နာစရာရှိရင် လွမ်းစရာနဲ့ဖြေကြပါ
ငြိမ်းချမ်းရေးမရှိရင် အချုပ်အခြာအာဏာနဲ့ ခိုင်မြဲတဲ့ နိုင်ငံတော် တစ်ရပ် (State building) ထူထောင်ရေးမှာ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ငြိမ်းချမ်းရေးမရှိရင် လူမျိုးပေါင်းစုံညီညွတ်တဲ့ အမျိုးသား နိုင်ငံတော်တစ်ရပ် (Nation building) ကိုရောက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေကိုဖက်ပြီး စောင့်မျှော်ခဲ့တာ နှစ်ကာလတွေ ကြာတောင်းကြာရှည်ကြာခဲ့လေပြီလို့ ပြောရပါမယ်။ မြန်မာ့လွတ်လပ် ရေးအတွက် အသက်တွေပေးပြီး ဒီမြေ၊ ဒီရေအတွက် ညီညွတ်ရေးမပျက် စုပေါင်းတော်လှန်ခဲ့ကြတယ်။ ဒါပေမယ့် လွတ်လပ်ရေးရပြီးတဲ့အခါ အချင်းချင်းအကြား သွေးစက်သွေးပေါက်တွေနဲ့ အမျိုးသား ညီညွတ်ရေးဟာ သွေးထွက်သံယို ပြိုလဲခဲ့ရပြီဖြစ်ပါတယ်။