တတိယလှိုင်းအလွန် အရှုံးထဲကအမြက်
မုန်တိုင်းအပြီး ထွက်ပေါ်စနေခြည်သည် လောကကို သာယာလှပါစေသည်။ မျှော်လင့်ချက်တို့ကို ပိုမိုဝင်းပစေသည်။ နိုင်ငံတော်၏ စနစ်တကျစီမံခန့်ခွဲမှု၊ နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နှင့် လူမှုအဖွဲ့အစည်း၊ အသင်းအသီးသီး၏ ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး၏ တတိယလှိုင်းသည် ပစ္စက္ခကာလတွင် အထိုက် အလျောက်လျော့ပါးသွားခဲ့သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ ဇူလိုင်လ၊ မြန်မာပြည်အတွက် ကံဆိုးမိုးမှောင် ကျရောက်ခဲ့ရသည့် နေ့ရက်များဟုဆိုရမည်။လူတွေက တဖြုတ်ဖြုတ်ဆုံးပါးသွားကြသည်။ အချို့က မိဘ၊ ညီ၊ အစ်ကို၊ မောင်နှမ ဆွေမျိုးသား ချင်းများ၊ အချို့ကား မိတ်ဆွေသင်္ဂဟများကို ဆုံးရှုံးခဲ့ကြရ သည်။သက်ဆိုင်သူအားလုံးရဲ့ မျက်ဝန်းမှမျက်ရည်စတွေနှင့်။ သောက၊ ပရိဒေဝတို့နှင့်အတူ သေသူကိုရှင်သူက တသကျန်ရစ်ခဲ့ကြရသည်။ ။
ယခင်က လူချင်းတွေ့လျှင် “နေကောင်းလား၊ စားပြီးပြီလား”ဟူသည့် ပဋိသန္ဓာရ စကားတို့အစား “ဟေ့၊ ကြားပြီးပြီလား၊ ဘယ်သူဘယ်ဝှာတော့ ညကဆုံးသွားပြီ၊ မနက်က ဆုံးသွားပြီ” ဟူသည့် အမင်္ဂလာသတင်းဆိုးများကိုသာ ကြားခဲ့ကြရသည်။
ဆုံးပါးသွားခဲ့ကြသည့် မိတ်ဆွေသင်္ဂဟများထဲတွင် မွေးကတည်းက သည်ရပ်ကွက်ထဲမှာနေ၊ သည်ရပ်ကွက် သည်လမ်းထဲ မှာအတူတကွကြီးပြင်းလာခဲ့ကြ၊ လည်ပင်းဖက်ပေါင်းသင်းလာခဲ့ကြသော အလွန်ရင်းနှီး ချစ်ခင်ခဲ့ရသူများလည်း ပါသွားကြ သည်။
“ကို-- ဘယ်သူလည်း မတွေ့တာကြာပြီ၊ နေရောကောင်းရဲ့လား မသိဘူး”
“ဟ၊ ဆုံးသွားပြီလေကွာ၊ တစ်ပတ်လောက်ရှိပြီ”
“ဟင်၊ ကျွန်တော်မသိလိုက်ဘူး၊ ကိုဗစ်ပဲလား”
“ဟုတ်တယ်”
သူကား ကျွန်တော်နှင့် ဟိုးငယ်စဉ်ကတည်းက ရင်းနှီးခင်မင်ခဲ့သူဖြစ်ပါသည်။ ကျွန်တော့်ထက် အသက်ကြီးသည်။ သို့သော် ပျော်တတ်သူများပီပီ အမြဲတမ်းနောက်ပြောင်နေကျ။ စိတ်နှလုံးကို ရွှင်ပြုံးစေတတ်သော မိတ်ဆွေများဖြစ်ကြပါ၏။ သို့တစေ ဖေဖော်ဝါရီလဆန်းနောက်ပိုင်းကစ၍ ကျွန်တော့်ကိုသူ မျက်နှာချင်းဆိုင်တွေ့ပါသော် လည်း နှုတ်ခွန်းမဆက် တော့။ အံ့အားသင့်စရာ ဖြစ်ရ၏။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။
သဘာဝကို မေ့လျော့နေလေသလား
နိုင်ငံရေးအယူအဆ၊ သဘောထားရပ်တည်ချက် တို့ကြောင့်လေလား။ သူသည် အနီရောင်လေနီကြမ်းထဲက သစ်ရွက် တစ်ရွက်လို ဦးတည်ရာမရှိ၊ ရောက်ရာပေါက်ရာ တိုက်ချင်သည့် အရာဝတ္ထုကို ဝင်တိုက်နေသကဲ့သို့နှယ်များလား၊ သူစိတ်ထဲမှာ စွန်းထင်းနေသော အရောင်တစ်ခု လိုမြင်မြင်သမျှ ဒီအရောင်ပဲဖြစ်ရမယ်လို့များ ထင်မှတ်နေရော့သလား။ ဪ၊ မိတ်ဆွေသူငယ် ချင်းရယ်၊ ထိုသို့ ဆိုလျှင် လက်ချောင်းတွေသည်ပင်လျှင်အတို၊ အရှည်မညီကြသည့် သဘာဝကို မေ့လျော့နေလေသလား။
ကျွန်တော်ကတော့ ကိုယ့်လိပ်ပြာကိုယ်သန့် ပါသည်။ အစွဲအလမ်းမထား။ ဤသည်ကို သူသည်အထင်လွဲကာ သူ့လိုရဲရဲ မတောက်ရကောင်းလားဟု စိတ်ကွက်ပြီး ကျွန်တော့်ကို မခေါ်မပြော နိုင်ဖြစ်လေ ရော့သလားမသိ။
မည်သို့ဆိုစေ ယခုအချိန်တွင် သူ့ကိုကျွန်တော် လွမ်းပါသည်။ နောင်တလည်း ရမိသည်။ “မှော်”၊ သူ မခေါ်မပြောသည့်တိုင် “ငါက အငယ်ပဲလေ။ ငါအရင်နှုတ်ဆက်ခေါ်ပြောသင့်တာပေါ့”ဟုလည်း တွေးရင်း ဆွေးမိလေသည်။
ကိုယ်ယုံကြည်ရာနိုင်ငံရေးနှင့် လူမှုရေး
တကယ်တော့ ဤအဖြစ်သည် ဒီမိုကရေစီစံနှုန်း၊ ဒီမိုကရေစီယဉ်ကျေးမှုတို့နှင့် ကျင့်သားမရသေးသည့် မရင့်ကျက်သေး သည့် မြန်မာလူ့ဘောင်၏ ပြယုဂ်တစ်ခုဟု ဆိုရပါမည်။ ကိုယ်ယုံကြည်ရာ နိုင်ငံရေးနှင့် လူမှုဆက်ဆံရေးကို တလည်းသီး ပမာသူ့အကန့်နှင့်သူ ဖြစ်တည်ထားရှိရမည့်အစား အားလုံးကိုရောထွေးခဲ့ခြင်းကြောင့် ဖြစ်လေသည်။
တကယ်တော့ ကိုယ့်အထင်၊ ကိုယ့်အမြင်များသည် အမြဲအစဉ် ထာဝရမှန်ကန်နေသည့်အရာ မဟုတ်ပါ။ ကာလ၊ ဒေသ၊ ပယောဂအရအမြဲပြောင်းလဲနေတတ်သော အရာများသာဖြစ်သည်။ အယူဝါဒတစ်ခုကို အစဉ်ထာဝရ မဖောက်မပြန်အမြဲ မှန်သည်ဟု တရားသေဆုပ်ကိုင်၍ ငြင်းခုန်နေ၍မရပါ။ “ကမ္ဘာကြီးမြဲသလော”၊ “ကမ္ဘာကြီးမမြဲသလော” ဟူ၍ တက္ကတွန်းများက သက္ကာယဒိဋ္ဌိအယူအဆ တစ်ခုကို တရားသေဆုပ်ကိုင်ပြီး မြတ်စွာဘုရားရှင် အားမေးမြန်းသော အဖြေမရသည့်ပုစ္ဆာတစ်ရပ်ကို သို့ပင် ဖြစ်ပါလိမ့်မည်။ ကိုယ့်အယူသည် ကိုယ့်အပူမဖြစ်စေဖို့ အရေးကြီးလှသည်။
တကယ်တော့ သူက သူ့ရဲ့ နိုင်ငံရေးအယူအဆအရ၊ ကျွန်တော်ကတော့ အဓိမာနအရ သူနှင့်ကျွန်တော်လပိုင်း မျှမခေါ်မပြောဖြစ်ခဲ့ကြ၊ ထိုစဉ်က အရေးမပါဟု ထင်ကောင်းထင်မိခဲ့ကြ ပါမည် ဖြစ်သော်လည်း ယခုလို သူမမျှော်လင့်ဘဲ ကိုဗစ်-၁၉ရောဂါဖြင့် ကွယ်လွန်သွားတော့ ဘဝတစ်သက်တာ၏ နောက်ဆုံးအချိန်ဝယ် “နှုတ်မဆက်လိုက်ရ လေခြင်း”ဟူသော နောင်တနှင့်အတူ မိတ်ဆွေဝတ္တရားပျက်ကွက်ခဲ့သည်အထိ အတိုင်းအတာပမာဏ ကြီးမားသွား လေသည်။
သို့အတွက်ကိုဗစ်-၁၉တတိယလှိုင်းအလွန်ဝယ် ကျွန်တော်တို့သည် အရှုံးထဲကအမြတ်အနေဖြင့် လက်ရှိ လူမှုဆက်ဆံ ရေးနယ်ပယ်ကို တစ်ချက် ငဲ့စောင်း ပြန်လည်သုံးသပ်ကြည့်ရပါတော့မည်။ နိုင်ငံရေးအယူအဆ၊ သဘောထားရပ်တည်ချက် အမျိုးမျိုးထက်နှစ်ရှည်လ များရင်းနှီးကျွမ်းဝင် ခင်မင်ခဲ့ကြသည့်ဖြူစင်သောမေတ္တာတရားကို တန်ဖိုးထားလေးစားကြဖို့ လိုသည်။ ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ဖို့လိုသည်။ လူနှင့်လူ့ပတ်ဝန်းကျင် အညမညဖြစ်စေဖို့ ယောနိသော မနသီကာရ ကောင်းမွန်မျှတသော စိတ်စေတနာတို့ဖြင့် သာယာသောလူ့ဘောင်ကို အားလုံးဝိုင်းဝန်းတည်ဆောက် ကြရပါမည်။ ဒီမိုကရေစီ၏ သဘောသဘာဝအရ မတူကွဲပြားခြား နားမှုများထဲက စုစည်းညီညွတ်မှုကို အလေးထား တည်ဆောက်ကြရပါမည်။
ကိုဗစ်-၁၉ တတိယလှိုင်းကာလဝယ် ထူးခြားချက်ကအိမ်တိုင်းလိုလိုတွင် ဆရာတော်၊ သံဃာ တော်များ ရွတ်ပွားချီးမြှင့် သော ပရိတ်တရားတော်များကို ကြည်ညိုဖွယ် ကြားနာခဲ့ရ ခြင်းဖြစ်ပါသည်။ အချို့အိမ်များက ဓမ္မရုပ်သံလိုင်းများမှ ထုတ်လွှင့် ပေးခဲ့ပါသော ပရိတ်တရားတော်များကို ဖွင့်လှစ်နာယူကြသည်။ အချို့ကား ကိုယ်တိုင်ရွတ်ပွားပူဇော် ကြသည်။ အထူးသဖြင့် ရတနသုတ်ပရိတ်တော်။
မြတ်ဗုဒ္ဓတရားတော်များက စိတ်ကို လုံခြုံ၊ ကြည်နူး
နိုင်ငံတော်ကထုတ်ပြန်ထားသည့် Stay at Home ညွှန်ကြားချက်ကြောင့် လမ်းများသည် အသွားအလာ လူသူကင်းမဲ့လျက် ခြောက်သွေ့နေ လေသည်။ လူအများစုတို့၏ စိတ်နှလုံးတို့သည်လည်း တုန်လှုပ်ချောက်ချားနေကြသည်။ ကိစ္စ တစ်ခုခုကြောင့် မထွက်မဖြစ် အပြင်သို့ထွက်လာခဲ့ရသည့် ကျွန်တော်သည် ထိုထိုအိမ်များမှ မြတ်ဗုဒ္ဓ၏ပရိတ်တရား တော်များကို ကြားနာမိ သည့်အခိုက်ဝယ် စိတ်သည်လုံခြုံလာသည်။ ကြည်နူးလာသည်။
ရှေးအခါက ဤကမ္ဘာသည် မှောင်အတိဖြစ်ခဲ့ သဖြင့် ကမ္ဘာဦးလူတို့သည် အလွန်ကြောက်ရွံ့ တုန်လှုပ်ကြလေသည်။ ထို့နောက်မှာတော့ နေမင်း ကြီးပေါ်ထွက်လာ၍ ကြောက်ရွံ့ခြင်းများ အနည်းငယ်ကင်းပသွားခဲ့ကြသည်။ ထိုအခါ ကမ္ဘာဦး လူတို့သည် ငါတို့၏ ရဲရင့်ခြင်းကိုဖြစ်စေ သောကြောင့် "သူရိယ"ဟု အမည်မှည့်ကြလေကုန်၏။
ထိုသူရိယနေမင်းသည် တစ်နေ့တာထွန်းလင်းပြီး ကွယ်ပျောက်သွားပြန်သောအခါ မှောင်အတိ တစ်ဖန်ပြန်ဖြစ်သွား လေသည်။ ကမ္ဘာဦးလူတို့သည် အလင်းရောင်ကိုတစ်ဖန် တောင့်တကြပြန် သည်။ ထိုအခါ လဝန်းကြီးကပေါ်ထွက်လာ၍ ကမ္ဘာဦးလူတို့သည် ငါတို့ ၏ “အလိုဆန္ဒ”ကို သိဘိသကဲ့သို့ ဖြစ်ပေါ်လာသောကြောင့် လဝန်းကြီးအား “စန္ဒ”ဟု အမည် မှည့်ကြလေသည်။
ဤသို့ဖြင့် ကမ္ဘာဦးလူတို့သည် ကိုးကွယ်ရာအဖြစ် အချို့က နေမင်း၊ လမင်း၊ ရေ၊ မြေ၊ တော၊ တောင်၊ သစ်ပင်တို့ကို ကြောက်ရွံ့ခြင်းမှ လွတ်ကင်းစေရန်၊ ဘေးဘယာအပေါင်းမှ ဝေးကွာစေရန်၊ ဆင်းရဲခြင်းမှကင်းဝေးစေရန် ကိုးကွယ် ဆည်းကပ် ခဲ့ကြလေသည်။ ထို့နောက် ဘာသာတရားများ ပေါ်ပေါက်လာသည်။ ပစ္စက္ခကာလတွင် ကမ္ဘာ့လူသားတို့သည် မိမိတို့ယုံကြည်သက် ဝင်ရာအလိုက် ဘာသာတရားများ ကိုးကွယ်ဆည်းကပ်လာကြသည်။
သရဏဂုံသုံးပါး ခံယူဆောက်တည်
မိမိတို့ထေရဝါဒဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ် ဆည်းကပ်ရာကား ဘုရား၊ တရား၊ သံဃာရတနာ မြတ်သုံးပါးဖြစ်လေ သည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတိုင်း ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံယံ သရဏံ ဂစ္ဆာမိဟူသော သရဏဂုံသုံးပါးကို ငယ်စဉ်ကလေးဘဝကတည်းက ခံယူဆောက်တည်ခဲ့ကြပါသည်။
သို့ရာတွင် ပုထုဇဉ်လူသားများပီပီများသော အားဖြင့် မီးနှင့်ဝေးသည့်ချိတ်ပမာ ပမာဒ မေ့လျော့ နေခဲ့ကြသည်။ ဃရာဝါသော ဗဟုကိစ္စေဆိုသည့် နှယ် ကိစ္စများမြှောင် လူတို့ဘောင်ဝယ် သားရေးသမီးရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယခု နိုင်ငံရေးတို့ဖြင့် နိစ္စဓူဝ တဝဲဝဲလည်ခဲ့ကြရပါသည်။
ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်ချိန်ဝယ်၌မူ လူတွေကမျက်စိရှေ့အောက်မှာပင် တဖြုတ်ဖြုတ် သေဆုံးပျောက်ကွယ် ကုန်ကြသည်။ ကိုယ်ကိုယ်တိုင်လည်း အစိုးမရတော့။ ရောဂန္တရကပ် ဘေးကြီးဝယ်လူတိုင်းနေ့လား၊ ညလား မသေချာတော့။ ထိုသော အခါ ယခင်က သံဝေဂမပါ တရားမရှာခဲ့ကြသော အများစုတို့သည် သံဝေဂတွေရလာကြသည်။ သံဝေဂပါပါဖြင့် တရားရှာ လာကြလေသည်။
အိမ်တိုင်းနီးပါး ကြေးစည်သံတွေ ဝေစီလာ သည်။ သရဏဂုံသုံးပါးတို့ လွှမ်းခြုံလာသည်။ ပရိတ် အရံအတားတို့ဖြင့် စည်းခြားလာကြသည်။ သူတော်ကောင်းဓာတ် တရားမြတ်တို့ လွှမ်းခြုံလာ ကြပေသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများကလည်း သံဃာ တော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ရပ်ကွက် အလိုက်၊ လမ်းအလိုက် မော်တော်ယာဉ်များဖြင့် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ မေတ္တာပို့သခြင်းအစီအမံများကို စီစဉ်ဆောင်ရွက် ပေးခဲ့ကြပါသည်။
ကျွန်တော်ထင်ပါသည်။ ပစ္စက္ခကာလ ကိုဗစ်-၁၉ တတိယလှိုင်းကို ကြံ့ကြံ့ခံထိန်းချုပ်ရင်း လျော့ပါးကျဆင်းလာစေရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာရခြင်းသည် နိုင်ငံတော်၏ ဦးဆောင်မှုသာမက ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ ကြောင့်လည်း ပါဝင်သည်ဟု ဤသို့ယုံကြည်မိပါသည်။
အနုပဋိလောမရုပ်ဝါဒကို သက်ဝင်ယုံကြည်သူတို့ကမူ သံဃာတော်အရှင်သူမြတ်များက ခုနစ်ရက် သားသမီးအပေါင်း အန္တရာယ်ကင်းဘေးကင်းစေရန် ရတနသုတ်အပါအဝင် ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်မှုကို ပြက်ရယ် ပြုကြသည်။မေတ္တာ၏ စွမ်းအား၊ သစ္စာ၏ စွမ်းအား၊ သီလ၊ သမာဓိ၊ ပညာတို့၏ စွမ်းပကားသတ္တိကို သူတို့အနေဖြင့်လက် လှမ်းမမီနိုင်ကြချေ။ မြင်နိုင်စွမ်းလည်း မရှိခဲ့ကြချေ။
ငြိမ်သက်စွာနေခြင်းဖြင့် စွမ်းအားအသုံးပြု
ဘုရားရှင်၏ တပည့်သား သာဝကများသည် သတ္တဝါများ၏ အကျိုးစီးပွားတွက် မိမိတို့ အင်အားရှိ သလောက် မအိပ်မနေ ချီးမြှောက်တော်မူခဲ့ကြ ပါသည်။ အရိယာသာဝကကြီးတို့အင်အားသည် လူသာမန်တို့နားမလည်နိုင်အောင် စွမ်းပကား ကြီးမားလှပေသည်။ ငြိမ်သက်စွာနေခြင်းဖြင့် ထိုင်ရာ မထ နေ့ညမအား ထိုစွမ်းအားတို့ကို အသုံးပြုခဲ့ကြပါသည်။
ဂင်္ဂါမြစ်ကမ်း၌နေသော ဗကဗြဟ္မာလောင်း ရသေ့ကြီးသည်ပင် မိမိသင်္ခမ်းကျောင်းနှင့် မလှမ်း မကမ်း ဂေါစရဂါမ်ရွာငယ်သို့ ဓားပြများ ဝင်ရောက်ကာ ရတနာ ရွှေ၊ ငွေနှင့် ကျွဲနွားများပါ ယူဆောင်တိုက်ခိုက်သွားကြစဉ် တန်ခိုးဖြင့် စစ်တပ်အသွင် ဖန်ဆင်း၍ ရှေ့မှဆီးကြိုလျက် ကိုယ်ရောင်ပြရာ ဓားပြများပစ္စည်းချ၍ထွက်ပြေးကြရသည်။ သို့ရာတွင် ဂင်္ဂါမြစ်ကမ်းရွာ သားတို့ သည် “ရသေ့ကြီး၏ ကျေးဇူးကိုမမြင်၊ ဘုရင့်တပ်မတော်ကြီး၏ ကယ်တင်မှု” ဟုသာ ထင်ခဲ့ကြသည်။
လူငယ်များ ပရဟိတလုပ်ငန်းပါဝင်လာ
သို့ရာတွင် ထေရဝါဒဗုဒ္ဓဘာသာဝင် မြန်မာ ပြည်သူအများစုသည် ရတနာမြတ်သုံးပါး၏ ဂုဏ်ကျေးဇူးတို့ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ကြကုန်၏။ သို့အတွက် ကိုဗစ်-၁၉တတိယ လှိုင်းကာလဝယ် ပြည်မြန်မာသည် မင်္ဂလာရှိသော တရားဓမ္မ အသံများဖြင့် ဝေစီခဲ့လေသည်။ အလှူဒါနပြုကြသူများ အထူးများပြားလာသည်။ အချင်းချင်းရိုင်းပင်း ကူညီမှု၊ ညှာတာစာနာ မှုတို့နှင့်အတူ ဗြဟ္မစိုရ်တရားတို့ ထွန်းပလာသည်။ လူငယ်မောင်မယ်များသည်လည်း ပရဟိတလုပ်ငန်း များတွင်ရှေ့တန်းက ပါဝင် ကူညီလာကြသည်။
ဤသည်တို့က ကိုဗစ်-၁၉တတိယလှိုင်းကာလ အရှုံးထဲကအမြတ်ဟုသာ ဆိုရပါမည်။ ကိုဗစ်-၁၉ တတိယလှိုင်းအလွန်တွင် သံဝေဂတရားများနှင့်အတူ ကောင်းမြတ်သော မြန်မာတို့၏ ယဉ်ကျေးမှု အစဉ်အလာကောင်းများကို ဆက်လက် လက်ဆင့် ကမ်း သယ်ပိုးရင်း တို့သာသနာ တို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။
စာချစ်သူ