Skip to main content

ငယ်ချစ်သို့ ကျေးဇူးစကား

၁၉၅၈ ခုနှစ်က ဖြစ်သည်။

ရေဒီယိုလေးတစ်လုံး ဆုအဖြစ် ရသည်။

ကျွန်မ အလွန်လိုချင်နေသော ပစ္စည်းလေး ဖြစ်သဖြင့် ကျွန်မအင်မတန် ပျော်ရွှင်ခဲ့ရသည်။

“သမီး ဆယ်တန်းအောင်ရင် ပါပါ ဝယ်ပေးမယ်”

ပေးခဲ့သည့်ကတိအတိုင်း ကျွန်မဆယ်တန်းအောင်လို့ ပါပါ (အဖေ့ကို ကျွန်မတို့မောင်နှမတွေအခေါ်) က ရေဒီယိုလေး ဝယ်ပေးခဲ့သည်။ ထိုစဉ်က အိမ်တိုင်းတွင် ရေဒီယိုမရှိ သေးပေ။

ရေဒီယိုလေးမှာ  အလျားဆယ့်ခြောက်လက်မ၊            အမြင့် ကိုးလက်မခန့် ရှိသည်။ အနက်ရောင်ကိုယ်ထည်ပေါ်တွင် ရွှေညိုရောင်အစင်းကလေးများပါသည်။ နေရှင်နယ် အမျိုးအစားဖြစ်သည်။

ရေဒီယိုလေးကို ကျွန်မကြည့်မဝ ရှုမဝဖြစ်နေမိသည်။ နေ့လည်း အရိပ်တကြည့်ကြည့်၊ ညလည်းအရိပ်တကြည့် ကြည့်။ ချစ်စရာကောင်းလိုက်တာနော် မေမေဟု မေမေ့ကို ကျွန်မပြောမိသည်။  ရေဒီယိုလေးကို ဧည့်ခန်းနံရံတွင်  စင်ကလေးရိုက်၍  တင်ထားသည်။   ဧည့်ခန်းမီးတွေကို ပိတ်ကာကြည့်လျှင်   အမှောင်ထဲတွင်   ရေဒီယိုလေးမှ အစိမ်းရောင် တောက်တောက်မီးရောင်ကလေးကို မြင်ရ သည်။ ကျွန်မ အလွန်သဘောကျသည်။

ညဘက်တွေ ဧည့်ခန်းကို မီးမှောင်ချထားပြီး လမ်းမပေါ်သို့ ကျွန်မထွက်၍ ကြည့်လေ့ရှိသည်။ အမှောင်ထဲမှာ မီးစိမ်းကလေးကို မြင်နေရသည့် ပျော်ရွှင်မှုခံစားချက်ကို ကျွန်မအခုထိ မှတ်မိနေဆဲဖြစ်သည်။ ညစဉ် ထိုသို့လုပ်နေ မိသည်မှာ  တစ်ည နှစ်ည မဟုတ်၊ လေး၊ ငါး၊ ဆယ်ည ဖြစ်သည်။ ကိုယ်တစ်ယောက်တည်း ကြည့်ရုံနှင့်အားမရဘဲ စာကျက်နေသော  မောင်ကလေးများကိုပါ  ခေါ်ကြည့်ခိုင်း လိုက်သေးသည်။

“သမီးက ရေဒီယိုအတော်ရူးတာပဲ”

ပါပါသိသွားသောအခါ ကျေနပ်စွာ မှတ်ချက်ချသည်။

တကယ်တော့ ပါပါက တစ်ချက်ခုတ် နှစ်ချက်ပြတ် (ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ရအောင်) ဟူသော အတွေးဖြင့် ရေဒီယိုလေးကို ဝယ်ပေးလိုက်ခြင်း ဖြစ်ဟန်တူပါ သည်။ ကျွန်မမေမေကလည်း သီချင်းကြိုက်သူဖြစ်ပါသည်။ သီချင်းကလေး   တအေးအေးဖြင့်   အိမ်မှုကိစ္စများကို ဇယ်စက်သလို   လုပ်နေလေ့ရှိသူ  ဖြစ်သည်။   မေရှင်၏ သီချင်းများ၊ ဥဩ ဘသောင်၏ သီချင်းများ၊ ကိုမြကြီးတို့၊ မေလှမြိုင်တို့၏  သီချင်းများသည်  မေမေနှုတ်ဖျားတွင် အစဉ်လိုလို   တွဲခိုရွှင်မြူးနေလေ့ရှိသည်။   သည်တော့ မေမေ့သမီး ကျွန်မကလည်း သီချင်းတွေကို ချစ်တတ်ခဲ့ သည်။ ကျွန်မ၏ ကလောင်အမည် ‘‘ကြူကြူသင်း” သည် မေမေနှစ်သက်စွာ   သီဆိုလေ့ရှိသည့်    ဒေါ်မေရှင်၏ ‘‘ချစ်ရေစင်” သီချင်းမှ ဖွားမြောက်လာခြင်း ဖြစ်သည်။

ကျောင်းပိတ်ရက်ဆိုလျှင် ‘‘သောတရှင်များ ကျန်းမာ တော်မူကြပါစရှင်” မှစ၍ ညဘက်နောက်နေ့အစီအစဉ် များကို ကြေညာပြီးသည်အထိ ရေဒီယိုလေးခမျာ မနား ရရှာပါ။

“မီတာတက်တယ်  သမီးရဲ့၊  အမြဲမဖွင့်ထားရဘူး၊ သမီးကြိုက်တဲ့ အစီအစဉ်ကျမှဖွင့်”

စနစ်ကြီးသော မေမေက အချိန်သတ်မှတ်ပေးထား သည်။ ခေတ်ဟောင်းတေး အစီအစဉ်၊ သောတရှင်လိုရာ၊ မဟာဂီတသီချင်းကြီးများထုတ်လွှင့်မှု အစီအစဉ်နှင့် အင်္ဂလိပ်သီချင်းများကို ထုတ်လွှင့်သော ‘‘Local Talent’’ အစီအစဉ်များကို ကျွန်မရွေးချယ်လိုက်သည်။ ပါပါက သတင်းများကို မှန်မှန်နားထောင်လေ့ရှိသည်။ မောင်လေး များကတော့   တိုင်းနှင့်ပြည်နယ်  ဘောလုံးပြိုင်ပွဲများ ဆိုလျှင် ထမင်းပင်ဖြောင့်အောင် မစားနိုင်ကြ။

ရေဒီယိုသီချင်းများကို ကိုယ်တိုင်ကိုယ်ကျ နားထောင် ရဖန်များတော့ ချင်ခြင်းတစ်ခုထပ်တိုးလာသည်။ ရေဒီယို မှာ သီချင်းဆိုချင်စိတ်ပင် ဖြစ်သည်။

“မဆိုရပါဘူး၊ ဘွဲ့ရအောင်သာလုပ်”

“ဘွဲ့ရအောင်    ကြိုးစားပါ့မယ်၊   သီချင်းဆိုပါရစေ မေမေရယ်”

“ထပ်မပြောနဲ့၊   ကိုယ့်စာကိုယ်  ကြိုးစား။  သမီးနော် ကဗျာလည်း ရေးချင်တယ်၊ သီချင်းလည်းဆိုချင်တယ်။ ကျောင်းစာကလွဲပြီး အကုန်စိတ်ဝင်စားတဲ့မိန်းမ”

မေမေ့၏ပြတ်သားလှသော မှတ်ချက်။  စောဒက မတက်ရဲသော်လည်း စိတ်ထဲက မကျေနပ်။

ကျွန်မနေခဲ့သည့် ကွန်ဗင့်ကျောင်းတွင် ကာယဆရာမ ကိုယ်တိုင်က ထင်ရှားကျော်ကြားသော အဆိုတော်ကြီး ‘‘လီလီကြာညွန့်” ဖြစ်သည်။ ‘‘မေတ္တာရွှေစောင်း သီချင်း ကို  ချိုချိုနွဲ့နွဲ့ သွယ်သွယ် ပျောင်းပျောင်း ရှိလှသော အသံ ကလေးဖြင့် သီဆိုထားသူ။ နောက် ကျွန်မတို့ထက်အတန်း ကြီးသော   ခင်ယုမေ၊  သဇင်ကြူ။  နောက်အတန်းတူ သူငယ်ချင်းဖြစ်ကြသော   မြကေသီနှင့်    ဇင်မာလွင်။ နောက်နှစ်တန်းခန့်ငယ်သော         ကြည်ကြည်ဝင်း။ နည်းသည့်  အဆိုတော်များမဟုတ်။   အားလုံးကလည်း တိုင်းသိ ပြည်သိ။

ကျွန်မ အလွန်နှစ်သက် အားကျခဲ့ရသူများ ဖြစ်သည်။

သို့သော်လည်း မိခင်စကားကို မလွန်ဆန်ရဲ။ စိတ်ထဲမှာတော့ တေးထားလိုက်သည်။ တက္ကသိုလ်ရောက်လျှင်..။

တက္ကသိုလ်တက်သည့်နှစ်မှာပင်     ကျွန်မစိတ် အဆာပြေသွားခွင့်ရခဲ့သည်။ နှစ် နှစ်တစ်ကြိမ် ကျင်းပသော ရန်ကုန်တက္ကသိုလ်ကျောင်းသားပွဲတော်တွင်  ကျွန်မ သီချင်းလည်း ဆိုသည်၊ ကလည်း ကသည်၊ ပြဇာတ်ထဲမှာ လည်း ဝင်နွှဲလိုက်သေးသည်။ စာပေပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်လိုက်သေးသည်။

ထိုနှစ်က စာမေးပွဲကျသည်။

၁၉၈၆ခုနှစ်။

မြန်မာ့အသံဝင်းကြီးထဲသို့ ဝင်လိုက်သည်နှင့် သူတို့ အားလုံးပတ်ဝန်းကျင်သစ်ကို   စိတ်ဝင်စားသွားကြပြီ။ ကျယ်ပြန့်သောဝင်းကြီးထဲမှ ခံ့ညားလှပတင့်တယ်လွန်း သော မြန်မာ့ရုပ်မြင်သံကြား အဆောက်အအုံသစ်ကြီးက သူတို့အားလုံးကို ညှို့ယူဖမ်းစားလိုက်သကဲ့သို့ အားလုံး မှာ ကြည့်မဝ၊ ရှုမဆုံး။

၁၉၇၀ ပြည့်နှစ်လောက်အထိ မြန်မာ့အသံ အသံ လွှင့်ပိုင်းဆိုင်ရာ အဆောက်အအုံအတွင်းသို့ မကြာခဏ ရောက်ရှိခဲ့သော်လည်း အသစ်တည်ဆောက်ထားသည့် ရုပ်မြင်သံကြား  အဆောက်အအုံကို ယခုမှသာ အနီးကပ် တွေ့မြင်ရ၍ ကျွန်မမှာလည်း တမော့မော့။

ပတ်ဝန်းကျင်မြင်ကွင်းတွေ ပြောင်းလဲနေပြီ။ ဝင်းကြီး တစ်ခုလုံးကွာခြားမှု။ ၁၉၆၁ ခုနှစ်က မြင်ကွင်းနှင့် ဘာမျှ မဆိုင်။

မြန်မာ့အသံသို့ ပထမဦးဆုံးအကြိမ်  ရောက်ဖူးခဲ့သည့် ၁၉၆၁ ခုနှစ်ကအဖြစ်ကို ပြန်လည်လွမ်းဆွတ်မိသည်။

၁၉၆၁ခုနှစ်။

မြန်မာ့အသံသို့ ပထမဦးဆုံးအကြိမ် ကျွန်မရောက်ခဲ့ ဖူးသည့်နှစ်။

ထိုအချိန်က ရုပ်မြင်သံကြားစက်များ မြန်မာပြည်တွင် မတပ်ဆင်ရသေးပါ။ ရေဒီယိုကိုသာ အားထားနားဆင်နေ ကြရသောအချိန် ဖြစ်ပါသည်။

မြန်မာ့အသံသို့ ကျွန်မရောက်ခဲ့ရသည့်အကြောင်းမှာ ရုပ်ရှင်ကြည့်ပရိသတ်၏ အသည်းစွဲ၊ ဂီတဝါသနာရှင်တို့၏ အချစ်တော်၊ ကျွန်မတို့ဆယ်ကျော်သက်ရွယ် မိန်းကလေး များ၏ သည်းသည်းလှုပ်ဖြစ်သည့် ‘‘ဝင်းဦး” နှင့် တွေ့ဆုံရန်ဖြစ်သည်ဟု ခပ်ထည်ထည်ကလေး ပြောလိုပါသည်။

အဓိက အကြောင်းရင်းခံမှာ အလုပ်သမားရေးရာဌာန မှ ထုတ်ဝေသည့် ‘‘အလင်းရောင် မဂ္ဂဇင်း” တွင် ကျွန်မ ရေးသားထားသော ဝတ္ထုတိုကလေးပင် ဖြစ်သည်။ ‘‘နွေမှာ ပျိုးသောပန်း” ဟု ခေါင်းစဉ်တပ်ကာ နွေခေါင်ခေါင်ကြီးပင် ဖြစ်လင့်ကစား  မြေခံ ရေခံနှင့် နည်းစနစ်ကောင်းလျှင်           စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင် နိုင်ကြောင်း ရေးဖွဲ့ထားခြင်း ဖြစ်သည်။

ယင်းဝတ္ထုတိုကလေးကို အသံလွှင့်ဇာတ်လမ်းရှည် (လေးဆယ့်ငါးမိနစ်စာ) ထုတ်လွှင့်ရန် စီစဉ်နေကြခြင်းဖြစ် ပါသည်။ သည်အသံလွှင့်ဇာတ်လမ်းရှည်က ပထမဦးဆုံး ထုတ်လွှင့်မည့်  အသံလွှင့်ဇာတ်လမ်းရှည် ဖြစ်ပါသည်။ ယခင့်ယခင်က    ထုတ်လွှင့်ခဲ့သည့်    ဇာတ်လမ်းပမာ နားဆင်စရာတို့၊ ကျေးလက်ဇာတ်လမ်းတို့မှာ သည်မျှ လောက် အချိန်မကြာ၊  ဆယ့်ငါးမိနစ်ခန့်သာ   ကြာမြင့် သည်။   ဇာတ်ညွှန်းခွဲသူနှင့်  စီစဉ်သူက   ‘‘မြန်မာ့အသံ ကိုသစ္စာ” ဖြစ်သည်။ (ရုပ်ချော အပြောကောင်းသူ သူ့ကို ကျွန်မတို့က ‘‘မြန်မာ့အသံ ဝင်းဦး” ဟု နောက်ကွယ်တွင် ခေါ်ကြပါသည်။ ကိုသစ္စာက မူရင်းဝတ္ထုရေးသူနှင့်သရုပ် ဆောင်ပေးမည့် ‘‘ဝင်းဦး” တို့ကို တွေ့ ဆုံမိတ်ဆက်ပေးရန် စီစဉ်လိုက်ခြင်း ဖြစ်ပါသည်။)

ကျွန်မတစ်ယောက်တည်းသွားရန် မဝံ့မရဲဖြစ်နေ၍ သူငယ်ချင်းတစ်ယောက်ကို အဖော်ခေါ်ရသည်။ ချစ်သူက သိသွားတော့   သူပါလိုက်မည်ဟုဆိုရာ  ငြင်းပယ်ရန်               ခက်သွားသည်။  ကိုသစ္စာ  ချိန်းထားသည်က   မနက် ၁၁   နာရီ၊   သို့သော်   ကျွန်မတို့ရောက်သွားတော့              ၁၀   နာရီပင်မခွဲတတ်သေး။   အခန်းတွေအများကြီးမို့ မည်သည့်အခန်းကို   ဝင်ရမှန်းမသိသဖြင့်   ဝန်ထမ်း တစ်ယောက်ကို  အကူအညီတောင်းရသည်။  စတူဒီယို            ‘‘ဘီ” ဟုရေးထားသော ခန်းမကျယ်ကြီးထဲ ဝင်လိုက်တော့ ကိုသစ္စာနှင့်အတူ ရောက်နှင့်နေသော  မင်းသားကြီးကို ကျွန်မတွေ့လိုက်ရသည်။ အခြားအမျိုးသမီး၊ အမျိုးသား လေးငါးယောက်နှင့်အတူ   စားပွဲရှည်ကြီးတစ်ခုတွင် ထိုင်နေကြခြင်း   ဖြစ်သည်။   သူတို့တွေလက်ထဲမှာ                 စာရွက်တွေ  တစ်ထပ်ကြီးကိုင်လျက်။ ကြည့်ရသည်မှာ သူ့အပိုင်း ကိုယ့်အပိုင်း ခွဲခြားစိစစ်နေဟန်ပင်။

ကိုသစ္စာက ကျွန်မတို့ကိုကြိုသည်။ မင်းသားကြီးနှင့် ကျွန်မကိုမိတ်ဆက်ပေးသည်။  ‘‘တွေ့ရတာဝမ်းသာ ပါတယ်ရှင်” ဟု နှုတ်ခွန်းဆက်ခဲ့မိလေသလား၊ ‘‘ကျွန်မ ဝတ္ထုကလေးကို သရုပ်ဆောင်ပေးတဲ့အတွက် ကျေးဇူးတင် ပါတယ်”  ဟု ဆိုခဲ့မိလေသလား၊ ‘‘ကျွန်မတို့က ဦးဝင်းဦးရဲ့ ပရိသတ်တွေပါ”  ဟု ထုတ်ဖော်ပြောခဲ့မိလေသလား မမှတ်မိတော့ပါ။ မင်းသားကြီးနှင့်စကားသုံးလေးခွန်းမျှသာ ပြောရသေးသည် ဘေးကချစ်သူက ဖောက်သည်။ ပြန်တော့မယ်ဟု မျက်နှာပုပ်ကြီးဖြင့် ပြောပြီး ထွက်သွား သောချစ်သူကို  ကျွန်မ  မတားမိ၊  မင်းသားကြီးကိုသာ အားနာနေမိသည်။ အတူပါလာသူ ကျွန်မသူငယ်ချင်းက ကြားထဲကအနေရအထိုင်ရခက်ပြီး ‘‘ဒို့လည်းပြန်ကြစို့” ဟု လောသည်။ ကျွန်မ ခေါင်းခါပြလိုက်သည်။

ထိုနေ့က မင်းသားကြီးအသံသွင်းနေပုံကို နာရီဝက် ခန့် ကျွန်မငေးမောကြည့်ရှု လေ့လာခဲ့သည်။ မလွယ်ပါ လားဟု သဘောပေါက်သည်။

ယင်းအသံလွှင့်ဇာတ်လမ်းရှည်ကို     ရေဒီယိုမှ လွှင့်ထုတ်သည့်အခါ ရေဒီယိုပရိသတ်များ အလွန်နှစ်သက် ခဲ့ကြသည်။ မင်းသားကြီးပြောသည့် ‘‘ကြက်ဥကောက် ရမယ်၊ ကြက်စာကျွေးရမယ်”  ဆိုသည့်စကားမှာ ကလေး များ နှုတ်ဖျားတွင် စွဲသည်အထိ အောင်မြင်ခဲ့သည်။

ထိုဇာတ်လမ်းရှည်လွှင့်ထုတ်ပြီး တစ်လခန့်အကြာ တွင် ‘‘သုခုမ ရုပ်ရှင်” က စာရေးဆရာကြီး ဦးရန်အောင်နှင့် ဦးလေးမြိုင်တို့မှတစ်ဆင့်      ဆက်သွယ်လာသည်။ ဆရာကြီးများ အကျိုးဆောင်ပေးမှုတို့ဖြင့် ထိုဇာတ်လမ်း ကို ငွေကျပ်နှစ်ထောင်ဖြင့် ရောင်းဖြစ်သည်။ ထိုကာလက ရွှေတစ်ကျပ်သားမှ  သုံးရာ့ငါးဆယ်ကျပ်သာ  ရှိသည်။ တက္ကသိုလ်စရိတ်က  တစ်လလျှင်ငွေခြောက်ဆယ်ရှိလျှင် လုံလောက်သော ကာလဖြစ်သည်။ ကျွန်မအလွန်ပျော်မိ သည်။ မြန်မာ့အသံကိုလည်း ကျေးဇူးတင်မဆုံးဖြစ်ရသည်။ ပါဝင်သရုပ်ဆောင်ပေးသည့် မင်းသားကြီးနှင့် အဖွဲ့သား များကိုလည်း ယနေ့အထိ သတိရနေဆဲဖြစ်ပါသည်။

၁၉၆၁ ခုနှစ်က ဖြစ်ပါသည်။

၁၉၇၁ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အထက်အညာ ဘက်သို့  သျှောင်နောက်ဆံထုံးပါသွား၍ မြန်မာ့အသံနှင့် ၁၀ နှစ်ကျော် ကင်းကွာသွားခဲ့ရသည်။ ၁၉၇၁ ခုနှစ်မတိုင် မီအထိ ‘‘မြန်မာ့အသံ” နှင့် ကျွန်မ အတော်ရင်းနှီးနေခဲ့ပါပြီ။ ကျွန်မ၏ဝတ္ထုတို ဆယ်ပုဒ်ခန့်ကိုလည်း ဇာတ်လမ်း ပမာနားဆင်စရာအဖြစ် မြန်မာ့အသံက အသွင်ပြောင်းပေးခဲ့ပါပြီ။ ထိုဝတ္ထုများအတွက် ဉာဏ်ပူဇော်ခငွေ ချီးမြှင့် သဖြင့် မြန်မာ့အသံသို့ အဝင်အထွက်များလာကာ ဝန်ထမ်း များနှင့်လည်း အကျွမ်းတဝင် ခင်မင်ရင်းနှီးခဲ့ပါပြီ။ မြန်မာ့အသံ ကျော်ဦးနှင့် မြသဲဖြူ-မြန်မာ့အသံတို့မှာ နဂိုကတည်း က   ခင်မင်သော   မိတ်ဆွေများဖြစ်၍  အဝင်အထွက်  လွယ်ကူသည်။

၁၉၈၆    ခုနှစ်ကျမှ   မြန်မာ့အသံဝင်းကြီးထဲသို့ ပြန်လည်ရောက်ဖြစ်သည်။ ရုပ်မြင်သံကြား အဆောက်အအုံ ကြီးက ဆီးကြိုသည်။

“လှလိုက်တာဗျာ”

စန္ဒရားကိုအောင်ငွေ၏ မှတ်ချက်။

“အမေရိကန်သမ္မတ အိမ်ဖြူတော်ကြီး ကျနေတာပဲ”

ဆရာချိုလေး၏ ချီးကျူးသံ။

“ရွှေဘိုပြန်ရောက်ရင်တော့ မိန်းမကိုကြွားစရာရသွား ပြီဗျ”

ဒိုးဆရာကိုညို၏ အားပါးတရ ကြွေးကြော်သံ။

“သမီးတို့ ဒီအထဲမှာ တီင်္ဗွီရိုက်ရမှာလား အန်တီကြူ”

သမီးတစ်ယောက်၏ စိတ်လှုပ်ရှားစွာစူးစမ်းသံ။

အဖွဲ့သားများ ပျော်ရွှင်နေကြ၍ ကျွန်မအလွန်ကြည် နူးသွားမိသည်။   တီဗွီရိုက်ရန်   ရောက်ရှိနေကြသည့်              အဖွဲ့သားများမှာ ‘‘သိင်္ဃရတနာ” ဂီတအဖွဲ့ဝင်များ ဖြစ်ပါသည်။

ပြည်ရွှေဘိုတွင် ခြောက်နှစ်တာမျှ နားခိုခဲ့စဉ်က ဂီတဝါသနာရှင်များနှင့် ကျွန်မပူးပေါင်းကာ ဂီတအဖွဲ့တစ်ဖွဲ့ ပီပီပြင်ပြင်ဖြစ်အောင်   အားထုတ်ဖြစ်ခဲ့သည်။ ကျွန်မ               ရန်ကုန်ပြန်ပြောင်း ရတော့    အဖွဲ့က  သူတို့စိတ်ကူးကို ပြောလိုက်ကြသည်။ ရေဒီယိုမှ မဟာဂီတသီချင်းကြီးများ အသံလွှင့်လိုသည်၊ ရုပ်မြင်သံကြားတွင် ခေတ်ဟောင်းတေး များ ရိုက်ကူးလိုသည် ဟူ၏။

ကျွန်မ  ကြိုးစားပေးရပါသည်။ ရွှေဘိုအဆက် နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်ရီရီသန့်နှင့် ဦးစွာဆက်သွယ် တိုင်ပင်ရသည်။ ထိုကာလက မြန်မာ့အသံတွင် အသံသွင်း ရက်ချိန်းရရန် စောင့်ရသည်။ ထို့ကြောင့် အပြင်အသံသွင်း စတူဒီယိုတွင် စိတ်တိုင်းကျ သွင်းသင့်သည်ဟု ဒေါ်ရီရီသန့် က   အကြံပြုသည်။  ထို့ကြောင့် အဖွဲ့သားများ  ရွှေဘိုမှ ရောက်လာကြသည့်အခါ  ‘‘စိန်မောင်  စတူဒီယို”  တွင် အသံသွင်းဖြစ်သည်။ ရွှေဘိုကို အထူးပြုရေးဖွဲ့ထားသည့် ‘‘ကြောက်ဘွယ့် ဘုန်းတန်း”   ကြိုးသီချင်းနှင့်   ‘‘မဲဇာ တောင်ခြေ”၊  ‘‘မြန်ချာမြေကို”  အစရှိသည့် ပတ်ပျိုးများကို တစ်ရက်တည်းနှင့် အပြတ်သွင်းယူကာ မဟာဂီတသီချင်း ကြီး စိစစ်ရေးအဖွဲ့သို့ တင်ရသည်။ ဒေါ်ရီရီသန့် သီဆိုသော ‘‘ထွန်းလင်းလျှံလက်”   ကျေးစေပတ်ပျိုးတစ်ပုဒ်သာ ဓာတ်ပြားရသည်၊  ကျန်သီချင်းများ  တစ်ကြိမ်လွှင့်ခွင့် ရသည်။

ရေဒီယိုမှ လွှင့်ထုတ်သည်ကို နားဆင်ကြရပြီးနောက် ရုပ်မြင်သံကြားရိုက်ကူးရန် ပို၍စိတ်အားထက်သန်လာကြသည်။ အဖွဲ့သားများအားလုံး ရန်ကုန်သို့ရောက်လာကြပြန် သည်။ ကျွန်မအိမ်မှာတည်း၍ နေ့ရော ညပါ သီချင်းတိုက်ရသည်။ အကြိမ်ကြိမ်အခါခါ လေ့ကျင့်ကြရသည်။ အခက်အခဲရှိသည့်အခါ ကျွန်မအိမ်နှင့်မဝေးလှသော ဒေါ်ရီရီသန့် အိမ်သို့ပြေးကြရသည်။ အနုပညာအလုပ်ပေပဲ၊ ဘယ်မှာ လွယ်ပါလိမ့်မလဲဟု စိတ်မောရသည်။

ကြိုတင်စီစဉ်ရသည့်  အလုပ်တွေကလည်း မနည်းလှပါ။    ရိုက်ကူးမည့်နေ့မတိုင်မီ  သုံးရက်ကြို၍ သီချင်းစာသားများနှင့် ဧည့်စာရင်းတင်ရသည်။ ဗုံဦးပန်းခင်နှင့် နှဲကိုကံဆိုင်ထွန်းတို့ကို      ရက်ချိန်းချိတ်ရသည်။ မိန်းကလေးနှစ်ယောက်အတွက်  အဝတ်အစား   စီစဉ် ရသည်။   

သို့နှင့် တကယ့်လက်တွေ့ရိုက်ကူးရမည့်နေ့ရက်သို့ ရောက်ခဲ့သည်။ ခင်မမနှင့် ယမင်းသန့်တို့က စိုးရွံ့ပူပန်ပုံ ပေါက်နေကြရာ ရွှေဘိုမြို့က စင်မြင့်တွေပေါ်မှာ အပွဲပွဲနွှဲခဲ့ ကြတာပဲ  ဘာမျှကြောက်စရာမလို၊  ရဲရဲသာဆိုကြဟု              အားပေးရသည်။

“စာသားတွေ   မမှားစေနဲ့နော်။  စာသားမှားရင်              ပြန်ရိုက်ရမှာ။   နှစ်ခါထက်ပိုမှားရင်   နားရမယ်နော်။ မျက်နှာကလေးတွေကိုလည်း   ကြည်ကြည်ကလေးထား။    မျက်လုံးက   ဟိုကြည့်  ဒီကြည့် မကြည့်နဲ့နော်၊ ရှေ့တည့်တည့်က ကင်မရာကိုပဲကြည့် ဟုတ်လား”

ဒေါ်ရီရီသန့်က   ဆောင်ရန်  ရှောင်ရန်များကို  ဂရု တစိုက်သတိပေးသည်။    မြန်မာ့ရုပ်မြင်သံကြားမှ အလှဖန်တီးရှင်များက ကျွမ်းကျွမ်းကျင်ကျင် သွက်သွက် လက်လက်ဖြင့်    အလှခြယ်   ပြင်ဆင်ပေးကြသည်။     ၁၁    နာရီမထိုးမီ    ရိုက်ကူးရေးခန်းမ(၁)ထဲသို့    အားလုံး ရောက်ရှိနေကြပြီ။

“ဆရာမတို့အဖွဲ့က အတီးလည်းစုံလို့ ဒီခန်းမကျယ် ကြီးကို  ပေးတာ” ဟု ထုတ်လုပ်ရေးမှူးက ပြောပြသည်။ ဟုတ်ပါသည်။ အားလုံးက ဖိုးဆိုချင်၊ မယ်ဆိုချင်တွေ ချည်းပါပဲ။ ဂီတဝါသနာရှင်တွေချည်းပါပဲ။ ဝါသနာဘာဂီ ဆက်တိုင်းမီ သူတွေချည်းပါပဲ။ ဝေလေလေပဲ လိုက်ဆိုရ မလား၊   တစ်ဝါးတစ်လက်ခုပ်ပဲ   ဝင်တီးပေးရမလား၊ စိတ်အားသန်သူတွေ ချည်းပါပဲ။

“ဆရာမတို့က အတော်လောဘကြီးတာပဲ၊ တစ်ရက် ငါးပုဒ် ပြတ်ပါ့မလား”

ရင်းနှီးသူတွေမို့ ထုတ်လုပ်ရေးမှူးက ‘စသလိုလိုနှင့် ပြောသည်။

“အိုး ကျွန်မတို့က သေသေချာချာလေ့ကျင့်ထားကြ တာရှင့်”

အပိုင်ပြန်ဖြေလိုက်တော့ သူကပြုံးသည်။

သို့နှင့် ခွင်ထဲတွင် အတီးဆရာများနှင့် စုံတွဲဆိုမည့် ဆရာချိုလေးနှင့် ရီရီသန့်တို့ နေရာယူကြသည်။ ခွင်ပြည့် မီး ချိန်သည်၊ အသံစမ်းသည်၊ နောက်အတည်ရိုက်သည်။ စုံတွဲသီချင်း ‘‘နန်းကေသီ” က အထစ်အငေါ့မရှိ၊ တစ်ကြိမ် တည်းနှင့်ပြီးပြတ်သည်။ နောက်တစ်ပုဒ် ‘‘မြကြာယံ” သီချင်းကို ယမင်းသန့်က သီဆိုသည်။ စာသားမေ့နေ၍ နှစ်ခါသုံးခါ ပြန်ရိုက်ရသည်။ သူကလေးက မှန်သားပြင် ပေါ်တွင် ရုပ်ထွက်လည်းအလွန်လှပြီး အသံကလေးက လည်း  ချိုကြည်လှသဖြင့်  ရိုက်ကူးရေးသမားများက စိတ်ရှည်လက်ရှည် အားပေးပြီး မျက်နှာလှလှလေးကိုချည်း အထူးလက်စွမ်းပြ ရိုက်ကူးကြသည်။ တတိယအခေါက် တွင် အောင်မြင်သွားမှ သက်ပြင်းချဖြစ်ကြသည်။

“ထမင်းစားခဏနားပါ့မယ်၊   ၁  နာရီခွဲမှာ  ပြန်စပါ့မယ်”

နာရီကြည့်လိုက်တော့        ၁     နာရီမတ်တင်း။ ဟုတ်သားပဲ၊    သူတို့   ဆာနေကြရောပေါ့။  တစ်ချိန်လုံး မတ်တပ်ရပ်ရိုက်နေရတာ ပင်ပန်းကြမှာပဲဟု တွေးမိလိုက်၏။ ကျွန်မအပါအဝင် အဖွဲ့သားများကတော့  ထမင်းမေ့ဟင်းမေ့။မိတ်ကပ်ရောင်စုံမျက်နှာဖြင့် စားသောက်ဆိုင် တန်းသို့ မထွက်လိုကြသဖြင့် အဆာခံနေလိုက်ကြသည်။ ၄၅  မိနစ်  စောင့်ရသည်ကိုပင် ကြာလှချည်ရဲ့ဟု စိတ်စော သူက စောသည်။

သတ်မှတ်ချိန်မတိုင်မီ     ရိုက်ကူးရေးသမားများ ပြန်ရောက်လာတော့     အားလုံးပျော်သွားကြ သည်။ ပထမဆုံး   အမျိုးသားတစ်ယောက်ချင်းအဆိုကို  ရိုက်သည်။  ဆရာဦးသန်းစိန်၏ ‘‘ကျေးရွာဝါဒ ကတစ်ကြိမ် တည်းနှင့်ပြီးပြတ်သည်။      နောက်သမီးတစ်ယောက်                   ‘‘ခင်မမ”    ကလည်း   အသံကောင်း အဆိုတတ်သူဖြစ်ပြီး ရုပ်ထွက်ကလေးကလည်းလှသဖြင့်   ‘‘တင့်တင့်တယ်တယ်” သီချင်းက သူနှင့် အဟတ်မိသွားသည်။

ထိုနေ့အတွက် ကျွန်မရိုက်ရမည့်အလှည့်။ နောက်ဆုံး ပိတ်အိတ်ဖြင့်လွယ်မည်၊ လုံးဝအတိမ်းအစောင်း မရှိစေရဟု မာန်တင်းထားသူ   ကျွန်မကျမှသုံးခါ   ပြန်ရိုက်ရလေသည်။    ဘယ်အချိန်ထဆိုဆို    အဆင်ချောနေသည့် (ကျွန်မအထင်) ‘‘ချစ်ရေစင်” သီချင်းအစပိုဒ်မှာပင် ကျွန်မ စိတ်ညစ်ရတော့သည်။

“ဆရာမရေ   ကြူကြူသင်းဆိုတဲ့  နေရာမှာ  အသံ ကလေး နစ်ဝင်သွားသလိုပဲ၊ ပြန်ဆိုပါဦး”

စက်ခန်းထဲမှာ ထုတ်လုပ်ရေးမှူး၏ညွှန်ကြားသံ။

ကိုယ့်ဘာသာကိုယ်လည်းသိသည်။    ‘‘ဟုတ်ကဲ့၊ ဟုတ်ကဲ့”   ဟု   တုံ့ပြန်ကာ အားမွေးရသည်။  မှားလျှင် စက်တွေရပ်၊ ဖလင်တွေပြန်ရစ်၊ မီးတွေပြန်ချိန်။ ရိုက်ကူး ရေးအဖွဲ့သားများ အလွန်အလုပ်ရှုပ်ရသည်။ အားနာစရာ ကောင်းလှသည်။

ပြန်ရိုက်သည်။    အထူးဂရုစိုက်နေသည့်ကြားမှ စက်တွေရပ်သွားပြန်သည်။ မီးတွေလည်း မှိန်သွားသည်။ ဘာကြောင့်ပါလိမ့်။

“ဆရာမရေ  စာသားလေးတွေ  နည်းနည်းလွဲနေ သလားလို့”

“အစ်မကြီး နေရောင်ခြည်မထိုးခင် မညှိုးလို့ခင်တွယ်၊ စင်ကြယ်စရာအလွန်ကောင်းတယ် ဖြစ်နေတယ်ဗျ”

ဆရာချိုလေးက အမှားကိုထောက်ပြသည်။ ဟင် ကျွန်မအဲသလိုကြီးမှားဆိုမိတာလား။ ဖြစ်ရလေနော်၊ ဒီလောက်ကျေညက်နေတဲ့ သီချင်းကို။ နေရောင်ခြည်မထိုး ခင်မညှိုးလို့စင်ကြယ်  ခင်တွယ်စရာအလွန်တင့်တယ်။ ခုတော့လည်း ချောလို့။

တကယ်တော့   အားပြင်း လင်းလက်လွန်းလှသည့် မီးတွေအောက်မှာ ကျွန်မမနေတတ်။ ချွေးတွေလည်း ပြန်နေပြီ။ မတ်တပ်ရပ်နေရသည့် ခြေထောက်တွေကလည်း    မခိုင်ချင်တော့သလိုလို။  မျက်နှာအနေအထား၊ မျက်နှာအကြည့်တွေကိုလည်း     ဂရုစိုက်ရသေး သည်။ နည်းတဲ့ဒုက္ခမဟုတ်ပါလား။     နာရီကြည့်လိုက်မိတော့ ၃ နာရီခွဲလုပြီ။ ဘုရားရေ၊ ၄  နာရီမှာ   ပြတ်ပါ့မလား။ စိတ်တွေလှုပ်ရှားလာပြန်သည်။

“ကဲ ကြိုးစားလိုက်ပါဦး ဆရာမ၊ ဒီတစ်ခါရမှာပါ”

ထုတ်လုပ်ရေးမှူးက   အပြုံးမျက်နှာဖြင့်  အားပေးသည်။    သူ့အပြုံးကိုကြည့်ရင်း   ထိုအပြုံး၏အနက် အဓိပ္ပာယ်ကို သိလိုက်ရသလိုလို။

တော်သေးသည် သုံးကြိမ်မြောက်တွင် အောင်မြင် သွားသည်။

၄ နာရီထိုးရန် ၁၀ မိနစ်သာလိုတော့သည်။

အဖွဲ့သားအားလုံး၏  တိုးတိုးတိတ်တိတ်သက်ပြင်း ခိုးချသံကို  စုစည်းဖွင့်လိုက်လျှင် အဆောက်အအုံကြီး၏ ခေါင်မိုးပင် လွင့်ထွက်သွားလေမည်လားမသိ။

၁၉၈၆   နောက်ပိုင်းတွင်   မဟာဂီတသီချင်းကြီး များကို ကျွန်မ ထဲထဲဝင်ဝင် လေ့လာမိသည်။ ကြိုးစား အားထုတ်သင်ယူပါသည်။   အမေဒေါ်ကြည်ကြည်ဝင်းနှင့်  သမီးဖြစ်သူ ဆရာမဒေါ်တင့်တင့်ဝင်းတို့က စေတနာအပြည့်ဖြင့်   ဂရုတစိုက်   သင်ကြားပေးသည်။  အတီး ဆရာများဖြစ်သည့် ဦးမောင်မောင်၊   ဦးအုန်းလွင်၊  ဦးဘုန်းနှင့်  ဆရာကြီး စစ်ကိုင်းလှရွှေတို့ထံမှလည်း ပညာများစွာရသည်။

သင်ယူ၍မကုန်နိုင်၊ သီချင်းအမျိုးအစား အစုံအလင်ရ ပြီဟုမဆိုနိုင်သော်လည်း အရည်အချင်းစစ်သည့်သဘော ဖြင့် မြန်မာ့အသံတွင် မဟာဂီတသီချင်းကြီး အပုဒ် ၃၀ ကျော် အသံသွင်းဖြစ်ခဲ့သည်။ ကြိုးစားအားထုတ်မှုကြောင့် သီချင်းကြီးအပုဒ် ၂၀ခန့်ဓာတ်ပြားရရှိသည်။ ထိုကြိုးစား အားထုတ်မှုထဲဝယ် မြန်မာ့အသံမှ ဂီတမှူးနှင့်အသံဖမ်း အဖွဲ့သားများ၏  ကူညီဖေးမမှုများက   ရှေ့တန်းမှပါဝင်ကြောင်း     ကျေးဇူးစကားဆိုရင်း   မှတ်တမ်းတင်အပ် ပါသည်။

ကျေးဇူးစကားဆိုမိခြင်း၏ အဓိကအချက်မှာ မြန်မာတို့၏ မဟာဂီတသီချင်းများကို ထိန်းသိမ်းပေးရုံမျှသာမက ပြန့်ပွားအောင်    ဖြန့်ဝေပေးခဲ့သည့်    မြန်မာ့အသံ၏            တန်ဖိုးကြီးစွာ  ဆောင်ရွက်ပေးမှုကြောင့် ဖြစ်ပါသည်။ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း၊ အသစ်တွေဘယ်လို ကောင်းကောင်း    မူလလက်ဟောင်းဂန္ထဝင် မဟာဂီတနှင့် မြန်မာသံသီချင်းများက       မြန်မာ့ဂီတယဉ်ကျေးမှု                    အမွေအနှစ် စစ်စစ်များဖြစ်၍ လေးစားမြတ်နိုးကြသူများ အားလုံးကိုယ်စား ကျွန်မကျေးဇူးစကား ဆိုပါရစေ။

“ကျေးဇူးတင်ပါတယ် မြန်မာ့အသံ”

ကြူကြူသင်း