ရခိုင်ပြည်နယ်ရှိ ထင်ရှားကျော်ကြားသော ဂူဘုရားများ
ရခိုင်ပြည်နယ်သည် ဗုဒ္ဓသာသနာထွန်းပြောင်သော နေရာတစ်ခုဖြစ်၍ ဂူဘုရားများစွာ ရှိနေသည်။ ခရစ်သက္ကရာဇ် ၁၅၃၁-၁၅၃၃ ခုနှစ် ဒုတိယ မြောက်ဦး ခေတ်ကို တည်ထောင်ခဲ့သည့် မင်းဗာဘုရင်နန်းတက်လာသည့်အခါ ကုသိုလ်တော်အဖြစ် သဘာဝကျောက်တောင်များကို ဂူထွင်း၍ ဘုရားများ တည်ထားကိုးကွယ် ခဲ့သည်။ မင်းဗာဘုရင်နောက်ပိုင်း ပြောင်းလဲရွေ့လျားလာသည့် ခေတ်အဆက်ဆက်တွင်လည်း ကုသိုလ်ရှင် စေတနာရှင်များက ဂူပေါက်များကို တိုးချဲ့ ထွင်းထုကာ ဘုရားဆင်းတုတော်များကို ထုဆစ်သွန်းလောင်း၊ ကိန်းဝပ်စံပယ်စေပြီး ကိုးကွယ်ခဲ့ကြ၍ ယနေ့တွင် ရခိုင်ပြည်နယ်တစ်ဝန်း၌ ဂူဘုရားများကို ကုသိုလ်ယူ ဖူးမြော်နေကြရသည်။
မင်းဗာဘုရင်သည် ရခိုင်ပြည်နယ်၌ ဂူဘုရား ကိုးခုကို လှူဒါန်းကိုးကွယ်ခဲ့ကြောင်း ရခိုင်သမိုင်း များတွင် ဖော်ပြထားသည်။ မင်းဗာဘုရင် တည်ထားခဲ့သော ဂူကိုးခုမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကူတောင်ဂူ
ကူတောင်ဂူသည် ရသေ့တောင်မြို့နယ်အတွင်း ကူတောင်ရွာ၏ မြောက်ဘက်၌ တည်ရှိသည်။ ဤကျောက်ထွင်းဂူမှာ မြေပြင်မှအထက် ပေ ၄၀ ခန့် မြင့်သော မြေသားကုန်းမြင့် နှစ်ဆင့်ပေါ်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်တောင်ဖြစ်သည်။ တောင်မှမြောက်သို့ သွယ်တန်း နေကာ ကျောက်တောင်အရှည်သည် ပေ ၃၀၀ကျော်ရှိပြီး အမြင့်သည် ပေ ၁၀၀ ခန့် ရှိသည်။ ဂူပေါက် ခြောက်ပေါက်ရှိပြီး ဂူပေါက်ဝများသည် အရှေ့အရပ်သို့ မျက်နှာပြုထားသည်။ ဂူမျက်နှာစာ တွင် ပန်းနွယ်၊ ပန်းခက်များ၊ ကျေးငှက်သာရကာ များနှင့် ဗြဟ္မာတို့က ပူဇော်နေကြပုံများကို ထုဆစ် ထားသည်။ ဂူပေါက် ခြောက်ခုအတွင်း၌ ထိုင်တော် မူ ဘုရား ၃၁ ဆူ ကိန်းဝပ်လျက်ရှိသည်။
(၂) ဇီးကိုင်းဂူ
ဇီးကိုင်းဂူသည်ရသေ့တောင်မြို့နယ် မုစဲကျွန်း ၏ အရှေ့ တောင်ပိုင်း ဇီးကိုင်းကျေးရွာနှင့် နှမ်းခမ်းကျေးရွာတို့၏ကြားတွင် တည်ရှိသည်။ မြေပြင်မှ အမြင့် ခုနစ်ပေရှိသော မြေသားကုန်းမြင့်ပေါ်တွင် သဘာဝအလျောက် ဖြစ်တည်နေသော ဂူဖြစ်ပြီး တောင်နှင့်မြောက် သွယ်တန်းနေသည်။ ကျောက်တောင်အရှည်သည် ပေ ၄၀၀ ကျော် ရှည်လျားပြီး အမြင့်မှာ ပေ ၆၀ ခန့်ရှိသည်။ ဂူအရှေ့ဘက်သို့ မျက်နှာမူလျက်ရှိပြီး မြောက်မှတောင်သို့ မြင့်တက် သွားကာ ဂူပေါက် ကိုးခု ရှိနေသည်။
(၃) တောင်ညိုဂူ
တောင်ညိုဂူသည် ပေါက်တောမြို့မှ အနောက် ဘက်လေးမိုင်ခန့်အကွာ၌ တည်ရှိသည်။ ကျောက်ဂူမှာ သဘာဝအလျောက်ဖြစ်ထွန်းနေသော ကျောက် တောင်ဖြစ်ပြီး တစ်မိုင်ခန့်ရှည်လျားကာ ကျောက် တောင်အမြင့်မှာ ပေ ၂၃၀ ခန့်ရှိသည်။ ဂူသည် မြောက်အရပ်သို့ မျက်နှာမူလျက် ရှိနေသည်။ ကျောက်တစ်လုံးတည်းတွင် ဂူပေါက် ၄၂ ခုကို ထွင်းထုထားခြင်း ဖြစ်သည်။ ဂူများထဲတွင် ဆင်းတုတော် ကြီး/ငယ် ၅၈ ဆူကိန်းဝပ်စံပယ်တော်မူလျက် ရှိနေသည်။ တောင်ညို ဂူအနီးရှိ တောင်းဖူးဘုရားသည် ရခိုင်ပြည်နယ်အတွင်း ဉာဏ်တော်အမြင့်ဆုံး ဘုရားများထဲတွင် အပါအဝင်ဖြစ်သည်။
(၄) နတ်တောင်ပြင်ဂူ
နတ်တောင်ပြင်ဂူသည် ပေါက်တောမြို့နယ် နတ်တောင်ပြင်ကျေးရွာ၏အနောက်ဘက် ပေါက် တော-ဓားကိုင် ကားလမ်းမဘေး အနောက်ဘက် တောင်တန်းတွင် တည်ရှိသည်။ နတ်တောင်ပြင်ဂူ သည် အရှေ့ဘက်အရပ်သို့ မျက်နှာမူလျက်ရှိပြီး တောင်နှင့်မြောက် သွယ်တန်းနေသည်။ မြေပြင်မှ ဂူဝသို့ ယခု အသစ်ဖောက်လုပ်ထားသော လှေကားထစ် ၈၀ ခန့်ဖြင့် တက်ရောက်ကြရပြီး ယခင်ကသုံးခဲ့သော လှေကားအဟောင်းကိုလည်း တွေ့မြင် နိုင်သည်။ ဂူများမှာ တစ်ဆက်တည်း ထွင်းထုထား ခြင်းမျိုး မဟုတ်ဘဲ အတန်းလိုက်၊ အပိုင်းလိုက် ထွင်းထုထားကာ ဂူပေါက်ဝ လေးခု ရှိနေသည်။ ဂူပေါက်ဝတစ်ခုစီတွင် ဂူဝင်ပေါက် နှစ်ပေါက်၊ သုံးပေါက်နှင့် လေးပေါက် စသည်ဖြင့် တွေ့ရသည်။ တောင်တန်းသည် တောင်မှ မြောက်သို့ မြင့်တက် သွားရာ တောင်ဘက်ဆုံးမှ ပထမဆုံးဂူသည် အနိမ့်ဆုံးဂူ ဖြစ်သည်။
(၅) ကြိမ်ခမော်ဂူ
ကြိမ်ခမော်ဂူသည် ပေါက်တောမြို့နယ်တောင် ရင်းကျွန်း၏ အနောက်ဘက်ခြမ်း ကြိမ်ခမော် ကျေးရွာ၏ အရှေ့ဘက်အရပ်တွင် တည်ရှိသည်။ ကျောက်ထွင်းဂူဖြစ်ပြီး မြေပြင်မှအထက် ၁၀ ပေ ကျော်ခန့်မြင့်သည့်သီးခြားသဘာဝကျောက်တောင် တစ်လုံး၏အပေါ်တွင် တည်ရှိနေကာ တောင်နှင့် မြောက် သွယ်တန်းနေသည်။ ကျောက်ထွင်းဂူသည် ပေ ၂၀၀ ကျော် ရှည်လျားပြီး အမြင့် ပေ ၅၀ နီးပါး ရှိသည်။ ဂူဝသည်အရှေ့ဘက်သို့ မျက်နှာမူလျက်ရှိပြီး ဂူပုံသဏ္ဌာန်မှာ ကူတောင်ဂူနှင့် တောင်ညို ဂူတို့ ကဲ့သို့ တစ်ဆက်တည်း ထွင်းထုထားခြင်းမျိုး မဟုတ် ဘဲအပိုင်းလိုက်၊ အတန်းလိုက် ထွင်းထုထားသည်ကိုတွေ့မြင်ရသည်။ စုစုပေါင်း ဂူ ကိုးခုရှိနေပြီး ဂူဝင်ပေါက် ၁၆ ပေါက် ရှိနေသည်။
(၆) ဂူဝဂူ
ဂူဝဂူသည် ပုဏ္ဏားကျွန်းမြို့၏ အရှေ့ဘက် နှစ်မိုင်ခန့်အကွာ ကုလားတန်မြစ်၏ လက်ဝဲဘက် ကမ်းရှိ တောင်-မြောက် တန်းနေသော ကျောက်စွယ်ကို ဂူကျောင်းအဖြစ် မင်းဗာဘုရင်က စတင် တည်ဆောက် ခဲ့ခြင်းဖြစ်သည်။ နှောင်းလူများက ထပ်မံ ကုသိုလ်ပြုကြသဖြင့် ဂူပေါက် ၁၁ ပေါက်အထိ ဖြစ်လာသည်။ ဂူမျက်နှာစာ အရှည် ၈၃ ပေ ရှိကာ ဂူလမ်းအရှည်မှာ ၇၄ ပေ ရှိသည်။ အချို့ ဂူပေါက်တို့တွင် တံကဲလက်ရာများ ပါရှိသည်။ မြောက်ဘက် အနီးရှိ တောင်ထိပ်ပေါ်တွင် “စမြုံ တော်စေတီ” တည်ရှိသည်။ ဂူဘုရားပွဲကို နှစ်စဉ် ဇန်နဝါရီလတွင် စည်ကားစွာ ကျင်းပသည်။
(၇) ပိုးရွှီပြင်ဂူ
ပိုးရွှီပြင်ဂူသည် ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွှီပြင် ကျေးရွာအနီး၌ တည်ရှိနေပြီး ဂူပေါက် နှစ်ပေါက် ရှိသော ဂူဘုရားဖြစ်သည်။ ပိုးရွှီပြင်ဒေသသည် တောဖျားချောင်း၏ လက်ဝဲဘက်ကမ်း ချောင်းဝမှဝင်လျှင် လေးမိုင်ခန့်အကွာ၌ တည်ရှိသည့် ရွာကြီး တစ်ရွာဖြစ်သည်။ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင် ခမီလူမျိုး အများအပြားနှင့် ရခိုင်လူမျိုးများ နေထိုင် လျက်ရှိကြပြီး စီးပွားရေး အချက်အချာကျသည့် ဒေသတစ်ခုဖြစ်သည်။
(၈) ကျောက်တစ်လုံးဂူ
ကျောက်တစ်လုံးဂူသည် ကျောက်ဖြူမြို့မှ ကားလမ်းခရီး ၃ မိုင် ၄ ဖာလုံ အကွာအဝေးတွင် တည်ရှိသည်။ ကျောက်စွယ်တစ်ခု၏ မြောက်ဘက် မျက်နှာစာတွင် ဂူပေါက်များထွင်းထု၍ ကျောက် တစ်လုံးဂူကို တည်ဆောက်ထားသည်။ မူလက တစ်ဂူတည်းသာဖြစ်သော်လည်း နှောင်းကာလတွင် ကုသိုလ်ရှင်များက ကုသိုလ်ယူကြသဖြင့် ဂူပေါက်များ များလာခြင်းဖြစ်သည်။ ယခုအချိန်တွင် ဂူအရှည်မှာ ၃၉၄ ပေ၊ အမြင့် ၁၅ ပေနှင့် ဂူပေါက် ၅၄ ပေါက် ရှိသည်။ ဗုဒ္ဓဆင်းတုတော် ၁၉၂ ဆူခန့် ကိန်းဝပ်စံပယ်လျက်ရှိနေပြီး မူလကုသိုလ်ရှင်မှာ မင်းဗာဘုရင်ဖြစ်သည်။
(၉) နိုင်ငံတော်ဂူ
နိုင်ငံတော်ဂူသည် ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ် တောင်ဓာတ်စေတီ၏ အနောက်ဘက်ရှိ နိုင်ငံတော် တောင်တန်းတွင်တည်ရှိပြီးဂူပေါက်တစ်ခုတည်းသာ ရှိသည်။
မင်းဗာဘုရင် တည်ထားကိုးကွယ်ခဲ့သော ရခိုင် ပြည်နယ်ရှိ ဂူဘုရားများကို လေ့လာရခြင်းအားဖြင့် ရှေးရခိုင်လူမျိုးတို့၏ သမိုင်း၊ ယဉ်ကျေးမှု အနု ပညာ အဆင့်အတန်း မြင့်မားခဲ့ပုံများကို သိရှိရသလို ဗိသုကာအနုပညာနှင့် ဆောက်လုပ်ရေးနည်းပညာ များ ခေတ်မီတိုးတက်နေခဲ့ကြောင်းကိုလည်း သိရှိ နိုင်ပေသည်။ ။
အောင်ကြည်မိုး(စစ်တွေ)