလာခဲ့သည်။ တစ်ကမ္ဘာလုံးကို ခြုံ၍ကြည့်လျှင် ၁၉၉၀ ပြည့်နှစ်တွင် ခွေးရူးရောဂါ ကြောင့်သေဆုံးသူ ၅၅ဝဝဝ ရှိခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှဖြစ်ကြပြီး အများစုသည် အာရှတိုက်နှင့် အာဖရိကတိုက်တို့ မှဖြစ်နေသည်။ အာရှနှင့် အာဖရိကတိုက်တွင် ခွေးရူးရောဂါပျံ့နှံ့စေသော အဓိကတိရစ္ဆာန်မှာ ခွေးလေခွေးလွင့်များဖြစ် ကြသဖြင့် ခွေးလေခွေးလွင့်များကို နှိမ်နင်းပြီး လူတို့၏ ကျန်းမာရေးအတွက် ဆောင်ရွက်ခဲ့ရာ ခွေးရူးရောဂါကြောင့် သေဆုံးသူလူဦးရေကို များစွာလျှော့ချနိုင်ခဲ့သည်။
သာမန်လူများထက်ပို၍ သတိပြုသင့်သူများခွေးရူးရောဂါအပါအဝင် ခွေးနှင့်ကြောင်တို့မှ ကူးစက်သောရောဂါကို ကာကွယ် ရန်အတွက် သာမန်လူများထက်ပို၍ သတိပြုသင့်သူများမှာ -
(၁) တိရစ္ဆာန်များကို ကိုင်တွယ်၊ ထိန်းကျောင်း၊ ကုသပေးရသူများ၊ (၂) မွေးကင်းစ ကလေးငယ် များနှင့် နုနယ်ငယ်ရွယ် သော ကလေးများ၊ (၃) အိုမင်းမစွမ်းဖြစ်နေသော၊ နာမကျန်းဖြစ်နေသော သူများ၊ (၄) စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ လုပ်သားများ၊ (၅) အစားအသောက် ထုတ်လုပ် သောလုပ်ငန်းများမှ အလုပ်သမားများ၊ (၆) ခုခံအားနည်းသော ဝေဒနာရှင်များ၊ (၇) ကိုယ်တွင်းအင်္ဂါအစားထိုး လဲလှယ်ထားရသူများ၊ (၈) ကိုယ်ဝန်ဆောင်မိခင်များ ၊ ဖြစ်ကြသည်။
ခွေးကိုက်ခံရသည့် လူနာများ ဆေးကုသမှုခံယူနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ဆေးရုံကြီးတို့တွင် Dog-Bite Care Centre များဖွင့်လှစ်ထားရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။ မြန်မာတစ်နိုင်ငံလုံး၌ ခွေးကိုက်ခံရမှု ဖြစ်စဉ်များ များပြားလာပြီးပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်းက ဖြစ်ပွားသူ ၁ ဒသမ ၉ သိန်းခန့်ရှိရာ ပြည်သူ့ဆေးရုံများတွင် ကျန်းမာရေးဝန်ကြီး ဌာနက ပံ့ပိုးထောက်ပံ့ထားသော ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ပြတ်လပ်မှုပင် ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်တွင်မူ တစ်ကမ္ဘာလုံးတွင် ခွေးရူးရောဂါကြောင့် သေဆုံးသူ ၁၇၄၀၀ သာဖြစ်အောင် လျှော့ချနိုင်ခဲ့သည်။ သေဆုံးသူတို့၏ ၉၅ ရာခိုင်နှုန်းမှာ အာရှနှင့် အာဖရိကမှဖြစ်ကြပြီးသေဆုံးလူဦးရေ၏ ၄၀ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်အောက် ကလေးများ ဖြစ်နေကြသည်။
ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
၂၀၁၂ ခုနှစ် ဇူလိုင်လမှစ၍ ခွေးကိုက်ခံရသူ လူနာများအား ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရေး အတွက် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရန် အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေး ခဲ့ပြီး ဗဟိုအဆင့်ဆေးရုံကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်ဆေးရုံကြီးများ၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ ဖြန့်ဖြူး၍ ခွေးကိုက်ခံရသူလူနာ များအား ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ၂၀၁၃၂၀၁၄ ဘဏ္ဍာနှစ်မှစတင်၍ ခွေးကိုက်ခံရသူ လူနာ များအား ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရေးအတွက် ထိုးနှံပေးသော Immunoglobulin များကိုလည်း အစိုးရဘဏ္ဍာငွေဖြင့် ဖြည့်တင်းပေးလျက်ရှိကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ခွေးရူးပြန်ရောဂါ ကာကွယ် ဆေးအတုများတွေ့ရှိခဲ့ခြင်း ကြောင့်ကမ္ဘာ့ကျန်း မာရေးအဖွဲ့က သတိပြုနိုင် ရန် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဆေးဝါးအတုများမှာ VER-ORAB, Power and Solvent for Suspension for Injection သို့ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Inter national alert အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်းက ခွေးရူးပြန်ရောဂါကာကွယ်ဆေးအတုများကို ဖိလစ်ပိုင်နိုင်ငံတွင် တွေ့ရှိမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည့် ဆေးဝါးအတုနှစ်မျိုး၏ Batch No. များမှာ Batch No.35 နှင့် F1 833 တို့ဖြစ်ကြောင်းနှင့် Sanofi Pasteur အနေဖြင့် အဆိုပါ ကာကွယ်ဆေးအတုများကို လည်းထုတ်လုပ်ခြင်းမရှိဟု တင်ပြကြသည်ဟု သိရသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနက ပြည်သူ့ကျန်းမာ ရေးအတွက် ဆောင်ရွက်ပေးနေသည့်ဆေးရုံ၊ ဆေးခန်း၊ ဖြန့်ဖြူးရောင်း ချသည့်ဆေးဆိုင်များ၊ လုပ်ငန်းများတွင် အထူးအလေးထား ရန်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆရာဝန် အသင်း၊ ဆေးနှင့်ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များသင်း၊ ပုဂ္ဂလိကဆေးရုံကြီးများအသင်းများသို့ အသိပေးကြေညာ ထားကြောင်းသိရသည်။
ခေတ်မီကာကွယ်ဆေးများ
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး လက်ရှိဈေးကွက်တွင် သုံးစွဲနေသည့် ဆေးများမှာ Human diploid cell vaccine (HDCV), purified vero cell rabies vaccine (PVRV), purified chick embryo cell vaccine (PCECV) and purified duck embryo vaccine (PDEV) တို့ဖြစ်ကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် နိုင်ငံအသီးသီးတွင် ငွေကြေးကုန်ကျမှု သက်သာစေသည့်အရေပြားတွင်း ဆေးထိုးစနစ်အစီအစဉ် Intradermal (ID) rabies vaccination schedule ကိုတွန်းအားပေးလျက်ရှိပြီး ၎င်းဆေးထိုးနည်းသည် စိတ်ချရပြီး ထိရောက်မှုရှိသည့်အပြင် ခေတ်မီကာကွယ်ဆေးများကို လက်လှမ်းမီပြီးဈေးသက် သက်သာသာဖြင့် သုံးစွဲနိုင်ကြောင်းသိရသည်။
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် ဗဟိုအဆင့်ဆေးရုံများသို့ ဖြန့်ဖြူး၍ ခွေးကိုက်လူနာများကို အခမဲ့ထိုးနှံပေးလျက်ရှိသည့်အတွက် ၂၀၁၁ ခုနှစ်ပိုင်းတွင် ခွေးရူးပြန်ရောဂါကြောင့်သေဆုံးသူ လူနာဦးရေ ၂၄၅ ဦးခန့်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၇၀ အထိ လျော့ကျလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနစီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေး သတင်းစနစ်၏ စာရင်းများအရ သိရသည်။ ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ချမှတ်ထားသော ၂၀၃၀ ပြည့်နှစ်တွင် ခွေးရူးပြန်ရောဂါပပျောက်ရေး ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်များတွင် ခွေးများအား ခွေးရူးပြန်ရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်းကို One Health Strategy အနေဖြင့်ဆောင်ရွက်လျက်ရှိရာ ပါဝင်လုပ်ဆောင်ကြသော မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဝန်ထမ်းများကိုလိုအပ်သော ကြိုတင်ကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၁) ခွေး၊ ကြောင်တို့၏ ကိုက်ခြင်းခံရလျှင် ၊ (၂) ရေ၊ ဆပ်ပြာ၊ ပိုးသန့်စင်ဆေးရည်တို့နှင့် ဒဏ်ရာကိုသေချာစွာ ဆေးကြောပါ။ (၃) ဆရာဝန်ထံ ချက်ချင်း ပြသပြီး ကုသမှုခံယူပါ။ (၄) ဆရာဝန်က ကာကွယ် ၊ ဆေးထိုးသင့်သည်ဟု ဆုံးဖြတ်လျှင် အမြန်ဆုံးထိုးပါ။ (၅) အိမ်မွေး တိရစ္ဆာန် ပိုင်ရှင်များအနေဖြင့် မိမိ၏ ခွေး၊ ကြောင်တို့ကို ခွေးရူးကာကွယ်ဆေး မှန်မှန်ထိုးကြ ပါရန်နှင့် သက်ဆိုင်ရာကျန်းမာရေးဌာနများမှ ကြေညာချက်များကို လိုက်နာဆောင် ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
မေယု- မျိုးအောင် (MANA )