လူငယ်တွေကို လမ်းပေါ်ထွက်ဖို့ လှုံ့ဆော်မှုတွေရပ်တန့်ပေးပါ
မန္တလေးက ဆယ်ကျော်သက် အမျိုးသမီးလေးတစ်ဦး ဆန္ဒပြပွဲအတွင်း သေဆုံးသွားတဲ့သတင်း တစ်ပုဒ်ကို ဖတ်ရှုလိုက်ရပါတယ်။ ထို့အတူ အနယ်နယ်အရပ်ရပ်က လူငယ်မျိုးဆက်သစ်ကလေးတွေ သေဆုံးတဲ့သတင်းတွေကို မြင်တွေ့ရတဲ့အခါ ပြည်သူတစ်ဦးအနေနဲ့ ဝမ်းနည်းယူကျုံးမရဖြစ်မိပါ တယ်။ ကိုယ့်သားအရွယ်၊ သမီးအရွယ်၊ တူ၊ တူမလေးတွေအရွယ်တွေမို့ ကရုဏာလည်း သက်မိ ပါတယ်။
မျက်မြင်တွေ့သူတွေက ဖြေထား
မန္တလေး လမ်း ၃၀ထိပ်မှာ ဆန္ဒပြပွဲအကြောင်း ရိုက်ကူးထားတဲ့ သတင်းဗီဒီယိုမှတ်တမ်းတွေကို ကြည့်ရှုမိတဲ့အခါ လုံခြုံရေးတာဝန်ယူသူတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲလို့ တဖြည်းဖြည်း ဆုတ်ခွာလာကြတယ်။ ဗိုက်ကိုကျည်မှန်ပြီးသေဆုံး တဲ့လူငယ်ဆိုရင် လမ်းရဲ့ အနောက်ဘက်မှာ သစ်ပင်ကိုလည်း ကွယ်ထားတယ်။ လူအုပ်ကြီးကိုကျော်ပြီး သေနတ်မှန်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ဖြေထားကြပါတယ်။
အသက် ၁၉နှစ် အရွယ်သာရှိသေးတဲ့ မကြယ်စင်လေးဟာ ဆန္ဒပြလူအုပ်ကြီးထဲမှာ တစ်သား တည်းရှိနေခဲ့သူပါ။ သူ့ပတ်ပတ်လည်မှာ အမျိုးသားတွေ အများကြီးရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မျက်နှာချင်းဆိုင် မကြယ်စင်ရဲ့ အရှေ့မှာလည်း ရှေ့တန်းလူအုပ်ကြီး ရှိနေပါတယ်။ သံပီပါတွေနဲ့ ကာရံထားတဲ့ ခံစစ်တွေရဲ့ နောက်တန်းမှာရှိနေတဲ့ သမီးလေးဟာ ဦးခေါင်းအနောက်ဘက်ကနေ ဝင်သွားတဲ့ကျည်ဆန်ကြောင့် အသက်ဆုံးရှုံးခဲ့ ရတယ်လို့ သိရပါတယ်။
မနေ့ကအပစ်ခံရတဲ့သမီးငယ်ရဲ့ မသေဆုံးမီက ဓာတ်ပုံတွေဟာ ရှုထောင့်မျိုးစုံကနေ ချက်ချင်း အွန်လိုင်းမှာ ပျံ့နှံ့လာခဲ့တာကိုလည်း သတိထားမိပါတယ်။ မန္တလေးက သမီးလေးတင်မကဘူး၊ နေပြည်တော်မှာ ပစ်ခတ်မှုကြောင့် ဦးခေါင်းထိပြီး သေဆုံးတဲ့ သမီးငယ်တစ်ဦးဆိုရင်လည်း ဦးခေါင်း ကို ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ရသူဖြစ်ပါတယ်။ အဲဒီကျည်ဆန်ကိုစစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့ ဝင်တွေသုံးတဲ့ ကျည်ဆန်မဟုတ်ဘဲ ညိုပုတ်ပုတ် ခဲကျည်ဆန် ဖြစ်နေတယ်ဆိုပြီး သိရပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က ချိန်ပြီးပစ်တဲ့ပုံတွေနဲ့ မမြသွဲ့သွဲ့ခိုင် လဲကျသွားပုံတွေကို အချိန်ကိုက်အွန်လိုင်းပေါ် တင်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။
စာရေးသူအနေနဲ့ တွေးမိတာတစ်ခုက တစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကများ လူငယ်တွေထဲကို ပစ်မှတ်ထားပြီး ကြိုတင်စီမံထားတာများဖြစ်မလားဆိုပြီးတောင် သံသယရှိလာပါ တယ်။ လူအုပ်ကြီးကြားထဲမှာ တစ်သားတည်းရှိနေတဲ့ ကလေးတစ်ယောက်ရဲ့ မသေဆုံးမီကပုံတွေကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား Emotional ပါပါ သေသေချာချာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ကလေးသေဆုံးသွားတဲ့အချိန်ကိုက် အွန်လိုင်းမှာ မြင်တွေ့ရတာဟာ စိတ်ပူနေတဲ့ ပြည်သူတွေအားလုံး ကို အမုန်းတရားတွေ၊ နာကျည်းမှုတွေ၊ ဝမ်းနည်းမှုတွေ ရိုက်သွင်းလိုက်တာနဲ့ အတူတူပဲလို့ စာရေးသူတော့ ရှုမြင်မိပါတယ်။
အွန်လိုင်းမှာ ချက်ချင်းပျံ့နှံ့လာ
လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပထမအဆင့် သေနတ်ထောင်ဖောက်ချိန်မှာ လူတွေထိကြတယ်ဆိုပြီး မြေပြင်မှာ ပြောဆိုကြသံတွေအပြင် အချို့လူတွေဟာ စီစီတီဗွီမှတ်တမ်းတွေကို လိုက်လံ ဖျက်ဆီးခိုင်းတယ်ဆိုတာတွေလည်း မြင်တွေ့နေရတာ၊ သပိတ်လူအုပ်စုရဲ့ ရှေ့ဆုံးခံတပ်တွေမထိဘဲ အတွင်းထဲက လူငယ်တွေမှ သေနတ်ကျည်ထိတာ၊ စစ်ဆေးဖို့ကို ခွင့်မပြုတာနဲ့ ပစ်ပြီးတိုင်း အချိန်တောင် မကြာလိုက်ဘဲ ကျည်ခွံတွေရဲ့ ပုံတွေ အွန်လိုင်းမှာ ချက်ချင်းပျံ့နှံ့လာတာတွေအပြင် အဆိုးဆုံးကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေမဟုတ်တဲ့ လူတွေဆီမှာ သေနတ်ကိုင်ဆောင်တဲ့၊ ပါလာတဲ့ဖြစ်စဉ်တွေကို မြင်တွေ့လာရတာပါပဲ။
ဘယ်လောက်ကြီးမားတဲ့သစ်တုံးဖြစ်စေကာမူ ခွဲခြမ်းစိတ်ဖြာတဲ့အခါ သပ်လျှိုသွင်းလိုက်တာနဲ့ ခွဲစိတ်ရလွယ်ကူသွားပါပြီ။ သပ်တစ်ချောင်းဟာ ဘယ်လောက်ထုထည်ကြီးကြီး ပြိုကွဲစေနိုင်တဲ့ လက်နက် တစ်ခုဖြစ်ပါတယ်။ ထောက်ကြန့်မှာ တူမီးသေနတ် ထွက်ကျလို့ ဝိုင်းဖမ်းကြတာ၊ မန္တလေးက ၇၃ လမ်းနဲ့ ၃၆လမ်းထောင့်မှာ ဆိုင်ကယ်မှောက်ရာကနေ ပစ္စတို အမျိုးအစား သေနတ်တွေတွေ့လာတာ၊ ဒေါသထွက်ပြီး ယူကျုံးမရတဲ့လူအုပ်ကြီးက သေနတ်တွေ လိုချင်ပါတယ်၊ ပြည်သူ့စစ်မှုထမ်းချင်ပါတယ် ပြောဆိုလာခြင်းတွေကို ထောက်ချင့်ရရင် မိမိတို့နိုင်ငံ ပိုမို ဆိုးရွားတဲ့အခြေအနေကို တွန်းပို့သူတွေက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေပြီလို့ပဲ သတိပေးပါရစေ။
ပေါက်ကွဲအားပိုပြင်း
အခုအချိန်မှာ ဆန္ဒပြပွဲတွေ ရက်ရှည်လာတာနဲ့အမျှ ပြည်သူတွေပင်ပန်းဆင်းရဲလာကြပြီ၊ ငွေကြေးအခက်အခဲတွေ ကြုံတွေ့လာရပြီ၊ အသက်နဲ့ဘဝတွေ ထိခိုက်လာကြရပြီ၊ နိုင်ငံတည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝလုံခြုံရေးတွေ ထိခိုက်လာကြပြီဆိုတာ အားလုံးသိမြင်ခံစားရတဲ့အချက် တွေဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်သူတွေဟာ အကြောင်းကြောင်း ကြောင့် ဆန္ဒပြပွဲတွေ လူအားကောင်းအောင်၊ အရှိန်ပြန်မြင့်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ဖန်တီးလာနိုင်တယ်လို့ ယူဆမိပါတယ်။ ပြည်သူတွေ သွေးမြေကျမှ သွေးဆူမယ်၊ သွေးဆူမှ အရှိန်တက်လာပြီး ပေါက်ကွဲအားပိုပြင်း လာမယ်ဆိုပြီး သွေးထိုးမြှောက်ပင့်နေခြင်းတွေကို မြင်တွေ့လာရပြီဖြစ်ပါတယ်။
ပရဟိတကားတွေနဲ့ ဓာတ်ဆီလောင်စာတွေ သယ်တာ၊ အမေရိကန်နဲ့ ကုလလာရောက်ဖို့ အသက် တွေ ဘယ်လောက်စတေးရမလဲဆိုပြီး ဖိတ်ခေါ်တာတွေဟာ အပြုသဘောထက် အပျက်သဘောကို ဦးတည်လာနေကြပြီ ဖြစ်ပါတယ်။ လူမှုကွန်ရက်မှာ နေ့စဉ်မြင်တွေ့နေရတဲ့သတင်းတွေထဲမှာ အတု အယောင်သတင်းမျိုးစုံဟာလည်း လူထုစိုးရိမ်မှုကို ပိုမိုမြင့်တက်စေလာနေပါတယ်။
လက်နက်ပွဲစားတွေ အကွက်ဆိုက်
လူငယ်တွေသွေးဆူလာတဲ့အခါ မြှောက်ထိုးပင့်ကော်လုပ်သူတွေ အားရကျေနပ်ကြပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံတုန်းက စာရေးသူတို့ အတွေ့အကြုံအရ အခုလိုပဲ ဖြိုခွဲခံရခဲ့ဖူးပါတယ်။ အဲဒီအခါ သွေးထိုးသူတွေရဲ့ အကြိုက်ဖြစ်လာပြီး လက်နက်ရောင်းချင်တဲ့ လက်နက်ပွဲစားတွေ အကွက်ဆိုက်ခဲ့ရဖူးပါတယ်။ အခုလည်း လူငယ်တွေ မခံချင်အောင် လုပ်မယ်၊ လက်နက်ထုတ်ပေးမယ် မခံချင်တဲ့လူငယ်တွေဟာ တိုက်ခိုက်ကြမယ်။ ဒါပေမဲ့ လေ့ကျင့်သင်ကြားဖို့ အချိန်မလုံလောက်တဲ့အတွက် ထိခိုက်ခံစားကြသူတွေက ပြည်သူတွေဖြစ်ပြီး စစ်ဘေး သင့်ကြရပါလိမ့်မယ်။
ဒီနေရာမှာ ဆန္ဒပြလူငယ်လေးတွေအားလုံးကို မေတ္တာရပ်ခံလိုတာက ထိပ်တိုက်ရင်ဆိုင်ဖို့ မကြိုး စားသင့်တော့ပါဘူး။ လူငယ်တွေကို အဆုံးအထိ တိုက်ကြဖို့ဆိုပြီး မြှောက်ပင့်ပေးနေသူတွေက လမ်းပေါ်ထွက်မလာကြပါဘူး။ သေနတ်နဲ့ပစ်တဲ့အခါ ရှေ့ကမားမားမတ်မတ် ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ဒါကြောင့် ကျည်ဆန်တွေဟာ အရှေ့ကလာနိုင်သလို လူငယ်တွေရဲ့ အနောက်က မမြင်ရတဲ့လက်ပိုင်ရှင်တွေဆီကလည်း ရောက်လာနိုင်တယ်ဆိုတာကို သတိပြုကြဖို့ လိုနေပြီဖြစ်ပါ တယ်။ ပြည်သူက အစိုးရကိုမုန်းတီးအောင်၊ အစိုးရက ပြည်သူတွေကို ချေမှုန်းအောင်ဆိုပြီး အကွက်ကျကျ သပ်လျှို မြှောက်ပင့်ပေးသူတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ လူငယ်တွေအသိတရား နဲ့ဆင်ခြင်ပြီး ဝေဖန်ပိုင်းခြားဆုံးဖြတ်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။
နေခြည်သွေး