Skip to main content

MRTV စိန်ရတုခရီး - ကြီးမားသည့်ဂုဏ်အင်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (Myanma Radio and Television-MRTV) ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ (၇၅)နှစ်မြောက် စိန်ရတုမှတ်တိုင်ကို ခန့်ထည်စွာ စိုက်ထူနိုင်တော့မှာ ဖြစ်ပါတယ်။

MRTV ဖွဲ့စည်းတည်ထောင်မှု

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ “ဗမာ့အသံ (Burma Broadcasting Service- BBS) အမည်နဲ့ စတင်တည်ထောင်ခဲ့တာဖြစ်သော်လည်းပဲ ၂၀ ရာစုအလယ်ပိုင်း ၁၉၂၀ ပြည့်နှစ်ဝန်းကျင်မှာ ထင်ပေါ်ကျော်ကြားခဲ့တဲ့ ကမ္ဘာ့အသံလွှင့်ရုံစာရင်းမှာ BBS အမည်နဲ့ ပါဝင်နေခဲ့ပြီဖြစ်ပါတယ်။ အဲဒီနောက် အင်္ဂလိပ်ခေတ်၊ ဒုတိယကမ္ဘာစစ် ကာလနဲ့ ဂျပန်ခေတ်၊ ပါလီမန်ဒီမိုကရေစီခေတ်တွေမှာ နေရာပြောင်းရွှေ့ပြီး အမည်နာမမျိုးစုံနဲ့ ဖြတ်သန်းခဲ့ရတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။

၁၉၇၂ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ပြန်ကြားရေးနှင့် အသံလွှင့်ဦးစီးဌာနအဖြစ် အမည်ပြောင်းလဲခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့မှာ ရောင်စုံရုပ်မြင်သံကြားကို စမ်းသပ်ထုတ်လွှင့်ခဲ့ရာမှ နိုဝင်ဘာလ ၁ ရက် နေ့မှစပြီး ရုပ်မြင်သံကြားအစီအစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် မူလရေဒီယို အသံလွှင့်လုပ်ငန်းနဲ့ပူးပေါင်းကာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ “မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန" (Myanmar Television and Radio Department MTRD) အမည်နဲ့ ပြင်ဆင်ခဲ့ပြီး ၁၉၉၇ ခုနှစ် နိုဝင်ဘာလ ၂၂ရက်နေ့မှာတော့မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) အမည်နဲ့ ပြောင်းလဲကာ ယနေ့တိုင် ခေါ်ဝေါ်သတ်မှတ် ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

တိုးတက်ပြောင်းလဲမှု

မြန်မာ့အသံရေဒီယိုထုတ်လွှင့်မှုကို ယခုအခါ နေ့စဉ်နံနက် ၅:၃၀ နာရီမှ ည ၁၁:၃၀ နာရီအထိ ထုတ်လွှင့်လျက်ရှိပြီး မြန်မာပိုင်းအစီအစဉ်များနဲ့ အင်္ဂလိပ်ပိုင်း အစီအစဉ်များအပြင် တိုင်းရင်းသားဘာသာ ၁၇ ဘာသာကိုလည်း ထုတ်လွှင့်ပေးလျက် ရှိပါတယ်။ တိုင်းရင်းသား ဘာသာတွေ ထုတ်လွှင့်ပေးရာမှာ မြန်မာနိုင်ငံအထက်ပိုင်းနေ တိုင်းရင်းသားဘာသာများဖြစ်တဲ့ ကချင်၊ ချင်း(လိုင်ဇိုး၊ ချင်း(ချိုး)၊ ရခိုင်၊ ရှမ်း၊ ဝ၊ ကိုးကန့်၊ ပအိုဝ်းနဲ့ဓနုဘာသာများကို နေ့စဉ်နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအတွင်း၊ မွန်းလွဲ ၁ နာရီမှ ည ၈:၃၀ နာရီအတွင်း တစ်ဘာသာလျှင် ၁ နာရီခွဲဖြင့် ထုတ်လွှင့်လျက်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်း တိုင်းရင်းသားဘာသာများဖြစ်တဲ့ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ အရှေ့ပိုးကရင်အနောက်ပိုးကရင်၊ စကောကရင်နဲ့ မွန်ဘာသာတွေကို နေ့စဉ်နံနက် ၆နာရီမှ နေ့လယ် ၁၂ နာရီအတွင်း၊ မွန်းလွဲ ၁ နာရီမှ ည ၇:၃၀ နာရီအတွင်း တစ်ဘာသာလျှင် ၁ နာရီခွဲစီဖြင့် ထုတ်လွှင့်လျက်ရှိပါတယ်။ တိုင်းရင်းသား ၁၇ ဘာသာကို သုံးလ တစ်ကြိမ် နာရီစဉ်အလှည့်ကျ ပြုလုပ်ပြီး တိုးချဲ့ထုတ်လွှင့် ပေးနေတာဖြစ်လို့ သက်ဆိုင်ရာဘာသာစကားများနဲ့လည်း နားဆင်နိုင်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား ထုတ်လွှင့်မှုနဲ့ ပတ်သက်ပြီး ၁၉၈၉ ခုနှစ် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေ (The State-Owned Economic Enterprises Law)၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ်(၈/၉၆)၊ ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့မှာ ပြဋ္ဌာန်းထားခဲ့တဲ့ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေများအရ ပုဂ္ဂလိက Broadcasting လုပ်ငန်းတွေ အကျိုးတူဆောင်ရွက်ခွင့်ပြုခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Forever  Group Co.,Ltd နဲ့ စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ MRTV- 4 ရုပ်သံလိုင်းကို Free to Air  Channel အဖြစ် တိုးချဲ့ထုတ်လွှင့်ခဲ့သလို ၂၀၀၅ ခုနှစ်မှာ Digital စနစ်နဲ့ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ။

၂၀၀၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ နေပြည်တော်- တပ်ကုန်းမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုပ်သံလွှင့်စက်ရုံသစ်ကြီးဖွင့်လှစ်ပြီး စက်ပစ္စည်းတွေ၊ ခေတ်မီ  ဒစ်ဂျစ်တယ်နည်းပညာတွေနဲ့ ဖွဲ့စည်းတပ်ဆင်ပြီးပြောင်းရွှေ့ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

ပြည်သူအတွက် သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးကဏ္ဍတွေ ပိုမိုကျယ်ပြန့်စွာ သိရှိဖြန့်ဝေပေးနိုင်ဖို့ ၂၀၀၉ ခုနှစ်မှာ ပုဂ္ဂလိက FM လုပ်ငန်းအဖြစ် မန္တလေး FM ကို စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ အင်္ဂလိပ်ဘာသာနဲ့ စတင် ထုတ်လွှင့်ခဲ့တဲ့ MRTV-3 Channel ကို ၂၀၁၀ပြည့်နှစ်မှာ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်နဲ့ အကျိုးတူပူးပေါင်းပြီး  Myanmar International Television(MITV) အဖြစ် Channel Rebranding ပြုလုပ်ကာ Global Coverage နဲ့ နိုင်ငံတကာမှ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ ပုဂ္ဂလိက ရုပ်သံလိုင်း ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်နဲ့ ပူးပေါင်းကာ Analogue / Digital စနစ်အပြင် Direct to Home (DTH)  စနစ်နဲ့ ထုတ်လွှင့်တဲ့ ပုဂ္ဂလိကအခပေးရုပ်သံစနစ် Pay TV တွေကို ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက FM လုပ်ငန်းတွေ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတစ်ဝန်း သတင်းအချက်အလက် ပိုမိုဖြန့်ဝေပေးနိုင်ဖို့ရည်ရွယ်ပြီး ပုဂ္ဂလိက FM ငါးခုဖြစ်တဲ့ ရွှေ FM၊ ပတ္တမြား FM၊ ပဉ္စ၀တီ FM ၊ FM ပုဂံနဲ့ ချယ်ရီ FM တို့ကို ၂၀၁၀ ပြည့်နှစ်မှာ ထပ်မံခွင့်ပြုပေးနိုင်ခဲ့တာကြောင့် မန္တလေး FM အပါအဝင် FM ခြောက်ခုကို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တိုးချဲ့ ထုတ်လွှင့်မှု

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၅ ရက်မှာတော့ MRTV Channel ကို Analogue စနစ်နဲ့ ထုတ်လွှင့်နေရာမှ Digital စနစ်သို့ပြောင်းလဲပြီး MRTV Multi Channel Playout System စနစ်တပ်ဆင်ကာ DVB- T2 စနစ်နဲ့ ထည့်သွင်းထုတ်လွှင့်ခဲ့ပါတယ်။ MRTV Channel အပြင် တိုင်းရင်းသား ၁၁ ဘာသာနဲ့ ထုတ်လွှင့်နေတဲ့ တိုင်းရင်းသားလူမျိုးများရုပ်သံလိုင်း (NRC)၊ လွှတ်တော်ရုပ်သံလိုင်း (Hluttaw Channel)၊ တောင်သူလယ်သမားရုပ်သံလိုင်း (Farmers' Channel) နဲ့ ပြည်တွင်း/ ပြည်ပအားကစား ရုပ်သံလိုင်း (MRTV Sport Channel)တို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတိုးချဲ့ ထုတ်လွှင့်ပေးခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်း (NRC Channel)ကိုတော့ ကချင်၊ကယား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက် ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ၀ဘာသာစတဲ့ တိုင်းရင်းသား ၁၁ ဘာသာဖြင့် လေးလတစ်ကြိမ် နာရီစဉ်အလှည့်ကျဖြင့် ဘာသာစကားအလိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

MRTV & Multi Channel Playout Systems ပုဂ္ဂလိကရုပ်သံလိုင်းများဖြစ်တဲ့ MRTV-4၊ Channel 7 5 PlusI MNTV Channel-9 တို့ကို ထည့်သွင်းပြသခဲ့တာကြောင့် Free to Air ရုပ်သံလိုင်းတွေကို Digital စနစ်နဲ့ ကြည်လင်ပြတ်သားစွာနဲ့ ပြည်သူများ အခမဲ့ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

MRTV Channel လိုင်းအသစ် MRTV Entertainment Channel(me) ကို ၂၀၁၄ ခုနှစ်မှာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ ပုဂ္ဂလိကမီဒီယာနဲ့ ပူးပေါင်းပြီး MRTV ရဲ့ DVB-T2 စနစ်မှာ Free to Air ထည့်သွင်းပြသနေတာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ MRTV နဲ့ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်တို့ ပူးပေါင်းပြီး နိုင်ငံတကာဘာသာစကားနဲ့ Myanmar International Radio Channel(MIR) ရေဒီယိုကိုလည်း နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တွေမှာ ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။

ရုပ်သံလုပ်ငန်းများတိုးတက်မှု

Broadcasting လုပ်ငန်းဆောင်ရွက်မှုများကို ခေတ်စနစ် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ဖို့ “ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ၂၈-၈-၂၀၁၅ ရက် နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး အဲဒီဥပဒေကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှာ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ခဲ့ပြီး  နည်းဥပဒေကိုလည်း ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ လိုအပ်ချက်အရ ဘာသာစကားသုံးမျိုးနဲ့ နားဆင်နိုင်တဲ့ မေယု FM ကို ရခိုင်ပြည်နယ် ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာ ထုတ်လွှင့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်မှာလည်း Community Radio စမ်းသပ် ရှေ့ပြေးစီမံကိန်းအဖြစ် ခရေ FM ကို DAW Akadimie နဲ့ ပူးပေါင်းပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှစ၍ Regional Radio အဖြစ် စမ်းသပ်ထုတ်လွှင့်လျက် ရှိပါတယ်။

ရုပ်သံမီဒီယာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ပုဂ္ဂလိက Content Provider လုပ်ငန်းရှင်များ စိစစ်ရွေးချယ်ကာ Mizzima Channel, DVB Channel, Fortune Channel,  Channel K YTV Channel စတဲ့ Channel အသစ်ငါးခုကို စာချုပ်ချုပ်ဆိုကာ ထပ်မံတိုးချဲ့ထုတ်လွှင့်ပြီး MRTV  ရဲ့ DVB-T2 စနစ်မှာ ထည့်သွင်းပြသနေပါတယ်။

ဒါ့အပြင် နိုင်ငံတော်က ပညာရေးကဏ္ဍကို အားပေးမြှင့်တင်နေတာနဲ့အညီ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့လည်း ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ပညာရေးရုပ်သံလိုင်း (Education Channel) ကို ၂၀၂၀ ပြည့်နှစ် မေလမှစပြီး ထပ်မံတိုးချဲ့ဆောင်ရွက်နေပါတယ်။

 ရုပ်သံအရည်အသွေးမြှင့်တင်မှု

MRTVS Multi Channel Playout System ထုတ်လွှင့်တဲ့ Digital Channel တွေအပြင် DVB-T2 စနစ်နဲ့ Free to Air Channel ပေါင်း ၁၈ လိုင်းကို ထုတ်လွှင့်လျက် ရှိပါတယ်။ အဲဒီလို Digital စနစ်နဲ့ထုတ်လွှင့်နေသလို မူလက ထုတ်လွှင့်နေတဲ့ Analogue စနစ်ကိုလည်း အပြိုင်လွှင့်နေဆဲ၊ ဝန်ဆောင်မှုပေးနေဆဲ ဖြစ်ပါတယ်။ အခုဆိုရင် DVB-T2 စနစ်နဲ့ တစ်နိုင်ငံလုံးရဲ့ စက်ရုံ ၁၅၃ ရုံမှ မြန်မာတစ်နိုင်ငံလုံး လူဦးရေရဲ့ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသော ပြည်သူတွေ Digital DVBT2 စနစ်နဲ့ ဖမ်းယူကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။

TV ထုတ်လွှင့်မှုကို Digital ပြောင်းလဲသလို Radio ထုတ်လွှင့်မှုကိုလည်း FM Radio စနစ်နဲ့ တိုးချဲ့ ထုတ်လွှင့်နိုင်ဖို့ အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာမှာ အခုဆိုရင် နေပြည်တော် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီး၊ မြို့ငယ် ၈၅ မြို့မှာ မြန်မာ့အသံရေဒီယိုကို လှိုင်းတို (Short Wave)၊ လှိုင်းလတ် (Medium Wave)တို့အပြင် FM စနစ်နဲ့ မြန်မာနိုင်ငံလူဦးရေ ရဲ့ ၇၈ ဒသမ ၈၄ ရာခိုင်နှုန်းသော ပြည်သူတွေကြည်လင် ပြတ်သားစွာ နားဆင်နိုင်ပြီ ဖြစ်ပါတယ်။

နည်းပညာပိုင်း မြင့်မားအောင်တိုးချဲ့ဆောင်ရွက်ရာမှာ  Digital ရုပ်မြင်သံကြားအသွင် ကူးပြောင်းသကဲ့သို့ ရေဒီယို ထုတ်လွှင့်မှုကိုလည်း Analogue စနစ်မှ Digital စနစ်ကို ကူးပြောင်းနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်မှု အဖြစ် ရန်ကုန်မြို့မှာ 750 W Digital Audio Broadcasting (DAB+) တပ်ဆင်ထုတ်လွှင့်နိုင်ရေး ရှေ့ပြေးစီမံကိန်း Pilot Project ကို ဆောင်ရွက်ခဲ့ပြီး ၂၀-၃-၂၀၁၇ ရက်နေ့မှစ၍ Digital ရေဒီယိုလိုင်းကို လှိုင်းနှုန်းတစ်ခုလျှင် ရေဒီယို ရှစ်လိုင်းအထိ စမ်းသပ်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

ထို့အတူ MRTV Channelကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ဖို့ Standard Definition (SD) စနစ်ကနေ High Definition (HD) စနစ်သို့ MRTV ရဲ့ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ စတင်ပြောင်းလဲ ထုတ်လွှင့်နိုင်ခဲ့ပြီး အရုပ်နဲ့ အသံကြည်လင်ပြတ်သားစွာဖြင့် တင်ဆက်နေပြီ ဖြစ်ပါတယ်။

အွန်လိုင်းမီဒီယာ

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဟာ TV နဲ့ ရေဒီယို ထုတ်လွှင့်ခြင်းအပြင် Online Media ကိုလည်း ၂၀၁၃ ခုနှစ်မှာ MRTV Web portal ကို စတင်ဖွဲ့စည်းခဲ့ပြီး https://www.mrtv.gov.mm လိပ်စာဖြင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ MRTV Facebook Page၊ MRTV Youtube နဲ့ MRTV Website တွေမှတစ်ဆင့် MRTV ရဲ့ Channel မှ အစီအစဉ်တွေ၊ သတင်းတွေ၊ ဖျော်ဖြေရေး အစီအစဉ်တွေအပြင် အများပြည်သူသိသင့်သိထိုက်တဲ့ Public Service Announcement (PSA) နဲ့ Breaking News တွေကို အချိန်နဲ့တစ်ပြေးညီ သတင်းဦး၊ သတင်းထူးအဖြစ် ထုတ်လွှင့်လျက် ရှိပါတယ်။ အခုဆိုရင် MRTV Facebook Page ဟာ Page Like အရေအတွက် ၉ ဒသမ  ၅၈၈ သန်းနဲ့ Followers ၉ ဒသမ ၉၈၉ သန်းရှိနေပြီဖြစ်ပြီး အများပြည်သူအတွက် အချိန်နှင့်တစ်ပြေးညီ တိကျမှန်ကန်တဲ့ သတင်းအစီအစဉ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိပါတယ်။

ထူးခြားထင်ရှား ထုတ်လွှင့်မှုများ

MRTV ရဲ့ ထူးခြားထင်ရှားစွာ ဆောင်ရွက်နိုင်ခဲ့တဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာတွေထဲက အနည်းငယ်ထုတ်နုတ်တင်ပြရရင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတဲ့သတင်း၊ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား  သတင်းတွေကို ရေဒီယိုကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို ပါတီစုံဒီမိုကရေစီခေတ်မှာတော့ ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games)၊ ၂၀၁၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးများ၊ ၂၀၁၅ ခုနှစ်မှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၇ ခုနှစ်မှာ ပြည်နယ်နဲ့ တိုင်းဒေသကြီးရှိ  မြို့ကြီး ၁၁ မြို့မှာ လှည့်လည်ကျင်းပခဲ့ပြီး တိုက်ရိုက်(Live) ထုတ်လွှင့်ပြသခဲ့တဲ့ ငြိမ်းချမ်းရေးဂီတပွဲတော် (Peace Music Festival) တွေဟာ ထူးခြားထင်ရှားထုတ်လွှင့်မှုများ ဖြစ်ပါတယ်။

စိန်ခေါ်မှုများကြားမှ ရုန်းထမှု

ကမ္ဘာတစ်ဝန်းမှာ ကူးစက်ပျံ့နှံ့ဖြစ်ပွားခဲ့တဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံမှာလည်း ၂၀၂၀ ပြည့်နှစ် မတ်လမှစပြီး ဖြစ်ပွားမှုနဲ့အတူ သွားလာနေထိုင်မှု ကန့်သတ်ချက်တွေ ပြုလုပ်ခဲ့ရပါတယ်။ အဲဒီစိန်ခေါ်မှုတွေကြားက ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်နဲ့ ပညာပေးအစီအစဉ်တွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေအပြင် သင်္ကြန်တွင်းကာလမှာ သင်္ကြန်ရင်ခုန်သံ ဖျော်ဖြေရေးအစီအစဉ်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သတင်းအချက်အလက်၊ အသိပညာပေးမှုနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ၊ ၂၀၂၀ ပြည့်နှစ်မှာပဲ တိုက်ဆိုင်စွာကျရောက်လာတဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်သဘင်နှင့် ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင် အထိမ်းအမှတ်အခမ်းအနားကြီးတွေအတွက် မူလအစီအစဉ်တွေအပြင် အစီအစဉ်မျိုးစုံဖြင့် တိုးမြှင့်ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

ယနေ့ MRTV

ဒီနေ့အချိန်အခါမှာတော့ MRTV ရဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြုအစီအစဉ်ပြုလုပ်ပြီး MRTV  ရဲ့ အောင်မြင်မှုတွေကို မှတ်တမ်းတင်ဂုဏ်ပြုတင်ဆက် နေပါတယ်။ MRTV ရဲ့ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အဖြစ် အင်္ဂလိပ်ဘာသာနဲ့ FM Channel အသစ် တစ်ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ကနဦး နားဆင်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေသလို MRTVရဲ့ မြန်မာပိုင်းအစီအစဉ်ထဲမှာလည်း အင်္ဂလိပ်ဘာသာနဲ့ သတင်း အစီအစဉ် ထည့်သွင်းထုတ်လွှင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။

ရှေ့သို့လှမ်းချီ

ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်စတဲ့  ရည်ရွယ်ချက်များနဲ့ ၁၉၄၆ ခုနှစ်ကနေ စတင်ရှင်သန်ပေါက်ဖွားခဲ့တဲ့ ပြည်သူ့အတွက် MRTV ဟာ ယခု (၇၅)နှစ်မြောက် စိန်ရတုသက်တမ်းတိုင်အောင်  ခေတ်အဆက်ဆက်မှာ တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံပိုင်မီဒီယာဌာနကြီးတစ်ခုအဖြစ် မားမားမတ်မတ် ရပ်တည်လျက် ရှိပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရဲ့ စိန်ရတုခရီးကို ပြန်ကြည့်ရင် နိုင်ငံနဲ့ပြည်သူအတွက် အလုပ်အကျွေးပြု ဝန်ဆောင်မှုပေးခဲ့တဲ့ “ကြီးမားတဲ့ဂုဏ်အင် ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ MRTV ရဲ့ စိန်ရတုအတွေ့အကြုံတွေကို အားပြုပြီး ထက်သန်တဲ့ဆန္ဒ၊ ထက်မြက်တဲ့ ဉာဏ်ပညာ၊ မလျှော့တဲ့ ဇွဲလုံ့လဝီရိယတွေနဲ့အတူ ရှေ့သို့တက်လှမ်းနေမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။    ။

သပြေ