Skip to main content

ကိုဗစ်ကာကွယ်ရေးပစ္စည်းဝေနေသူကို ရက်ရက်စက်စက် ပစ်သတ်သွားတာ တော်လှန်ရေးလား

အမရပူရမြို့နယ် မြစ်ငယ်မြို့လေးက အင်မတန်အေးချမ်းတဲ့ မြို့လေးပါ။ ဇူလိုင်လ ၁၄ ရက်နေ့က မြစ်ငယ်မြို့ လေးမှာ ရာဇဝင်မှာ အမည်းစက်တင် ကျန်ရစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြည်သူတွေ ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် အခက်တွေ့နေချိန် မဖြစ်မနေ အပြင်ထွက်ရမယ့် ပြည်သူတွေ ကျန်းမာ ရေးအန္တရာယ်ကင်းစေဖို့ ဈေးရှေ့မှာ နှာခေါင်းစည်းဝေနေတဲ့ အမျိုးသမီးတစ်ဦး ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။

ဆိုင်ကယ်စီးလာတဲ့ အကြမ်းဖက် သမားနှစ်ဦးက ပြောင်းတိုင်နဲ့ ပစ်သတ် ထွက်ပြေးသွားကြပြီး အဲဒီအမျိုးသမီးကတော့နေရာမှာတင် လဲကျသေဆုံးသွားခဲ့ရပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေး ပဲလား၊ အပြစ်မဲ့ပြည်သူတွေကို ကိုယ်နဲ့ ခံယူချက်၊ ယုံကြည်ချက်မတူတိုင်း ရန်သူ လိုသဘောထား ရက်စက်စွာနဲ့ လူသတ် ဝါဒဟာ နွေဦးတော်လှန်ရေးရဲ့ သရုပ် မှန်လားဆိုတာ ပြည်သူတွေက အံ့သြဘနန်းဖြစ်ခဲ့ရပါပြီ။

အဲဒီအမျိုးသမီးက ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးလည်းဖြစ်ပြီး လူမှုရေး၊ ရပ်ရွာအရေးတွေမှာ တက်တက်ကြွကြွ ဆောင်ရွက်လေ့ရှိသူလည်း ဖြစ်ပါတယ်။ အဲဒီနေ့ကလည်း ကိုဗစ်-၁၉ ကြောင့် လူတိုင်း စတေးဟုမ်းနေရချိန်မှာတောင် သူ့ခမျာ မဖြစ်မနေ အပြင်ထွက်လာကြမယ့်သူတွေအတွက် ပညာပေးလုပ်ငန်းတွေ၊ ကိုဗစ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေခဲ့သူပါ။ အဲဒါကို ယုံကြည်ချက်မတူတိုင်း ရန်သူလိုသဘောထားပြီး အကြမ်းဖက် လူသတ်နေတာက PDF ရဲ့ လုပ်ရပ်၊ နောက်ကွယ်က စေခိုင်းမြှောက်ပင့်ပေးနေတဲ့ အကြမ်းဖက်လူစုတွေဖြစ်တဲ့ NUG, CRPH တို့ရဲ့ လက်ချက်ပဲ ဖြစ်ပါတယ်။

သေဆုံးသူအမျိုးသမီးက ဒေါ်သက်သက်ချိုဖြစ်ပြီး သူ့လိုမျိုး အပြစ်မရှိဘဲ အကြမ်းဖက်လူတစ်စုရဲ့ မတရား သတ်ဖြတ်မှုကိုခံရသူ ဝန်ထမ်း၊ ပြည်သူ စုစုပေါင်း ၆၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် ဘယ်နိုင်ငံတကာကမှ အဲဒီသေဆုံးခဲ့ရသူတွေကို အသိအမှတ် မပြုခဲ့ပါဘူး။ ဒလန်ဆိုတဲ့ မဟုတ်မမှန် စွပ်စွဲချက်အောက်မှာ အမှန်တရားက ပျောက်ဆုံးနေခဲ့ရပါတယ်။

ဖြစ်ရပ်တွေက မှန်မှန်ကန်ကန်ကြီး ပေါ်ပေါက်နေတာတောင်မှ မီဒီယာတွေမှာ ဒလန်မို့ အသတ်ခံရတယ် ဆိုတဲ့ (ပုံပျက်ပန်းပျက် ရေးသားမှုတွေကသာ နေရာယူလျက်ရှိတဲ့အပြင် သေဆုံးရသူကိုတောင် ထပ်မံစော်ကားမော်ကား ပြောဆိုတာတွေပြုလုပ်လာတာကို မြင်ရတဲ့အခါ အကြမ်းဖက် လူသတ်ဝါဒီသမားတွေကိုရော၊ ဘုမသိဘမသိ ထောက်ခံနေကြသူတွေကိုရော စိတ်ပျက်မိသလို၊ အမှန်တရား မျက်ကွယ်ပြုခံနေရတာ အတွက်လည်း ခံပြင်းမိပါတယ်။

ကျောင်းသားတွေကို ကျောင်း မတက်ရဲအောင် အမျိုးမျိုးခြိမ်းခြောက် အကျပ်ကိုင်၊ ဝန်ထမ်းတွေ ရုံးမတက် ရဲအောင် ခြိမ်းခြောက်၊ အပြစ်မဲ့ပြည်သူတွေကို ကိုယ်ကြိုက်တဲ့ပါတီကို မကြိုက်တိုင်း စော်ကား၊ စောင်းမြောင်းရုံနဲ့ အားမရဘဲ ဒလန်ဆိုပြီး ပေါ်ပေါ်တင် တင်သတ်ဖြတ်တာ၊ အရှက်တကွဲ အကျိုးနည်းအောင်လုပ်ဆောင်တာတွေ၊ ကျောင်းတွေအနီး၊ လူစည်ကားရာနေရာ တွေမှာ ဗုံးကွဲအောင်၊ သေကျေပျက်စီးအောင် လုပ်ဆောင်နေတာတွေကို မီဒီယာတွေက နှာစေးပြီး အမှန်တရားကို ဖင်ခုထိုင်ထားကြတယ်လို့ ပြည်သူတစ်ယောက်အနေနဲ့ ခံစားလာရပါတယ်။

အခုဖြစ်ရပ်ဟာ အကြမ်းဖက် လူသတ်လုပ်ရပ်ကြီးဖြစ်ပါတယ်။ အဓိက တရားခံတွေက NUG, PDF, CRPH တို့ ဖြစ်ပါတယ်။ ဒါကို မီဒီယာအားလုံးကလည်း သိကြတယ်။ နိုင်ငံတကာကလည်း အမှန်အတိုင်း သိချင်လို့ မြင်အောင် ကြည့်ရင်သိနိုင်ပါတယ်။ မသိချင်ဘူး ဆိုပြီး မျက်လုံးပိတ်၊ နားပိတ်ထားရင်တော့ ဘယ်လိုမှ အမှန်တရားကို မြင်နိုင်ကြမှာမဟုတ်ပါဘူး။ အကြမ်းဖက် လူသတ်လုပ်ရပ်တွေကို တော်လှန်ရေး ဆိုပြီး ခေါင်းစဉ်တပ်တယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်သမားတွေကို နှိမ်နင်းတာကိုတော့ နှိပ်စက် ညှဉ်းပန်းတယ်ဆိုပြီး မုသားအပြည့်နဲ့ ကမ္ဘာကို လှည့်ပတ်လိမ်ညာနေ တာတွေ ရပ်တန်းက ရပ်သင့်နေပါပြီ။ ဆူပူ အကြမ်းဖက်မှုတွေ စတင်လာခဲ့ချိန်က စပြီး ဆန္ဒပြသူတွေ ထဲမှာ သာမန်ပြည်သူတွေအပြင် NLD ပါတီကို အစွန်းရောက် စိတ်နဲ့ ဝန်းရံသူတွေပါဝင်ပါတယ်။ သူတို့ ရဲ့ ဆိုးရွားတဲ့ အတွေးအခေါ် အမှားတွေ၊ ကိုယ်နဲ့မတူ ရန်သူစိတ်ထားတွေနဲ့ အယူ အဆအလွဲတွေဟာ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြည်သူတွေဆီကို ကူးစက်ရောက်ရှိလာခဲ့ပါတယ်။ အမျိုးမျိုး ပျံ့နှံ့နေတဲ့ သတင်းမှားတွေကို မစိစစ်နိုင်တဲ့ (အထူးသဖြင့်) လူငယ်တွေဟာ သွေးဆူဆူနဲ့ လိုက်ပါ လုပ်ဆောင်ရင်း အခုလို အကြမ်းဖက်လုပ်ရပ်တွေအထိ ကျူးလွန်လာမိကြတယ်လို့ ယူဆမိပါတယ်။

မိမိတို့လျှောက်လှမ်းနေကြတဲ့ နိုင်ငံ ရေးလမ်းကြောင်းက ဒီမိုကရေစီ ဖြစ်ပါတယ်။ အဲဒီအတွက် မိမိတို့ပြည်သူတွေ မျှော်လင့်ချက်တွေ အများကြီးထားခဲ့ကြပါတယ်။ လက်သန်းတွေ မင်တို့ပြီးတော့ လည်း ပါဝင်ခဲ့ကြပါတယ်။ ဒီမိုကရေစီ ခရီးရှည်ကြီးမှာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲလို မသမာမှုတွေ ရှိလာတဲ့အခါ ထောက်ပြဝေဖန်သူတွေလည်း ရှိသလို၊ အမှန်တရားအတွက် အဖြေရှာရင်း နိုင်ငံတော်မယိမ်းယိုင်အောင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထိန်းသိမ်းဖြည့်ဆည်းပေးနေချိန် ဖြစ်ပါတယ်။ ဒါပေမယ့်လူတိုင်းဟာ အကြောင်းတရား မတူညီနိုင်သလို၊ ခံယူချက်၊ ရပ်တည်ချက်ဆိုတာ ကွဲပြားကောင်း ကွဲပြားနိုင်ပါတယ်။ မတူညီတာတွေကို စုစည်းပြီး တူညီတဲ့ပန်းတိုင်က ဒီမိုကရေစီ မဟုတ်ပါလား။ အချင်းချင်း ပြန်လည်သတ်ဖြတ်နေပြီး လူသတ်ပွဲကြီး နိုင်ငံအတွင်းမှာ ကျင်းပနေကြရုံနဲ့ မိမိတို့ ပြည်သူတွေအားလုံး တောင့်တနေတဲ့ ဒီမိုကရေစီပန်းတိုင်က ပိုပြီးဝေးရုံသာရှိပါတယ်။

ပြည်သူတွေဟာ အေးချမ်းလုံခြုံမှု နည်းနည်းမှမရှိဘဲ အထိတ်ထိတ်အလန့်လန့်နဲ့ နေထိုင်နေကြရပြီ ဖြစ်ပါတယ်။ မည်သူမဆို ဒလန်ဆိုတဲ့စွပ်စွဲချက်နဲ့ သေဆုံးသွားရနိုင်တယ် မဟုတ်ပါလား။ ပြည်သူတွေ အနေနဲ့ လမ်းလယ်ကောင်မှာ ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေ ဝေငှနေတဲ့ လက်နက်မပါတဲ့ပြည်သူကို သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်သတ် သွားခဲ့တဲ့ သတ္တိကောင်းတဲ့ သူရဲကောင်းကြီး PDF၊ သူ့ထက်ပိုပြီး သတ္တိရှိရှိနဲ့ လေလှိုင်းကနေ သွေးဆာနေတဲ့ NUG ပြည်သူအချင်းချင်း သွေးမြေကျဖို့ မြှောက်ပင့်သွေးထိုး ရာမှာ ရဲရင့်လွန်းလှတဲ့ CRPH ဆိုပြီးတော့ပဲ အော့နှလုံးနာမိပါတော့တယ်။ အပြစ်မဲ့ပြည်သူတွေကို အခုလို လူသတ်ဝါဒနဲ့ အကြမ်းဖက်ခြင်းအတွက် ပြည်သူတို့က လက်မခံဘဲ အမြန်ဆုံးဖော်ထုတ် မြေလှန်တိုက်ထုတ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတော့တယ်။

နေခြည်သွေး